အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁)
ကျားမိသားစုတွင် ချင်ဟွိုင်ယွီသည် ကျားတုန်းရွှီကို ခုတင်ပေါ်တွင် ပက်လက်လှန်သိပ်ထားလိုက်ပြီး စောင်တစ်ထည်ပင် လွှမ်းခြုံမပေးထားပေ။ သူ အအေးပတ်သေဆုံးသွားစေရန် ဆန္ဒရှိနေသည့် ပုံပေါက်နေသည်။
သို့သော် ကျားတုန်းရွှီက ဆူပူကြိမ်းမောင်းရန် ပြင်ဆင်နေချိန်တွင်ပင် ရှားကျူးက အခန်းထဲသို့ ထပ်မံဝင်ရောက်လာသည်။ ထို့နောက် ရှားကျူးက ချေးငှားလာသော ငွေဆယ်ယွမ်ကို ချင်ဟွိုင်ယွီထံသို့ ပေးအပ်လိုက်သည်။
"အစ်မချင် ငွေချေးလို့ရခဲ့ပြီ၊ေနာက်ဆုံးတော့ ကြက်မကြီး ဝယ်လို့ရပြီပေါ့" ဟု ရှားကျူးက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
ချင်ဟွိုင်ယွီသည် အမူအရာမပျက်ဘဲ ငွေကို လှမ်းယူလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးရိပ်လေးများ ပြည့်နှက်သွားသည်။ ရှားကျူးသည် ချင်ဟွိုင်ယွီ ပြုံးလိုက်သည်ကို မြင်ပြီးနောက် ဤဘဝအတွက် တန်သွားပြီဟု ချက်ချင်း ခံစားလိုက်ရသည်။
"ရှားကျူး တကယ် ကျေးဇူးတင်ပါတယ်၊ နင့်ရဲ့ သတို့သမီးရွေးပွဲကိစ္စကို ငါ သေချာပေါက် ဂရုစိုက်ပေးပါ့မယ်"
ချင်ဟွိုင်ယွီက နူးညံ့စွာ ပြောဆိုလိုက်သည်။
"ဒီငွေဆယ်ယွမ်အတွက်တော့ တုန်းရွှီရဲ့ စာရင်းထဲမှာပဲ မှတ်ထားလိုက်မယ်၊ သူ နိုးလာတဲ့အခါကျရင် ငါ သူ့ကို ပြောပြလိုက်ပါ့မယ်"
ချင်ဟွိုင်ယွီ၏ အသံသည် ရေအလျဉ်ကဲ့သို့ နူးညံ့သိမ်မွေ့နေသည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ လျှင်မြန်စွာ တွက်ချက်နေ၏။ ကျားတုန်းရွှီသာ သေဆုံးသွားပါက ဤငွေဆယ်ယွမ်ကို သဘာဝကျကျပင် ပြန်ဆပ်ရန် လိုအပ်တော့မည်မဟုတ်ပေ။
ချင်ဟွိုင်ယွီက ထိုသို့ တွေးတောနေခြင်းကို အပြစ်တင်၍မရပေ။ ဤကာလအတွင်း ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။
ဦးလေးကြီးရီက သူမကို နှင်ထုတ်ရန် ဦးဆောင်နေပြီး သားဖြစ်သူ ပန့်ကန့်ကလည်း လူငယ်ထိန်းသိမ်းရေးစခန်းမှ ထွက်မလာနိုင်သေးပေ။ အိမ်ထောင်ဦးစီးဖြစ်သော အမျိုးသားကလည်း မကြာမီ သေဆုံးတော့မည်ဖြစ်သည်။
အားနွဲ့သော အမျိုးသမီးတစ်ဦးဖြစ်သည့် သူမသည် ကလေးများကို ပြုစုစောင့်ရှောက်ရုံသာမက ချန်မိသားစုအတွက် သန့်ရှင်းရေးသမားအဖြစ်လည်း လုပ်ကိုင်ပေးရမည်ဖြစ်ရာ အပိုသုံးရန်အတွက် ငွေအနည်းငယ် မချန်ထားဘဲ မည်သို့ နေနိုင်မည်နည်း။
