အခန်း ၇၉၂
Vol. 53 Ch. 792
အပိုင်း ၇၉၂: သဝန်တိုခြင်း
ယဲ့ချန်း၏ကားကို မြင်လိုက်ရသောအခါ အစောပိုင်းက ဆူညံပွက်လောရိုက်နေခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်ခန်းလေးမှာ တိတ်ဆိတ်သွားတော့သည်။
ယဲ့ချန်း၏အသံကို ကြားလိုက်ရသဖြင့် လျူထျန်းလည်း ကားတံခါးကိုဖွင့်လိုက်လေရာ ယဲ့ချန်းဘေးတွင် ရပ်နေသည့် ကာတွန်းဝတ်စုံနှင့်ကောင်မလေးကို တွေ့လိုက်ရသောကြောင့် သူ(မ)၏မျက်လုံးထဲတွင် မလိုမုန်းထားမှုများ ပြည့်နှက်သွားသည်။
"ဪ.. ပါဆယ်ပို့ရင်းနဲ့ အချောအလှလေးပါ ရလာတာပဲ။ မဆိုးပါဘူး"
လျူထျန်းက သဝန်တိုသည့် လေသံလေးဖြင့် ပြောလိုက်သည်။
ကောင်မလေးမှာ အူကြောင်ကြောင်လေး ရပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။
"ကားထဲဝင်လေ။ ဘာရပ်လုပ်နေတာလဲ။ ကိုယ် ပါဆယ်ပို့စရာတွေကျန်သေးတယ်။ အဲဒါတွေပြီးရင် သွားစားကြတာပေါ့"
ယဲ့ချန်းက နေရခက်နေသော လေထုကို ဖြိုခွင်းကာ ပြုံး၍ပြောလိုက်သည်။
ကောင်မလေးလည်း လိမ္မာနာခံစွာ ခေါင်းညိတ်ပြလိုက်ပြီး ကားတံခါးဖွင့်ကာ နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။
လျူထျန်းကတော့ နှုတ်ခမ်းလေးစူကာ အနည်းငယ် နေရခက်နေချေသည်။ ထိုကောင်မလေးပ သူ(မ)ထက် အများကြီးငယ်မှန်း သိသာနေသောကြောင့် ယဲ့ချန်းတစ်ယောက် နွားအိုကြီး မြက်နုကြိုက်နေသည်ဟု သူ(မ) တွေးနေမိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဆက်လက်လွှင့်နေဆဲပင်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းလေးမှာ ပြန်လည်အသက်ဝင်လာပြန်သည်။
"ဝိုး... ဒီအစ်ကိုလေးက တော်တော်ချမ်းသာတာပဲ။ ကူလီနန်ကြီးစီးပြီး ပါဆယ်ပို့နေတာကိုး"
"ယွမ်သန်းချီတန်တဲ့ကားကြီးနော်။ ခုနက ဒီအစ်ကိုလေး ယုံကြည်မှုအပြည့်နဲ့ ပြောနေတာ မဆန်းပါဘူး"
"ကားထဲမှာ အချောလေးတစ်ယောက်လည်း တွေ့လိုက်ရတယ်။ ပါဆယ်ပို့ရင်း အချောအလှလေး အဖော်ပါတာ တော်တော်မိုက်မှာပဲ"
"ငါလည်း အဲဒီလိုဘဝမျိုး နေချင်လိုက်တာ"
"ယွဲ့ယွဲ့ရေ.. ဒီအစ်ကိုလေးကို မြန်မြန်သာအမိဖမ်းထားလိုက်တော့။ အဲဒါဆိုရင် ပိုက်ဆံအတွက် ပူစရာမလိုတော့ဘူး"
ကောင်မလေး၏ မျက်နှာလှလှလေးမှာ ပူထူသွားပြီး ရှက်ရှက်ဖြင့် ခေါင်းငုံ့ထားလိုက်သည်။
