← Chapters

အခန်း ၇၉၄

Vol. 53 Ch. 794

အခန်း ၇၉၄

Vol. 53 Ch. 794

အပိုင်း ၇၉၄ : ကမ္ဘာကျော်ဝိုင်

လျူထျန်း၏လက်ထဲရှိ ဝိုင်ပုလင်းကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်နေရာကား တစ်ဖန်ပြန်ပွက်လောရိုက်လာတော့သည်။

"ဒီမိန်းကလေး ကိုင်ထားတာ ၁၉၉၀ခုနှစ်ထုတ် ရိုမာနီကွန်တီဝိုင်ပဲ"

"အဲဒီတစ်ပုလင်းကို ယွမ်သိန်းချီတန်တယ်လို့ ကြားဖူးတယ်"

"တကယ်လက်ဖွာလွန်းပါတယ်။ သူဌေးတွေရဲ့ ဘဝက ငါတို့ တွေးကြည့်လို့တောင် မရနိုင်ဘူး"

ယဲ့ချန်းမှာ ဤကောမန့်များကို အမြဲမြင်နေကျဖြစ်သဖြင့် လုံးဝဂရုမစိုက်ပေ။

ထိုအရာကို မြင်လိုက်ရသောအခါ ယွဲ့ယွဲ့မှာ အံ့အားသင့်သွားပြီး ပါးစပ်ကိုအုပ်ကာ ပြောလိုက်လေသည်။

"အစ်ကိုယဲ့ချန်း.. ဒီဝိုင်ပုလင်းက အရမ်းဈေးကြီးတာပဲ။ ကျွန်မတို့ မသောက်သင့်ဘူးထင်တယ်"

"ပိုက်ဆံက အရေးမကြီးပါဘူး။ ကိုယ်တို့တွေ ပျော်ရွှင်နေဖို့ အဓိကပါပဲ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

သူ ဝိုင်ကိုဖောက်ရန် ပြင်လိုက်သော်လည်း လျူထျန်းက သူ့ကို တားလိုက်သည်။

"ကျွန်မ လိုင်းပေါ်တင်ရဦးမယ်လေ"

လျူထျန်းက ဝိုင်ပုလင်းကိုကိုင်ကာ အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ဆယ်လ်ဖီရိုက်၍ သူ(မ)၏ လူမှုကွန်ရက်တွင် တင်လိုက်သည်။

အချောအလှလေးတစ်ယောက်ဖြစ်သောကြောင့် လျူထျန်း၏ လူမှုကွန်ရက်တွင် ဖော်လိုဝါအများအပြားရှိနှင့်ပြီးဖြစ်၏။ ထိုဓာတ်ပုံကို မြင်လိုက်ရသည်နှင့် ကောမန့်နေရာတွင် မှတ်ချက်များ အုန်းအုန်းကျက်ကျက် ဖြစ်သွားတော့သည်။

"ဒီအချောလေးကတော့ သူဌေးတစ်ယောက်ကို ရှာတွေ့သွားပြီပဲ။ ဒီဝိုင်က သိန်းချီတန်တာနော်"

"လူချမ်းသာကောင်လေးရသွားတဲ့ အစ်မထျန်းထျန်းကို အားကျလိုက်တာ"

"အစ်မထျန်းထျန်း.. နောက်တစ်ခါ အစ်မကောင်လေးကို ခေါ်လာခဲ့ပါဦး။ ကျွန်မတို့လည်း တွေ့ဖူးချင်လို့"

လျူထျန်းကို သဘောကျနေသူများပင် ဘာမှမပြောရဲကြတော့ပေ။ ဤမျှသြဇာကြီးမားသော သူဌေးကြီးရှေ့တွင် သူတို့အနေနှင့် မည်သို့စကားပြောခွင့်ရနိုင်မည်နည်း။

ကောမန့်များကို ဖတ်ပြီးနောက် လျူထျန်းက သူ(မ)ဘေးရှိ ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်လေရာ သူ(မ)၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ပေါ်လာတော့သည်။

ယဲ့ချန်းသည် ရုပ်ရည်လည်းချောမောပြီး ချမ်းသာသူလည်းဖြစ်လေရာ သူ့ကိုသဘောကျသူ မရေမတွက်နိုင်အောင် ရှိနေမည်မှာ သေချာပေသည်။ ဆိုလိုသည်မှာ သူ(မ)အတွက် ပြိုင်ဘက်များစွာ ရှိနေသည်ဟူသော သဘောပင်။

"ဘာလို့ ကိုယ့်ကို ကြည့်နေတာလဲ။ ဝိုင်ကို မြန်မြန်ဖောက်လေ"

လျူထျန်း၏ အကြည့်ကို သတိထားမိသွားသော ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဪ.."

