← Chapters

အခန်း ၇၈၇

Vol. 53 Ch. 787

အခန်း ၇၈၇

Vol. 53 Ch. 787

အပိုင်း ၇၈၇ : နှုတ်ကြောင့်ဖြစ်သော ဒုက္ခ

ယဲ့ချန်းနှင့် စုန့်ယန်တို့ အစည်းအဝေးခန်းထဲသို့ ဝင်သွားချိန်တွင် အခြားဒါရိုက်တာအဖွဲ့ဝင်များက စောင့်ဆိုင်းနေကြပြီဖြစ်၏။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

ထိုနေရာရှိ လူအားလုံးက မတ်တတ်ရပ်ကာ ယဲ့ချန်းကို နှုတ်ဆက်လိုက်ကြသည်။

ယဲ့ချန်းက ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဥက္ကဋ္ဌကျန်းကိုသာ အားလုံးလွှဲအပ်ထားသည်။ သို့သော် ဥက္ကဋ္ဌကျန်းမှာ နိုင်ငံခြားတွင် သောင်တင်နေသဖြင့် သူ့အနေနှင့် အစည်းအဝေးကို မဖြစ်မနေ တက်ရောက်ရခြင်းပင်။

ဤသည်မှာ လူတိုင်းအတွက် ယဲ့ချန်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်လေရာ မြှောက်ပင့်စကားများ ဆက်တိုက်ထွက်လာလေသည်။

"ဥက္ကဋ္ဌယဲ့က ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတယ်လို့ ကြားနေတာကြာပြီ။ ဒီနေ့ တွေ့​ရတော့ နာမည်နဲ့လိုက်အောင် ပြည့်စုံလွန်းပါတယ်ဗျာ"

"လုပ်ငန်းစုကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားတာတောင်မှ ပါဆယ်ပို့တဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်နေသေးတဲ့ ဥက္ကဋ္ဌယဲ့ဆီက ကျွန်တော်တို့ တကယ်သင်ယူသင့်တယ်"

ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် သူ လက်ရှိ ဘာအလုပ်လုပ်နေသလဲဆိုသည်ကို လူတိုင်း ခန့်မှန်းမိကြသည်။

"အဲဒီလိုမပြောပါနဲ့ဗျာ။ ကျွန်တော်က ဘဝအတွေ့အကြုံကို ခံစားချင်ရုံသက်သက် ပါဆယ်ပို့နေတာပါ။ ခင်ဗျားတို့ရှိနေလို့သာ ဒီအတွေ့အကြုံကို ကျွန်တော် အပြည့်အဝ အာရုံစိုက်နိုင်တာပါ"

ယဲ့ချန်းကလည်း ဝတ်ကျေတမ်းကျေစကားများဖြင့် ပြန်တုံ့ပြန်လိုက်သည်။

ယဲ့ချန်း ဤသို့ပြောသည်ကို ကြားသောအခါ လူတစ်ယောက်က နှုတ်ခမ်းထောင့်စွန်းများပင် တွန့်သွားလေသည်။

"ပါဆယ်ပို့ဖို့အတွက်နဲ့ လုပ်ငန်းစုဥက္ကဋ္ဌနေရာကို ငြင်းတယ်ဆိုတော့ သူ့ရဲ့တွေးခေါ်ပုံကို နားလည်ဖို့ တော်တော်ခက်တာပဲ"

သို့သော် ဤသည်မှာ ယဲ့ချန်း၏ ကိစ္စပင်။ သူတို့၏ အဓိကတာဝန်မှာ လုပ်ငန်းစုကို သေချာစီမံခန့်ခွဲရန်သာ ဖြစ်၏။

"ဥက္ကဋ္ဌယဲ့က ကျွန်တော်တို့ကို အထင်ကြီးလွန်းနေပါပြီ။ ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေပါ။ လုပ်ငန်းစုအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ"

