← Chapters

အခန်း ၇၈၉

Vol. 53 Ch. 789

အခန်း ၇၈၉

Vol. 53 Ch. 789

အပိုင်း ၇၈၉ : အဆိုးထဲက အကောင်း

လုံခြုံရေးခေါင်းဆောင်ခမျာ လုံခြုံရေးအစောင့်လေးကို သနားသွားသည်။ သူက ငယ်ရွယ်သော်လည်း ပင်ပန်းဆင်းရဲမှုကို မကြောက်ဘဲ ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်သူဖြစ်သည်။ ယနေ့ခေတ်အခါမျိုးတွင် ထိုသို့သောလူမျိုး ရှားပါးလှသည်။

သို့သော် သူ ဘာတတ်နိုင်မည်နည်း။ သူ ကူညီချင်လျှင်ပင် အာဏာမရှိပေ။

ထို့ပြင် သူကိုယ်တိုင်ပင် အနိုင်နိုင်ရပ်တည်နေရသည်ဖြစ်ရာ သူပါ ပြဿနာထဲ ပါသွားနိုင်သည်။

ထိုအချိန်တွင် ဝန်ထမ်းငယ်တစ်ယောက် အဆောက်အအုံထဲက ထွက်လာပြီး လုံခြုံရေးခေါင်းဆောင်ကို မေးလိုက်၏။

"ခုနတုန်းကကားကို တားလိုက်တဲ့ အစောင့်က ဘယ်မှာလဲ"

လုံခြုံရေးခေါင်းဆောင်က သူ့ဘေးနားရှိ စိုးရိမ်ထိတ်လန့်နေသော အစောင့်လေးကို လက်ညှိုးထိုးပြလိုက်သည်။

"ငါနဲ့လိုက်ခဲ့။ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်ရအောင်"

ထိုအမျိုးသားဝန်ထမ်းက မျက်နှာသေဖြင့် ပြောလိုက်သည်။

အလုပ်ထုတ်ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြောင်း အစောင့်လေး သိလိုက်သဖြင့် ကံတရားကို လက်ခံကာ အမျိုးသားဝန်ထမ်းနောက်ကတစ်ဆင့် အဆောက်အအုံထဲသို့ ခေါင်းငိုက်စိုက်ချလျက် လိုက်သွားချေသည်။

ဤသည်မှာ သူ အဆောက်အအုံထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းပင်။ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ဟုလည်း သူ မထင်ထားခဲ့မိကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။

ပုံမှန်အားဖြင့် သူသည် တံခါးဝတွင်သာ တာဝန်ကျပြီး အဆောက်အအုံအတွင်းသို့ တစ်ခါမှ ဝင်ခွင့်မရခဲ့ပေ။

အစောင့်လေးသည် တစ်နေ့နေ့တွင် အထဲသို့ ဝင်ကြည့်ခွင့်ရရန် အမြဲအိပ်မက်မက်ခဲ့သော်လည်း ယခုလို အလုပ်ထုတ်ခံရမည့်နေ့မှ သူ့အိပ်မက် တကယ်ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အမျိုးသားဝန်ထမ်းက အစောင့်လေးကို ကျယ်ဝန်းလှသော ဧည့်နားနေခန်းတစ်ခုဆီသို့ ခေါ်သွားသည်။ အထဲရှိ လူများကို မြင်လိုက်ရသောအခါ အစောင့်လေးမှာ ပို၍ပင်စိုးရိမ်ထိတ်လန့်သွားသည်။

သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် ထိုလူများမှာ လုပ်ငန်းစု၏ ခေါင်းဆောင်ပိုင်းများဖြစ်ကြောင်း သူ သေချာပေါက်သိလိုက်သည်။

သူ့အကြည့်များက ပါဆယ်ပို့သမားဝတ်စုံ ဝတ်ဆင်ထားသော ယဲ့ချန်းဆီသို့ ရုတ်တရက် ရောက်သွားပြီး ဤလူငယ်လေး ဘာလုပ်နေသလဲဟု တွေးနေမိသည်။ ထို့ပြင် အခြားသူများကလည်း သူ့ကို ရိုသေလေးစားစွာ ဆက်ဆံနေကြသည်။

"မင်္ဂလာပါ။ ဘာလို့ တံခါးပေါက်မှာ ရပ်နေတာလဲ။ မြန်မြန်လာထိုင်လေ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

အစောင့်လေးမှာ တုံ့ဆိုင်းဆိုင်းဖြင့် ဖြည်းဖြည်းချင်းလျှောက်သွားပြီး ယဲ့ချန်းနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

