အခန်း ၇၈၄
Vol. 53 Ch. 784
အပိုင်း ၇၈၄ - ရည်းစားကို ဘလိုင်းဒိတ်ဆီ ခေါ်သွားခြင်း
ထိုမိန်းကလေးက သူ(မ)အမေ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ ယဲ့ချန်းကို အိမ်ထဲက ဆွဲထုတ်ပြီး ဓာတ်လှေကားထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။
"မိန်းကလေး... ကျွန်တော့်လက်ကို လွှတ်ပေးလို့ရပြီလား"
ယဲ့ချန်းက အနေခက်ဟန်ဖြင့် ပြောလိုက်သည်။
မိန်းကလေးက ယဲ့ချန်း၏လက်ကို လွှတ်ပေးလိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်၏။
"ရှင် ကျွန်မကို အသားယူလိုက်ရတာ အသိသာကြီးကို။ မလိုချင်သလို ဟန်ဆောင်နေသေးတယ်"
"ကျွန်တော်က လိုချင်နေတာမှ မဟုတ်တာ။ ခင်ဗျားကိုယ်တိုင် စခဲ့တာလေ"
ယဲ့ချန်းက ခပ်အေးအေးပင် ပြန်ဖြေသည်။
ဓာတ်လှေကားက ပထမထပ်သို့ ရောက်သွားပြီး ယဲ့ချန်းနှင့် မိန်းကလေးတို့ အတူတူထွက်လာခဲ့ကြသည်။
ယဲ့ချန်းက လျှပ်စစ်စက်ဘီးဖြင့် ထွက်သွားတော့မည်ကို မြင်သောအခါ မိန်းကလေးက သူ့ကို လမ်းပိတ်တားလိုက်သည်။
"မိန်းကလေး... စောစောက ကျွန်တော် ခင်ဗျားကို ကူညီခဲ့ပြီးပြီလေ။ အခု ပါဆယ်တွေသွားပို့ရဦးမယ်။ ခင်ဗျားနဲ့လျှောက်သွားနေဖို့ အချိန်မရှိဘူး"
ယဲ့ချန်းက မိန်းကလေးကိုကြည့်ကာ ပြောလိုက်သည်။
ထိုမိန်းကလေးက နှုတ်ခမ်းဆူကာ မကျေနပ်လေဟန်ဆောင်ရင်း ပြောလိုက်သည်။
"ရှင် စောစောက ကူညီခဲ့ပြီးမှတော့ အဆုံးထိ ဆက်မကူညီပေးချင်ဘူးလား"
ယဲ့ချန်းမှာ ဤမိန်းကလေးကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လိုက်သည်။ ပထမဆုံးအကြိမ်တွေ့ဖူးသည့် အမျိုးသားတစ်ယောက်ကို သူ(မ)၏ရည်းစားအဖြစ် သတ်မှတ်ပြီး သူ(မ)၏ ဘလိုင်းဒိတ်ကို သွားတွေ့ရန်ပင် ခေါ်သွားချင်နေချေသည်။
တီဗီဇာတ်လမ်းတွဲများပင် ဤမျှရဲရဲဝံ့ဝံ့ မရိုက်ရဲဘူးဟု သူ တွေးလိုက်မိသည်။
"မိန်းကလေး... ကျွန်တော် မေးခွန်းတစ်ခုလောက် မေးချင်တယ်။ စောစောက တံခါးပေါက်မှာ ရပ်နေတဲ့သူသာ အမှိုက်ကောက်တဲ့သူတစ်ယောက်ဖြစ်နေရင် ခင်ဗျား ဒီလိုမျိုး တက်တက်ကြွကြွလုပ်ဦးမှာလား"
ယဲ့ချန်းက နားမလည်နိုင်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"အခွင့်အရေးရပြီးတာတောင် ရိုးသားချင်ယောင်မဆောင်စမ်းပါနဲ့။ ရှင့်ရုပ်သာ ချောမနေဘူးဆိုရင် ကျွန်မလည်း ရှင့်ကို အဖက်လုပ်နေမှာ မဟုတ်ဘူး"
