← Chapters

အခန်း ၇၈၂

Vol. 53 Ch. 782

အခန်း ၇၈၂

Vol. 53 Ch. 782

အပိုင်း ၇၈၂ : နတ်ဘုရားအဆင့် အကွက်ရွှေ့ခြင်း

"အစ်ကိုချန်း... ဒီလူက သူ့မျက်နှာချင်းဆိုင်က အမျိုးသမီးရဲ့ ဖုန်းနံပါတ်ကို လိုချင်နေတာ"

ရှောင်ဖန်းက ပြတင်းပေါက်နားတွင် ထိုင်နေသော အမျိုးသမီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ယဲ့ချန်းလည်း ရှောင်ဖန်း၏ လက်ညှိုးညွှန်ရာအတိုင်း လိုက်ကြည့်လိုက်လေရာ အပြာရောင်ဂါဝန်ရှည်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် သူ(မ)က အလွန်အလှမ်းဝေးနေသဖြင့် မျက်နှာသွင်ပြင်ကိုမူ သေသေချာချာ မမြင်ရပေ။

သို့သော် သူ(မ)၏ ကိုယ်လုံးကိုယ်ပေါက်က အလွန်လှပပြီး သူ(မ)ဆီက ထွက်ပေါ်နေသော အရှိန်အဝါက အလွန်ဆွဲဆောင်နိုင်စွမ်းရှိ၏။

"အစ်ကိုချန်းရာ... ကျွန်တော်က ရည်းစားတစ်ခါမှ မထားဖူးဘူးဆိုတာ အစ်ကိုလည်း သိသားနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုသွားတောင်းရမလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ"

ရှောင်ဖန်းက ခေါင်းကုတ်ရင်း ပြောသည်။

ထို့နောက် သူက ခေါင်းငိုက်စိုက်ကျသွားပြီး ဆက်ပြောပြန်သည်။

"ဒီလူ တောင်းဆိုတဲ့အတိုင်း ကျွန်တော် မလုပ်ပေးနိုင်ရင် သူက ကျွန်တော့်ရဲ့ဝန်ဆောင်မှုကို ညံ့ဖျင်းတယ်ဆိုပြီး တိုင်လိမ့်မယ်"

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လျက် ပြောလိုက်၏။

"သူ့ကိုယ်သူ ဘုရားသခင်များ မှတ်နေလား။ သူပြောသမျှ အကုန်ဖြစ်ရမယ်တဲ့လား"

"အစ်ကိုချန်း... ကျွန်တော်တို့ဝန်ဆောင်မှုလုပ်ငန်းမှာ ဖောက်သည်တွေရဲ့ တုံ့ပြန်ချက်က အရေးအကြီးဆုံးဆိုတာ အစ်ကိုလည်း သိသားပဲ"

ရှောင်ဖန်းက မျက်နှာရှုံ့မဲ့လျက် ပြောရှာသည်။

စဉ်းစားကြည့်တော့လည်း ယဲ့ချန်း သဘောတူမိသည်။ ဖောက်သည်တစ်ယောက်၏ တိုင်တန်းမှုက သူတို့၏လစာကို ထိခိုက်စေနိုင်သည်မဟုတ်ပါလော။

ယဲ့ချန်းက ပိုင်ဆိုင်မှုအများကြီးရှိနေပြီဖြစ်၍ ဘောနပ်စ်နည်းနည်းလေးကို ဂရုစိုက်နေမည်မဟုတ်သည်ကတော့ အသေအချာပင်။

သို့သော် ရှောင်ဖန်းကတော့ မတူပေ။ ဖောက်သည်၏ တိုင်တန်းမှုကြောင့် လစာဖြတ်ခံရလျှင် သူ သေချာပေါက်ဝမ်းနည်းနေလိမ့်မည်။

"စိတ်မပူပါနဲ့။ ငါ့တာဝန်သာထားလိုက်။ ပို့စရာပါဆယ်ထုပ်တစ်ခုသာ ငါ့ကိုပေးလိုက်။ ရပြီ"

ယဲ့ချန်းက ရှောင်ဖန်းကို စိတ်အေးသွားစေရန် ပခုံးပုတ်ပေးရင်း ပြောလိုက်သည်။

ယဲ့ချန်းမှာ ရှောင်ဖန်းပေးသော ပါဆယ်ထုပ်ကိုယူ၍ လှည့်ထွက်လာခဲ့သည်။

ထွက်ခွာသွားသည့် ယဲ့ချန်း၏ကျောပြင်ကို ကြည့်ရင်း အစ်ကိုချန်း ဤကိစ္စကို ဘယ်လိုဖြေရှင်းမလဲဟု ရှောင်ဖန်း တွေးနေမိသည်။

