အခန်း ၇၈၆
Vol. 53 Ch. 786
အပိုင်း ၇၈၆ : ငါ့လက်ထဲကနေ မင်း မလွတ်ပါဘူး
ခန်းကျန့်က လျူထျန်းကို ရမ္မက်ပြင်းပြသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်၏။
"မိန်းကလေးလျူ.. အခု မင်း ဘာမှပြောစရာမရှိတော့ဘူးမလား"
မောက်မာဝင့်ကြွားနေသော သူ့ရှေ့ရှိ ဝတ်စုံပြည့်နှင့် လူကြီးမင်းကို ကြည့်ကာ ဝန်ထမ်းခမျာ ကြောင်တောင်တောင် မျက်နှာထားဖြင့် ခန်းကျန့်၏စကားများ နားမလည်နိုင်ဖြစ်နေချေသည်။
လျူထျန်းက ခန်းကျန့်ကို လျစ်လျူရှုထားလိုက်သည်။
"မင်းက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အလုပ်ကို ဘယ်လိုလုပ်နေတာလဲ။ မယ်ရီယော့ဟိုတယ်က ဖောက်သည်တွေကို ဘုရင်တစ်ပါးလို ဆက်ဆံရမယ်ဆိုတဲ့ မူဝါဒကို အမြဲလက်ကိုင်ထားတာ မဟုတ်ဘူးလား။ မင်းကို ဘောက်ဆူးလည်း ပေးထားပြီးပြီလေ။ ဘာလို့ ငါပြောတဲ့အတိုင်း မလုပ်တာလဲ"
ခန်းကျန့်က နတ်ဘုရားတစ်ပါးနှယ် မောက်မာစွာ ပြောလိုက်သည်။
"လူကြီးမင်းပြောတာ မှန်ပါတယ်။ ဟိုတယ်ကို လာတဲ့ ဧည့်သည်တိုင်းက ကျွန်တော်တို့ရဲ့ ဘုရားသခင်တွေပါ။ ဒါပေမဲ့ လူကြီးမင်းအနေနဲ့ လူတစ်ယောက်ကို နှင်ထုတ်ခိုင်းနေတာက ဟိုတယ်ရဲ့မူဝါဒတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်"
ဝန်ထမ်းကလည်း ပြန်လည်ချေပလိုက်သည်။
ယခုအချိန်ကား လူအစည်ကားဆုံး စားသောက်ချိန်ဖြစ်လေရာ ဘေးနားရှိ စားသုံးသူများကလည်း ဝိုင်းပြောနေကြသည်။
"ဒီလူက စိတ်ထားသေးသိမ်လိုက်တာ။ ဝန်ထမ်းတစ်ယောက်ကို အနိုင်ကျင့်နေတယ်"
"သူ စကားပြောလိုက်တိုင်း အထက်စီးကချည်းပဲ။ အမြင်ကပ်လို့ကောင်းလိုက်တာ"
ခန်းကျန့်က ဘေးနားရှိ တီးတိုးသံများကို လျစ်လျူရှုထားလေသည်။ ထို့နောက် သူ့အကြည့်များမှာ အနည်းငယ် အေးစက်လာသည်။
"ကောင်လေး... မင်းကိုပေးကမ်းထားတာတောင် မင်းက ကျေးဇူးတင်ရကောင်းမှန်း မသိဘူးကိုး။ ဘောက်ဆူးပေးတာက မင်းကို အလုပ်လုပ်ခိုင်းဖို့ မလုံလောက်ဘူးဆိုမှတော့ ငါပြောပြမယ်။ ငါ့အဖေက မယ်ရီးယော့ဟိုတယ်ရဲ့ ဒါရိုက်တာတစ်ယောက်ကွ။ ဖုန်းတစ်ကောတည်းနဲ့ မင်းကို အလုပ်ဖြုတ်ပစ်လို့ရတယ်ဆိုတာ မင်း ယုံလား"
တီးတိုးပြောနေကြသော လူအုပ်ကြီးမှာ ခန်းကျန့်၏ စကားကို ကြားသောအခါ ငြိမ်ကျသွားသည်။ သူ့တွင် တကယ်အာဏာရှိပုံရသည်။ ထို့ကြောင့်လည်း ဤမျှ မောက်မာနေခြင်းဖြစ်မည်။