ထိုမိန်းကလေးက မနှစ်မြို့ဟန်ဖြင့် ပြန်ဖြေသည်။
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်၏။
"အဲဒီလိုဆိုမှတော့ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့"
ယဲ့ချန်း ထွက်သွားတော့မည်ကို ကြားသောအခါ မိန်းကလေးက ရယ်လိုက်သည်။
"ဪ သဘောပေါက်ပြီ။ ရှင်က ကျွန်မရဲ့ဘလိုင်းဒိတ်ကို သွားတွေ့ဖို့ ကြောက်နေတာကိုး။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ သူက နိုင်ငံခြားပြန်ပါရဂူတစ်ယောက်ဆိုတော့ ရှင့်လို သာမန်ပါဆယ်ပို့သမားလေးက ကြောက်မှာပေါ့"
မိန်းကလေး ဤသို့ပြောလိုက်ခြင်းမှာ ယဲ့ချန်းကို အထင်သေး၍မဟုတ်ပါဘဲ သူ့ကို အနည်းငယ်ရန်စလိုက်ခြင်းပင်။
ယောက်ျားဆိုသည်မှာ သူတို့၏မာနကို ချစ်မြတ်နိုးကြသည်မဟုတ်ပါလော။
ရန်စခံလိုက်ရသဖြင့် ယဲ့ချန်းလည်း သွေးပူသွားသည်။
"ငါ့အဘိဓာန်မှာ 'ကြောက်တယ်'ဆိုတဲ့ စကားလုံး မရှိဘူးကွ။ ပြီးတော့ နိုင်ငံခြားပြန်ပါရဂူဆိုတာကရော ဘာများ အဲဒီလောက် အထင်ကြီးစရာကောင်းနေလို့လဲ"
"အိုဟိုး... ရှင်က အဲဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့ ကျွန်မနဲ့အတူတူ သူ့ကို ဘာလို့မသွားတွေ့ရမှာလဲ"
မိန်းကလေးကလည်း သူ(မ)၏ ရန်စမှုက အလုပ်ဖြစ်သွားကြောင်း မြင်သောအခါ အမြန်ဆက်ပြောလိုက်သည်။
"တွေ့တာပေါ့။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
ယဲ့ချန်း သဘောတူလိုက်သည်ကို မြင်သောအခါ မိန်းကလေးက ပြုံးလျက် ပြောလိုက်သည်။
"ဟိုင်း... ကျွန်မက လျူထျန်းပါ။ တခြားလူတွေရှေ့မှာဆိုရင် ရှင်က ကျွန်မရဲ့အသက်ကို ဂရုမစိုက်ဘဲ အချစ်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတယ်ဆိုတာကို ပြရမယ်နော်။ မမေ့နဲ့"
ယဲ့ချန်းကလည်း ပြုံးလျက် ပြောလိုက်လေသည်။
"ဟိုင်း... ကျွန်တော်က ယဲ့ချန်းပါ။ တခြားလူတွေရှေ့မှာဆိုရင် ခင်ဗျားက ကျွန်တော့်ကိုပဲ ချစ်တယ်လို့ ဟန်ဆောင်ရမယ်။ သူတို့ရဲ့အခြေအနေတွေ ဘယ်လောက်ကောင်းနေပါစေ ခင်ဗျားရင်ထဲမှာ ကျွန်တော်ပဲရှိတယ်ဆိုတာမျိုးနော်။ သဘောပေါက်လား"