သို့သော် ခဏတွေးကြည့်ပြီးနောက် အစ်ကိုချန်း မလုပ်နိုင်သည့်အရာဟူ၍ မရှိကြောင်း သိထားသည့်အတွက် သူ စိတ်အေးသွားသည်။

ယဲ့ချန်းကမူ လမ်းတစ်ဖက်ရှိ မုန့်ဆိုင်သို့ ကားမောင်းသွားပြီး ဆိုင်ပေါက်ဝတွင် ကားရပ်လိုက်သည်။

သူက ကားပေါ်မှဆင်းကာ ပါဆယ်ထုပ်ကိုကိုင်၍ မုန့်ဆိုင်ထဲသို့ ဝင်သွားသည်။

မုန့်ဆိုင်ထဲတွင် စားသောက်နေကြသော မိန်းကလေးများက ရုပ်ရည်ချောမောလှသော ယဲ့ချန်းကိုကြည့်ကာ စိတ်ထဲတွင် အံ့ဩသွားကြသည်။

"ဒီလူက အရမ်းချောတာပဲ။ တီဗီထဲကနေ ထွက်လာတဲ့ မင်းသားကျနေတာပဲ"

"သူ့ကားကလည်း မိုက်လိုက်တာ။ အနည်းဆုံး ယွမ်ဆယ်သန်းလောက်တော့ တန်မှာပဲ"

"လူက ချောတော့ ပါဆယ်ပို့တဲ့ဝတ်စုံ ဝတ်ထားတာတောင် တခြားလူတွေနဲ့ မတူဘူးနော်"

အပြာရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီးကလည်း ပါဆယ်ပို့သမားဝတ်စုံနှင့် ယဲ့ချန်းကို သတိထားမိသွားပြီး မြင်မြင်ချင်း ရင်ခုန်သွားသည်။

ဤသည်မှာ ချစ်မိသွားသည့် ခံစားချက်မျိုးဖြစ်ကြောင်း ထိုအမျိုးသမီး ကောင်းကောင်းသိသည်။

ယဲ့ချန်းက အထဲဝင်လာပြီး ထိုအမျိုးသမီးကို မကြည့်ပါဘဲ ဖောက်သည်တစ်ယောက်ကို စောင့်နေချင်ဟန်ဆောင်ကာ ဖုန်းခေါ်လိုက်သည်။

ဖုန်းပြောနေစဉ် ထိုအမျိုးသမီးရှိရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူ(မ)က သူ့ကို ကြည့်နေသည်ကို မြင်သော် ခပ်ဖွဖွပြုံးလိုက်သည်။

"အဲဒီလူချောလေး ငါ့ကို တမင်သက်သက် ကြည့်သွားတာ။ သူ ငါ့ကို သဘောကျနေတာများလား"

ထိုအမျိုးသမီးက စိတ်ထဲမှ တွေးလိုက်သည်။

သူ(မ)က အလွန်လှပပြီး သူ(မ)၏ ရုပ်ရည်အပေါ် ယုံကြည်မှုလည်း အလွန်ရှိလေရာ စောစောက ယဲ့ချန်းကြည့်သွားသည်မှာ သူ(မ)ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်နေသည်။

တကယ်တော့ အမျိုးသမီးတစ်ယောက်က ပိုလှလေလေ အခြားသူများ သူ(မ)ကို သတိထားမိရဲ့လားဆိုသည်ကို ပိုဂရုစိုက်လေလေပင်။

ထိုအမျိုးသမီးတစ်ယောက်တည်း အတွေးနယ်ချဲ့နေစဉ်မှာပင် ယဲ့ချန်းက သူ(မ)နားသို့ ရောက်လာခဲ့သည်။

"မိန်းကလေး...ခင်ဗျားက အရမ်းလှတာပဲ။ ဖုန်းနံပါတ်လေး ပေးလို့ရမလား။ အားတဲ့အခါ အတူတူ လျှောက်လည်ကြတာပေါ့"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

အကယ်၍သာ ယဲ့ချန်းက ရုပ်ဆိုးပြီး အသုံးမကျသူတစ်ယောက် ဖြစ်နေမည်ဆိုလျှင် အပြာရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီးကလည်း သူ့ကို အဖက်လုပ်ဖို့နေနေသာသာ နောက်တစ်ကြိမ်ပင် ပြန်ကြည့်မည် မဟုတ်ပေ။

သို့သော် သူ(မ)ရှေ့ရှိ အမျိုးသားကတော့ မတူပေ။ ရုပ်ရည်ချောမောရုံသာမက ချမ်းသာကြွယ်ဝပုံလည်း ပေါက်သဖြင့် ဘယ်အမျိုးသမီးမဆို သူ့ကို ကြွေဆင်းသွားမည်မှာ သေချာသည်။

