အခန်း ၇၈၃
Vol. 53 Ch. 783
အပိုင်း ၇၈၃ : ယာယီချစ်သူ
ဖုန်းနံပါတ်ရေးထားသည့် စာရွက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ထိုအမျိုးသား၏ မျက်နှာကား အနည်းငယ် ပျက်ယွင်းသွားသည်။
ရှောင်ဖန်းကလည်း ထိုအဖြစ်ကို သတိထားမိသွားပြီး မျက်နှာထား အနည်းငယ်တင်းမာသွားသည်။
"လူကြီးမင်း တောင်းဆိုထားတဲ့အတိုင်း ဖုန်းနံပါတ်ရအောင် ကျွန်တော့်သူငယ်ချင်းကို သွားတောင်းခိုင်းပေးထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မှတ်ချက်ကောင်းကောင်းလေး ပေးဖို့တော့ မမေ့ပါနဲ့နော်"
လူလတ်ပိုင်းအရွယ်အမျိုးသားကတော့ ရှောင်ဖန်း၏ စကားကို လျစ်လျူရှုထားလေသည်။ သူ့မျက်နှာအမူအရာကလည်း ပိုဆိုးရွားလာသည်။
ဤကိစ္စကတစ်ဆင့် သူ့ရည်းစားက သူ့ကို တစ်လျှောက်လုံး လိမ်ညာနေခဲ့ကြောင်း သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့လေရာ အလွန်ဒေါသထွက်ရသည်။
ရှောင်ဖန်းကို ကူညီပေးပြီးနောက် ယဲ့ချန်းလည်း ပါဆယ်ထုပ်သွားယူရန် ပါဆယ်ပို့သည့်နေရာသို့ ပြန်သွားခဲ့သည်။
ဟွားယွမ်ရပ်ကွက်။
"နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး။ အလုပ်လုပ်တာကလွဲရင် တစ်နေ့လုံး အိမ်ထဲမှာပဲ နေနေပြီး ရည်းစားလည်း မထားဘူး"
ဆိုဖာပေါ်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးက သူ(မ)၏သမီးဖြစ်သူကို မကျေမနပ်ဖြင့် ပြောလိုက်သည်။
ထိုမိန်းကလေးက ပြုံးလျက် ပြောလေသည်။
"သမီးက ငယ်ပါသေးတယ်။ သမီးရဲ့အာရုံက အလုပ်အပေါ်မှာပဲလေ။ လောစရာမှ မလိုသေးတာ"
"နင်က အသက်၂၉နှစ်တောင် ရှိနေပြီ။ အဲဒါကို မလောရဘူးလား။ နင့်အရွယ် ငါ့သူငယ်ချင်းတွေရဲ့ သားသမီးတွေဆိုရင် ကလေးတွေတောင် ရနေကြပြီ"
လူလတ်ပိုင်းအရွယ်အမျိုးသမီးက ဆက်ပြောပြန်သည်။
"နင့်ကြောင့် ငါ့သူငယ်ချင်းတွေကို မျက်နှာပြရမှာတောင် ရှက်လာပြီ"
"အမေရယ်... သမီးကြောင့်နဲ့ သူတို့ကို တွေ့ရတာ မရှက်ပါနဲ့"
ထိုမိန်းကလေးက စိတ်မရှည်စွာ ပြောလိုက်သည်။
"သူတို့နဲ့တွေ့တိုင်း နင့်မှာ ရည်းစားရှိပြီလား ဘယ်တော့လက်ထပ်မှာလဲဆိုတာ အမြဲမေးကြတယ်။ ငါလည်း ဘယ်လိုပြန်ဖြေရမှန်းတောင် မသိတော့ဘူး"
ထိုအမျိုးသမီးက လက်မှိုင်ချလျက် ပြောသည်။