ဝန်ထမ်းခမျာ ဘာမှမပြောဘဲ ယဲ့ချန်းကိုသာ ကြည့်နေချေသည်။
ခန်းကျန့်မှာမူ အနည်းငယ်ဒေါသထွက်နေလေပြီ။ ထို့ကြောင့် ယဲ့ချန်းဘက်သို့ လှည့်လိုက်သည်။
"ကောင်လေး... ငါ မင်းကို ပြောပြမယ်။ ဒီလူ့အဖွဲ့အစည်းမှာ ငွေနဲ့ အာဏာက ဘုရင်ပဲ။ ဆင်းရဲသားတွေကတော့ အနိုင်ကျင့်ခံရဖို့ပဲရှိတယ်။ ပြီးတော့ မိန်းကလေးလျူကလည်း ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိမယ်လို့ ငါယုံကြည်တယ်။ ဘယ်သူမှ ဆင်းရဲသားတစ်ယောက်နဲ့ ဘဝကို မဖြတ်သန်းချင်ကြဘူးမဟုတ်လား"
ယခုမူ ဝန်ထမ်းမှာ ခန်းကျန့် ဘာပြောနေသလဲဆိုသည်ကို နားလည်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
"လူတစ်ယောက်က ဥက္ကဋ္ဌယဲ့ကို ဆင်းရဲတယ်လို့ ပြောနေတာလား။ တကယ်ကြီးလား။ သူက ဘီလျံနာတစ်ယောက်လေ"
ဒီလူက ဥက္ကဋ္ဌယဲ့ကို ဒီလိုစကားမျိုးပြောဖို့ သတ္တိတွေ ဘယ်ကနေရလာတာလဲ။ သူ့ဦးနှောက်ကို မြည်းကန်ခံထားရသလိုပဲ။
ယဲ့ချန်းက လျူထျန်းကို ကြည့်ကာ ပြုံးလိုက်၏။
"ထျန်းထျန်း... သွားကြစို့။ ဒီငတုံးနဲ့ ဆက်စကားပြောနေဖို့ အချိန်မရှိဘူး"
လျူထျန်းကလည်း ခေါင်းညိတ်လျက် ပြောလိုက်လေသည်။
"ကျွန်မလည်း ဒီမှာ ဆက်မနေချင်တော့ဘူး။ အချိန်ကုန်ရုံပဲရှိတယ်"
သူတို့နှစ်ယောက်သား မတ်တတ်ရပ်လိုက်ပြီး ဟိုတယ်ထွက်ပေါက်ဆီသို့ လက်ချင်းတွဲကာ လျှောက်သွားကြသည်။
သူ ထပ်လျစ်လျူရှုခံလိုက်ရသည်ကို မြင်သောအခါ ခန်းကျန့်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
"ငါ စကားပြောလို့ မပြီးသေးဘူးလေ။ မင်းတို့က ထွက်သွားရဲတယ်ပေါ့"
ယဲ့ချန်းနှင့် လျူထျန်းတို့လည်း ဦးနှောက်မရှိသောဤလူ့ကို အဖက်မလုပ်တော့ဘဲ အနောက်ပင် တစ်ချက်လှည့်မကြည့်ဘဲ ထွက်သွားကြသည်။
ယဲ့ချန်းထွက်သွားသည်ကို ကြည့်ရင်း ဝန်ထမ်းက ရိုသေစွာ ဦးညွှတ်လိုက်၏။
"ဥက္ကဋ္ဌယဲ့.. ဂရုစိုက်သွားပါဗျ"
ဝန်ထမ်း၏ အပြုအမူကြောင့် ခန်းကျန့်မှာ ရူးမတတ် ဒေါသထွက်သွားသည်။
"ကောင်လေး.. မင်း နားမလည်ဘူးလား။ မင်းကို ပိုက်ဆံပေးနေတာ ငါကွ။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ။ ငါက မင်းရဲ့ ဘုရားသခင်ပဲ။ မင်း လုပ်ရမှာက..."
