အခန်း ၇၉၁
Vol. 53 Ch. 791
အပိုင်း ၇၉၁ : ငွေရှာရန်
ယဲ့ချန်းမှာ သူတို့ ဘာတွေပြောနေမှန်း မသိရှာပေ။
ထိုအချိန်တွင် ကာတွန်းဝတ်စုံဝတ်ဆင်ထားသော မိန်းမချောလေးတစ်ယောက် ထွက်လာသည်။
ထိုမိန်းကလေးမှာ အလွန်တရာလှပပြီး လက်ထဲတွင်လည်း ဆယ်လ်ဖီတုတ်တံတစ်ခုကို ကိုင်ထားသည်။
"အချစ်တို့ရေ.. မင်းသမီးရွှေ့ပင်းယွဲ့ ဒီနေ့ လူချောလေးတစ်ယောက်နဲ့ တွေ့နေရတယ်။ ပါဆယ်ပို့တဲ့လူက ဒီလောက်ချောလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
ထိုသို့ပြောရင်း မင်းသမီးရွှေ့ပင်းယွဲ့က ယဲ့ချန်းဆီသို့ လျှောက်လာခဲ့သည်။
"ငါတော့ ကြွေပြီ။ ငါတော့ ကြွေသွားပြီ။ ဒီလူက အရမ်းချောလွန်းတယ်"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူအများအပြားက စနောက်လာကြသည်။
"ဒီလောက်ချောတဲ့လူကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူးနော်"
"တိုက်ရိုက်ထုတ်လွှင့်သူရေ... ဒီလူချောလေးကို အပိုင်သိမ်းရမယ်နော်"
"တိုက်ရိုက်ထုတ်လွှင့်သူရေ မြန်မြန်လုပ်။ ဒီလူက အရသာရှိမှာသေချာတယ်"
ယဲ့ချန်းက တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆွံ့အသွားသည်။
သေစမ်း... ဒါက ဘယ်လို တိုက်ရိုက်ထုတ်လွှင့်မှုမျိုးလဲ။ ဒီလူတွေက တော်တော်ညစ်ညမ်းတာပဲ။
မင်းသမီးရွှေ့ပင်းယွဲ့က ယဲ့ချန်းကို ပြုံးလျက် ကြည့်လိုက်သည်။
"အချောလေး... အဆင်သင့်ဖြစ်ပြီလား"
ယဲ့ချန်းမှာ ဆွံ့အသွားသည်။
"ဘာအတွက် အဆင်သင့်ဖြစ်ရမှာလဲ။ ခင်ဗျား ကျွန်တော့်ကိုစားဖို့လား။ တကယ်လို့ ခင်ဗျား စားမယ်ဆိုရင်တော့ ကျွန်တော်တို့ နေရာပြောင်းသင့်တယ်။ ဟိုတယ်လို နေရာမျိုးပေါ့"
ရွှေ့ပင်းယွဲ့၏ မျက်နှာလေးကား နီရဲသွားသည်။
"ရှင်က တော်တော်ဆိုးတာပဲ။ ကျွန်မက ကျွန်မအတွက် ဆယ်လ်ဖီတုတ်တံလေး ကိုင်ထားပေးဖို့ ပြောချင်တာပါ"
ယဲ့ချန်းလည်း နေရခက်စွာ ခေါင်းညိတ်လိုက်ပြီး ဆယ်လ်ဖီတုတ်တံကို ယူလိုက်သည်။
"အချောလေး... ကျွန်မက ပရိသတ်တွေအတွက် ရတနာသေတ္တာတွေဖွင့်တာကို တိုက်ရိုက်လွှင့်တော့မလို့။ ကျွန်မနဲ့ ပူးပေါင်းပေးနိုင်မလား"
ယဲ့ချန်းမှာ ဆွံ့အသွားလေသည်။
"ခင်ဗျားနဲ့ ဘယ်လိုပူးပေါင်းပေးရမှာလဲ"
ရွှေ့ပင်းယွဲ့လည်း ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ကျွန်မ သေတ္တာဖွင့်တဲ့အချိန်ကျရင် 'ဘီဘီဒီ-ဘိုဘီဒီ-ဘူး'လို့ ပြောပေးနော်"
ယဲ့ချန်း : "..."
