အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂)
ချင်ဟွိုင်ယွီ ထိုစကားများ ပြောဆိုပြီးနောက် ရှားကျူးသည် ကြက်သေသေသွားသည်။ ကျားတုန်းရွှီလည်း ကြက်သေသေသွား၏။ သူတို့နှစ်ဦးစလုံး ထိုအခါမှသာ သတိပြန်ဝင်လာခဲ့ကြသည်။
တကယ်တော့ ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် တွေးတောနေသည်မှာ ကျားမိသားစုမဟုတ်သလို ဟယ်မိသားစုလည်း မဟုတ်ဘဲ သူတို့ကို အထင်အမြင်သေးသော ချန်မိသားစုပင် ဖြစ်နေသည်။
"ချန်မိသားစု ဟုတ်လား…မင်း ချန်မိသားစုဆီ သွားပြီး ဘာလုပ်မလို့လဲ"
ရှားကျူးက အလျင်စလို ရှေ့တိုးကာ မေးမြန်းလိုက်သည်။
ကျားတုန်းရွှီလည်း ဆက်၍ ရန်မဖြစ်တော့ဘဲ ချင်ဟွိုင်ယွီ၏ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
"ချန်ကောဟွား အလုပ်ဆင်းပြီလေ၊ ငါ… ငါ သူ့အတွက် အိမ်မှုကိစ္စတွေ လုပ်ပေးရဦးမယ်"
ချင်ဟွိုင်ယွီက ခေါင်းငုံ့ထားပြီး တတ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျားတုန်းရွှီ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားသည်။
တယ်လည်း ဟုတ်ပါလား…
ဒီချင်ဟွိုင်ယွီက တကယ်ကို ရဲရဲတင်းတင်း ပြောရဲတယ်…
အကယ်၍ ရှားကျူးအိမ်သို့ သွားမည်ဟု ပြောပါက သူ ဒေါသထွက်မည်ဖြစ်သော်လည်း ရှားကျူးထံမှ အကျိုးအမြတ် ရရှိထားသဖြင့် အဆိုးဆုံးအခြေအနေတွင်ပင် လက်ခံပေးလိုက်နိုင်သေးသည်။ သို့သော် ယခု ချင်ဟွိုင်ယွီသည် တကယ်ကို ရဲရဲတင်းတင်းပင် ချန်မိသားစုထံသို့ သွားမည်ဟု ပါးစပ်မှ ထပ်တလဲလဲ ပြောဆိုနေသည်။
ချန်မိသားစုသည် သူ၏ ကျားမိသားစုကို ကူညီထောက်ပံ့ခဲ့ခြင်း မရှိသည့်အပြင် ကျားမိသားစု၏ ဆန့်ကျင်ဘက်တွင် အမြဲတမ်း ရပ်တည်နေခဲ့ခြင်းဖြစ်ကာ သေချာပေါက်ပင် ရန်သူများ ဖြစ်ကြသည်။
သို့သော် ယခု ချင်ဟွိုင်ယွီသည် ချန်မိသားစုအတွက် အစေခံတစ်ကြိမ် လုပ်ပေးရုံမျှဖြင့် သူ့အပေါ်ကို အမြဲတမ်း သတိရနေတော့မည် ဖြစ်ပြီး ချန်မိသားစုအတွက် အစေခံလုပ်ရန် လိုလားသော်လည်း သူ ကျားတုန်းရွှီကိုမူ ပြုစုစောင့်ရှောက်ရန် ဆန္ဒမရှိပေ။
ကျားတုန်းရွှီ၏ အမြင်တွင် ဤချင်ဟွိုင်ယွီသည် မျက်နှာပြောင်တိုက်ကာ သူ အမုန်းဆုံး အမျိုးသားနှင့် ဖောက်ပြန်ရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ ဤသည်က သူ၏ ဇနီးအား ရှားကျူးနှင့် ပေါင်းဖက်ရန် မိတ်ဆက်ပေးရသည်ထက်ပင် ပို၍ ခံစားရခက်သေးသည်။
သူ၏ ရှေ့မှောက်ရှိ ခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် ချင်ဟွိုင်ယွီကို ကြည့်ကာ ကျားတုန်းရွှီ၏ ရင်ထဲတွင် ရွံစရာကောင်းသည်ဟုသာ ခံစားနေရသည်။
"ကောင်းပြီလေ ချင်ဟွိုင်ယွီ"
"ချန်ကောဟွားမိသားစု ဘဝအခြေအနေကောင်းနေတာကို မြင်တော့ အခု ငါနဲ့ ပေါင်းရတာ နောင်တရနေပြီလား"
"တကယ်ကို အောက်တန်းကျတဲ့ ခွေးမပဲ"
ကျားတုန်းရွှီသည် ဒေါသထွက်လွန်း၍ ခေါင်းပင် ကိုက်လာပြီး ပါးစပ်ဟလိုက်သည်နှင့် လှောင်ပြောင်သရော်သောစကားများကိုသာ ပြောဆိုနေသည်။
သူ၏ အမြင်တွင် ချင်ဟွိုင်ယွီသည် ငွေမက်ကာ သနားစရာကောင်းအောင်ဟန်ဆောင်တတ်သူ တစ်ဦးသာဖြစ်သည်။ ငွေအတွက်ဆိုလျှင် အောက်ခြေလွတ်သည့် ကိစ္စများကိုပင် လုပ်ဆောင်နိုင်သည်။ အခြားသူများ၏ ကိုယ်ချင်းစာစိတ်ကို ရရှိရန်အတွက် အချိန်မရွေး နေရာမရွေး သနားစရာကောင်းေအာင်ဟန် ဆောင်နိုင်သည်။