ယဲ့ချန်းမှာ စင်စစ် ရုပ်ရည်ချောမောသူဖြစ်ရာ ဘယ်မိန်းကလေးမဆို သူ့ကို သဘောကျမိမည်မှာ အမှန်ပင်။
နောက်ထပ်ပါဆယ်တစ်ခုကို ပို့ပြီးနောက် ယဲ့ချန်းလည်း အိမ်ရာဝင်းတစ်ခုအတွင်းသို့ မောင်းဝင်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း ဆက်လွှင့်နေဆဲပင်။
လိုက်ဖ်ထဲရှိ အချို့လူများက ထိုနေရာမှာ ဟွားစံအိမ်တော်ဝင်းဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားကြသည်။ သူတို့၏ဖုန်းထဲတွင် ကောမန့်များဖြင့် ချက်ချင်းပြည့်နှက်သွားတော့သည်။
"ဒါက နာမည်ကြီးလူကုံထံရပ်ကွက်ကြီး မဟုတ်ဘူးလား"
"ချမ်းသာရုံတင်မကဘူး။ တကယ့်အထက်တန်းလွှာကြီးတွေ နေတဲ့နေရာပဲ"
"ဖေဖေမားတောင် ဟွားစံအိမ်အမှတ်၂မှာ နေတာတဲ့။ အမှတ်၁မှာဆိုရင် အရမ်းသြဇာကြီးတဲ့ပုဂ္ဂိုလ် နေတယ်လို့ ကြားဖူးတယ်"
ကောင်မလေးလည်း သူ(မ)ရှေ့ရှိ သူမတူသော ဗိသုကာလက်ရာများဖြင့် ဆောက်လုပ်ထားသည့် စံအိမ်များကိုမြင်ပြီးနောက် အံ့အားသင့်ကာ မျက်လုံးပြူးသွားတော့သည်။
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် လျူထျန်းလည်း အလွန်အံ့သြသွားပြီး ကြက်ဥတစ်လုံးဝင်ဆံ့လောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ကားက ဟွားစံအိမ်အမှတ်၂ကို ဖြတ်ကျော်ကာ အနည်းငယ် ရှေ့ဆက်မောင်းသွားပြီးနောက် နန်းတော်နှင့်တူသော အဆောက်အအုံတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
"ဟွားစံအိမ်အမှတ်၁" ဟူသော စာတန်းကို မြင်လိုက်ရသောအခါ လိုက်ဖ်ထဲရှိ ပရိသတ်များနှင့် ကားပေါ်ရှိ အချောအလှလေးနှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားကြသည်။
သူတို့ရှေ့ရှိ အရာအားလုံးက အိပ်မက်တစ်ခုနှယ် ဖြစ်နေတော့သည်။
"ဒီပါဆယ်ပို့သမားက ဟွားစံအိမ်အမှတ်၁ရဲ့ ပိုင်ရှင်လား"
"ဒါဆို ငါတို့ တစ်ချိန်လုံးလှောင်နေခဲ့တဲ့ အထက်တန်းလွှာသူဌေးကြီးဆိုတာ ဒီအစ်ကိုပေါ့"
"သူဌေးကြီးဆီမှာ အလှဆင်ပစ္စည်းလေးဘာလေး လိုသေးလားဗျ"
"ပါဆယ်ပို့တာက အဲဒီလောက်တောင် ဝင်ငွေကောင်းတာလား။ သူဌေးကြီး.. ကျွန်တော့်ကိုလည်း ခေါ်သွားပါဦး။ ဇိမ်ခံကားတွေ အချောအလှတွေနဲ့ဘဝမျိုး ကျွန်တော်လည်း နေချင်လို့ပါ"
ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ လျူထျန်းအတွက် ကြီးမားလှသော တုန်လှုပ်မှုကြီးပင်။ မာရီယော့လုပ်ငန်းစု၏ ဒါရိုက်တာ၊ ဟွားစံအိမ်အမှတ်၁၏ပိုင်ရှင် ဟူသောအချက်များကို သူ(မ) စဉ်းစား၍ပင် မမီတော့ပေ။
ကောင်မလေးကလည်း ပါဆယ်ပို့သမားတစ်ယောက်က ဤမျှချမ်းသာလိမ့်မည်ဟု ထင်မထားသဖြင့် ယုတ္တိမတန်သလို ခံစားနေရသည်။
ကားထဲတွင် ငုတ်တုတ်ထိုင်နေဆဲဖြစ်သော အချောအလှလေးနှစ်ယောက်ကိုကြည့်ကာ ယဲ့ချန်းက ပြုံး၍ ပြောလိုက်၏။
"မင်းတို့မဆင်းရင် ကိုယ် သွားတော့မှာနော်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းမှာ ကားပေါ်ကဆင်းကာ တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။
လျူထျန်းနှင့် ကောင်မလေးလည်း အံ့သြနေရာမှ သတိပြန်ဝင်လာပြီး ကားပေါ်က အမြန်ဆင်းကာ ယဲ့ချန်းနောက်သို့ လိုက်သွားကြသည်။
စံအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် ထူးခြားလှသော အလှဆင်မှုပုံစံများမှာ အထက်တန်းဆန်သော်လည်း အမြင်ရိုင်းမနေဘဲ ဂန္ထဝင်ဆန်ကာ ရဲရင့်သောဟန်လေး ပါဝင်နေသည်။ ကြော့ရှင်းပြီး ခမ်းနားထည်ဝါလွန်းသဖြင့် စကားလုံးများဖြင့်ပင် ဖော်ပြရန် ခက်ခဲလှသည်။
လင်းဝမ်ယိုက ထိုနေရာတွင် စောင့်နေနှင့်ပြီးဖြစ်၏။ ရက်ပေါင်းများစွာ မတွေ့ရသဖြင့် သူ(မ) ယဲ့ချန်းကို အလွန်လွမ်းဆွတ်နေသည်။
ယဲ့ချန်း တံခါးပေါက်က ဝင်လာသည်နှင့် ဖိနပ်ပင်မလဲရသေးခင် လင်းဝမ်ယိုက သူ့ကို ပွေ့ဖက်ပြီး ချွဲနွဲ့စွာပြောလိုက်သည်။
"သခင်လေး.. ကျွန်မ သခင်လေးကို အရမ်းလွမ်းနေတာ"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ငယ်ရွယ်ပြီး ထိုသို့သောအရာများကို အတွေ့အကြုံမရှိသေးသည့် ကောင်မလေးမှာ ပန်းသီးမှည့်လေးလို မျက်နှာတစ်ခုလုံး နီရဲသွားပြီး ရှက်ရှက်ဖြင့် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။
ရိုးရာဝတ်စုံဝတ်ဆင်ထားသည့် လင်းဝမ်ယိုကို တွေ့လိုက်ရချိန်တွင် လျူထျန်း၏မျက်နှာကား အနည်းငယ် ပျက်ယွင်းသွားပြီး ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
စောစောက လင်းဝမ်ယိုသည် ယဲ့ချန်းနှင့်တွေ့ရ၍ ဝမ်းသာအားရဖြစ်နေသဖြင့် နောက်မှဝင်လာသော ကောင်မလေးနှစ်ယောက်ကို သတိမထားမိခဲ့ပေ။
ထိုအချိန်မှသာ အရမ်းလှပသော ကောင်မလေးတစ်ယောက်က သူ(မ)ကို စူးရှတောက်ပသောမျက်လုံးများဖြင့် ဒေါသတကြီး ကြည့်နေကြောင်း သူ(မ) သတိထားမိလိုက်သည်။