ဤသည်မှာ အလွန်ကလေးဆန်လွန်းလှသည်။
"ကျေးဇူးပြုပြီး လုပ်ပေးပါနော်။ ကျေးဇူးတင်ပါတယ် အစ်ကို"
မင်းသမီးရွှေ့ပင်းယွဲ့က တောင်းပန်တိုးလျှိုးလေဟန်အမူအရာလေး လုပ်ပြသည်။
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။
မှတ်ချက်ကောင်းတစ်ခု ရရန်အတွက် ယဲ့ချန်းမှာ မင်းသမီးရွှေ့ပင်းယွဲ့၏ တောင်းဆိုမှုကို လိုက်လျောရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
ရွှေ့ပင်းယွဲ့က ဘူးတစ်ဘူးကို ဖွင့်လိုက်လေရာ အထဲတွင် အချိုရည်မျိုးစုံနှင့် ပြည့်နေကြောင်း တွေ့လိုက်ရသည်။
မက်မွန်သီးအရသာ၊ ဘလူးဘယ်ရီအရသာနှင့် ပန်းသီးအရသာ စသည့် အချိုရည်အမျိုးအစားများစွာပါဝင်ပြီး အကုန်လုံးကို အလွန်ချစ်စရာကောင်းအောင် ထုပ်ပိုးထားသည်။
နောက်ဆုံးတွင် ရွှေ့ပင်းယွဲ့က အစပ်အရသာပါသော ပုလင်းတစ်ပုလင်းကို ကောက်ကိုင်လိုက်သည်။
"ဒီအရသာက အရမ်းပြင်းတယ်လို့ ကြားဖူးတယ်။ ရွှေ့ပင်းယွဲ့ ဒါကို ဘယ်လိုသောက်မလဲ။ လောင်းကြေးထပ်မလား"
ဝိုး... အစပ်အရသာ အချိုရည်တဲ့။ သောက်ပြီးသွားရင် ဘာတွေဖြစ်လာမလဲ။
ရွှေ့ပင်းယွဲ့သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများထံမှ လက်ဆောင်များရရှိရန် အစွမ်းကုန် ကြိုးစားနေသည်။
ယဲ့ချန်းမှာမူ စူးရှသောအနံ့ကို ရလိုက်သဖြင့် နှာခေါင်းကို အမြန်ပိတ်ထားလိုက်သည်။
ထိုအချိန်တွင် ရွှေ့ပင်းယွဲ့က အစပ်ဖျော်ရည်သောက်သည့် စိန်ခေါ်မှုကို စတင်နေပြီဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ လူများမှာ ဖန်သားပြင်ကတစ်ဆင့် အစပ်နံ့ကို ရနေသည့်အလား အံ့ဩမှင်တက်သွားကြသည်။
"အားတင်းထား ရွှေ့ပင်းယွဲ့... ဒီအစပ်ဖျော်ရည်ကို ကုန်အောင်သောက်လိုက်။ ငါ မင်းကို ရတနာမြေပုံတစ်ခု ပို့ပေးမယ်"
ရွှေ့ပင်းယွဲ့လည်း အံတင်းတင်းကြိတ်ကာ စသောက်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ရတနာမြေပုံများ တဖွဲဖွဲ ကျဆင်းလာသည်။
"ဆက်လုပ်ထား ရွှေ့ပင်းယွဲ့.. မင်းက အတော်ဆုံးပဲ"
"ဆုချပေးတဲ့အတွက် အစ်ကိုဖေးထျန်းကို ကျေးဇူးတင်ပါတယ်"
"ဆုချပေးတဲ့ လယုန်လေးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးကို ချစ်တယ်နော်"
ယဲ့ချန်းမှာ ဆွံ့အသွားပြီး ဤလူတစ်သိုက်က လွန်လွန်းတယ်ဟု တွေးလိုက်မိသည်။