"ဪ.. သမီးရဲ့ကိစ္စတွေက သူတို့နဲ့မှ မဆိုင်တာ။ ဟုတ်တယ်မလား"
ထိုမိန်းကလေးက ခပ်အေးအေးပင် ပြောလေသည်။
"နင်က တကယ် ကျေးဇူးတင်ရကောင်းမှန်းမသိဘူးပဲ။ အဲဒီအန်တီတွေက နင့်ကိုစိတ်ပူလို့ မေးကြတာလေ"
ထိုအမျိုးသမီးက ဆို၏။
စိတ်ထဲက သဘောမတူသော်လည်း မိန်းကလေးက ဘာမှပြန်မပြောတော့ပေ။
သမီးဖြစ်သူ ငြိမ်ကျသွားသည်ကို မြင်သောအခါ အမျိုးသမီးက ပြောလိုက်၏။
"နင့်ဘာသာနင်လည်း မရှာမှတော့ လူတစ်ယောက်ကို မိတ်ဆက်ပေးဖို့ ငါ အကူအညီတောင်းထားတယ်။ သွားတွေ့ဖို့ နောက်မကျစေနဲ့နော်"
"ကြင်ဖက်တွေ့ခိုင်းပြန်ပြီလား။ ဘယ်တော့များမှ ပြီးမှာပါလိမ့်"
မိန်းကလေး၏ မျက်နှာထက်တွင် မနှစ်မြို့လေဟန် အမူအရာတစ်ခု ပေါ်လာလေသည်။ မိခင်ဖြစ်သူ၏ စီစဉ်မှုကို သိပ်မကျေနပ်ကြောင်း သိသာလှသည်။
"နင် တစ်ယောက်တည်း အပျိုကြီးစာရင်းဝင်တော့မယ်ဆိုတာ ငါ အခုမြင်နေရပြီ"
ထိုအမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"အမေရယ်... အဲဒီလိုကြီး ပြောစရာလိုလို့လား။ သမီးက အမေ့ရဲ့သမီးအရင်းရော ဟုတ်ရဲ့လားလို့တောင် တွေးမိတယ်"
ထိုမိန်းကလေးက နှုတ်ခမ်းဆူကာ မျက်နှာရှုံ့မဲ့လျက် ပြောသည်။
ထိုအမျိုးသမီး နောက်ထပ်တစ်စုံတစ်ရာ ထပ်ပြောရန်ပြင်လိုက်စဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ယဲ့ချန်းက ပါဆယ်ထုပ်တစ်ခုကိုင်ကာ တံခါးဝတွင် ရပ်နေချေသည်။
တံခါးပွင့်လာပြီးနောက် ပန်းရောင်အစက်အပြောက်ပါသည့် ညအိပ်ဝတ်စုံနှင့် ပခုံးပေါ်တွင် ဆံပင်အရှည်များ ဖားလျားကျနေသော မိန်းကလေးတစ်ယောက် တံခါးဝတွင် ရပ်နေပေသည်။
ယဲ့ချန်း ရပ်နေသည်ကို မြင်လိုက်ရသောအခါ ထိုမိန်းကလေး၏ မျက်နှာထက်တွင် အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်သွားသည်။
"ဒီလူချောလေးက အရမ်းဆွဲဆောင်မှုရှိတာပဲ။ ပါဆယ်ပို့တဲ့ဝတ်စုံနဲ့တောင် အရမ်းမိုက်နေတာ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဒီမှာ ခင်ဗျားရဲ့ ပါဆယ်ထုပ်ပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ"
ထိုမိန်းကလေးမှာ ကြက်သေသေလျက် ရပ်နေမိသည်။
သမီးဖြစ်သူ တံခါးဝတွင် ရပ်နေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက မေးလိုက်၏။
"ဘယ်သူရောက်နေတာလဲ။ ဘာလို့ အထဲဝင်မလာတာလဲ"