သူ(မ) ဘယ်သူမှန်း မသိသော်လည်း ယဲ့ချန်းကို အမြန်လွှတ်ပေးလိုက်သည်။
ယဲ့ချန်းလည်း လင်းဝမ်ယို၏ နွေးထွေးသော ပွေ့ဖက်မှုတွင် ခဏတာနစ်မျောသွားပြီး သူနှင့်အတူပါလာသည့် ကောင်မလေးများကို မိတ်ဆက်ပေးရန် မေ့သွားသည်။
"သခင်လေး.. ဒီနှစ်ယောက်က ဘယ်သူတွေလဲဟင်"
လင်းဝမ်ယိုက သတိထား၍ မေးလိုက်သည်။
လင်းဝမ်ယိုက ယဲ့ချန်း၏မိန်းမဖြစ်သော်လည်း သူ(မ)ကိုယ်သူ(မ) အဆင့်အတန်းနိမ့်ပါးကြောင်း သိထားသဖြင့် ယဲ့ချန်းအနားတွင် တခြားမိန်းမများ ရှိနေခြင်းကို မေးမြန်းရန် အခွင့်အရေးမရှိဟု ခံယူထားသည်။
ထို့ပြင် အရည်အချင်းရှိသော ယောကျ်ားဖြစ်လေလေ သူ့အနားတွင် မိန်းမပိုများလေလေဖြစ်ကြောင်းကိုလည်း သူ(မ) နားလည်ထားသည်။ ယဲ့ချန်း သူ(မ)ကို တစ်ခါတစ်ရံ ပြန်လာကြည့်ပေးလျှင်ပင် ကျေနပ်လှချေပြီ။
ယဲ့ချန်းက ပြုံးလိုက်ပြီး လျူထျန်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ဝမ်ယို.. ကိုယ် မိတ်ဆက်ပေးမယ်။ ဒါက လျူထျန်း.. မိန်းကလေးလျူလေ"
"မင်္ဂလာပါ မိန်းကလေးလျူ"
လင်းဝမ်ယိုက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
လျူထျန်းကမူ ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး ဖော်ရွေမှုမရှိသော အမူအရာကို ပြသလိုက်သည်။
ယဲ့ချန်း မိတ်ဆက်ပေးရန် ပြင်နေစဉ်မှာပင် ထိုကောင်မလေးက ပြုံးလျက် ပြောလိုက်၏။
"အစ်မဝမ်ယို.. ကျွန်မကို ယွဲ့ယွဲ့လို့ပဲ ခေါ်ပါ"
ယဲ့ချန်းမှာ သူ့ရှေ့တွင်ရပ်နေသည့် ကောင်မလေးကို မည်သို့မိတ်ဆက်ပေးရမလဲဟု စဉ်းစားနေခဲ့သည်။ သူ(မ)ကို ရွှေ့ပင်းယွဲ့ဟု ခေါ်ရန်လည်း မဖြစ်နိုင်ပေ။ အနည်းငယ် ထူးဆန်းနေပေမည်။
"မင်္ဂလာပါ ယွဲ့ယွဲ့"
လင်းဝမ်ယိုက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ဒီမှာ ရပ်မနေကြနဲ့တော့။ အထဲဝင်ပြီး ထိုင်ကြရအောင်"
ယဲ့ချန်းက တံခါးဝတွင် ရပ်နေသည့် မိန်းကလေးသုံးယောက်ကို ပြောလိုက်သည်။
လင်းဝမ်ယိုကမူ အိမ်ရှင်တစ်ယောက်ပီပီ ပြောလိုက်လေသည်။
"မိန်းကလေးလျူ.. ယွဲ့ယွဲ့.. ဧည့်ခန်းထဲမှာ ထိုင်ကြပါဦး။ ကျွန်မ လက်ဖက်ရည်သွားဖျော်လိုက်ပါဦးမယ်"
ယဲ့ချန်းက ဦးဆောင်ခေါ်သွားပြီးနောက် လျူထျန်းနှင့် ယွဲ့ယွဲ့တို့လည်း ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။