သို့ရာတွင် ရှားကျူးကမူ ထိုမျှလောက်အထိ များများစားစား မတွေးတောထားပေ။ သူသည် ချင်ဟွိုင်ယွီ၏ အားနွဲ့နူးညံ့သော အသံကို ကြားလိုက်ရသဖြင့် ရင်ထဲတွင် ဝမ်းသာသွားသည်။
ဤငွေကို ကျားတုန်းရွှီ၏ စာရင်းတွင် မှတ်ထားသော်လည်း သူ့ထံမှ ပြန်ရနိုင်မည်ဟု မသေချာပေ။သို့သော် သူ့ဇနီး ချင်ဟွိုင်ယွီ၏ ရုပ်သွင်ကမူ တကယ်ကို ဆွဲဆောင်မှုရှိလှသည်။ ထိုနှစ်က ချင်ဟွိုင်ယွီ ခြံဝင်းအတွင်းသို့ လူတွေ့ရန် လာရောက်ချိန်တွင် ရှားကျူးသည် ချင်ဟွိုင်ယွီကို သဘောကျသွားခဲ့သည်။
ထိုအချိန်က သူသည် အလုပ်သင်တစ်ဦးသာဖြစ်ပြီး သူ၏ဖခင် ဟယ်တာ့ချင်ကလည်း မုဆိုးမတစ်ဦးနှင့် ထွက်ပြေးသွားခဲ့ကာ အိမ်တွင် ညီမဖြစ်သူ ဟယ်ယွီရွှိန်လည်း ရှိနေသေးသဖြင့် သူတို့၏အခြေအနေက ကျားမိသားစုလောက် မကောင်းမွန်ခဲ့ပေ။ ထို့ကြောင့် ချင်ဟွိုင်ယွီ ကျားတုန်းရွှီနှင့် လက်ထပ်သွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ယခု ချင်ဟွိုင်ယွီက သူ၏ သတို့သမီးရွေးပွဲကို ဂရုစိုက်ပေးမည်ဟု ကြားလိုက်ရချိန်တွင် ရှားကျူး၏ စိတ်ထဲ အစီအစဉ်တစ်ခု ရှိလာသည်။ အကယ်၍ မိတ်ဆက်ပေးလာသော မိန်းကလေးကို သဘောမကျပါက နောက်ဆုံးတွင် ချင်ဟွိုင်ယွီကို လက်ထပ်ရန် ကမ်းလှမ်း၍ ရနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျားတုန်းရွှီက ချင်ဟွိုင်ယွီကို လက်ထပ်ရန်အတွက် ငွေဆယ်ယွမ် သုံးစွဲခဲ့ရပြီး သူကိုယ်တိုင်က ကျားတုန်းရွှီအား အာဟာရကြေးအဖြစ် ငွေဆယ်ယွမ် ပေးထားသဖြင့် ၎င်းကို တင်တောင်းငွေအဖြစ် သတ်မှတ်၍ ရနိုင်သည်။ ဤအရောင်းအဝယ်သည် လုံးဝ အရှုံးမပေါ်နိုင်ပေ။
"အစ်မချင်ကပဲ ငါ့အပေါ် ကောင်းတယ်၊ ငါ့ရဲ့ တစ်သက်တာကိစ္စကို စိတ်ပူပေးတတ်လို့လေ"
ရှားကျူးက ရယ်မောကာ ပြောလိုက်သည်။
ချင်ဟွိုင်ယွီ၏ မျက်ဝန်းများ အရောင်လက်သွားပြီး ရှားကျူးဟူသော ဤလူအေးကြီးထံမှ အကျိုးအမြတ်အချို့ ထပ်မံရယူနိုင်သေးသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ချစ်စဖွယ် ပြုံးလိုက်ပြီးနောက် မေးလိုက်သည်။
"ဒါဆို နင်က ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတာလဲ"
ချင်ဟွိုင်ယွီ၏ စကားကို ကြားသောအခါ ရှားကျူး၏ ရင်ထဲတွင် ပန်းများ ပွင့်လန်းသွားသကဲ့သို့ ပျော်ရွှင်သွားသည်။ ချင်ဟွိုင်ယွီက သူ ဘယ်လိုမိန်းကလေးမျိုးကို သဘောကျသလဲဟု မေးလာခြင်းမှာ သူ့အပေါ် ဂရုစိုက်ကြောင်း ရှင်းလင်းစွာ ပြသနေသည့် လုပ်ရပ်ပင်ဖြစ်သည်။ သို့သော် ရှားကျူးက မျက်နှာပျက်ခံလိုစိတ်မရှိသဖြင့် သဘာဝကျစွာပင် သူ၏ ရင်တွင်းစကားများကို ထုတ်ပြောမည်မဟုတ်ပေ။
