← Chapters

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း ၇၉၀

Vol. 53 Ch. 790

အပိုင်း ၇၉၀ : အပြစ်ကင်းသော စကားများ

"အနာဂတ်မှာ ခင်ဗျားတို့အနေနဲ့ လုပ်ငန်းစုရဲ့ အကျိုးစီးပွားအတွက်နဲ့ လူတစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိတယ်ဆိုရင် ကျွန်တော် တာဝန်ယူဖြေရှင်းပေးပါ့မယ်။ စိုးရိမ်စရာမလိုပါဘူး"

ယဲ့ချန်းက လူတိုင်းကို အာမခံလိုက်သည်။

ယဲ့ချန်းသိထားသည်မှာ သူသန်မာမှ သူ့လက်အောက်ငယ်သားများအနေနှင့် ပိုမိုကြိုးစားလုပ်ကိုင်နိုင်ပြီး လုပ်ငန်းစုကြီးလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၏။

လူတိုင်းက အချိုပွဲများနှင့် နေ့လယ်ခင်းလက်ဖက်ရည်ကို သုံးဆောင်နေကြပြီး အလွန် သဟဇာတဖြစ်သော လေထုတစ်ခုကို ဖန်တီးနေကြသည်။

ယဲ့ချန်းက ကော်ဖီတစ်ငုံသောက်ပြီး ပြောလိုက်၏။

"အားလုံး စားလို့သောက်လို့ပြီးသွားရင် ဒီမှာပဲ ဆက်ဆွေးနွေးကြတာပေါ့"

အစည်းအဝေးခန်းက တရားဝင်ဆန်လွန်းသောကြောင့် ဖြစ်နိုင်သည်။ လူတိုင်းက အနည်းငယ်နေရခက်နေပြီး တော်တော်များများက သူတို့၏ အတွေးအမြင်များကို ထုတ်ဖော်မပြောကြပေ။

ပိုသက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုကို ပြောင်းလဲလိုက်ပါက ရလဒ်များက ပိုကောင်းလာနိုင်သည်။

နေ့လယ်ခင်းလက်ဖက်ရည် သောက်ပြီးနောက် ယဲ့ချန်း၏ ဦးဆောင်မှုအောက်တွင် ဆွေးနွေးမှုကို ပြန်လည်စတင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ရလဒ်များက ယခင်ကထက် များစွာကောင်းမွန်လာပြီး အဆိုပြုချက်တစ်ခုပင် ထွက်ပေါ်လာသည်။

"အားလုံးပဲ အလုပ်လုပ်တာ တော်ပါတယ်။ ခင်ဗျားတို့အားလုံးမှာ အကြံဉာဏ်ကောင်းတွေ ရှိကြတယ်။ ခင်ဗျားတို့နဲ့ဆိုရင် လုပ်ငန်းစုကြီးက သေချာပေါက် ပိုတိုးတက်လာမှာပါ"

ထို့နောက် သူက ဘေးတွင်ထိုင်နေသော စုန့်ယန်ကို ကြည့်လိုက်သည်။

"လောင်စုန့်.. ကျေးဇူးပြုပြီး အစည်းအဝေးမှတ်တမ်းတွေကို သေချာစုစည်းပြီး ဥက္ကဋ္ဌကျန်းဆီ အစီရင်ခံပေးပါ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

စုန့်ယန်က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် လုပ်စရာလေးတွေရှိသေးလို့ သွားလိုက်ပါဦးမယ်။ အားလုံး ပင်ပန်းသွားကြပါပြီ"

ယဲ့ချန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

ယဲ့ချန်းက ထွက်သွားရန် မတ်တတ်ထရပ်လိုက်လေရာ လူတိုင်းက အားကျလေးစားမှုများဖြင့် ကြည့်နေကြသည်။