လျူထျန်းက ဝိုင်ပုလင်းကိုဖောက်ပြီး တစ်ယောက်ကိုတစ်ခွက်စီ ငှဲ့ပေးလိုက်သည်။

အစက လင်းဝမ်ယိုမှာ ဝိုင်ငှဲ့ပေးချင်ခဲ့သော်လည်း ယဲ့ချန်းက သူ(မ)ကို တားလိုက်သည်။ သူသည် လျူထျန်းကို သူ(မ)၏နေရာမှန်ကို သိစေချင်ရုံသာ။

သူတို့လေးယောက်စလုံး ဖန်ခွက်များကို မြှောက်လိုက်ကြပြီးနောက် ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ဒီပထမဆုံးတစ်ခွက်ကို မိန်းကလေးလျူရဲ့ ဘလိုင်းဒိတ်မအောင်မြင်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ရော သူသဘောကျတဲ့လူကို မြန်မြန်ရှာတွေ့ပါစေလို့ ဆုတောင်းပေးတဲ့အနေနဲ့ သောက်ကြတာပေါ့"

ယဲ့ချန်း၏ စကားကြောင့် လျူထျန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ အထူးသဖြင့် နောက်ဆုံးပြောသွားသော သူ(မ)သဘောကျသည့်လူကို မြန်မြန်ရှာတွေ့ပါစေဆိုသည့် စကားပင်။ ယဲ့ချန်းက သူ(မ)ကြားအောင် တမင်တကာ ရည်ရွယ်ပြောလိုက်ခြင်းဖြစ်ကြောင်း သူ(မ) သိလိုက်သည်။

လင်းဝမ်ယိုနှင့် ယွဲ့ယွဲ့တို့မှာမူ ဘလိုင်းဒိတ်မအောင်မြင်ခြင်းကို အဘယ်ကြောင့် ဂုဏ်ပြုရသလဲဟုတွေးကာ အနည်းငယ် နေရခက်သွားကြသည်။ ယဲ့ချန်း၏စကားများက အံ့သြဖွယ်ကောင်းလှပေသည်။

သို့သော် သူတို့လေးယောက်စလုံး ဝိုင်ခွက်များကို မော့သောက်လိုက်ကြသည်။

"ကောင်းတဲ့ဝိုင်က တကယ်ကို ကောင်းတာပဲ။ ဈေးကြီးရတဲ့ အကြောင်းအရင်းလည်းရှိတာကိုး"

ယွဲ့ယွဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

သူ(မ)သာ ယဲ့ချန်းကို မသိခဲ့လျှင် ဤမျှဈေးကြီးသော ဝိုင်ကို ဘဝတွင် တစ်ခါမှ မြည်းစမ်းခွင့်ရခဲ့မည်မဟုတ်ပေ။

ယဲ့ချန်းက အားလုံးအတွက် ဝိုင်နီတစ်ခွက်စီ ထပ်ငှဲ့ပေးလိုက်ပြီး သူ့ဖန်ခွက်ကို မြှောက်ကာ ပြောလိုက်ပြန်သည်။

"ဒီဒုတိယတစ်ခွက်ကတော့ ယွဲ့ယွဲ့အနေနဲ့ ပိုက်ဆံအတွက် ဆိုးဝါးတဲ့အရာတွေကို သောက်ပြီး သူ့အစာအိမ်ကို ထိခိုက်ခံစရာမလိုတော့တဲ့အပြင် တခြားသူတွေအလိုကျ နေထိုင်ရတဲ့ဘဝမျိုးမှာ ဘယ်တော့မှနေစရာမလိုတော့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ သောက်ကြမယ်"