အစောင့်လေး၏ အပြုအမူကို မြင်သောအခါ အမျိုးသားဝန်ထမ်းက အမြန်မိတ်ဆက်ပေးလိုက်သည်။

"ဒါက မယ်ရီယော့လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌယဲ့ပဲ။ မြန်မြန်နှုတ်ဆက်လိုက်လေ"

ထိုစကားကို ကြားသောအခါ အစောင့်လေးမှာ မယုံကြည်နိုင်ဟန်ဖြင့် ယဲ့ချန်းကို ထပ်ကြည့်လိုက်မိသည်။ သူ့အထင်တွင် လုပ်ငန်းစုခေါင်းဆောင်များဆိုသည်မှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသင့်သော်လည်း သူ့ရှေ့ရှိ လူငယ်လေးကမူ ပါဆယ်ပို့သမားဖြစ်နေသည်မှာ သိသာလွန်းလှသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

အစောင့်လေးက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

ယဲ့ချန်းက ပြုံးလျက် မေးလိုက်သည်။

"ဥက္ကဋ္ဌယဲ့...ကျွန်တော့်နာမည် ဝမ်ထောင်ပါ"

အစောင့်လေးက စိုးရိမ်တကြီး ပြန်ဖြေလေသည်။

ယဲ့ချန်းက အလွန်အမင်း စိုးရိမ်နေသော အစောင့်လေးကို ကြည့်ကာ ပြောလိုက်၏။

"ဝမ်ထောင်.. မင်းကို ဒီကို ဘာလို့ခေါ်လိုက်လဲဆိုတာ သိလား"

ဝမ်ထောင်က ပွင့်လင်းရိုးသားသူဖြစ်သော်လည်း မတုံးအပေ။ ကားကို တားဆီးခဲ့သည့်ကိစ္စကြောင့်ဖြစ်ကြောင်း သူ သိသည်။

ဤသည်မှာ သူ့နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းကိုလည်း သူ သိသည်။ အလုပ်ထုတ်ခံရမည်ဆိုလျှင်ပင် အခြေအနေကိုတော့ သူ ရှင်းပြရမည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော်က ကုမ္ပဏီစည်းမျဉ်းအတိုင်း လုပ်ဆောင်ခဲ့တာပါ။ BMWကားမောင်းလာတဲ့လူက လုပ်ငန်းစုထဲက လူမဟုတ်ဘဲ လုပ်ငန်းစုခေါင်းဆောင်တွေကို သိတယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို ပေးဝင်လိုက်တာက မမှန်ဘူးလို့ ကျွန်တော်ထင်လို့ပါ။ ကျွန်တော့်ဘက်က ဘာအမှားမှ လုပ်ခဲ့တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဥက္ကဋ္ဌယဲ့က ကျွန်တော့်ကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ပြောစရာမရှိပါဘူး"

ဝမ်ထောင်က သတ္တိမွေး၍ အခြေအနေကို ရှင်းပြလိုက်သည်။

ယဲ့ချန်းသည် ဖြောင့်မတ်သော လုံခြုံရေးအစောင့်လေးကို ကြည့်ကာ စိတ်ထဲတွင် နက်ရှိုင်းသော ရင်းနှီးမှုကို ခံစားလိုက်ရသည်။ ဤလူက အာဏာကိုမကြောက်တတ်သည့် သူ့လို လူစားမျိုးဖြစ်ကြောင်း ခံစားလိုက်ရသည်။

လုပ်ငန်းစုကြီး ကောင်းစွာတိုးတက်လိုပါက သူလိုလူများ ပိုများများရှိသင့်သည်။

"ရှောင်ကောင်း... ခေါင်းဆောင်ကျန်းကို သွားခေါ်ပေးပါ"

ယဲ့ချန်းက ထိုအမျိုးသားဝန်ထမ်းကို ညွှန်ကြားလိုက်သည်။

အမျိုးသားဝန်ထမ်း ထွက်သွားပြီးနောက် ဝမ်ထောင်က ယဲ့ချန်းကို ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော်လုပ်ရပ်အတွက် ကျွန်တော် တာဝန်ယူပါတယ်။ ပြီးတော့ ဒီကိစ္စက ခေါင်းဆောင်ကျန်းနဲ့ ဘာမှမဆိုင်ပါဘူး။ လူတစ်ယောက်ကို အလုပ်ထုတ်ရမယ်ဆိုရင်တောင် ကျွန်တော့်ကိုပဲ ထုတ်ပါ"

ယဲ့ချန်းက ဘာမှမပြောဘဲ ပြုံးသာပြုံးနေလိုက်သည်။

သူ့ကို အမြဲတစေ စောင့်ရှောက်ပေးခဲ့သော ခေါင်းဆောင်ကျန်းအပေါ်တွင်လည်း ဝမ်ထောင် အားနာမိသွားသည်။ သူ့လုပ်ရပ်ကြောင့် တခြားသူများ ဒုက္ခရောက်ရသဖြင့် သူ စိတ်မကောင်းဖြစ်ရသည်။