တိုက်ရိုက်ထုတ်လွှင့်သူကို အစပ်ဖျော်ရည် သောက်ခိုင်းနေကြသတဲ့။
သို့သော် ယဲ့ချန်း ရွှေ့ပင်းယွဲ့အတွက် စိုးရိမ်မိသည်။
ဤမိန်းကလေးက အစပ်ဖျော်ရည်ကို အများကြီးသောက်ထားပြီးချေပြီ။
ဤဖျော်ရည်က အရှေ့တောင်အာရှရှိ ငရုတ်သီးများနှင့် လုပ်ထားခြင်းဖြစ်ပြီး မယုံနိုင်လောက်အောင် စပ်လှသည်။
ရွှေ့ပင်းယွဲ့က နောက်တစ်ငုံ ထပ်သောက်လိုက်ပြီး မိတ်ဆက်ပေးနေပြန်သည်။
ထိုသို့ပြောရင်း ရွှေ့ပင်းယွဲ့က ယဲ့ချန်းကို တမင်တကာ လှမ်းကြည့်လိုက်သည်။
ယဲ့ချန်းတွင် ရွေးချယ်စရာမရှိသဖြင့် တုတ်တံလေးကိုကိုင်ကာ စက်ဝိုင်းပုံသဏ္ဍာန် ယမ်းလိုက်လေသည်။
"ဘီဘီဒီ-ဘိုဘီဒီ-ဘူး"
ရွှေ့ပင်းယွဲ့က ပြုံးလျက် ဆက်ပြောပြန်သည်။
"ကျွန်မ ဆက်သောက်ဦးမယ်"
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် နောက်ထပ်ရတနာမြေပုံအနည်းငယ် ထပ်မံပေါက်ကွဲထွက်ပေါ်လာသည်။
ယဲ့ချန်းက ရွှေ့ပင်းယွဲ့နှင့် အစပ်ဖျော်ရည်ကို တိတ်တဆိတ် ကြည့်နေချေသည်။
လူအများအပြားလည်း ဝိုင်းအုံကြည့်ရှုနေကြသည်။
ရွှေ့ပင်းယွဲ့က ပုလင်းတစ်လုံးလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
သောက်ပြီးနောက် ရွှေ့ပင်းယွဲ့၏ မျက်နှာလှလှလေးမှာ နီရဲသွားပြီး အောင်ပွဲခံသည့် အမူအရာလေး လုပ်ပြလိုက်သည်။
"စိန်ခေါ်မှု အောင်မြင်သွားပါပြီ"
"ရွှေ့ပင်းယွဲ့... မင်းက အရမ်းမိုက်တာပဲ"
"ရွှေ့ပင်းယွဲ့ ငါတို့ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ"
"ဟားဟား... ပါဆယ်ပို့သမားရဲ့ မျက်နှာအမူအရာကို ကြည့်ပါဦး။ တော်တော်ရယ်ရတယ်"
"သူ ကြောင်အသွားတယ်ထင်တယ်။ ဟုတ်တယ်မလား"
အစပ်ဖျော်ရည်တစ်ပုလင်းလုံးကို သောက်လိုက်ရသဖြင့် သေချာပေါက် နေရခက်မည်ဖြစ်ကြောင်း ယဲ့ချန်းသိသည်။
သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဒီလိုတိုက်ရိုက်လွှင့်တာက ပိုက်ဆံအများကြီး ရလို့လား"
ရွှေ့ပင်းယွဲ့က ပြုံးလိုက်သည်။
"အဆင်ပြေပါတယ်"
"ဒါပေမဲ့ ဒီလိုလုပ်တာက ကျန်းမာရေးအတွက် တမကောင်းဘူးလေ"
"ပိုက်ဆံအတွက်နဲ့ အစွမ်းကုန်ကြိုးစားနေရတာပေါ့"
ပိုက်ဆံအတွက်နှင့် အစပ်ဖျော်ရည်ကို သောက်ရခြင်းမှာမူ လွန်လွန်းလှသည်ဟုတွေးကာ ယဲ့ချန်း ကြက်သေသေသွားသည်။
"တကယ်တော့ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီလိုပုံစံမျိုးနဲ့ လုပ်စရာမလိုပါဘူး"