ယွဲ့ယွဲ့မှာ အလွန်စိတ်ထိခိုက်သွားသည်။ သူစိမ်းနယ်မြေတွင် လှည့်လည်နေရသော မိန်းကလေးတစ်ယောက်အတွက် တိုက်ရိုက်ထုတ်လွှင့်ခြင်းမှာ ငွေရှာရန် အမြန်ဆုံးနည်းလမ်းပင်။ သူ(မ)သည် နေ့စဉ်နေ့တိုင်း ဆိုးဝါးလှသောအရာများကို သောက်ခြင်းဖြင့်သာ ပရိသတ်များအလိုကျ လုပ်ပေးနိုင်ခဲ့သည်။ ထိုဘဝက မည်မျှခက်ခဲကြမ်းတမ်းကြောင်း သူ(မ)တစ်ယောက်တည်းသာ သိပေသည်။

ဗိုက်နာလွန်း၍ ညဘက်လန့်နိုးခဲ့ရသည့် ညပေါင်းမည်မျှရှိသလဲဆိုသည်ကိုပင် သူ(မ) မမှတ်မိတော့ပေ။ သို့တိုင် ပိုက်ဆံရချင်လျှင် ဤနည်းကလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း သိထားသဖြင့် သူ(မ) ဆက်လက်ကြိုးစားခဲ့ရသည်။

"အစ်ကိုယဲ့ချန်း.. ကျွန်မ ဒီတစ်ခွက်နဲ့ အစ်ကို့ကို ကျေးဇူးတင်ချင်ပါတယ်။ ဆင်းရဲဒုက္ခပင်လယ်ထဲကနေ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယွဲ့ယွဲ့က ပါးပြင်ထက်တွင် မျက်ရည်များစီးကျလာပြီး သူ(မ)၏ခွက်ကို မော့သောက်လိုက်သည်။

လင်းဝမ်ယိုက ကောင်မလေး၏ ပခုံးကိုပုတ်ကာ ပြောလိုက်လေသည်။

"ယွဲ့ယွဲ့.. ဒါက ပျော်စရာကောင်းတဲ့နေ့လေးလေ။ ဘာလို့ငိုနေရတာလဲ"

"ယွဲ့ယွဲ့.. အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခုကစပြီး မင်း ဘဝသစ်စလို့ရပြီလေ"

လျူထျန်းကလည်း စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

ယွဲ့ယွဲ့က မျက်ရည်များကိုသုတ်ကာ ပြောလိုက်၏။

"အစ်ကိုယဲ့ချန်း... အစ်မတို့.. ကျွန်မက ပျော်လွန်းလို့ မျက်ရည်ကျတာပါ။ ကျွန်မအတွက် စိတ်မပူကြပါနဲ့"

ဝိုင်သောက်ပြီးနောက် သူတို့တစ်သိုက် ယွဲ့ယွဲ့ချက်ထားသော ဟင်းလျာများကို စားသောက်ကြလေတော့သည်။

စားပွဲပေါ်ရှိ ဟင်းလျာများမှာ အဆင့်မြင့်စားသောက်ဆိုင်ကြီးများရှိ ဟင်းပွဲများနှင့်ပင် ယှဉ်နိုင်သည်။ ယွဲ့ယွဲ့၏ ဟင်းချက်လက်ရာမှာ တကယ်ထူးခြားကောင်းမွန်လှသည်ဟု ဆိုရပေမည်။

မကြာခင်မှာပင် စားပွဲပေါ်ရှိ အစားအစာများအားလုံးနီးပါး ကုန်သွားတော့သည်။

ယဲ့ချန်းကလည်း လူကြီးလူကောင်းပီသစွာဖြင့် စားပွဲကိုရှင်းလင်းပြီး ပန်းကန်များကို ဆေးကြောပေးခဲ့သည်။ မိန်းကလေးသုံးယောက်ကို ဧည့်ခန်းထဲတွင် တီဗီကြည့်ခိုင်းထားပြီး သူကတော့ အလုပ်ရှုပ်နေခဲ့သည်။

ယဲ့ချန်းမှာ သန့်ရှင်းရေးလုပ်ပြီးနောက် ဧည့်ခန်းထဲသို့ သွားထိုင်လိုက်သည်။

သူက ယွဲ့ယွဲ့ကိုကြည့်ကာ မေးလိုက်၏။

"မင်းက ဘာလို့ ဒီလောက်တောင် ပိုက်ဆံလိုနေရတာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်မမိဘတွေ နေမကောင်းလို့ ဆေးရုံတက်နေရတယ်လေ။ သူတို့ရဲ့ခွဲစိတ်စရိတ်နဲ့ ဆေးရုံစရိတ်တွေအတွက် ကျွန်မ ပိုက်ဆံလိုနေလို့ပါ"