"ခေါင်းဆောင်ကျန်း.. ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

အမျိုးသားဝန်ထမ်းက မျက်နှာသေဖြင့် ပြောလိုက်လေရာ ကျန်းမင်သည် သူပါ ပြဿနာထဲ ပါသွားပြီဖြစ်ကြောင်း သိလိုက်သည်။

သူ့ခမျာ ယဲ့ချန်းထံသို့ စိုးရိမ်တကြီး လျှောက်သွားပြီး ပြောလိုက်သည်။

"ဥက္ကဋ္ဌယဲ့.. သူတို့ကို သေချာမဆုံးမခဲ့တဲ့ ကျွန်တော့်အမှားပါ။ ဒါကြောင့် အခုလို အခြေအနေမျိုး ဖြစ်သွားရတာပါ"

အမျိုးသားဝန်ထမ်းက ဧည့်နားနေခန်းထဲရှိ လူများကို မိတ်ဆက်ပေးပြီးဖြစ်၍လောမသိ။ အထဲသို့ ဝင်ဝင်ချင်း ကျန်းမင်က ယဲ့ချန်းကို အရင် နှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်ကျန်း...ထိုင်ပါဦး"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ကျန်းမင်မှာ အမှားလုပ်ထားသူတစ်ယောက်လို ခံစားနေရသဖြင့် ဝင်မထိုင်ရဲပေ။

"ဥက္ကဋ္ဌယဲ့... ကျွန်တော် မတ်တတ်ပဲရပ်နေပါရစေ"

ကျန်းထောင်က ခပ်တိုးတိုး ပြောလိုက်သည်။

ယဲ့ချန်းကလည်း ရယ်မောလိုက်၏။

"စိုးရိမ်မနေပါနဲ့။ ထိုင်ပါ"

ဤတစ်ကြိမ်တွင်မူ ကျန်းမင်သည် ဝမ်ထောင်၏ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး နှစ်ယောက်စလုံး ပူပန်နေဟန် မျက်နှာထားများဖြင့် နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြသည်။

သူတို့၏ အမူအရာများကို မြင်သောအခါ ယဲ့ချန်း ရယ်ချင်စိတ်ပေါက်သွားသည်။

သူက အခြားဒါရိုက်တာများကို ပြောလိုက်၏။

"ကျွန်တော် ဝမ်ထောင့်ကို အဆောက်အအုံရဲ့ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ လုံခြုံရေးလက်ထောက်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီ"

"ဘာ"

ဝမ်ထောင်ခမျာ အိပ်မက်မက်နေသလို ခံစားလိုက်ရပြီး ပေါင်ကို ဆွဲလိမ်ကြည့်လိုက်လေရာ နာကျင်မှုကို ခံစားရသဖြင့် ဤသည်မှာ တကယ်ဖြစ်ကြောင်း သိလိုက်ရသည်။

ယဲ့ချန်းက သူ့ကို အလုပ်ထုတ်မည့်အစား ရာထူးတိုးပေးလိမ့်မည်ဟု ဝမ်ထောင် အိပ်မက်ပင် မမက်ဖူးပေ။

ကျန်းထောင်လည်း မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေချေသည်။ သူနှင့် ဝမ်ထောင်တို့ အံ့ဩနေသော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။

"ဥက္ကဋ္ဌယဲ့ ကျွန်တော်..."

ဝမ်ထောင်မှာ စိတ်လှုပ်ရှားစွာဖြင့် စကားများပင် ထစ်အသွားသည်။

"ဝမ်ထောင်... မင်းနဲ့ ထိုက်တန်ပါတယ်။ ကောင်းကောင်းဖွံ့ဖြိုးတိုးတက်ချင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ အာဏာကို မကြောက်တတ်တဲ့ မင်းလိုလူမျိုးတွေကို လိုအပ်တယ်လေ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ယဲ့ချန်းက အကြောင်းအရာများကို အသေးစိတ် ရှင်းမပြခဲ့ပေ။ လူအများရှေ့တွင် သားဖြစ်သူ၏ လုပ်ရပ်ကြောင့် ခန်းဟွား မျက်နှာပျက်ထားရသောကြောင့်ပင်။

သားဖြစ်သူက သူ့အာဏာကိုသုံးကာ အခြားသူများကို အနိုင်ကျင့်နေကြောင်း ခန်းဟွားသာ သိသွားပါက လူတွေကို သူ ဘယ်လိုရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သိထားသဖြင့် ခန်းဟွားကို သူ ထပ်ပြီးအရှက်မခွဲချင်တော့ပေ။