သူက ချင်ဟွိုင်ယွီကို စူးစိုက်ကြည့်နေပြီး ဂရုမစိုက်ဟန်ရှိသော လေသံဖြင့် ပြောလိုက်သည်။
"ဘာ ငါ ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတာလဲဆိုတော့… ငါ ဘယ်လိုပုံစံကို သဘောကျလဲဆိုတာ အစ်မချင် စိတ်ထဲမှာ မရှင်းလင်းသေးဘူးလား"
မျက်မမြင်တစ်ဦး မဟုတ်ပါက ရှားကျူး သဘောကျနေသည်မှာ ချင်ဟွိုင်ယွီဖြစ်ကြောင်း မည်သူမဆို သိမြင်နိုင်သည်။ သို့သော် ချင်ဟွိုင်ယွီသည် ငါးမွေးရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ရှားကျူးကို အလွယ်တကူ ရယူခွင့်ပေးလိုက်ပါက သူ့ထံမှ အကျိုးအမြတ်များကို မည်သို့ ရယူနိုင်တော့မည်နည်း။
"ရှားကျူးရယ် နင့်ကို ဘာပြောရမလဲ၊ တကယ်ပဲ အနေအေးလွန်းတယ်၊ ငါ့လို မိန်းမတစ်ယောက်က နင်တို့ ယောက်ျားတွေ ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
ချင်ဟွိုင်ယွီက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ဤမျက်စောင်းတစ်ချက်ကပင် ချောမောသော မုဆိုးမတစ်ဦး၏ ဆွဲဆောင်မှု အရသာအချို့ ပါဝင်နေဆဲပင် ဖြစ်သည်။
သို့သော် ချင်ဟွိုင်ယွီနှင့် ရှားကျူးတို့ မသိသည်မှာ ယခု ထိုအရာအားလုံးကို ခုတင်ပေါ်တွင် လဲနေသော ကျားတုန်းရွှီက အလွန်ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရခြင်းပင်ဖြစ်သည်။
မူလကတည်းက ခန္ဓာကိုယ်နေမကောင်းဖြစ်နေသော ကျားတုန်းရွှီသည် ချက်ချင်းပင် ဒေါသထွက်လွန်းသဖြင့် နဖူးရှိ သွေးကြောများပင် ထောင်ထလာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝူတာ့လန်၏ ထိုနှစ်က ခံစားချက်ကို နောက်ဆုံးတွင် နားလည်ခံစားလိုက်ရသောကြောင့်ပင်ဖြစ်သည်။
မဟုတ်ဘူး…ဝူတာ့လန်ထက်ပင် ပို၍ ဆိုးရွားနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဝူတာ့လန်သည် အနည်းဆုံးတော့ အိမ်ထဲတွင် ဖန်ကျင်းလျန်နှင့် ရှီးမင်ချင့်တို့ကို ပက်ပင်းမမိခဲ့ပေ။ သို့သော် ချင်ဟွိုင်ယွီနှင့် ရှားကျူးတို့ကမူ သူ၏ မျက်စိရှေ့မှောက်တွင်ပင် မျက်စပစ်ပြနေကြခြင်းဖြစ်သည်။
ကျားတုန်းရွှီ၏ စိတ်ထဲတွင် မည်မျှလောက် ခံစားရခက်နေမည်ကို တွေးကြည့်၍ ရနိုင်သည်။ ချက်ချင်းပင် သူသည် ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"သေသင့်တဲ့ မိန်းမယုတ်"
"မင်းတို့တွေ သွားသေလိုက်ကြ"
"သွားသေလိုက်"