ပြောရင်းဆိုရင်း သူ(မ)က တံခါးပေါက်နားသို့ လျှောက်လာခဲ့သည်။ မိခင်ဖြစ်သူ လျှောက်လာသည်ကို မြင်သောအခါ မိန်းကလေးက ရုတ်တရက် ယဲ့ချန်းကို ပွေ့ဖက်ပြီး ပြောလိုက်၏။
"အမေ.. တကယ်တော့ သမီး အမေ့ကို လိမ်ထားတာ။ သမီးမှာ ရည်းစားရှိတယ်။ ဒါပေမဲ့ သူက ပါဆယ်ပို့သမားတစ်ယောက်ဖြစ်နေလို့ သမီး အမေ့ကို မပြောပြခဲ့တာ"
သမီးဖြစ်သူက အမျိုးသားတစ်ယောက်နှင့် ခန္ဓာကိုယ်ချင်း အကွာအဝေးမရှိလောက်အောင် ပူးကပ်စွာ ဖက်ထားသည်ကို မြင်လိုက်ရသဖြင့် ထိုအမျိုးသမီးခမျာ သူ(မ)၏သမီးနှင့် ယဲ့ချန်းတို့ နှစ်ယောက်စလုံးကို အထဲသို့ ဆွဲသွင်းပြီး ပြောလိုက်၏။
"နင် တကယ်အရှက်မရှိတာပဲ။ နေ့ခင်းကြောင်တောင်ကြီး စင်္ကြံလမ်းမှာ ယောက်ျားတစ်ယောက်ကို ဖက်နေရတယ်လို့။ အိမ်နီးချင်းတွေကို ငါ ဘယ်လိုမျက်နှာပြရမလဲ"
"အမေရယ်... သမီးမှာ ရည်းစားမရှိတုန်းကလည်း အမေ စိတ်ပူတယ်။ အခု ရည်းစားရှိပြန်တော့လည်း အမေက မပျော်ပြန်ဘူး။ သမီးကို နည်းနည်းလောက် လွှတ်ထားပေးပါဦး"
ထိုမိန်းကလေးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသမီးက သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"နင်က ငါ့ကို လှည့်စားဖို့အတွက် ပါဆယ်ပို့သမားတစ်ယောက်ကို နင့်ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းရဲတယ်ပေါ့လေ။ နင် တော်တော်သတ္တိကောင်းနေတာပဲ"
ထို့နောက် သူ(မ)က ယဲ့ချန်းဘက်သို့ လှည့်ကာ တောင်းပန်လေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။
"တကယ်တောင်းပန်ပါတယ်ကွယ်။ အန်တီ့သမီးက စနောက်ရတာ ဝါသနာပါလို့ပါ။ မင်း လန့်သွားလား"
ထိုမိန်းကလေး၏ ရုတ်တရက်လုပ်ရပ်ကြောင့် ယဲ့ချန်း တကယ်လန့်သွားသော်လည်း အတက်အကျများစွာကို ဖြတ်သန်းကြုံတွေ့ဖူးသူဖြစ်၍ သူ့စိတ်ကို အမြန်ပြန်ထိန်းချုပ်နိုင်ခဲ့သည်။
"အမေ... သူက တကယ် သမီးရည်းစားပါ။ အမေက သူ့အလုပ်ကို အထင်သေးနေတာလား"
ထိုမိန်းကလေးက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ထိုစကားက လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ အထိအနာဆုံးနေရာကို ကွက်တိမှန်သွားစေသည်။ သူ(မ)က သမီးဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။