"ရပါတယ်။ ကိစ္စမရှိပါဘူး"

ထိုအမျိုးသမီးက ထိုသို့ပြောရင်း အိတ်ထဲက စက္ကူတစ်ရွက်ထုတ်ကာ သူ(မ)၏ ဖုန်းနံပါတ်ကို ရေးပြီး ယဲ့ချန်းထံသို့ ကမ်းပေးလိုက်သည်။

ယဲ့ချန်းနှင့် ဒိတ်လုပ်ရမည့်အရေးအတွက်ပင် သူ(မ) အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

သူ(မ) အလိုလိုပြုံးလိုက်မိပြီး ယဲ့ချန်းကလည်း သူ(မ)၏ အတွေးများကို နားလည်လေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ မိန်းကလေး...နောက်တစ်ကြိမ် ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်"

ဤသို့ပြောပြီးနောက် ယဲ့ချန်း လှည့်ထွက်သွားသည်။

မုန့်ဆိုင်ထဲက ထွက်လာပြီးနောက် ရှောင်ဖန်းရှိရာသို့ ကားပြန်မောင်းသွားလိုက်သည်။

ယဲ့ချန်း ပြန်လာသည်ကို မြင်သောအခါ ရှောင်ဖန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

"အစ်ကိုချန်း... ဖုန်းနံပါတ်ရခဲ့လား"

"မင်း ဘယ်လိုထင်လဲ"

ယဲ့ချန်းက အဖြေပေးမည့်အစား မေးခွန်းပြန်ထုတ်လိုက်သည်။

ရှောင်ဖန်း မျက်နှာပျက်သွားသော်လည်း ယဲ့ချန်းက အစွမ်းကုန်ကြိုးစားပေးခဲ့ကြောင်း သူသိသည်။ ယဲ့ချန်းတွင် အပြစ်မရှိပေ။

"ထားလိုက်ပါတော့ အစ်ကိုချန်းရာ..

အစ်ကိုလည်း အကောင်းဆုံး လုပ်ပေးခဲ့တာပဲ။ ကျေးဇူးတင်ပါတယ်ဗျာ"

ရှောင်ဖန်းက စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်သည်။

"ဟားဟားဟား... မင်းရဲ့အစ်ကိုချန်း မဖြေရှင်းနိုင်တဲ့ကိစ္စရယ်လို့ ရှိလို့လား"

ယဲ့ချန်းက ထိုသို့ပြောရင်း ဖုန်းနံပါတ်ရေးထားသည့် စာရွက်လေးကို ရှောင်ဖန်းထံသို့ ကမ်းပေးလိုက်သည်။

ထိုစာရွက်ကို မြင်လိုက်ရသောအခါ ရှောင်ဖန်း၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားသည်။

"အစ်ကိုချန်း..အစ်ကိုကတော့ တကယ်မိုက်တာပဲဗျာ။ အစ်ကို့ကို ချစ်သွားပြီ"

သူက ထိုသို့ပြောရင်း ယဲ့ချန်း၏ လည်ပင်းကို ဖက်လိုက်လေရာ လမ်းသွားလမ်းလာများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

ဘေးနားရှိလူများ၏ အကြည့်ကို ခံစားလိုက်ရသဖြင့် ယဲ့ချန်းလည်း ရှက်ရှက်ဖြင့် ရှောင်ဖန်းကို အမြန်တွန်းဖယ်လိုက်၏။

"မင်း အဲဒီလို မလုပ်သင့်ဘူးကွ။ လူတွေ အထင်လွဲကုန်လိမ့်မယ်"

ထိုအခိုက်တွင်မူ ရှောင်ဖန်း သဘောပေါက်သွားပြီး ယဲ့ချန်းကို အမြန်လွှတ်ပေးလိုက်သည်။

"ကျေးဇူးပါပဲ အစ်ကိုချန်း"

သူက ထိုစာရွက်လေးကိုယူကာ စိတ်အားထက်သန်သော အမူအရာဖြင့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ လျှောက်သွားလိုက်သည်။

ထိုလူ့ရှေ့သို့ ရောက်သောအခါ ရှောင်ဖန်းက စာရွက်လေးကို ကမ်းပေးရင်း ပြောလိုက်၏။

"ရော့.. ဒါက အစ်ကိုချန်း ခင်ဗျားအတွက် သွားတောင်းပေးလာတာ"

"ဟားဟား.. မင်းတို့ ပါဆယ်ပို့သမားတွေမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိမယ်ဆိုတာ ငါသိသားပဲ"