တစ်ချိန်က သူတို့သည် တစ်ခါမှမမြင်ဖူးသော ဤဥက္ကဋ္ဌယဲ့အကြောင်း အတင်းအဖျင်းများ ပြောခဲ့ဖူးကြသည်။ သူသည် မိဘများကို အားကိုးနေသည့် အလိုလိုက်ခံထားရသော သူဌေးသားတစ်ယောက်သာဖြစ်မည်ဟုထင်ကာ လူတော်တော်များများက သူ့အပေါ် ယုံကြည်မှုမရှိခဲ့ကြပေ။

ယနေ့တွေ့ဆုံမှုက ယဲ့ချန်းအပေါ်ထားသော သူတို့၏အမြင်ကို လုံးဝပြောင်းလဲသွားစေသည်။

ခန်းကျန့်၏ တိုင်တောမှုနှင့် ဝမ်ထောင်၏ ရာထူးတိုးကိစ္စများက ယဲ့ချန်း၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသနေသည်။

ယဲ့ချန်းက ငယ်ရွယ်သော်လည်း အတိုင်းအတာတစ်ခုအထိ တည်ငြိမ်ပြီး သူ့လုပ်ရပ်များတွင် အကန့်အသတ်ရှိသည်။

သူလို ခေါင်းဆောင်မျိုးနှင့်သာဆိုလျှင် လုပ်ငန်းစုကြီးက သေချာပေါက် ပိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဝန်ထမ်းများကလည်း လုပ်ငန်းစုအတွက် အကျိုးအမြတ်များ ပိုရရှိလာစေရန် စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်နိုင်မည်သာ။

ယဲ့ချန်း ဧည့်နားနေခန်းဆီသို့ သွားလိုက်လေရာ လျူထျန်းတစ်ယောက် ကြောင်တောင်တောင်ဖြင့် ထိုင်နေသည်ကို မြင်လိုက်ရသည်။

"မိန်ကလေးလျူ... ဘာဖြစ်လို့လဲ"

ယဲ့ချန်းက ပြုံးလျက် မေးလိုက်သည်။

ယဲ့ချန်း ခေါ်ဝေါ်ပုံပြောင်းသွားသည်ကို ကြားသောအခါ လျူထျန်းက ပြန်မဖြေဘဲ မပျော်မရွှင်ဖြင့် မေးလိုက်သည်။

"ဘာလို့ ကျွန်မကို ထျန်းထျန်းလို့ မခေါ်တော့တာလဲ"

ယဲ့ချန်းမှာ ခေါင်းတကုတ်ကုတ်လုပ်ကာ ပြောလိုက်၏။

"စောစောက ကျွန်တော်တို့ ဟန်ဆောင်နေတာ မဟုတ်ဘူးလား။ အခု ခင်ဗျား စိတ်အေးလို့ရပါပြီ။ ခန်းကျန့် ခင်ဗျားကို ထပ်နှောင့်ယှက်တော့မှာမဟုတ်ဘူး"

ယဲ့ချန်း၏စကားကြောင့် လျူထျန်းခမျာ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားလေသည်။ သူ(မ)က မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် အနည်းငယ် အိန္ဒြေဆည်ရပေဦးမည်။

"ကျေးဇူးပါပဲ။ ရှင့်ကို ထမင်းတစ်နပ်လောက် ကျွေးပါရစေ"

လျူထျန်းက ပြုံးလျက် ပြောလေသည်။

ယဲ့ချန်းကမူ ဘာမှမစဉ်းစားဘဲ ခွန်းတုံ့ပြန်လိုက်၏။

"မလိုပါဘူး။ ကျွန်တော် လုပ်စရာရှိသေးလို့ပါ"

ယဲ့ချန်းက ဤမျှပြတ်ပြတ်သားသား ငြင်းဆိုလိမ့်မည်ဟု လျူထျန်း မမျှော်လင့်ထားပေ။ လူချမ်းသာအများကြီးက သူ(မ)ကို ညစာလိုက်ကျွေးချင်နေကြပြီး အရာအားလုံးကလည်း သူ(မ)သဘောအတိုင်းသာ။

ယခုမူ သူ(မ)က ယဲ့ချန်းကို တက်တက်ကြွကြွ ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းပယ်ခံလိုက်ရသည်။

