← Chapters

အခန်း ၇၉၃

Vol. 53 Ch. 793

အခန်း ၇၉၃

Vol. 53 Ch. 793

အပိုင်း ၇၉၃ : ငါ့ကိုဂရုစိုက်တဲ့လူတစ်ယောက်ရှိတယ်

ယဲ့ချန်းက လျူထျန်း၏ ခံစားချက်များကို ဂရုမစိုက်ခဲ့ပေ။ ပထမအချက်အနေနှင့် သူ့မိန်းမဖြစ်ချင်သူမှာ သဘောထားကြီးရမည်ဟု သူခံယူထားသည်။ ဒုတိယအချက်အနေနှင့် သူ့အနားတွင် မိန်းမများ လုံလုံလောက်လောက်ရှိနေပြီဖြစ်၏။

လျူထျန်းကမူ ယဲ့ချန်းကို ပထမဆုံးအကြိမ်မြင်ပြီးကတည်းက သူ့ကို အရယူမည်ဟု ကျိန်ဆိုထားသည်။ ဤအမျိုးသားက အလွန်အရည်အချင်းရှိကြောင်း သိလိုက်ရသဖြင့် သူ့ကို လက်မလွှတ်ရန် ပို၍ပင် သန္နိဋ္ဌာန်ခိုင််မာစေခဲ့သည်။

"အစ်မဝမ်ယို.. ဒီမုန့်တွေက အရမ်းစားကောင်းတာပဲ"

ယွဲ့ယွဲ့က ချီးကျူးလိုက်သည်။

လင်းဝမ်ယိုကလည်း ပြုံးလိုက်လေသည်။

"ယွဲ့ယွဲ့.. ကြိုက်ရင် များများစားလေ"

"မိန်းကလေးလျူလည်း များများစားပါ"

လင်းဝမ်ယိုက ပြောလိုက်သည်။

လျူထျန်းကတော့ "အင်း"ဟုသာ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

လင်းဝမ်ယို၏ လက်ရာများက တကယ်အံ့မခန်းဖြစ်ကြောင်း မငြင်းနိုင်ပေ။ ဤအချက်က လျူထျန်းကို အနည်းငယ်မနာလိုဖြစ်စေပြီး သဝန်တိုစေသည်။

ယောကျ်ားတစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်လိုပါက သူ့အစာအိမ်ကို အရင်ဖမ်းစားရမည်ဟု ဆိုကြသည်။

လျူထျန်းက ဟင်းလုံးဝမချက်တတ်ပေ။ ဤအချက်လေးတစ်ခုတည်းနှင့်ပင် သူ(မ) ရှုံးနိမ့်သွားပြီဟု ခံစားလိုက်ရသည်။

ညနေ၆နာရီကျော်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် လင်းဝမ်ယိုက ပြုံးလျက် ပြောလိုက်လေသည်။

"သခင်လေး.. မိန်းကလေးလျူ... ယွဲ့ယွဲ့.. ညစာသွားလုပ်လိုက်ဦးမယ်။ စကားပြောနှင့်ကြပါဦး"

လင်းဝမ်ယို မတ်တတ်ထရပ်ရန် ပြင်လိုက်စဉ်မှာပင် ယဲ့ချန်းက သူ(မ)ကို တားလိုက်သည်။ ထို့နောက် ကောင်မလေးကို ကြည့်ကာ ပြောလိုက်၏။

"ယွဲ့ယွဲ့.. မင်း သွားချက်လိုက်။ မင်းရဲ့ ဟင်းချက်လက်ရာကို ကြည့်ရသေးတာပေါ့"

"သခင်လေး.. ဒါတော့ မသင့်တော်ပါဘူး။ ဧည့်သည်ကို ဘယ်လိုလုပ်ပြီး ဟင်းချက်ခိုင်းလို့ ဖြစ်မလဲ"

လင်းဝမ်ယိုက အလောတကြီး ပြောလိုက်သည်။

"ဝမ်ယို.. မင်းကိုပြောဖို့ မေ့နေတာ။ ယွဲ့ယွဲ့က မင်းကို ဟင်းချက်ကူဖို့ ကိုယ်ခေါ်လာခဲ့တာ"