သူတို့နှစ်ယောက် သဘောတူညီမှု ရသွားပြီးနောက် ယဲ့ချန်းက လျှပ်စစ်စက်ဘီးကို မောင်းနှင်ပြီး လျူထျန်းက နောက်ခုံတွင် ထိုင်လိုက်သည်။
ကျောက်ကျယ်နှင့် စွန်းဖန်တို့ခမျာ ပူပြင်းလှသော နေရောင်အောက်တွင် ပါဆယ်များ သွားပို့နေရသည်။
ယဲ့ချန်း၏ခါးကို ဖက်ထားသော နောက်ခုံရှိ အလှလေးကို မြင်သောအခါ နှစ်ယောက်စလုံး အားကျသွားကြသည်။ ယဲ့ချန်းက ဤသို့သော မိန်းမချောလေးတစ်ယောက်ကို ဘယ်လိုများ ရသွားလေသလဲ။
သူတို့ခမျာတော့ လမ်းကြိုလမ်းကြားထဲတွင် လျှပ်စစ်စက်ဘီးကို ချွေးတလုံးလုံးဖြင့် ရုန်းကန်မောင်းနှင်နေရသည်။
လမ်းပေါ်တွင် ယဲ့ချန်းက ရုတ်တရက်မေးလိုက်သည်။
"လျူထျန်း.. ခင်ဗျားရဲ့ ဘလိုင်းဒိတ်က ဘယ်မှာလုပ်မှာလဲ"
"ကျွန်မအမေ ပြောပုံအရတော့ မယ်ရီယော့ဟိုတယ်မှာတဲ့"
လျူထျန်းက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
မိုတုမြို့တွင် အဆင့်မြင့်ဟိုတယ် အများကြီးရှိသည့်ကြားက ဘာလို့ ဤဟိုတယ်ကိုမှ ရွေးရလေသလဲ။ ဘာကြောင့် မယ်ရီယော့ဟိုတယ် ဖြစ်နေရသလဲဟု ယဲ့ချန်း တွေးနေမိသည်။
ထို့နောက် သူက လျူထျန်းကို ပြောလိုက်သည်။
"ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"
"မေးလေ"
ယဲ့ချန်းက သူ(မ)ကို ကူညီပေးရန် ဆန္ဒရှိနေသဖြင့် မေးခွန်းတစ်ခုဖြေရခြင်းမှာ ကိစ္စကြီးမဟုတ်ဟု လျူထျန်း ခံစားမိသည်။
"ခင်ဗျားရဲ့ ရုပ်ရည်နဲ့ မိသားစုနောက်ခံအရဆိုရင် ဘလိုင်းဒိတ်မှာ အလားအလာကောင်းတွေ ရှိသင့်တယ်လေ။ ပြီးတော့ သူက နိုင်ငံခြားပြန်ပါရဂူတစ်ယောက်လို့လည်း ပြောသေးတယ်။ ဒါဆို ဘာလို့ ကျွန်တော့်ကို ခေါ်သွားရတာလဲ"
ယဲ့ချန်းက မေးလိုက်သည်။
လျူထျန်းက ပြန်ပြောလိုက်၏။
"ကျွန်မကတော့ အပေါ်ယံတွေကို မကြည့်ဘူး။ ရည်းစားရွေးတဲ့အခါ ကျွန်မရဲ့စံနှုန်းက ပိုက်ဆံအပေါ် မူတည်တာမဟုတ်ဘူး။ ကျွန်မတို့အချင်းချင်း စိတ်ဝင်စားတာတွေတူပြီး ကိုက်ညီမှုရှိရဲ့လားဆိုတာပဲ"
"လျူထျန်း... ခင်ဗျားက အဲဒီလူနဲ့ မတွေ့ရသေးဘဲနဲ့ မကိုက်ညီဘူးဆိုတာ ဘယ်လိုလုပ်သိမှာလဲ"
ယဲ့ချန်းက ထပ်မေးလိုက်သည်။
"သူ့ဓာတ်ပုံတွေကို ကျွန်မမြင်ဖူးတယ်။ သူက ကျွန်မသဘောကျတဲ့ပုံစံမျိုး မဟုတ်ဘူး"
လျူထျန်း သက်ပြင်းချလိုက်လေသည်။