ယွဲ့ယွဲ့၏ မျက်နှာအမူအရာကား အနည်းငယ် ဝမ်းနည်းသွားပုံရသည်။

ယဲ့ချန်းကမူ ခေါင်းသာညိတ်ပြပြီး ဘာမှဆက်မပြောတော့ပေ။

အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ အလွန်မိုးချုပ်နေပြီဖြစ်၏။

ယဲ့ချန်းက စောစောအိပ်ရန် အကြံပြုလိုက်လေရာ မိန်းကလေးများက အလှအပအတွက် အိပ်ရေးဝရန်လိုအပ်သဖြင့် သုံးယောက်စလုံး သဘောတူလိုက်ကြသည်။

လင်းဝမ်ယိုသည် လျူထျန်းနှင့် ယွဲ့ယွဲ့အတွက် အိပ်ခန်းများကို ကူညီပြင်ဆင်ပေးခဲ့သည်။

ယဲ့ချန်းနှင့် လင်းဝမ်ယိုတို့ တစ်ခန်းတည်းအိပ်ကြသည်ကို မြင်လိုက်ရသောအခါ လျူထျန်း၏ရင်ထဲတွင် သဝန်တိုစိတ်များ လွှမ်းမိုးသွားတော့သည်။

ရုပ်ရည်ပိုင်းရော အရည်အချင်းပိုင်းမှာပါ လင်းဝမ်ယိုထက် သူ(မ)က သာသည်ဟု ထင်ထားသော်လည်း ယဲ့ချန်းက အဘယ်ကြောင့်များ သူ(မ)ကို တစ်ချက်လေးပင် မကြည့်ရသလဲ။

လူ့စိတ်က ထိုသို့သာ။ တစ်ခုခုကို မရနိုင်လေလေ ပိုလိုချင်လေလေပင်။ အထူးသဖြင့် အချစ်ရေးနှင့်ပတ်သက်လာလျှင် ပိုဆိုးသည်။

သို့သော် ယဲ့ချန်းကို ဘယ်လိုပြောရမှန်း လျူထျန်း မသိပေ။ သူ(မ)က မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် ထိုသို့သောစကားမျိုးကို ပြောလိုက်လျှင် အထိန်းအကွပ်မရှိလွန်းသူဟု ထင်သွားနိုင်ပြီး ယဲ့ချန်းက သူ(မ)ကို ပေါ့ပြက်ပြက်နိုင်သော မိန်းကလေးတစ်ယောက်ဟု မြင်ကာ သူ(မ)အပေါ် ပို၍ပင်ဂရုမစိုက်ဘဲ နေသွားနိုင်သည်။

နောက်တစ်နေ့ မနက်စာစားပြီးနောက် လင်းဝမ်ယို အိမ်တွင်သာ နေရစ်ခဲ့သည်။

ယဲ့ချန်းကတော့ လျူထျန်းနှင့် ယွဲ့ယွဲ့တို့ကို ကားဖြင့် တစ်ယောက်ချင်းစီ အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။

ကားပေါ်ကဆင်းပြီးနောက် လျူထျန်း ပြောလိုက်၏။

"ယဲ့ချန်း.. ကျွန်မ ရှင့်ကိုလွမ်းရင် ဘယ်လိုလုပ်ရမလဲ"

"ကိုယ်က မင်း ဘယ်တော့မှ လက်လှမ်းမမီနိုင်မယ့် ယောကျ်ားတစ်ယောက်ပါ"

ယဲ့ချန်းက အဖြေမပေးဘဲ နောက်ပြောင်လိုက်သည်။

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကားစက်နှိုး၍ ထွက်သွားသဖြင့် လျူထျန်းတစ်ယောက်တည်း ဝမ်းနည်းပက်လက် ကျန်ရစ်ခဲ့သည်။

လျူထျန်းက ခြေဆောင့်ကာ ဒေါသတကြီး ပြောလိုက်၏။

"ယဲ့ချန်း.. ရှင် အနှေးနဲ့အမြန် ကျွန်မအပိုင် ဖြစ်လာစေရမယ်"