ယဲ့ချန်းက လင်းဝမ်ယိုကို သနားကြင်နာသော အကြည့်ဖြင့်ကြည့်လိုက်သည်။

"မင်းက ကိုယ့်အတွက် ကုမ္ပဏီကိစ္စတွေလည်း ကြည့်ပေးရသေးတယ်။ အိမ်အလုပ်တွေနဲ့လည်း အလုပ်ရှုပ်ရသေးတယ်။ မင်း တကယ်ပင်ပန်းနေပြီ"

ယဲ့ချန်းက မိန်းမများအား မည်သို့ဂရုစိုက်ရမည်ကို သိတတ်သော ယောကျ်ားတစ်ယောက်ဖြစ်ပေသည်။

လင်းဝမ်ယိုမှာ ရင်ထဲ ထိရှသွားသည်။

"သခင်လေးရဲ့အနားမှာ နေခွင့်ရနေသရွေ့တော့ ကျွန်မအတွက် ဘာမှမပင်ပန်းပါဘူး"

ယွဲ့ယွဲ့လည်း စိတ်လှုပ်ရှားသွားပြီး နှာခေါင်းများပင် အနည်းငယ် ကျိန်းစပ်လာသည်။

လျူထျန်းကတော့ အကယ်၍ သူ(မ)သာ ယဲ့ချန်း၏မိန်းမ ဖြစ်လာခဲ့လျှင် အလွန်ပျော်စရာကောင်းမည်ဟု စိတ်ကူးယဉ်နေချေသည်။

"အစ်မဝမ်ယို အစ်ကိုယဲ့ချန်းစကားကို နားထောင်လိုက်ပါ။ ယွဲ့ယွဲ့ကိုပဲ လုပ်ခိုင်းပါ။ ခဏနေကျရင် အားလုံး ကျွန်မရဲ့ ဟင်းချက်လက်ရာကို မြည်းကြည့်လို့ရပြီ"

ယွဲ့ယွဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

ယွဲ့ယွဲ့လည်း လင်းဝမ်ယိုနောက်ကတစ်ဆင့် မီးဖိုချောင်ထဲသို့ လိုက်သွားလေသည်။ မီးဖိုချောင်သုံးပစ္စည်းများကို ဘယ်လိုအသုံးပြုရကြောင်း နားထောင်ပြီးနောက် သူ(မ) အလုပ်ရှုပ်နေတော့သည်။

လင်းဝမ်ယိုက ယွဲ့ယွဲ့ကို ကူညီရန် ဘေးတွင်နေပေးခဲ့သည်။

ဧည့်ခန်းထဲတွင် ယဲ့ချန်းနှင့် လျူထျန်းတို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ဘာစကားမှမဆိုသဖြင့် အလွန်တိတ်ဆိတ်နေတော့သည်။

"ယဲ့ချန်း.. ရှင်တို့အိမ်မှာ ဘားရှိမှာပဲ"

လျူထျန်းက ရုတ်တရက် ပြောလိုက်သည်။

"အင်း.. ဝိုင်မြေအောက်ခန်းထဲမှာ မင်းကြိုက်တာ ရွေးယူလို့ရတယ်လေ"

ယဲ့ချန်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

သူ(မ)ရှေ့ရှိ အမျိုးသားက မလှုပ်မယှက်ငြိမ်သက်နေသည်ကို မြင်သော် လျူထျန်းလည်း တွေးလိုက်မိသည်။

'ဒါက ရှင့်အိမ်လေ။ ကျွန်မအိမ်မှ မဟုတ်တာ။ ဝိုင်မြေအောက်ခန်း ဘယ်မှာရှိမှန်း ကျွန်မက ဘယ်လိုလုပ်သိမှာလဲ'

"အိမ်ရှင်တစ်ယောက်အနေနဲ့ ကျွန်မကို လိုက်ပြသင့်တယ် မဟုတ်ဘူးလား"

လျူထျန်းလည်း ပြုံးလျက် ပြောလိုက်သည်။

ယဲ့ချန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

"ဒီလောက်ကျဉ်းကျဉ်းလေးကို လွတ်လွတ်လပ်လပ်သာ သွားကြည့်ပါ"