ခန်းဟွားက ပြုံးလျက် ပြောသည်။

သူသည် ဒါရိုက်တာအဖွဲ့ထဲတွင် အသက်အကြီးဆုံးဖြစ်သဖြင့် ဤသို့ စကားဆိုလိုက်ခြင်းပင်။

ယဲ့ချန်းလည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ ဤနေရာသို့ လာရာလမ်းတွင် စုန့်ယန်၏ မိတ်ဆက်မှုကြောင့် ခန်းကျန့်မှာ ခန်းဟွား၏ သားဖြစ်ကြောင်း သူ သိထားသည်။

သားအဖနှစ်ယောက်က တကယ်ကွာခြားလှသည်။ ဖခင်ဖြစ်သူက နှိမ့်ချတတ်ပြီး ယဉ်ကျေးသိမ်မွေ့သော်လည်း သားဖြစ်သူကမူ မောက်မာဝင့်ကြွားလွန်းလှသည်။

"ကောင်းပါပြီ။ ဥက္ကဋ္ဌကျန်းက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ရောက်နေပြီး ပြန်မလာနိုင်သေးတော့ ဒီနေ့ အစည်းအဝေးကို ကျွန်တော်ပဲ ဦးဆောင်ပါ့မယ်။ လုပ်ငန်းစုရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ဆွေးနွေးကြတာပေါ့"

ယဲ့ချန်းက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

သူ စကားပြောပြီးသည်နှင့် လူတိုင်းက သူတို့၏ အမြင်များကို စတင်ပြောဆိုကြလေတော့သည်။

...

မယ်ရီယော့ရုံးချုပ်အဆောက်အအုံထဲမှ ဝတ်စုံပြည့်ဝတ်ထားသော လူငယ်လေးတစ်ယောက် ထွက်လာခဲ့သည်။ သူသည် ခန်းဟွား၏ လက်ထောက်ပင်။

လုံခြုံရေးကို စကားအနည်းငယ် ပြောပြီးနောက် လက်ထောက်ဖြစ်သူက ခန်းကျန့်၏ကားကို အထဲဝင်ခွင့်ပေးရန် လျှပ်စစ်တံခါးကို ဖွင့်ခိုင်းလိုက်သည်။

ကားရပ်ပြီးနောက် ခန်းကျန့်က ဒေါသတကြီး လျှောက်လာပြီး လုံခြုံရေးအစောင့်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း စောင့်နေလိုက်။ ခဏနေရင် မင်းကို အလုပ်ထုတ်ဖို့ ငါ့အဖေ့ကို ပြောလိုက်မယ်"

လုံခြုံရေးအစောင့်ခမျာ ကြောက်လန့်တကြား တုန်ယင်သွားပြီး မတရားခံရသလို ခံစားလိုက်ရသည်။ တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းမှာ အလုပ်ပြုတ်ဖို့ ဖြစ်လာမည်ဆိုပါက ဤနေရာတွင် ဆက်အလုပ်လုပ်ဖို့ပင် စိတ်ပျက်စရာကောင်းလှသည်။

"သခင်လေးခန်း.. ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ"

လက်ထောက်က ရိုသေစွာ ပြောလိုက်သည်။

ခန်းကျန့်က လက်ထောက်အနောက်မှ အထဲသို့ ဝင်သွားလေသည်။ ဝန်ထမ်းများက သူ့ကို နှုတ်ဆက်နေကြချိန်တွင် သူကမူ ဝင့်ကြွားစွာ လျှောက်သွားသည်။

ခန်းကျန့်ကို မည်သူကမှ မသိသော်လည်း လက်ထောက်ကိုတော့ လူတိုင်းသိကြသဖြင့် သူ့အနောက်ရှိ လူငယ်လေးမှာ ထူးခြားသူတစ်ဦးဖြစ်ကြောင်း သိကြသည်။

"ငါ့အဖေ ဘယ်မှာလဲ"