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူအများအပြားမှာ သဘောမကျကြပေ။
"ပါဆယ်ပို့သမားက စကားကြီးစကားကျယ်တွေ ပြောနေတာပဲ။ နားထောင်လို့တော့ ကောင်းပါတယ်။ မင်းကရော တစ်လကို ဘယ်လောက်ရလို့လဲ"
"အေးလေ။ ပါဆယ်ပို့သမားက ငါတို့ရဲ့ ရွှေ့ပင်းယွဲ့ကို ဆရာလုပ်နေတာ တော်တော်ရယ်ရတယ်"
"ခုနက ယွဲ့ယွဲ့ရလိုက်တဲ့ ရတနာမြေပုံတွေက သူ့အတွက်ဆိုရင် တစ်လစာလောက် ရှိမှာပဲ"
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ယဲ့ချန်းကို လှောင်ပြောင်နေသူများဖြင့် ပြည့်နှက်သွားသည်။
ရွှေ့ပင်းယွဲ့လည်း အနည်းငယ် မျက်နှာပူသွားသည်။
သူ(မ)က ယဲ့ချန်းကို ကူညီခိုင်းထားခါစရှိသေးသော်လည်း သူ(မ)၏ ပရိသတ်များက သူ့ကို လှောင်ပြောင်နေကြသည်။
"တောင်းပန်ပါတယ်... ကျွန်မ အခု ပိုက်ဆံတကယ်လိုနေလို့ လုပ်နေရတာပါ။ သူတို့က ရှင့်ကိုရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး"
"ရပါတယ်။ ဒီလိုလူမျိုးတွေကို ကျွန်တော်က ဘာလို့ ဂရုစိုက်နေရမှာလဲ။ အရေးလုပ်ဖို့မတန်ပါဘူး"
မိန်းကလေး၏စကားကို ကြားရသောအခါ ယဲ့ချန်း၏စိတ်ထဲ ကျေနပ်သွားသည်။
ဒီမိန်းကလေးက မဆိုးဘူးပဲ.. အနည်းဆုံးတော့ တော်တော်ရိုးသားပွင့်လင်းတယ်။
ယဲ့ချန်း စကားပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ သူဌေးတစ်ယောက်က မအောင့်အည်းနိုင်တော့ပေ။
"သေစမ်း... ပါဆယ်ပို့သမားက ဘာတွေကြွားလုံးထုတ်နေတာလဲ။ ငါတို့က မတန်ဘူးဆိုတော့ မင်းက တန်လို့လား"
"ဟားဟား... မင်းက ဘာအဆင့်မို့လို့လဲ"
"အဆင့်သုညပဲ နေမှာပေါ့"
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ လူများက ယဲ့ချန်းကို ထပ်မံလှောင်ပြောင်လာကြပြန်သည်။
ယဲ့ချန်းကမူ သူတို့ကို ဂရုမစိုက်ဘဲ ရွှေ့ပင်းယွဲ့ကို ပြောလိုက်လေသည်။
"မင်း တကယ်ပိုက်ဆံလိုနေတာလား"
ရွှေ့ပင်းယွဲ့က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ ကျွန်မ အခု ပိုက်ဆံလိုနေတာ"
"အိုး"
"အစပ်ဖျော်ရည်သောက်တဲ့ စိန်ခေါ်မှုတွေအပြင် တခြားတိုက်ရိုက်ထုတ်လွှင့်နိုင်တဲ့ အရည်အချင်းတွေရှိလား"
ရွှေ့ပင်းယွဲ့က ပြောလိုက်လေသည်။