သူ လျူထျန်းအပေါ် အေးတိအေးစက် ဆက်ဆံရသည့် အကြောင်းအရင်းမှာ သူ့မိန်းမကို ရန်စလျှင် ကြုံတွေ့ရမည့် အကျိုးဆက်များကို သူ(မ)အား သိစေချင်သောကြောင့်ပင်။

"ယဲ့ချန်း..တောင်းပန်ပါတယ်။ ကျွန်မမှားသွားတယ်။ ဝမ်ယို့အပေါ် အဲဒီလောက်အထိ မလိုမုန်းထားစိတ်တွေ မထားသင့်ဘူး။ ဒါပေမဲ့ ကျွန်မမှာလည်း အကြောင်းပြချက်တွေ ရှိပါတယ်"

လျူထျန်းက သူ(မ)၏ မာနများကို ဘေးဖယ်ကာ ပြောလိုက်သည်။

"မင်းမှာ ဘာအကြောင်းပြချက်ရှိလို့လဲ"

သိလျက်နှင့်ပင် ယဲ့ချန်း မေးလိုက်သည်။

လျူထျန်း၏ မျက်နှာလှလှလေးမှာ ရုတ်တရက် နီရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်လေသည်။

"ကျွန်မ ရှင့်ကို သဘောကျတယ်။ ရှင့်ကို တခြားမိန်းမတွေနဲ့ မမျှဝေချင်ဘူး။ ရှင့်ကို ကျွန်မတစ်ယောက်တည်းပဲ အပိုင်လိုချင်တာ"

"မိန်းကလေးလျူ.. မင်း နားလည်မှုလွဲနေပြီထင်တယ်။ ကိုယ် မင်းအပေါ် အဲဒီလိုခံစားချက်မျိုး မရှိဘူး။ ပြီးတော့ ကိုယ့်အနားမှာ မိန်းမဆိုလို့ ဝမ်ယိုတစ်ယောက်တည်း ရှိတာမဟုတ်ဘူးဆိုတာလည်း မင်းကိုပြောပြထားရဦးမယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

လျူထျန်းမှာ ဘာမှဆက်မပြောတော့ချေ။ သူ(မ)၏မျက်နှာမှာ အလွန်ပျက်ယွင်းသွားတော့သည်။

ယဲ့ချန်းသည် သူ့စကားများက သူ(မ)၏ ဂုဏ်သိက္ခာကို အနည်းငယ် ထိခိုက်စေကြောင်း ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ အချစ်ကို ငြင်းပယ်ခံရသောအခါ မိန်းကလေးတစ်ယောက်အနေနှင့် စိတ်ထိခိုက်ရသည် မဟုတ်ပါလော။

"မင်း ဝိုင်သောက်မလို့ မဟုတ်ဘူးလား။ ကိုယ် မင်းကို ဝိုင်မြေအောက်ခန်းဆီ ခေါ်သွားပေးမယ်"

ယဲ့ချန်း စကားလမ်းကြောင်းလွှဲလိုက်သည်။

စူပုတ်နေသောမျက်နှာဖြင့် လျူထျန်းလည်း ယဲ့ချန်းနောက်ကတစ်ဆင့် ဝိုင်မြေအောက်ခန်းထဲသို့ လိုက်သွားလေသည်။

အထဲရှိ အရည်အသွေးမြင့်ဝိုင်အမျိုးမျိုးကို မြင်လိုက်ရသောအခါ စောစောက ပြောခဲ့သော စကားများကိုပင် မေ့သွားပုံရပြီး စိတ်အခြေအနေလည်း ပြန်လည်ကောင်းမွန်လာသည်။

"ယဲ့ချန်း.. ကမ္ဘာကျော်ဝိုင်တွေအများကြီးပိုင်ထားတာ ရှင် တကယ်အံ့သြဖို့ကောင်းတာပဲ"

လျူထျန်း၏ မျက်လုံးများမှာ ဝိုင်များကို ကြည့်ရင်း တောက်ပလာသည်။

ယဲ့ချန်းလည်း ရယ်မောလိုက်မိသည်။

"မင်းက ဝိုင်အကြောင်း နည်းနည်းပါးပါးသိပုံရတယ်နော်"