ခန်းကျန့် စကားမဆုံးခင်မှာပင် ဝန်ထမ်းက ထွက်သွားနှင့်လေပြီ။
ဒေါသထွက်နေသော်လည်း ခန်းကျန့် ဘာမှဆက်မပြောတော့ပေ။
လျူထျန်းနှင့် ယဲ့ချန်းတို့ အလွန်ချစ်ခင်ကြင်နာနေကြသည်ကို မြင်သောအခါ ခန်းကျန့်က လက်သီးတင်းတင်းဆုပ်ကာ တွေးလိုက်လေသည်။
"ငါ လျူထျန်းကို ရအောင်ယူပြီး ငါ့ကို လျစ်လျူရှုတဲ့ အကျိုးဆက်ကို ပြရမယ်"
ခန်းကျန့် မတ်တတ်ထရပ်ကာ သူတို့နောက်သို့ လိုက်သွားလိုက်၏။
"ငါလိုချင်တဲ့ မိန်းမတွေထဲက တစ်ယောက်မှ ငါ့လက်ထဲကနေ မလွတ်ဖူးဘူး။ လျူထျန်းလည်း အတူတူပဲ"
"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"
စုန့်ယန်လည်း ဟိုတယ်အဝင်ဝသို့ လျှောက်လာပြီး ယဲ့ချန်းကို နှုတ်ဆက်လိုက်သည်။
"ဦးလေးစုန့်"
စုန့်ယန်ကို မြင်သောအခါ ခန်းကျန့်၏ မျက်နှာကား လင်းလက်သွားပြီး ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်၏။
"ဦးလေးစုန့်... ဒီလူက ခွင့်ပြုချက်မရှိဘဲ ပါဆယ်တွေပို့နေသလို ဟိုတယ်ဝန်ထမ်းဖြစ်တာတောင် အလုပ်ထဲက ခိုးထွက်နေတာ။ ဒီလိုမျိုးဆိုရင် ဘယ်သူက စိတ်အေးလက်အေး အလုပ်လုပ်နိုင်မှာလဲ။ သူလိုလူမျိုးတွေကို အလုပ်ထုတ်ပစ်သင့်တယ်"
ခန်းကျန့်၏အဖေနှင့် ရင်းနှီးသည့် စုန့်ယန်ကတော့ သူ့ဒေါသကို ကူညီဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်ကာ ခန်းကျန့်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သို့သော် စုန့်ယန်က ခေါင်းအသာညိတ်ပြပြီး သူ့ကို စကားပြန်မပြောပေ။ ဟိုတယ်ဥက္ကဋ္ဌကို အလုပ်ထုတ်ဖို့ ပြောနေသည့် ဤကောင်လေးက ရူးများရူးသွားပြီလားဟု တွေးလိုက်မိသည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော်လည်း ဥက္ကဋ္ဌဆီ ဖုန်းဆက်တော့မလို့။ ကုမ္ပဏီက ဒါရိုက်တာအဖွဲ့ အစည်းအဝေးတစ်ခု ခေါ်ထားလို့ပါ"
စုန့်ယန်က ယဲ့ချန်းကို ပြုံးလျက် ပြောလိုက်သည်။
သူတို့နှစ်ယောက် စကားပြောရင်း အပြင်သို့ လျှောက်သွားကြသဖြင့် လျူထျန်းကလည်း နောက်က လိုက်သွားသည်။
စုန့်ယန်က သူ့ကို လျစ်လျူရှုထားကြောင်း မြင်သောအခါ ခန်းကျန့်လည်း သူတို့နောက်သို့ လိုက်သွားပြီး လျူထျန်းကို ရအောင်ယူကာ သူ့ဒေါသကို ဖြေဖျောက်မည်ဟု ကျိန်လိုက်သည်။
ယဲ့ချန်းက လျှပ်စစ်စက်ဘီး ရပ်ထားသည့်နေရာသို့ မသွားဘဲနေသဖြင့် လျူထျန်းမှာ နားမလည်နိုင်ဖြစ်သွားသည်။
"ယဲ့ချန်း... ကျွန်မတို့ ဘယ်သွားမလို့လဲ"
"ကားသွားယူမလို့"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
လျှပ်စစ်စက်ဘီးက တစ်ဖက်တွင် ရပ်ထားသည့်တိုင် ယဲ့ချန်းက ဘာကြောင့် မြေအောက်ကားပါကင်ဘက်သို့ သွားနေရသလဲဟု လျူထျန်း တွေးလိုက်မိသည်။
သူ(မ)တွင် ရွေးချယ်စရာမရှိပါချေ။ ယဲ့ချန်းနောက်သို့ လိုက်သွားရပြန်သည်။ ခန်းကျန့်ကလည်း သူတို့နောက်ကတစ်ဆင့် မြေအောက်ကားပါကင်သို့ လိုက်သွားသည်။
ယဲ့ချန်းက စုန့်ယန်၏ လက်ထဲရှိ ကူလီနန်ကားသော့ကို ယူကာ ကားတံခါးဖွင့်ပြီးနောက် သူတို့သုံးယောက်သား ကားထဲသို့ ဝင်သွားကြသည်။
သူ့ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ ဤလူငယ်လေးက ဦးလေးစုန့်၏ ယာဉ်မောင်းဖြစ်ရမည်ဟု ခန်းကျန့် ကောက်ချက်ချလိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် ခပ်ညစ်ညစ်အပြုံးတစ်ပွင့် ပေါ်လာလေသည်။