ထိုလူက ပြုံးလျက် စာရွက်ကို လှမ်းယူကာ ပြောသည်။

ယခုမူ အပြာရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီး၏ ဖုန်းနံပါတ်ကို ရပြီဖြစ်ရာ ဒိတ်လုပ်ရန် မဖြစ်နိုင်တော့ဘူးဟု စိုးရိမ်စရာမရှိတော့ဟု သူ တွေးလိုက်သည်။

အဆက်အသွယ်ရပြီဖြစ်၍ ဤအမျိုးသမီးကို သူ အပိုင်ကြံနိုင်တော့မည်ဟု ထိုအမျိုးသားက ယုံကြည်မှုအပြည့် ရှိနေချေသည်။

သို့သော် စာရွက်လေးကိုယူ၍ ဖုန်းနံပါတ်ကို သေချာကြည့်လိုက်သောအခါ သူ မျက်နှာပျက်ယွင်းသွားသည်။

ထိုနံပါတ်ကို တစ်နေရာရာတွင် မြင်ဖူးသလို ရင်းနှီးနေပြီး ချက်ချင်းပင် သူ့ရည်းစား၏ ဖုန်းနံပါတ်ဖြစ်ကြောင်း ရုတ်တရက်သဘောပေါက်လိုက်သည်။

လူလတ်ပိုင်းအရွယ်အမျိုးသားမှာ သူ့ခေါင်းကို မြည်းတစ်ကောင်ကန်ချလိုက်သလို ခံစားလိုက်ရသည်။

သူ့ရည်းစားအသစ်ကို သွားပိုးပန်းဖို့ ပါဆယ်ပို့သမားတစ်ယောက်ကို ခိုင်းလိုက်မိတာက တကယ်ထက်မြက်လွန်းတဲ့ လုပ်ရပ်ကြီးပါတကား။

အဓိကအချက်မှာ သူ့ရည်းစားက သူ့ကိုသာ ချစ်ပါသည်ဟု အမြဲပြောခဲ့သော်လည်း ယခုတော့ သူ(မ)၏ ဖုန်းနံပါတ်ကို အခြားသူများကို ပေးနေခြင်းပင်။

စောစောက ထိုအမျိုးသားသည် မုန့်ဆိုင်ထဲရှိ အပြာရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီးကို အာရုံစိုက်နေခဲ့သဖြင့် ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။

အလှမ်းဝေးနေသဖြင့် မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရရန် ခက်ခဲသော်လည်း ယဲ့ချန်း၏ ချဉ်းကပ်ပုံက ပိုးသားလိုချောမွေ့ပြီး သူ့နည်းလမ်းကလည်း အထူးကျွမ်းကျင်သဖြင့် အချိန်အများကြီးမယူလိုက်ရဘဲ အောင်မြင်သွားခဲ့သည်။

သာမန်လူတစ်ယောက်အတွက်တော့ ဤသည်မှာ မဖြစ်နိုင်သောအရာပင်။ လက်ခံရန် အခက်ခဲဆုံးမှာ ယဲ့ချန်းသည် ထိုအမျိုးသမီးကို စကားအနည်းငယ်ပြောရုံဖြင့် သူ(မ)၏ ဖုန်းနံပါတ်ကို ရသွားခြင်းပင်။

ယခင်က ထိုအမျိုးသားသည် သူ့ရည်းစားဖြစ်သူ ဤအပြာရောင်ဂါဝန်နှင့် အမျိုးသမီး၏ ဖုန်းနံပါတ်ကို ရရှိရန် ခက်ခက်ခဲခဲလိုက်ခဲ့ရသည်။

သူ့ဘက်က အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သော်လည်း သူ(မ)ကို အပြင်ထွက်လည်ဖို့ မခေါ်နိုင်ခဲ့ပေ။ သူ(မ)ကို ပိုက်ဆံများဖြင့် ပစ်ပေါက်ကာ ဒီဇိုင်နာလက်ကိုင်အိတ်များနှင့် အဝတ်အစားများကို ဝယ်ပေးသည့် အသေအချာဆုံး နည်းဗျူဟာကို ထုတ်သုံးမှသာ ဒိတ်လုပ်ရန် ခေါ်နိုင်ခဲ့သည်။ ထိုသို့ အပြင်ထွက်လည်သည့်တိုင် သူ(မ)က သူ့အပေါ် ကြင်ကြင်နာနာမဆက်ဆံသဖြင့် သူ အလွန်စိတ်ပျက်ခဲ့ရသည်။

ယခုအချိန်တွင်မူ ထိုစာရွက်လေးကို စိုက်ကြည့်ရင်း ထိုအမျိုးသားမှာ ဖောက်ပြန်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်ကာ ဆွံ့အသွားသည်။

သူ့ခမျာ ခါးသီးနေသော မျက်နှာထားဖြင့် သူ့လက်ထဲရှိ စာရွက်လေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

••••••••••••••••••••

All Chapters