ခန်းကျန့်က လက်ထောက်ကို မေးလိုက်သည်။

"သခင်လေးခန်း... မန်နေဂျာခန်းက အစည်းအဝေး လုပ်နေပါတယ်။ ကျေးဇူးပြုပြီး ဧည့်ခန်းထဲမှာ စောင့်နေပေးပါ။ အစည်းအဝေးပြီးတာနဲ့ ကျွန်တော် လာခေါ်ပါ့မယ်"

လက်ထောက်က ပြောလိုက်သည်။

ခန်းကျန့်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ထောက်နောက်မှလိုက်၍ ဧည့်ခန်းထဲသို့ ဝင်သွားသည်။

"သခင်လေးခန်း... ကျွန်တော် အလုပ်ပြန်လုပ်ရဦးမှာမို့လို့ ခွင့်ပြုပါဦး"

လက်ထောက်က ထိုသို့ပြောပြီး ဧည့်ခန်းထဲမှ ထွက်သွားလေသည်။

အထဲဝင်လာသူကို မြင်သောအခါ လျူထျန်းလည်း အံ့ဩသွားသည်။

"ခန်းကျန့်... ရှင် ဘာလို့ ဒီအထိလိုက်လာတာလဲ"

"မိန်းကလေးလျူ.. ကျွန်တော် ပြောထားတယ်လေ။ ကျွန်တော်သဘောကျတဲ့ ဘယ်မိန်းမကိုမဆို ရအောင်ယူမှာလို့"

ခန်းကျန့်က လျူထျန်းကို ရာဂထန်သောအကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အရှက်မရှိတဲ့လူ"

လျူထျန်း၏ မျက်နှာကား အနည်းငယ် မှုန်ကုပ်သွားသည်။

ခန်းကျန့်ကမူ ပြုံးလိုက်သည်။

"မိန်းကလေးလျူ.. ခင်ဗျားက ဒေါသထွက်နေတဲ့အချိန် ပိုပြီးတောင် ဆွဲဆောင်မှုရှိသေးတယ်"

လျူထျန်းလည်း သူ့ကို လျစ်လျူရှုထားလိုက်သည်။

ခန်းကျန့်က ရိသဲ့သဲ့လေသံဖြင့် ပြောလိုက်၏။

"မိန်းကလေးလျူ.. သေချာစဉ်းစားဖို့ အကြံပေးပါရစေ။ အဲဒီလူက သာမန်ယာဉ်မောင်းတစ်ယောက်နော်။ ကျွန်တော့်အဖေကတော့ လုပ်ငန်းစုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်။ ကွာခြားချက်ကို ခင်ဗျားသိသင့်တယ်။ အဲဒီလိုဆင်းရဲသားနဲ့ ခင်ဗျားရဲ့ဘဝကို ဖြတ်သန်းဖို့ တကယ်စဉ်းစားထားတာလား"

"မိန်းကလေးလျူ... အဲဒီလောက်မရိုးအဖို့ ကျွန်တော် အကြံပေးချင်တယ်။ အချစ်က ထမင်းစားလို့မရဘူးလေ။ ခင်ဗျား လက်တွေ့ဘဝကို မြင်အောင်ကြည့်သင့်တယ်။ ဒဏ္ဍာရီပုံပြင်ထဲမှာပဲ နေမနေနဲ့"

"ခန်းကျန့်... ရှင် တော်သင့်ပြီမလား။ ရှင့်ကို မကြိုက်ဘူးလို့ ပြောထားပြီးသားလေ။ အဲဒါကို ဘာလို့ ကျွန်မက ရှင့်ကို သည်းခံနေရမှာလဲ။ ပြီးတော့ ကျွန်မ ဘယ်သူ့ကို သဘောကျတယ်.. ဘယ်သူနဲ့တွဲတယ်ဆိုတာ ရှင့်ကိစ္စမှမဟုတ်တာ။ ဟုတ်တယ်မလား"