"တခြားလုပ်တတ်တာတွေ အများကြီးရှိပါတယ်။ အဆိုရယ် အကရယ်... ဒါပေမဲ့ သာမန်လောက်ပါပဲ။ ပြီးတော့ အဝတ်လျှော်ပြီး ထမင်းလည်း ချက်တတ်ပါတယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"အဲဒါဆို လုံလောက်ပါပြီ"
ယဲ့ချန်းက ပြောလိုက်လေတော့သည်။
"ကျွန်တော်နဲ့ လိုက်ခဲ့"
မင်းသမီးရွှေ့ပင်းယွဲ့ခမျာ ခဏမျှ ကြောင်အသွားသော်လည်း ယဲ့ချန်းနောက်သို့ လိုက်သွားခဲ့သည်။
လူတိုင်းလည်း ဆွံ့အသွားသည်။
"ရွှေ့ပင်းယွဲ့... အဲဒီပါဆယ်ပို့သမားနောက်ကို ဘာလို့လိုက်သွားရတာလဲ"
"မင်း သူ့ကို တကယ်ယုံနေတာတော့ မဟုတ်ပါဘူးနော်။ ကိုယ့်ဝမ်းတောင်မဝတဲ့ ပါဆယ်ပို့သမားက မင်းကို ပိုက်ဆံရှာပေးမယ်တဲ့လား။ တကယ့် ဟာသပဲ"
မင်းသမီးရွှေ့ပင်းယွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ စကားများကို ကြားသောအခါ အနည်းငယ်တွေဝေသွားသည်။
သူ(မ)အနေနှင့် ပိုက်ဆံရှာရန် အချ်န်တစ်မိနစ်တိုင်းကို အရယူရမည်ဖြစ်ရာ ယဲ့ချန်းနောက်သို့ လိုက်သွားခြင်းမှာ အချိန်ဖြုန်းရာများ ကျနေမလား။
ထိုအချိန်တွင် ယဲ့ချန်းက ကားနားသို့ လျှောက်သွားပြီး ရွှေ့ပင်းယွဲ့ကို ပြောလိုက်လေသည်။
"လာ ကားပေါ်တက်"
"ဟင်"
မင်းသမီးရွှေ့ပင်းယွဲ့ လုံးဝအံ့အားသင့်သွားသည်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"ဒါက ရှင့်ကားလား"
မင်းသမီးရွှေ့ပင်းယွဲ့မှာ အံ့ဩလွန်း၍ ကြောင်အမ်းသွားသည်။
"ဒါပေါ့။ မဟုတ်ရင် ကျွန်တော်က ပါဆယ်တွေကို ဘယ်လိုပို့ရမှာလဲ။ ခြေလျင်လျှောက်ပြီးမှ ပို့လို့မရတာ"
မင်းသမီးရွှေ့ပင်းယွဲ့ခမျာ ဇဝေဇဝါဖြစ်သွားသည်။
"မဟုတ်ဘူးလေ။ ကျွန်မ ပြောချင်တာက ရှင် ပါဆယ်ပို့ဖို့အတွက် သုံးဘီးဆိုင်ကယ်ကို မောင်းရမှာ မဟုတ်ဘူးလားလို့ပါ"
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် ပရိသတ်များလည်း သူတို့၏ စကားများကြောင့် မှင်တက်သွားကြသည်။
"ယွဲ့ယွဲ့... ဒီလူက ဘယ်လိုကားအမျိုးအစားကို မောင်းတာမို့လို့လဲ"
"လျှပ်စစ်ကားတစ်စီးများလား။ ဘာလို့ အဲဒီလောက် အလန့်တကြားဖြစ်နေရတာလဲ"
"တစ်ပတ်ရစ်ကားများလား"
မင်းသမီးရွှေ့ပင်းယွဲ့က စကားတစ်ခွန်းမှ မပြောဘဲ ကင်မရာကို ယဲ့ချန်းရှိရာဘက်သို့ ချိန်လိုက်သည်။
ချက်ချင်းဆိုသလိုပင် တက်ကြွဆူညံနေသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ လုံးဝတိတ်ဆိတ်သွားတော့သည်။
••••••••••••••••••••••