ယွဲ့ယွဲ့ကမူ နေရခက်စွာဖြင့် မှတ်ချက်ပေးလိုက်သည်။

"အစ်ကိုယဲ့ချန်း.. အစ်မလျူထျန်းက အစ်ကို့ကို အရမ်းသဘောကျနေမှန်း ကျွန်မ အတပ်သိတယ်"

"အဲဒီတော့ ဘာဖြစ်လဲ"

ယဲ့ချန်းကတော့ ပြုံးလျက် မေးလိုက်သည်။

"အဲဒါဆိုရင် အစ်ကိုတို့နှစ်ယောက် တွဲသင့်တာပေါ့"

ယွဲ့ယွဲ့က ယဲ့ချန်းကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

ယဲ့ချန်းက အလေးအနက်ပြောလိုက်လေသည်။

"ကိုယ်က သူ့ကို မထိခိုက်စေချင်ရုံပါ။ သူက မိန်းကလေးကောင်းတစ်ယောက်မို့ သူ့ဘဝအတွက် ပျော်ရွှင်မှုကို သူကိုယ်တိုင်ရှာသင့်တယ်"

ထိုစကားကို ကြားသောအခါ ယွဲ့ယွဲ့လည်း ဘာဆက်ပြောရမှန်း မသိတော့ပေ။

"အခု ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးမယ်လေ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ယွဲ့ယွဲ့၏မိဘများကို သွားကြည့်ပြီး သူ တတ်နိုင်သလောက် ကူညီပေးရန် ဆန္ဒရှိသည်။

ယဲ့ချန်းက သူတစ်ပါးကိစ္စတွင် ဝင်ပါတတ်သူမဟုတ်သော်လည်း ယွဲ့ယွဲ့လို မိန်းကလေးတစ်ယောက်အနေနှင့် တစ်ယောက်တည်း ရုန်းကန်နေရသည်ကို မတရားဘူးဟု ခံစားရသည့်အပြင် သူ(မ)၏ မိဘအပေါ်ထားသော သိတတ်မှုက သူ့ကို ထိရှသွားစေသည်။

"ရပါတယ်။ ကျွန်မ ဆေးရုံကို တက္ကစီငှားပြီးတော့ပဲ သွားလိုက်ပါ့မယ်။ အစ်ကိုယဲ့ချန်း အစ်ကို့ကိစ္စတွေပဲ သွားလုပ်လိုက်ပါ"

ယွဲ့ယွဲ့ကမူ ငြင်းလိုက်သည်။

သူ(မ)အနေနှင့် ယဲ့ချန်းကို ထပ်အလုပ်ရှုပ်အောင် လုပ်မိမည်ကို တကယ်အားနာလှသည်။

"အခု ကိုယ်က မင်းကို အလုပ်ခန့်ထားတာဆိုတော့ ကိုယ်က မင်းရဲ့သူဌေးပဲလေ။ သူဌေးတစ်ယောက်က သူ့ဝန်ထမ်းတွေကို ဂရုစိုက်သင့်တာပေါ့"

ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်ပြန်သည်။

ယဲ့ချန်းက ထိုသို့ပြောလာသောကြောင့် ယွဲ့ယွဲ့လည်း မငြင်းသာတော့ပေ။

ယွဲ့ယွဲ့ခမျာ အားနာနာဖြင့် ပြောလိုက်၏။

"အစ်ကိုယဲ့ချန်း.. အဲဒါဆိုလည်း ကျေးဇူးတင်ပါတယ်"

"မင်းက အရမ်းအားနာလွန်းတယ်။ ဘာလို့ ကိုယ့်အပေါ် အဲဒီလောက်ယဉ်ကျေးနေရတာလဲ"

ယဲ့ချန်းက ယွဲ့ယွဲ့ကိုကြည့်ကာ ပြောလိုက်သည်။

ယွဲ့ယွဲ့လည်း ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်မိသည်။ ယဲ့ချန်းက သူ(မ)ကို အများကြီး ကူညီပေးထားပြီးဖြစ်လေရာ သူ့ကို ထပ်ဒုက္ခမပေးချင်တော့ဘူးဟုသာ တွေးနေမိတော့သည်။

•••••••••••••••••••••

All Chapters