"အိမ်ထောင်ပြုတယ်ဆိုတာ ကစားစရာမဟုတ်ဘူး။ နင် သေသေချာချာ စဉ်းစားသင့်တယ်နော်"
ထိုမိန်းကလေးက သူ(မ)အမေ၏ စကားများကို လျစ်လျူရှုပြီး ယဲ့ချန်းဘက်သို့လှည့်ကာ ပြုံးလိုက်သည်။
"ကျွန်မ အဝတ်အစား သွားလဲလိုက်ဦးမယ်။ ဒီမှာ စောင့်နေပေးနော်။ ဟုတ်ပြီလား"
ဧည့်ခန်းထဲတွင် ယဲ့ချန်းနှင့် အမျိုးသမီးနှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သဖြင့် သူတို့နှစ်ယောက် အပြန်အလှန် အကဲခတ်ကြည့်လိုက်ကြသည်။
"ကောင်လေး.. မင်းအသက် ဘယ်လောက်ရှိပြီလဲ"
ထိုအမျိုးသမီးက မေးလိုက်သည်။
"နှစ်ဆယ့်ခြောက်နှစ်ပါ"
ယဲ့ချန်းကလည်း ပြန်ဖြေသည်။
"ထျန်းထျန်းက မင်းထက် သုံးနှစ်ကြီးတယ်နော်။ မင်းအတွက် ပြဿနာမရှိဘူးလား"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"သုံးနှစ်ကြီးတဲ့ မိန်းမတွေက ရွှေအုတ်တစ်ချပ် ကိုင်ထားရသလိုပါပဲ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသမီးမှာ ဒေါသထွက်လွန်း၍ နှာခေါင်းပေါက်များပင် ပွစိပွစိဖြစ်သွားသည်။
"ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ပါဆယ်ပို့တဲ့အလုပ်ကို လုပ်နေရတာလဲ။ ဒီအလုပ်က တက်လမ်းမရှိဘူးမလား"
ယဲ့ချန်း တွေးလိုက်မိသည်မှာ ပါဆယ်ပို့တာ ဘာဖြစ်နေလို့လဲ။ ငါ့ဘာသာ ဘယ်သူ့ဆီကမှ မခိုးမဝှက် မလုမယက်ဘဲ ရှာဖွေစားသောက်နေတာပဲဟာ။
"ကျွန်တော်ကတော့ ဒီအလုပ်ကို အရမ်းကောင်းတယ်လို့ ထင်တာပဲ။ အလုပ်ချိန်ကလည်း အဆင်ပြေသလို ညှိလို့ရသလို လူအများကြီးနဲ့လည်း တွေ့ရတယ်လေ"
ယဲ့ချန်းက ညင်သာစွာ ပြောလိုက်လေသည်။
ထိုအချိန်တွင် မိန်းကလေးက ဇာအမည်းရောင် အပေါ်ထပ်နှင့် စကတ်တိုလေးကို ဝတ်ဆင်ကာ သေချာလိမ်းခြယ်ထားသော မိတ်ကပ်ပါးပါးလေးဖြင့် အခန်းထဲက ထွက်လာပြီး လက်ထဲတွင်လည်း ပိုက်ဆံအိတ်သေးသေးလေးတစ်လုံးကို ကိုင်ထားသည်။
ယဲ့ချန်းလည်း ထိုမိန်းကလေး အဝတ်အစားမြန်မြန်လဲလာသည်ကပင် ကံကောင်းသည်ဟု တွေးလိုက်မိသည်။ သို့မဟုတ်ပါက ဤအမျိုးသမီး သူ့ကို နဘာတွေဆက်ပြောမည်မှန်း မသိနိုင်ပေ။
ကျက်သရေရှိပြီး ဆွဲဆောင်မှုအပြည့်ရှိသော ထိုမိန်းကလေးက ယဲ့ချန်းကို ခပ်ဖွဖွပြုံးပြလိုက်၏။
"သွားကြတော့မလား"