လျူထျန်းက ဆက်သည်းမခံနိုင်တော့သဖြင့် ပြောချလိုက်သည်။

"ကောင်းပြီလေ။ အကောင်းပြောနေတာကို နားမဝင်ဘူးဆိုတော့ ငါ့ကိုရိုင်းတယ်လို့ အဆိုးမဆိုနဲ့။ မင်း အဲဒီကောင်ကို သဘောကျတယ်မလား။ သူ့ကို အလုပ်ထုတ်ပစ်ဖို့ ငါ့အဖေ့ကို ပြောလိုက်မယ်။ ပါဆယ်ပို့တဲ့ အလုပ်လေးပဲ ရှိတော့မယ့်အခြေအနေမှာ မင်းတို့ ဘယ်လိုဆက်ရှင်သန်ကြမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ခန်းကျန့်က လှောင်ပြောင်လေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။

သူ့ဘက်က ဤမျှအထိ ပြောလိုက်ပြီးပြီဖြစ်ရာ လျူထျန်းက သူ့ကို သေချာပေါက် တောင်းပန်လာလိမ့်မည်။ ထိုအခါ သူက အကျိုးသင့်အကြောင်းသင့်မရှိသော တောင်းဆိုမှုများကို ပြုလုပ်နိုင်မည်ဟု အစက တွေးထားခဲ့သည်။

သို့သော် လျူထျန်းက သူ့ကို ငတုံးတစ်ယောက်လိုသာ ကြည့်နေသဖြင့် စိတ်ပျက်သွားရသည်။

ခန်းကျန့်၏ ဒေါသကလည်း ပိုအရှိန်ပြင်းသွားပြီး စိတ်ထဲက တွေးလိုက်မိသည်။

"ကောင်းပြီလေ။ စောင့်ကြည့်နေလိုက်။ မကြာခင် မင်း ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရလိမ့်မယ်"

...

အစည်းအဝေးခန်းထဲရှိ ဆွေးနွေးမှုများက ပြင်းထန်လှသည်။ လူတိုင်း၏ အတွေးအမြင်များ ကွဲလွဲနေကြသော်လည်း သူတို့အားလုံးက လုပ်ငန်းစု၏အနာဂတ် ပိုမိုကောင်းမွန်လာစေရန် ရိုးသားစွာ မဟာဗျူဟာချမှတ်နေကြကြောင်း ယဲ့ချန်း မြင်နေရသည်။

သူ အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ ဆွေးနွေးမှုက နှစ်နာရီကြာမြင့်နေပြီဖြစ်၏။ ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။

"ခဏလောက် အနားယူပြီး နေ့လယ်ခင်းလက်ဖက်ရည် သောက်ကြတာပေါ့"

ယဲ့ချန်းမှာ အလုပ်ကို အရူးအမူးလုပ်တတ်သူမျိုး မဟုတ်ပေ။ အရာအားလုံးကို သင့်လျော်သော အချိုးအစား၊ ဟန်ချက်တို့ဖြင့် လုပ်ဆောင်သင့်သည်ဟု သူ ယုံကြည်ထားသည်။

ဆွေးနွေးမှုကလည်း အတော်ကြာနေပြီဖြစ်ရာ ဘာကြောင့် နည်းနည်းလောက် အနားမယူရမည်နည်း။

ယဲ့ချန်း၏ ဦးဆောင်မှုနောက်သို့လိုက်ကာ အားလုံးလည်း အစည်းအဝေးခန်းထဲက ထွက်လာခဲ့ကြသည်။

ဧည့်နားနေခန်းနှင့် အစည်းအဝေးခန်းမှာ တစ်ထပ်တည်းတွင်ရှိသဖြင့် စင်္ကြံလမ်းရှိ လှုပ်ရှားသံများကို ကြားသောအခါ အစည်းအဝေးပြီးပြီဖြစ်ကြောင်း ခန်းကျန့် သိလိုက်သဖြင့် ထိုနေရာသို့ အမြန်သွားလိုက်သည်။

"ရှောင်ကျန့် မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"