ကျားတုန်းရွှီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ချင်ဟွိုင်ယွီနှင့် ရှားကျူးတို့ နှစ်ဦးစလုံး လန့်ဖျပ်သွားခဲ့ကြသည်။ သို့သော် အလင်းရောင်နှင့် မထိုက်တန်သော မည်သည့်ကိစ္စမျှ မလုပ်ထားကြောင်း တွေးမိသောအခါ သူတို့နှစ်ဦးလည်း လျင်မြန်စွာပင် သတိပြန်ဝင်လာခဲ့ကြသည်။
ရှားကျူးက ချင်ဟွိုင်ယွီ သူ့အား သတို့သမီး မိတ်ဆက်ပေးမည်ကို မျှော်လင့်နေသော်လည်း ရလဒ်အနေဖြင့် ကျားတုန်းရွှီက သူ့အား ကံဆိုးမှုများသာ ရှာဖွေပေးနေသည်။ ထို့ကြောင့် သူက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"တော်တော့ ကျားတုန်းရွှီ ၊မင်းက ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်နေပြီပဲ၊ လျှောက်အော်မနေနဲ့၊တခြားလူတွေက ငါ မင်းကို မဟုတ်တာလုပ်နေတယ်လို့ ထင်သွားဦးမယ်"
ကျားတုန်းရွှီသည် ရှားကျူး၏ ဤစကားကို ကြားသောအခါ ရင်ထဲတွင် ပို၍ပင် ဒေါသထွက်သွားသည်။ ရှားကျူးသည် သူ့ဇနီးကို ပေါ်တင်ကြီး သွေးဆောင်ဖြားယောင်းနေပြီး ယခု ဤနေရာတွင် သူ့အား မခန့်လေးစားစကားများ ပြောဆိုနေသေးသည်။
ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်နေခြင်းကိုပင် အသုံးပြု၍ သူ့အား လှုံ့ဆော်တိုက်ခိုက်နေသေးသည်။ ဤတစ်ကြိမ်တွင်မူ သူ၏ သွေးပေါင်ချိန်များ ချက်ချင်းပင် မြင့်တက်သွားသည်။
"ငါ တိုင်ကြားမယ်…မင်းတို့ ခွေးနှစ်ကောင်လုံး သေဖို့သာ ပြင်ထားတော့"
ကျားတုန်းရွှီက သူ၏ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ပြီးနောက် ရှားကျူး အလျှော့ပေးသွားမည်ဟု ထင်မှတ်သွားသည်။ သို့သော် ရှားကျူးက လုံးဝ ကြောက်ရွံ့သွားခြင်းမရှိလေဘဲ ဆန့်ကျင်ဘက်အနေဖြင့် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး သူ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"ကျားတုန်းရွှီ မင်းလို အသုံးမကျတဲ့ကောင်က ငါ့ဆီက စားတယ်၊ ငါ့ဟာတွေ သုံးတယ်ဆိုရင်တောင် ထားလိုက်ပါတော့"
"မင်းရဲ့ သားသမီးတွေနဲ့ အမေအိုကြီးကိုတောင် ငါက ကျွေးမွေးစောင့်ရှောက်ပေးနေရတာ၊ မင်းလို အသုံးမကျတဲ့ကောင်က စကားပြောဖို့ ဘာအရည်အချင်းရှိလို့လဲ"
"ငါကြည့်ရတာတော့ မင်း ယောက်ျား မလုပ်နဲ့တော့… မင်းမိန်းမကိုပဲ ငါ့ကို ပေးပြီး ကျွေးမွေးခိုင်းလိုက်တာ ပိုကောင်းမယ်"
"ငါ မင်းကို ပြောလိုက်မယ်၊ ဒီမှာ လာပြီး ပြဿနာမရှာနဲ့၊ ချင်ဟွိုင်ယွီက မင်းကို သနားလို့သာ… မဟုတ်ရင် ငါက မင်းအတွက် အာဟာရကြေး စုပေးပါ့မလား၊ ငါက မင်းကို ပါးမရိုက်တာပဲ ကျေးဇူးတင်သင့်တယ်"