တခြားသူများကို အမြဲငြင်းပယ်လေ့ရှိသော လျူထျန်းခမျာ ယခုမူ ပထမဆုံးအကြိမ်အဖြစ် ငြင်းပယ်ခံလိုက်ရသည်။

"ကောင်းပြီလေ။ ရှင် အားတဲ့အချိန်ကျမှ ကျွန်မ ထပ်ဖိတ်တော့မယ်"

လျူထျန်းက မျက်နှာပေါ်တွင် အပြုံးကို ဆက်လက်ထိန်းထားပြီး ပြောလိုက်သည်။

ယဲ့ချန်းလို လူမျိုးကို ပိုလိုက်လေလေ ပိုဝေးသွားလေလေဖြစ်ကြောင်း သူ(မ) သိသည်။

ထို့နောက် လျူထျန်းက ပြောလိုက်၏။

"ကျွန်မ ရှင့်ကို တစ်ခုလောက်မေးလို့ရမလား"

"မေးလေ"

ယဲ့ချန်းက ခပ်ပြတ်ပြတ်ပြောလိုက်သည်။

"ရှင်က ဘယ်သူလဲ"

လျူထျန်းက သူ(မ)၏ သံသယကို ထုတ်မေးလိုက်သည်။

ယဲ့ချန်းက ပခုံးတွန့်ကာ ပြောလိုက်လေသည်။

"ကျွန်တော်က သာမန်ပါဆယ်ပို့သမားတစ်ယောက်ပါ"

"ရှင်က အမှန်အတိုင်းမပြောဘူးနော်"

စောစောက ခန်းကျန့်၏အဖေက ယဲ့ချန်းအပေါ် မယုံနိုင်လောက်အောင် ရိုသေပြနေခဲ့လေရာ ယဲ့ချန်းက သူ့ထက်ပိုမြင့်သော ရာထူးတစ်ခုရှိကြောင်း ပြသနေပေသည်။

လျူထျန်း မယုံကြည်သည်ကို မြင်သောအခါ ယဲ့ချန်းက ကူကယ်ရာမဲ့လေဟန်ဖြင့် ပြောလိုက်၏။

"ကောင်းပြီလေ... အဲဒီလိုဆိုရင် မင်း ဘယ်တော့မှလက်လှမ်းမီမှာမဟုတ်တဲ့ ယောက်ျားတစ်ယောက်လို့ပဲ ပြောလိုက်တော့မယ်"

လျူထျန်းက သူ့စကားများကို တကယ်ဒေါသထွက်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ အခြားတစ်ယောက်သာဖြစ်ခဲ့လျှင် သူ(မ) ပြန်ချေပမည်ဖြစ်သော်လည်း သူ(မ) သဘောကျရသူဖြစ်နေသဖြင့် ခဏမျှဆွံ့အသွားသည်။

လေထုက အနည်းငယ်တင်းမာလာပြီး ဧည့်နားနေခန်းထဲတွင် တိတ်ဆိတ်သွားသည်။

"ကဲပါ... ကျွန်တော်က စနေတာပါ။ ကျွန်တော် ပါဆယ်ပို့ဖို့ကျန်သေးလို့ သွားတော့မယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

သူတို့နှစ်ယောက်သား မယ်ရီးယော့ရုံးချုပ်ထဲမှ ရှေ့နောက်ထွက်လာခဲ့ကြသည်။ ဝမ်ထောင်က ယဲ့ချန်းကို မြင်သောအခါ စံသတ်မှတ်ချက်အတိုင်း အလေးပြုလိုက်သည်။

ယဲ့ချန်းကမူ ကူလီနန်ကားကို စက်နှိုးပြီး လျူထျန်းက ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ လေးနာရီကျော်ရုံလေးသာ ရှိသေးသည်။

"မင်းကို အရင်အိမ်ပြန်ပို့ပေးမယ်"

ယဲ့ချန်းက လျူထျန်းကို ပြောလိုက်သည်။

"ရှင်ကရော"