ခန်းဟွားက သားဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။

ခန်းကျန့်ကမူ သူ့အဖေကို လျစ်လျူရှုကာ ဤလူက ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ဘာလို့ တက်ရောက်ရသလဲဟုတွေးကာ နားမလည်နိုင်သော အမူအရာဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။

သို့သော် စုန့်ယန်ကို မြင်သောအခါ သူသဘောပေါက်သွားသည်။

အစည်းအဝေးပြီးပြီမို့ စုန့်ယန်ကို ဟိုတယ်ပြန်ပို့ပေးဖို့ ဒီကောင်က ကားမောင်းပေးရမှာကိုး။

"အဖေ... ဒီကောင်က ဟိုတယ်ဝန်ထမ်းဖြစ်ပြီး အပြင်အလုပ်တွေ ခိုးလုပ်တယ်။ ကျွန်တော့်ကိုလည်း စော်ကားတယ်။ ကျွန်တော့်ရည်းစားကိုတောင် လုသွားသေးတယ်"

ခန်းကျန့်က ဘာမှမစဉ်းစားဘဲ ယဲ့ချန်းကို လက်ညှိုးထိုးကာ တစ်ဆက်တည်း ပြောချလိုက်သည်။

ထိုသို့ပြောပြီးနောက် ခန်းကျန့်က ယဲ့ချန်းကို လှောင်ပြောင်လေဟန် မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်၏။

"ကောင်လေး.. အခုတော့ မင်း ကြောက်ဖို့ကောင်းမှန်း သိပြီမလား။ ငါ မင်းကို ပြောသားပဲ။ ဆင်းရဲသားတွေက အနိုင်ကျင့်ခံရဖို့ပဲရှိတယ်လို့"

သူက ယဲ့ချန်း၏မျက်နှာပေါ်တွင် ကြောက်ရွံ့သွားသည့် အမူအရာကို မြင်ချင်ခဲ့သော်လည်း သူ မျှော်လင့်မထားသည့်အတိုင်း သူ့ရှေ့ရှိ လူငယ်လေးက သူ့ကို ပြုံးလျက်သာ ကြည့်နေချေသည်။

"ဖြန်း"

ကျယ်လောင်လှသော ပါးရိုက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

ရုတ်တရက်အရိုက်ခံလိုက်ရသော ပါးရိုက်ချက်ကြောင့် ခန်းကျန့်ခမျာ မျက်လုံးထဲတွင် ကြယ်လများပင် မြင်သွားသည်။

သူသည် ရဲတက်သွားသော ပါးပြင်ကို အုပ်ကိုင်ကာ သူ့​အဖေကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ့အဖေက သူ့ကို တစ်ခါမှမရိုက်ဖူးခဲ့ပေ။ သို့သော် ယနေ့တွင်မူ လူအများရှေ့၌ သူ့ကို ပါးရိုက်လိုက်သည်။

"အဖေ... ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ"

ခန်းကျန့်လည်း သူ့အဖေကို မကျေမနပ်ကြည့်လိုက်သည်။

ခန်းဟွားက ဒေါသတကြီးဖြင့် ​ဆိုချေသည်။

"ဥက္ကဋ္ဌယဲ့ကို အခုချက်ချင်း တောင်းပန်စမ်း"

"ဒါပေမဲ့ ကျွန်တော်က နစ်နာသူလေ။ အဆင့်အတန်းနိမ့်တဲ့လူတစ်ယောက်ကို ဘာလို့တောင်းပန်ရမှာလဲ"

ခန်းကျန့်ကလည်း ပြန်အော်လိုက်သည်။

လုပ်ငန်းစုဒါရိုက်တာအဖွဲ့ဝင်တစ်ဦး၏ သားတစ်ယောက်အနေနှင့် သာမန်ဝန်ထမ်းလေးတစ်ယောက်ကို သူက ဘာကြောင့် တောင်းပန်ရမလဲဟု သူ တွေးလိုက်သည်။

•••••••••••••••••••

All Chapters