ရှားကျူးသည် ကျားတုန်းရွှီကြောင့် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီဖြစ်သည်။ ယခင်က သူ့သားအတွက် အပြစ်အစားခံပေးခဲ့ခြင်းဖြစ်စေ၊ ယခု သူ့အတွက် အာဟာရကြေး စုဆောင်းပေးခြင်းဖြစ်စေ ကျားတုန်းရွှီဟူသော ဤအသုံးမကျသည့်သူက သူ့ကို ကြည့်မရခဲ့ပေ။
အကယ်၍ သူကိုယ်တိုင်က ကျားမိသားစုထံမှ အခွင့်အရေးယူခဲ့ပါက ပြသနာမရှိသော်လည်း ယခုမှာမူ ကျားမိသားစုကသာ သူ့ထံမှ အခွင့်အရေးယူနေခဲ့ခြင်းဖြစ်ပြီး ကျားတုန်းရွှီက သူ့အား မျက်နှာကောင်းပင် မပြသေးပေ။ ဤသည်ကို မည်သူက သည်းခံနိုင်မည်နည်း။
ထို့အပြင် ဤတစ်ကြိမ်တွင် ချင်ဟွိုင်ယွီက သူ၏ တစ်သက်တာကိစ္စကို ဖြေရှင်းပေးရန် ရှင်းလင်းစွာ ကူညီပေးနေခြင်းဖြစ်သည်။
ဒါကိုဒီကောင်က အဆုံးမရှိ ဟောင်နေသေးတယ်…
ဒီကောင် အသက်ရှင်နေတာကတောင် လူကို ရွံရှာစေတယ်…
ထို့ကြောင့် ရှားကျူးကလည်း နောက်ဆုတ်မနေတော့ဘဲ သူ၏သဘောထားကို ရှင်းလင်းစွာ ပြသလိုက်ပြီး ကျားတုန်းရွှီ သေဆုံးသွားသည်နှင့် ချင်ဟွိုင်ယွီကို လက်ထပ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
ချင်ဟွိုင်ယွီသည် ရုတ်တရက် ဒေါသပေါက်ကွဲသွားသော ရှားကျူးကို ကြည့်ကာ ရင်ထဲတွင်လည်း ကြက်သေသေသွားသည်။ သူမက ရှားကျူးအတွက် သတို့သမီး မိတ်ဆက်ပေးမည်ဟု ပြောခဲ့သော်လည်း သူ့ကို လက်ထပ်မည်ဟု မပြောခဲ့ပေ။
ကျားတုန်းရွှီ သေဆုံးသွားလျှင်ပင် သူမ၏ ဒုတိယအိမ်ထောင်အဖြစ် ရှားကျူးနှင့် အတူမနေလိုပေ။ ရှားကျူး ရုပ်ဆိုးသည်ကို မပြောနှင့်ဦး…အရေးအကြီးဆုံးမှာ အရည်အချင်းမရှိခြင်းပင်ဖြစ်သည်။ ယခု အလုပ်သွားရာတွင် စားစရာ ယူလာ၍မရသည့်အပြင် လစာလည်း ဖြတ်ခံထားရပြီး နဂိုအတိုင်း ပြန်ဖြစ်သွားလျှင်ပင် မူလအဆင့်သို့ ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။
သူ၏ တစ်ဘဝလုံးသည် ထိုအတိုင်းပင် ဖြစ်သွားတော့မည်ဖြစ်သည်။ ထိုကဲ့သို့ အရည်အချင်းမရှိသော အမျိုးသားမျိုးကို ချင်ဟွိုင်ယွီ ခြံဝင်းအတွင်းသို့ စတင်ရောက်ရှိလာချိန်ကတည်းက အထင်မကြီးခဲ့ပေ။ ယခု သူသည် အရည်အချင်းမရှိရုံသာမက အသက်လည်း ကြီးနေပြီဖြစ်ရာ မည်သို့ သဘောကျနိုင်မည်နည်း။