ရုတ်တရက်ရောက်ချလာသော ကံကောင်းမှုကြောင့် ဝမ်ထောင်ခမျာ ပြောမပြတတ်အောင် ဝမ်းသာသွားသည်။ လစာတိုးပြီး ရာထူးတိုးခံရရုံသာမက သူ အမြဲအလုပ်လုပ်ချင်ခဲ့သည့် အဆောက်အအုံကြီးထဲတွင် အလုပ်လုပ်ခွင့် ရသွားလေပြီ။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"

ဝမ်ထောင်က မျက်ရည်များ ဝဲလျက် ကျေးဇူးတင်စကားပြောလိုက်သည်။

ဝမ်ထောင်က ယောကျ်ားတစ်ယောက်ဖြစ်သော်လည်း ယခုတစ်ကြိမ် မျက်ရည်ကျရသည်ကိုမူ မရှက်မိပေ။

ကျန်းမင်က ယဲ့ချန်းကို ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့ ကျွန်တော် မှားသွားပါတယ်"

သူကိုယ်တိုင် ပြဿနာထဲ ပါသွားမည်ကို မကြောက်ခဲ့လျှင် ဝမ်ထောင် ကားကို တားဆီးခဲ့သည့်ကိစ္စကို အထက်လူကြီးများထံ ကျန်းမင် သတင်းပို့ခဲ့မည်မဟုတ်ပေ။ သူ့လုပ်ရပ်များမှာ အနည်းငယ် အောက်တန်းကျကြောင်း သိသာလှသည်။

ယဲ့ချန်းက စကားမပြောဘဲ ပြုံးသာပြုံးနေပြီး အခြားဒါရိုက်တာအဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည်။

ယဲ့ချန်း၏နည်းလမ်းကို လူတိုင်း နားလည်သွားကြသည်။ သူသည် လုပ်ငန်းစုကြီး ကောင်းစွာတိုးတက်စေရန်အတွက် ငွေကြေးနှင့် အာဏာကို အရှုံးမပေးတတ်သူများကို လိုအပ်ကြောင်း လူတိုင်းအား သိစေချင်ရုံသာ။

ဆုပေးဒဏ်ပေးစနစ်ဖြင့် တိကျပြတ်သားသော ယဲ့ချန်းလို သူဌေးမျိုးနှင့် တွေ့ရသည်မှာ ဝမ်ထောင်အတွက် ကံကောင်းလှသည်။

ယဲ့ချန်းက ဝမ်ထောင်ကို ကြည့်ကာ ပြုံးပြလိုက်သည်။

"ကောင်လေး.. ကုမ္ပဏီက မင်းလိုလူမျိုးတွေကို လိုအပ်တယ်"

ဝမ်ထောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့။ ကျွန်တော် ကြိုးကြိုးစားစား အလုပ်လုပ်ပါ့မယ်။ ဥက္ကဋ္ဌ စိတ်ပျက်ရအောင် မလုပ်ပါဘူး"

အမျိုးသားဝန်ထမ်းက ဝမ်ထောင်အတွက် ရာထူးတိုးခြင်း လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ပြီး သူ့အလုပ်နေရာအသစ်ကိုလည်း အဆောက်အအုံထဲတွင် စီစဉ်ပေးခဲ့သည်။

ယခုဆိုလျှင် ကျန်းမင်ပင် သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေတော့မည်သာ။ ဤသည်မှာ အဆိုးထဲက အကောင်းဖြစ်လာခြင်းပင်။

"ရှောင်ထောင်... အခုကစပြီး မင်းကို အားကိုးရတော့မှာပဲ"

လုံခြုံရေးအဖွဲ့ထဲရှိ မုတ်ဆိတ်မွေးထူထူနှင့် အမျိုးသားတစ်ယောက်က ပြောလိုက်သည်။

"မင်း ကံကောင်းတယ်ကွာ။ လုပ်ငန်းစုထဲကလူတွေကို ပြဿနာရှာတာတောင် အလုပ်ထုတ်မခံရတဲ့အပြင် ရာထူးတိုးပြီး လစာပါတိုးသွားသေးတယ်"

လူတိုင်း၏ ချီးကျူးစကားများကို ကြားရသောအခါ ဝမ်ထောင် အလွန်ဝမ်းသာသွားသည်။ ဤသည်မှာ သူဌေးကောင်းတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသောကြောင့်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

ယဲ့ချန်းနှင့်သာ မတွေ့ခဲ့လျှင် သူ့ရလဒ်က ဤမျှကောင်းမွန်မည်မဟုတ်ပေ။

•••••••••••••••••••

All Chapters