လျူထျန်းက မေးသည်။

"ပါဆယ်သွားယူဖို့ ပါဆယ်ပို့တဲ့နေရာကို သွားရမှာပေါ့"

ယဲ့ချန်းက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြန်ဖြေချေသည်။

လျူထျန်းက အနည်းငယ်စပ်စုလွန်းသည်ဟု သူ ခံစားလိုက်ရသည်။ သူ(မ)က သူ့ချစ်သူလည်း မဟုတ်ပေ။

"ကျွန်မ အိမ်မပြန်ချင်သေးဘူး။ ပြန်ရင် အမေက မေးခွန်းတွေမေးနေဦးမှာ"

ထို့နောက် သူ(မ)က တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။

"ယဲ့ချန်း... ပါဆယ်သွားပို့ရင် ကျွန်မကိုပါ ခေါ်သွားပေးလို့ရမလား"

ယဲ့ချန်းက တွေးကြည့်ပြီးနောက် မိန်းမချောလေးတစ်ယောက်နှင့်အတူ ပါဆယ်ပို့ရခြင်းမှာ စိတ်ဝင်စားဖို့ကောင်းနိုင်သည်ဟု တွေးကာ သဘောတူလိုက်သည်။

ပါဆယ်ပို့သည့်နေရာသို့ ရောက်သောအခါ ယဲ့ချန်းက လျူထျန်းကို ကားပေါ်က ဆင်းခွင့်မပေးဘဲ သူပို့ရမည့် ပါဆယ်ထုပ်များကိုယူကာ ကားပေါ်သို့ ပြန်တက်လာခဲ့သည်။

လျူထျန်းကိုခေါ်၍ ပန်းခြံတစ်ခု၏ အဝင်ဝသို့ မောင်းလာပြီးနောက် ယဲ့ချန်း ကားရပ်ကာ ပြုံးလိုက်၏။

"မိန်းကလေးလျူ... ကားထဲမှာ စောင့်နေပေးပါ။ ပါဆယ်ပို့ပြီးတာနဲ့ ကျွန်တော် အမြန်ပြန်လာခဲ့မယ်"

အစကမူ လျူထျန်းက ယဲ့ချန်းနှင့် လိုက်သွားချင်သော်လည်း အငြင်းခံလိုက်ရသည်။

ယဲ့ချန်းမှာ ပန်းခြံထဲသို့ ဝင်သွားပြီး ပါဆယ်ထုပ်ပေါ်ရှိ ဆက်သွယ်ရန်ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

ဖုန်းဝင်သွားသည်နှင့် ယဲ့ချန်းက ယဉ်ကျေးစွာ ဆိုလိုက်သည်။

"မင်းသမီးရွှေ့ပင်းယွဲ့ ခင်ဗျားဘယ်မှာလဲဗျ။ ကျွန်တော် ပါဆယ်လာပို့တာပါ"

ထိုမိန်းကလေးက ရယ်မောကာ ပြောလိုက်၏။

"ပန်းခြံထဲက ကစားကွင်းရှိတဲ့နေရာကို လျှောက်လာခဲ့။ ပြီးရင် 'မင်းသမီးဆေလာမွန်း မင်းသမီးလေးရဲ့မင်းသား ရောက်လာပါပြီ' လို့ သုံးခါအော်လိုက်။ အဲဒီအခါကျရင် ကျွန်မ အလိုလိုပေါ်လာလိမ့်မယ်"

ယဲ့ချန်းက စကားဆက်ပြောချင်သေးသော်လည်း ဖုန်းချသွားခဲ့လေပြီ။ အကြိမ်ကြိမ်ပြန်ခေါ်သော်လည်း မည်သူမှ မကိုင်တော့ပေ။

"ဟူး... ဒီခေတ်ကြီးထဲမှာ ထူးထူးဆန်းဆန်း ဖောက်သည်တွေ ပိုပိုများလာတာပဲ"