ရှားကျူး၏ သတို့သမီးရွေးပွဲကိစ္စကို သဘောတူခဲ့ရခြင်းမှာ ကျေးရွာမှ မိန်းကလေးတစ်ဦးကို မိတ်ဆက်ပေးကာ သူ့အား လှည့်စားရန် ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။ သို့သော် ဤအချိန်တွင် စကားစပြောပါက ရှားကျူးကို လှုံ့ဆော်သကဲ့သို့ ဖြစ်မည် သို့မဟုတ် ကျားတုန်းရွှီကို လှုံ့ဆော်သကဲ့သို့ ဖြစ်မည်ဟု ပြန်တွေးမိသည်။
ထို့ကြောင့် သူမသည် ခေါင်းငုံ့ကာ မျက်လုံးများ နီရဲလျက် စကားတစ်ခွန်းမျှ မဟဘဲ ကြီးမားသော မတရားမှုကြီး ခံစားထားရသည့် ပုံဖမ်းနေသည်။
ကျားတုန်းရွှီသည် ချင်ဟွိုင်ယွီက အနည်းငယ်မျှပင် တုံ့ပြန်ပြသခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသထွက်လွန်းသဖြင့် ဦးရေပြားများပင် ထုံကျဉ်သွားသည်။
သူ၏အမြင်တွင် ချင်ဟွိုင်ယွီ စကားမပြောခြင်းသည် တိတ်ဆိတ်စွာ ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်။ အလွန်အမင်း မွန်းကျပ်နေသော ကျားတုန်းရွှီသည် ကောင်းကင်သို့ မော့ကာ အော်ဟစ်ရုံသာ တတ်နိုင်သည်။
"မိန်းမယုတ်"
"ငါက ဘယ်လိုလုပ်ပြီး မင်းလို မိန်းမယုတ်ကို လက်ထပ်မိရတာလဲ"
"သေလိုက်တော့"
"အကုန်လုံး သေလိုက်ကြတော့"
"ပန့်ကန့်က မင်းနဲ့ ရှားကျူးတို့ မွေးထားတာ မဟုတ်လား"
"ရှောင်တန်းနဲ့ ဟွိုင်ဟွားလည်း ပါသေးတယ်"
"အကုန်လုံး မင်းနဲ့ အပြင်က ယောက်ျားတွေနဲ့ ရထားတာတွေ မဟုတ်လား"
"ဟားဟားဟား"
ကျားတုန်းရွှီသည် ဒေါသတကြီး ဖြစ်နေသလို သနားဖွယ်ကောင်းစွာလည်း ရယ်မောလိုက်ရာ အနည်းငယ် စိတ်လွတ်နေသည့် ပုံပေါက်နေသည်။ ဘေးနားရှိ ရှောင်တန်းနှင့် ဟွိုင်ဟွားတို့သည် ကျားတုန်းရွှီ ရူးသွပ်သွားသည့် ပုံစံအား မြင်တွေ့လိုက်ရသဖြင့် သူတို့နှစ်ဦးမှာ ကြောက်ရွံ့ကာ ဖက်၍ ကျယ်လောင်စွာ ငိုကြွေးကြတော့သည်။ ကျားမိသားစုအိမ်တစ်အိမ်လုံး ရှုပ်ထွေးကာ ပွက်လောရိုက်သွားသည်။
ချင်ဟွိုင်ယွီသည် အလွန်ပင် စိတ်ပင်ပန်းနေပြီး ရှေ့သို့ တိုးကာ ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ဖက်ထားရင်း မိမိ၏ ကလေးများကို ပြုစုစောင့်ရှောက်ရုံသာ တတ်နိုင်တော့သည်။ ရှားကျူးသည် ကျားတုန်းရွှီ၏ ရူးသွပ်နေသော စကားများကို ကြားရသောအခါ ကျားမိသားစုအိမ်တွင် ဆက်မနေလိုတော့ပေ။
"အစ်မချင် ဒီကျားတုန်းရွှီ ရူးသွားပြီ…ကလေးတွေကို ခေါ်ပြီး ငါ့အခန်းမှာ သွားအိပ်ကြရအောင်"
ချင်ဟွိုင်ယွီ လုံးဝ ငြင်းဆန်မည်မဟုတ်ဟု ရှားကျူးက ထင်မှတ်ထားသည်။ သို့သော် အချိန်အတော်ကြာ စကားမပြောဘဲနေသော ချင်ဟွိုင်ယွီက အေးစက်စွာဖြင့် စကားစပြောလာသည်။
"မလိုတော့ဘူး ငါ ချန်မိသားစုဆီပဲ သွားမယ်"