ပြောရင်းဆိုရင်း ထိုမိန်းကလေးက ယဲ့ချန်း၏ လက်မောင်းကို ချိတ်လိုက်လေရာ အလွန်ရင်းနှီးပုံပေါက်သွားသည်။
"ဘယ်သွားကြမှာလဲ"
ယဲ့ချန်းက ထိုမိန်းကလေးကို နားမလည်နိုင်ဟန်ဖြင့် ကြည့်ရင်း မေးလိုက်သည်။
"ကျွန်မနဲ့ချိန်းထားတဲ့လူကို သွားတွေ့မှာပေါ့"
ထိုမိန်းကလေးက ရယ်မောလိုက်သည်။
"ဘာ"
ယဲ့ချန်းက ဇဝေဇဝါအမူအရာဖြင့် မေးလိုက်ပြီး သူ(မ)က သူ့ကို ဘာကြောင့်ခေါ်သွားရသလဲဟု တွေးနေမိသည်။ သူ့ကို စောင့်ကြည့်ပေးဖို့ ခေါ်တာများလား။
"ဘာလဲ။ ကြောက်လို့လား"
ထိုမိန်းကလေးက ရန်စသည့်လေသံဖြင့် မေးလေသည်။
"ငါ့အဘိဓာန်မှာ 'ကြောက်တယ်'ဆိုတဲ့ စကားလုံးမရှိဘူး"
ယဲ့ချန်းကလည်း မျက်နှာသေဖြင့် ပြောလိုက်သည်။
"အဲဒီလိုဆိုရင်လည်း သွားကြတာပေါ့"
ထိုမိန်းကလေးက ယဲ့ချန်းကို တံခါးနားသို့ ဆွဲခေါ်ရင်း ပြောလိုက်သည်။
"ဒီကိုပြန်လာခဲ့စမ်း။ ယောက်ျားတစ်ယောက်ကို ဆွဲခေါ်ပြီး ဘလိုင်းဒိတ်သွားလုပ်ရတယ်လို့။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။ အန်တီကျန်းကို ငါ ဘယ်လိုသွားရှင်းပြရမလဲ။ ဘာပဲဖြစ်ဖြစ် သူက နင့်အတွက် စီစဉ်ပေးထားတာလေ"
ထိုအမျိုးသမီးက မိန်းကလေးကို အမြန်ပြန်ဆွဲထားလိုက်သည်။
"ပြီးတော့ သေချာပြန်စဉ်းစားဖို့ တိုက်တွန်းချင်တယ်။ ဒီပါဆယ်ပို့သမားက တစ်လကို ဘယ်လောက်မှရတာမဟုတ်ဘူး။ သူနဲ့နေရင် နင် တကယ်ပျော်နိုင်ပါ့မလား"
ယဲ့ချန်း တွေးလိုက်မိသည်။
'ကျွန်တော် ခင်ဗျားကို ဘာများလုပ်ထားမိလို့ ပါဆယ်ပို့သမားအလုပ်ကိုချည်း အမြဲတမ်း ထုတ်ထုတ်ပြောနေရတာလဲ'
ထိုမိန်းကလေးက သူ(မ)၏အမေကို လျစ်လျူရှုကာ ယဲ့ချန်းကို တံခါးနားသို့ ဆွဲခေါ်သွားရန် လှည့်လိုက်ပြန်သည်။
ယဲ့ချန်းကမူ နေရခက်လေဟန် အမူအရာဖြင့် အနောက်လှည့်ကာ ပြောလိုက်၏။
"နှုတ်ဆက်ပါတယ် အန်တီ"
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ်အမျိုးသမီး၏ မျက်နှာကား ပြာနှမ်းသွားသည်။ သူ(မ)၏ မျက်လုံးများက ဒေါသကြောင့် မီးတောက်လုမတတ် ဖြစ်နေချေသည်။
ယဲ့ချန်းခမျာ ကြက်သီးထလောက်အောင် လန့်သွားပြီး စိတ်ထဲက တွေးလိုက်မိသည်။
'ဒါတွေအားလုံးက ဘယ်လိုသွားဆက်စပ်နေတာလဲ။ ရုတ်တရက်ကြီး ရည်းစားတစ်ယောက်ရသွားတဲ့အပြင် အဲဒီမိန်းကလေးရဲ့ အမေကိုလည်း ဒေါသဆွပေးသလို ဖြစ်သွားပြီ'
•••••••••••••••••••••