"သိရုံလောက်ပါပဲ။ ဒါပေမဲ့ တစ်ခါမှတော့ မမြည်းကြည့်ဖူးဘူး"

လျူထျန်းက နောင်တရိပ်လေးသန်းကာ ပြောလိုက်သည်။

သူ(မ) အမြဲလိုချင်နေခဲ့သော ဝိုင်နီတစ်ပုလင်းကို ရုတ်တရက်တွေ့လိုက်ရသဖြင့် တယုတယ ကိုင်တွယ်လိုက်သည်။

"မင်းသဘောကျတယ်ဆိုရင် ခဏနေရင် ဒါလေး သောက်ကြတာပေါ့"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

စောစောက ပြောခဲ့သောစကားများမှာ အနည်းငယ်လွန်သွားကြောင်း ယဲ့ချန်း တွေးလိုက်မိသည်။ အဆုံးတွင်မူ လျူထျန်းကလည်း မိန်းမတစ်ယောက်ဖြစ်လေရာ သူ(မ)အတွက် ဂုဏ်သိက္ခာအချို့တော့ ချန်ထားပေးသင့်ပေသည်။

"တကယ်လား။ သေချာလို့လား"

လျူထျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဒါပေါ့"

လျူထျန်းခမျာ အလွန်ဝမ်းသာသွားသဖြင့် ယဲ့ချန်းဆီသို့ လျှောက်သွားပြီး ခြေဖျားထောက်ကာ သူ့ကို နမ်းရန် ပြင်လိုက်သည်။

"ဒီမှာ နည်းနည်းစိတ်အိုက်တယ်။ စံအိမ်ထဲ လိုက်ပြမယ်လေ"

ယဲ့ချန်းက အနောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

ယဲ့ချန်း၏ စကားများက လျူထျန်း၏ နေရခက်မှုကို သက်သာစေသည်။

သူတို့နှစ်ယောက်သား ဝိုင်မြေအောက်ခန်းထဲရှိ ဝိုင်ကို သယ်လာခဲ့ကြသည်။ မူလက ယဲ့ချန်းသည် လျူထျန်းကို ဥယျာဉ်ထဲတွင် လမ်းလျှောက်ရန် ခေါ်သွားမည်ဟု ရည်ရွယ်ထားသော်လည်း အစားအစာ၏ မွှေးပျံ့သောရနံ့ကို သူတို့ရလိုက်ကြသည်။

ယနေ့ သူတို့နှစ်ယောက်စလုံး သိပ်မစားရသေးသဖြင့် အစားအစာ၏ရနံ့ကြောင့် သူတို့၏ဗိုက်များပင် ဆာလောင်စွာ မြည်ဟည်းလာတော့သည်။

ထမင်းစားခန်းထဲသို့ ရောက်သောအခါ စားပွဲအပြည့် တည်ခင်းထားသော ခမ်းနားသည့် ဟင်းပွဲများကို မြင်လိုက်ရသဖြင့် သူတို့ သွားရည်ကျမတတ် ဖြစ်သွားကြသည်။

"ယွဲ့ယွဲ့.. ဒါတွေအကုန်လုံး မင်းချက်ထားတာလား"

ယဲ့ချန်းက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ယွဲ့ယွဲ့က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ​ပြောလိုက်လေသည်။

"ဒါပေါ့.. အစ်မဝမ်ယို သက်သေပြပေးနိုင်တယ်။ ကျွန်မ ရှင့်ကို အံ့သြသွားအောင် လုပ်နိုင်ခဲ့တယ် မဟုတ်လား"

ယွဲ့ယွဲ့၏ ဟင်းပွဲများမှာ လှပသော ပြင်ဆင်မှုများဖြင့် အာရုံဖမ်းစားနိုင်သော ပွဲတော်တစ်ခုပင် ဖြစ်နေချေသည်။

"အဲဒီမှာ ရပ်မနေကြနဲ့လေ။ မြန်မြန်လာပြီး ကျွန်မရဲ့ဟင်းတွေကို မြည်းကြည့်ကြပါဦး"