"ကောင်လေး...မင်း စောင့်နေလိုက်။ ငါ့ကို ရန်စတဲ့ အကျိုးဆက်က ဘယ်လိုလဲဆိုတာ မင်းကို ပြရသေးတာပေါ့"
ကားထဲတွင် ထိုင်နေစဉ် လျူထျန်း၏ မျက်နှာမှာ ဇဝေဇဝါဖြစ်နေသော်လည်း ထုတ်မမေးခဲ့ပေ။
ကူလီနန်ကားမှာ လေးမှပစ်လွှတ်လိုက်သော မြှားတစ်စင်းအလား လမ်းပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားသည်။
ခန်းကျန့်လည်း သူ့BMWကားဖြင့် နောက်ကလိုက်သွားသော်ငြား သူ မည်မျှပင် အရှိန်တင်မောင်းစေကာမူ ယဲ့ချန်း၏ကားကို မမီနိုင်ပေ။
မကြာခင်မှာပင် ယဲ့ချန်းလည်း မယ်ရီးယော့လုပ်ငန်းစုရုံးချုပ်သို့ ရောက်လာခဲ့လေရာ လျှပ်စစ်ဂိတ်တံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်လာလေသည်။
ကားဖြင့် အထဲသို့ မောင်းဝင်သွားပြီးနောက် ယဲ့ချန်းလည်း ကားရပ်လိုက်၏။ ထို့နောက် သူတို့တစ်သိုက် အဆောက်အအုံထဲသို့ လျှောက်သွားကြသည်။
ခဏအကြာဝယ် ခန်းကျန့်လည်း သူ့BMWကားဖြင့် ရုံးချုပ်အပေါက်ဝသို့ ရောက်လာခဲ့သည်။ သို့သော် သူ့တွင် ခွင့်ပြုချက်မရှိသဖြင့် လျှပ်စစ်တံခါးက မပွင့်လာဘဲ အပြင်တွင်သာ ပိတ်မိနေပေသည်။
သူလည်း ဟွန်းကို အကျယ်ကြီးတီးလိုက်လေရာ လုံခြုံရေးအစောင့်တစ်ယောက် ထွက်လာလေသည်။
"လူကြီးမင်း... ဝင်ခွင့်ကတ်ပြား ပါလားဗျ"
"တံခါးမြန်မြန်ဖွင့်စမ်းပါ။ ငါ့အဖေက မယ်ရီယော့လုပ်ငန်းစုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ကွ။ ငါက ဘာလို့ ဝင်ခွင့်ကတ်ပြားလိုရမှာလဲ"
ခန်းကျန့်က မောက်မာစွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် လူကြီးမင်း.. ဒါက လုပ်ငန်းစုရဲ့ မူဝါဒပါ။ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"
လုံခြုံရေးအစောင့်က အခက်တွေ့နေလေဟန် မျက်နှာထားဖြင့် ပြောလေသည်။
လုံခြုံရေးက ပိတ်ထားသဖြင့် ခန်းကျန့်လည်း သူ့အဖေဆီကို ဖုန်းဆက်ရတော့သည်။
"အဖေ.. ကျွန်တော် မယ်ရီးယော့လုပ်ငန်းစုရဲ့ အပြင်ဘက်ကို ရောက်နေတာ။ လုံခြုံရေးက ကျွန်တော့်ကို အထဲပေးမဝင်ဘူး။ အဖေ သူတို့ကို ပြောပေးလို့ရမလား"
"ရှောင်ကျန့်... အဖေတို့ အစည်းအဝေးစတော့မလို့။ ခဏလောက်စောင့်နေဦး။ မင်းကို လာခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်မယ်"
ခန်းဟွားက အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
ယဲ့ချန်း အဆောက်အအုံထဲသို့ ဝင်သွားသောအခါ ဖြတ်သွားဖြတ်လာ ဝန်ထမ်းအားလုံးက သူ့ကို "ဥက္ကဋ္ဌယဲ့"ဟု နှုတ်ဆက်ကြသည်။
"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"
"ဥက္ကဋ္ဌယဲ့.. မင်္ဂလာပါ"
ယဲ့ချန်း ဖြတ်သွားသော နေရာတိုင်းတွင် တစ်ယောက်မဟုတ်တစ်ယောက် သူ့ကို နှုတ်ဆက်ကြသည်။
"ထျန်းထျန်း.. ဧည့်ခန်းထဲမှာ စောင့်နေနော်"
ယဲ့ချန်းက လျူထျန်းကို ပြောလိုက်သည်။
လျူထျန်းက ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောဘဲ နာခံကျိုးနွံစွာ ခေါင်းညိတ်ပြပြီး အမျိုးသမီးဝန်ထမ်းတစ်ယောက်နောက်ကတစ်ဆင့် ဧည့်ခန်းထဲသို့ လိုက်သွားလေသည်။
•••••••••••••••••••••