ဤအမျိုးသမီးက ရုပ်ရည်ကိုသာ အဓိကထားသည့် အုပ်စုထဲတွင် ပါဝင်ကြောင်းနှင့် အမျိုးသားတစ်ဦး၏ ချမ်းသာကြွယ်ဝမှုထက် ရုပ်ရည်ကို ပိုတန်ဖိုးထားကြောင်း ယဲ့ချန်း တွေးလိုက်မိသည်။
လမ်းတစ်ဝက်တွင် လျူထျန်း၏ဖုန်း မြည်လာသည်။
"ထျန်းထျန်း.. ကိုယ် ရောက်နေပြီ။ လောစရာမလိုဘူးနော်"
"ဘာလို့လောရမှာလဲ။ သူ့ကို စောင့်ခိုင်းထားလိုက်။ ယဲ့ချန်း... ရှင် စိတ်ပူစရာမလိုဘူး"
လျူထျန်းက မကျေမနပ်မျက်နှာထားဖြင့် ပြောလိုက်သည်။
လျူထျန်းသိသည်မှာ သူ(မ)နှင့် ယဲ့ချန်းတို့ အိမ်ကထွက်သွားပြီးနောက် သူ(မ)၏အမေက နိုင်ငံခြားပြန်ပါရဂူထံသို့ ဖုန်းဆက်မည်မှာ သေချာသည်။
အစကတည်းက ယဲ့ချန်းကလည်း လောမနေပါချေ။ မနက်ပိုင်း အလုပ်သွားချိန်လွန်သွား၍ လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိသော်လည်း လျှပ်စစ်စက်ဘီးဖြစ်နေသဖြင့် အမြန်မောင်းရန်မှာ မဖြစ်နိုင်ပေ။
ယဲ့ချန်းက လမ်းပေါ်တွင် အေးအေးလူလူ မောင်းနှင်နေလေရာ ဘေးနားရှိ အမျိုးသားကားမောင်းသူများ၏ အကြည့်များကို ဆွဲဆောင်လိုက်လေသည်။
လှပပြီး ဆွဲဆောင်မှုရှိသော လျူထျန်းက လျှပ်စစ်စက်ဘီးအနောက်တွင် ထိုင်ကာ ပါဆယ်ပို့သမားလေး၏ခါးကို တင်းကျပ်စွာ ဖက်ထားသည်ကို မြင်သောအခါ အချို့က ပြောလာကြသည်။
"ဒီပါဆယ်ပို့သမားက မိန်းမကံကောင်းတာပဲ"
"ငါ BMWမောင်းတာတောင်မှ ငါ့ရည်းစားက သူ့လောက်မလှဘူး"
"မိန်းကလေး.. ငါ့ဘန့်ဇ်ကားပေါ် လာစီးမလား"
ယဲ့ချန်းနှင့် လျူထျန်းတို့ ဤပြောဆိုသံများကို မကြားကြပေ။ သူတို့က မယ်ရီယော့ဟိုတယ်ကိုသာ ဦးတည်သွားနေကြသည်။
ဟိုတယ်အပေါက်ဝသို့ ရောက်သောအခါ လျူထျန်း၏ဖုန်း ထပ်မြည်လာသည်။ ခေါ်ဆိုသူကို ကြည့်လိုက်လေရာ သူ(မ)၏အမေ ဖြစ်နေလေသည်။
ဖုန်းကိုင်လိုက်သောအခါ သူ(မ)အမေ၏ အသံထွက်ပေါ်လာသည်။
"သမီး ရောက်ပြီလား။ အမေ ပြောမယ်။ ဒီလူက အဲဒီပါဆယ်ပို့သမားထက် အများကြီးသာတာ သေချာတယ်"
အသံကျယ်လွန်းသဖြင့် ထိုလူလတ်ပိုင်းအရွယ်အမျိုးသမီး၏ စကားများကို ယဲ့ချန်း ကြားလိုက်ရသည်။
လျူထျန်းက အနေရခက်ဟန်ဖြင့် ယဲ့ချန်းကို ကြည့်လိုက်၏။
"အမေ... သမီးကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့။ သမီးက အဲဒီပါဆယ်ပို့သမားကိုပဲ သဘောကျတာ"
"နင် ငါ့ကို ရူးအောင်လုပ်နေတာပဲ။ ငါ ပြောနေတာ..."