ယွဲ့ယွဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

အားလုံးထိုင်ပြီးနောက် ယွဲ့ယွဲ့လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။

"ယွဲ့ယွဲ့.. ဘာလုပ်နေတာလဲ။ ထမင်းစားနေတုန်းတောင် လိုက်ဖ်လွှင့်ရမှာလား"

ယဲ့ချန်းက နားမလည်လေဟန်ဖြင့် မေးလိုက်သည်။

"အစ်ကိုယဲ့ချန်း.. ဒီနေ့ သူငယ်ချင်းတွေ အများကြီးနဲ့တွေ့ရလို့ ကျွန်မ အရမ်းပျော်တယ်။ ဒီမြို့မှာ ကျွန်မ သူငယ်ချင်းတစ်ယောက်မှမရှိဘူး"

ယွဲ့ယွဲ့က မျက်ရည်များ စီးကျလျက် ပြောရှာသည်။

သူစိမ်းနယ်မြေတွင် တစ်ယောက်တည်း လှည့်လည်သွားလာနေရသော မိန်းကလေးတစ်ယောက်အတွက် တကယ်ခက်ခဲလှသည်ဟု ယဲ့ချန်း ခံစားလိုက်ရသည်။ သူက သူ(မ)၏ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်၏။

"ယွဲ့ယွဲ့.. အခု မင်းတစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဒီမှာ မင်းရဲ့အစ်ကိုတွေ အစ်မတွေဖြစ်တဲ့ ကိုယ်တို့ရှိနေပြီပဲ"

ယွဲ့ယွဲ့က မျက်ရည်များကိုသုတ်ကာ ပြောလိုက်လေသည်။

"ဒီနေ့ အစ်ကိုတွေအစ်မတွေနဲ့ တွေ့ရလို့ ကျွန်မ အရမ်းပျော်တယ်။ ဒီပျော်ရွှင်မှုကို ကျွန်မရဲ့ ပရိသတ်တွေနဲ့ မျှဝေချင်လို့ပါ။ အချိန်အတော်ကြာတဲ့အထိ ကျွန်မရဲ့ခံစားချက်တွေကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူး။ ပိုက်ဆံရဖို့အတွက် ဗိုက်နာစေမယ့် အစားအစာတွေကိုပဲ နေ့တိုင်းစားခဲ့ရတယ်။ ကျွန်မ မကြိုက်ပေမဲ့ ပိုက်ဆံမြန်မြန်ရဖို့အတွက် အဲဒီသူဌေးတွေ လိုချင်တဲ့အတိုင်း လိုက်လုပ်ခဲ့ရတာ။ ဒါပေမဲ့ ဒီနေ့ အစ်ကိုယဲ့ချန်းနဲ့ တွေ့မှပဲ ကျွန်မကို တကယ်ဂရုစိုက်ပေးတဲ့လူ ရှိတယ်ဆိုတာ သိလိုက်ရတယ်"

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်များတွင် ဆုတောင်းစကားများဖြင့် ပြည့်နှက်နေသည်။

"ယွဲ့ယွဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ငါတို့ မင်းကို အမြဲတမ်းအားပေးနေမှာပါ"

"ယွဲ့ယွဲ့ ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"

"အစ်ကိုလေး.. ယွဲ့ယွဲ့ကို ကောင်းကောင်းဆက်ဆံပြီး သူ့ကို ပျော်အောင်ထားရမယ်နော်"

ယဲ့ချန်းလည်း ကောမန့်ထဲကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး 'ဒါတွေက ဘာတွေလဲ'ဟု စိတ်ထဲက တွေးလိုက်မိသည်။

လျူထျန်းကမူ ဝိုင်ကို ထုတ်ယူပြီး ပြောလိုက်၏။

"ယွဲ့ယွဲ့.. ဒီနေ့ ငါတို့ ရေစက်ဆုံလို့ တွေ့ကြတာပဲ။ မမူးမချင်း မထကြေးနော်"

လျူထျန်း၏လက်ထဲရှိ ဝိုင်ပုလင်းကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်နေရာကား တစ်ဖန်ပွက်လောရိုက်သွားပြန်သည်။

•••••••••••••••••••

All Chapters