ယဲ့ချန်းခမျာ တစ်ကိုယ်တည်း ညည်းတွားလိုက်သော်လည်း မှတ်ချက်ကောင်းတစ်ခုရရှိရန်အတွက် အစွမ်းကုန်ကြိုးစားဖို့ ဆန္ဒရှိပေသည်။

ယဲ့ချန်းလည်း ထိုမိန်းကလေး ပြောပြသည့်နေရာသို့ လျှောက်သွားလေရာ ခဏအကြာမှာပင် လူအပြည့်ရှိနေသော ကစားကွင်းတစ်ခုသို့ ရောက်သွားသည်။

သူ့ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ ယဲ့ချန်း အနည်းငယ်စိုးရိမ်သွားသည်။ အကယ်၍ သူသာ အော်ပြောလိုက်ပါက သတင်းခေါင်းစဉ်ထဲတွင် ပါသွားနိုင်သည်။

ထိုမိန်းကလေးက တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ပြီး ယဲ့ချန်း မလှုပ်မယှက်ရပ်နေသည်ကို မြင်သောအခါ ရယ်လျက် ပြောလိုက်၏။

"ချစ်ရတဲ့ပရိသတ်ကြီးရေ... ဒီနေ့ ရောက်လာတဲ့ ပါဆယ်ပို့သမားအချောလေးကို တစ်ချက်လောက် ကြည့်လိုက်ပါဦး"

မှတ်ချက်ပေးသည့်နေရာတွင် ချက်ချင်းဆိုသလို ဆွေးနွေးသံများဖြင့် ပွက်လောရိုက်သွားသည်။

"ဝိုး.. ဒါ ငါမြင်ဖူးသမျှထဲမှာ အချောဆုံး ပါဆယ်ပို့သမားပဲ"

"ဒါ ရုပ်ရှင်လာရိုက်တဲ့ မင်းသားတစ်ယောက်များလား"

"ငါတော့ တကယ်ကြွေသွားပြီ။ ဒီလူ့ကိုမြင်ရုံနဲ့ ငါ့ရင်တွေ ထိန်းမရအောင် ခုန်နေပြီ။ ငါ သူ့ကို ချစ်မိသွားပြီထင်တယ်"

ထိုနေရာတွင် ရပ်ရင်း ယဲ့ချန်းလည်း နောက်ဆုံးတွင် သတ္တိမွေးကာ မျက်လုံးမှိတ်လျက် အော်လိုက်လေ၏။

"မင်းသမီးဆေလာမွန်း... မင်းသမီးလေးရဲ့ မင်းသား ရောက်လာပါပြီ"

"မင်းသမီးဆေလာမွန်း... မင်းသမီးလေးရဲ့ မင်းသားက ရောက်လာပါပြီ"

"မင်းသမီးဆေလာမွန်း မင်းသမီးလေးရဲ့မင်းသား ရောက်လာပါပြီ"

သူက သုံးခါဆက်တိုက်အော်လိုက်လေရာ ဘေးနားရှိ လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားတော့သည်။

ဒန်းပေါ်ရှိ ကလေးမလေးတစ်ယောက်က ခေါင်းစောင်းကာ သူ(မ)ဘေးနားရှိ အမျိုးသားကို မေးလိုက်လေတော့သည်။

"ဖေဖေ.. အဲဒီလူက ဘာလုပ်နေတာလဲဟင်"

ကလေးမလေး၏ အ​ဖေကလည်း ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။

"သူ့ရည်းစားကို အော်ခေါ်နေတာဖြစ်မှာပေါ့"

ကလေးမလေးက နားလည်သွားဟန်ဖြင့် ပြောလိုက်လေသည်။

"ဖေဖေရော မေမေ့ကို အဲဒီလိုအော်ခေါ်လိုက်လို့ သမီးထွက်လာတာလားဟင်"

ကလေးမလေး၏အဖေ : "..."

သူ့ကလေး၏မေးခွန်းကို ဘယ်လိုဖြေရမှန်း သူ တကယ်မသိသဖြင့် တိတ်တိတ်လေးသာ နေလိုက်တော့သည်။

•••••••••••••••••••••

All Chapters