လူလတ်ပိုင်းအရွယ်အမျိုးသမီး စကားမဆုံးခင်မှာပင် လျူထျန်းက ဖုန်းချလိုက်သည်။
ယဲ့ချန်း ဤမိန်းကလေး၏ သတ္တိကို ချီးကျူးမိသွားပြီး သူ(မ)ကို စိုးရိမ်တကြီးကြည့်လိုက်၏။
"အမေ့ကို အဲဒီလိုဆက်ဆံတာ အိမ်ပြန်ရောက်ရင် အပြစ်ပေးခံရမှာ မကြောက်ဘူးလား"
"ကျွန်မက ကလေးမဟုတ်တော့ဘူး။ အချစ်ရေးနဲ့ပတ်သက်ရင် ကျွန်မဘာသာ ဆုံးဖြတ်ချက်ချနိုင်တယ်"
လျူထျန်းက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
သမီးဖြစ်သူက ဘလိုင်းဒိတ်ကို တခြားယောကျ်ားတစ်ယောက်အား ခေါ်သွားကြောင်းသိပါက လျူထျန်း၏အမေ ဒေါသထွက်မှာသေချာသည်ဟု ယဲ့ချန်း တွေးလိုက်မိသည်။
လျူထျန်းက ယဲ့ချန်း ဘာမှမပြောသည်ကို မြင်သောအခါ ပြုံးလျက် ပြောလိုက်၏။
"ကျွန်မအတွက် စိတ်မပူပါနဲ့။ စောစောက ကျွန်မတို့ပြောခဲ့တာတွေကိုသာ မှတ်ထားပေး"
ထိုသို့ပြောပြီးနောက် မိန်းကလေးက စုံတွဲတစ်တွဲပမာ ယဲ့ချန်း၏လက်မောင်းကို ချိတ်ကာ ဟိုတယ်ထဲသို့ ဦးတည်သွားသည်။
ယဲ့ချန်းကလည်း ငြင်းဆန်ခြင်းမရှိဘဲ ဤအခိုက်အတန့်လေးကို အပြည့်အဝ ခံစားနေပေသည်။ မိန်းမချောလေးတစ်ယောက်က လက်မောင်းလာချိတ်သည်ကို ဘယ်ယောကျ်ားမဆို သဘောကျမည်မဟုတ်ပါလော။
တံခါးစောင့်က လျှောက်လာသော အမျိုးသားကို မြင်သောအခါ ရိုသေစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ဥက္ကဋ္ဌယဲ့"
ထို့ပြင် သူတို့ ဟိုတယ်ထဲသို့ လျှောက်သွားသောအခါ ဝန်ထမ်းအားလုံးက ယဲ့ချန်းကို "ဥက္ကဋ္ဌယဲ့" ဟု နှုတ်ဆက်ကြသည်။
ဤသည်မှာ အဆင့်မြင့်ဟိုတယ်တစ်ခုပင်။ လျူထျန်းသည် ယဲ့ချန်းအပေါ် ဝန်ထမ်းများ၏ ဆက်ဆံပုံကို သတိထားမိသည့်အပြင် သူတို့၏ခေါ်ဝေါ်ပုံကို ကြားရသောကြောင့် သူ(မ) အနည်းငယ် သံသယဝင်သွားသည်။
••••••••••••••••••••