ခဏအကြာတွင် လင်းဝမ်ယိုသည် လက်ဖက်ရည်များယူလာပြီး ယဲ့ချန်း၊ လျူထျန်းနှင့် ယွဲ့ယွဲ့တို့အတွက် ချပေးကာ ဘေးနားတွင် ရပ်နေလိုက်သည်။
"ဝမ်ယို.. ထိုင်လေ"
ယဲ့ချန်းက ပြောလိုက်သည်။
"ရပါတယ် သခင်လေး.. စကားသာပြောကြပါ။ ကျွန်မ အချိုပွဲလေး သွားလုပ်လိုက်ဦးမယ်"
လင်းဝမ်ယိုခမျာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး အလုပ်ရှုပ်နေတော့သည်။
သူ(မ)က အစေခံတစ်ယောက်သာဖြစ်ကြောင်း အမြဲတမ်းသတိရသည်။ ယဲ့ချန်းက သူ(မ)အပေါ် ရိုးသားပွင့်လင်းစွာ ဆက်ဆံသော်လည်း သူ(မ)ကတော့ အမြဲတမ်းသတိထားပြီး သိတတ်စွာ နေထိုင်လေ့ရှိသည်။
သူ(မ)နှင့် ယဲ့ချန်း နှစ်ယောက်တည်းသာဆိုလျှင်တော့ လင်းဝမ်ယို သက်သောင့်သက်သာနေမည်သာ။
သို့သော် ယခု အိမ်တွင် ဧည့်သည်နှစ်ယောက် ရောက်နေသောကြောင့် လင်းဝမ်ယို တောက်လျှောက် သတိထားနေချေသည်။
လင်းဝမ်ယိုက သပ်ရပ်လှပသော မုန့်ပန်းကန်တစ်ခုကိုကိုင်ကာ ထွက်လာပြီး သူတို့သုံးယောက်အနားသို့ ချဉ်းကပ်လျက် ပြောလိုက်၏။
"သခင်လေး.. မိန်းကလေးလျူ.. ယွဲ့ယွဲ့.. ဒါတွေက ကျွန်မကိုယ်တိုင် လုပ်ထားတာပါ။ နည်းနည်းလောက် မြည်းကြည့်ကြပါဦး"
လျူထျန်းနှင့် ယွဲ့ယွဲ့တို့က တစ်ခုစီယူ၍ မြည်းကြည့်လိုက်ကြသည်။ မုန့်မှာ တကယ်အရသာရှိလွန်းလှကြောင်း သူတို့ ဝန်ခံရပေမည်။
ယဲ့ချန်းကလည်း မုန့်တစ်ခုယူကာ မတ်တတ်ရပ်ပြီး လင်းဝမ်ယိုကို ခွံ့ကျွေးလိုက်သည်။
"ဝမ်ယို.. မင်းလည်း နည်းနည်းစားကြည့်ဦးလေ"
"သခင်လေး... အဲဒီလိုမလုပ်ပါနဲ့။ အိမ်မှာ ဧည့်သည်တွေရှိတယ်လေ။ အမြင်မတော်ပါဘူး"
လင်းဝမ်ယိုက ငြင်းဆန်ရင်း အနောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။
"ဝမ်ယို.. မင်းက ကိုယ့်မိန်းမလေ။ အစေခံမှ မဟုတ်တာ"
ယဲ့ချန်း၏ အမူအရာမှာ မကျေနပ်သလိုဖြစ်သွားပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်သွားသည်။
အခြားမိန်းမများရှေ့တွင် ယဲ့ချန်းက ဤသို့ပြောလိမ့်မည်ဟု လင်းဝမ်ယို မျှော်လင့်မထားခဲ့ပေ။
ဤအချိန်လေးတွင် သူ(မ)၏ရင်ထဲသို့ နွေးထွေးသော ခံစားချက်လေးတစ်ခု စီးဆင်းသွားပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။
သို့သော် လျူထျန်း၏မျက်နှာကတော့ အလွန်အမင်း ပျက်ယွင်းသွားလေတော့သည်။
•••••••••••••••••••••