ချင်ဟွိုင်ယွီ ပြောဆိုခဲ့သော ဤစကားများသည် ချန်မိသားစုတွင် သနားစရာကောင်းအောင် ထပ်မံဟန်ဆောင်ကာ ချန်ကောဟွား၏ ကိုယ်ချင်းစာစိတ်ကို ရယူပြီး သူ၏စိတ်ကို ပြောင်းလဲစေကာ သူမအား အကျိုးအမြတ်အနည်းငယ် ပေးလာစေရန် ရည်ရွယ်ထားခြင်းမှာ အသေအချာပင်ဖြစ်သည်။ ကျားတုန်းရွှီက ထိုသို့ တွေးတောလိုက်သည်။
ကျားတုန်းရွှီက ရင်တွင်းအကြံအစည်များကို ဖွင့်ချလိုက်သော်လည်း ချင်ဟွိုင်ယွီက ဒေါသမထွက်ဘဲ မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။
"တုန်းရွှီ နင် ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလို ပြောရက်ရတာလဲ"
"ငါ ချန်မိသားစုမှာ အစေခံသွားလုပ်ရတာ နင် ချန်ကောဟွားကို ကတိပေးခဲ့လို့ မဟုတ်ဘူးလား"
"ယောက္ခမကြီးက အခု အလုပ်ကြမ်းနဲ့ ထောင်ကျနေတာ၊ ဘယ်နှစ်နှစ်နေမှ ပြန်လွတ်လာမလဲဆိုတာ မသိရဘူး၊ ပန့်ကန့်ကလည်း လူငယ်ထိန်းသိမ်းရေးစခန်းကနေ ဘယ်တော့ ပြန်လာမလဲဆိုတာ ပိုပြီးတောင် မသိရသေးဘူး"
"ပြောရမယ်ဆိုရင် အကုန်လုံးက နင် အရင်တုန်းက ချန်ကောဟွားကို သွားစော်ကားခဲ့လို့ပဲ၊ မဟုတ်ရင် အိမ်က ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားမှာလဲ"
ချင်ဟွိုင်ယွီသည် နစ်နာသည့်ဟန်ဖြင့် ပြောဆိုနေရင်း ရင်ခွင်ထဲတွင် ငိုကြွေးနေသော သမီးနှစ်ဦးကိုလည်း နှစ်သိမ့်ပေးနေသည်။
ချင်ဟွိုင်ယွီ၏ ချေပစကားများကြောင့် ကျားတုန်းရွှီက ဒေါသထွက်လွန်း၍ ကြောင်အသွားသည်။
သူသည် ချင်ဟွိုင်ယွီကို လက်ထပ်ခဲ့မိသည့်အတွက် ဤမျှလောက်အထိ နောင်တရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပြည့်တန်ဆာလုပ်ပြီး ဂုဏ်ပြုမုခ်ဦး တည်ဆောက်ချင်နေသေးသည်။ ထိုစဉ်က ဘာကြောင့်များ ဤမျှလောက် အောက်တန်းကျကျဖြင့် ချင်ဟွိုင်ယွီကို လက်ထပ်ခဲ့မိသနည်း။
ထိုအခိုက်အတန့်တွင် ကျားတုန်းရွှီသည် ခုတင်ပေါ်တွင် လဲနေပြီး စကားတစ်ခွန်းမျှပင် မပြောလိုတော့ပေ။
သို့သော် ကျားတုန်းရွှီ ဒေါသထွက်ကာ ကြောင်အသွားသည်နှင့် မတူဘဲ ဘေးနားရှိ ရှားကျူးကမူ ချင်ဟွိုင်ယွီကို သနားကြင်နာစွာဖြင့် ကြည့်ရှုနေသည်။ ချင်ဟွိုင်ယွီသည် ဤမျှလောက်အထိ သနားစရာကောင်းအောင် နေထိုင်နေရမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ကျားတုန်းရွှီက ချင်ဟွိုင်ယွီအား ချန်မိသားစုထံသို့ သွားကာ ကျားမိသားစုအတွက် အပြစ်ဖြေခိုင်းခြင်းကပင် လုံလောက်အောင် အရှက်မဲ့နေပြီဖြစ်သည်။ ယခု သူနှင့် ချင်ဟွိုင်ယွီတို့၏ ကောင်းမွန်သော နေ့ရက်များကိုပါ နှောင့်ယှက်နေသေးသည်။ ကျားတုန်းရွှီဟူသော ဤလူယုတ်မာလေးက သေသင့်ပေသည်။
ချင်ဟွိုင်ယွီက ချန်ကောဟွားအပေါ် စိတ်ကူးမရှိဟု ပြောဆိုခြင်းနှင့်ပတ်သက်၍ ရှားကျူးသည် ချင်ဟွိုင်ယွီကို လုံးဝ ယုံကြည်နေသည်။ သိထားရမည်မှာ သူက ချင်ဟွိုင်ယွီအတွက် ဤမျှလောက် များပြားစွာ ပေးဆပ်ထားသည်။ သို့သော် ချန်ကောဟွားကမူ သူမကို ဂရုမစိုက်သည့်အပြင် အချိန်မရွေး ပန့်ကန့်ကိုပါ ထိခိုက်နစ်နာစေသည်။ ချင်ဟွိုင်ယွီက ချန်ကောဟွားအပေါ် မည်သို့ သဘောကျစိတ် ရှိနိုင်မည်နည်း။ ဤအခြေအနေတွင် ရှားကျူးကလည်း အလျင်စလို နှစ်သိမ့်ပေးလိုက်သည်။
"ဟွိုင်ယွီ မင်း ချန်မိသားစုကို မကြောက်နဲ့၊ ငါရှိနေသရွေ့ ချန်ကောဟွား မင်းကို လုံးဝ မထိရဲစေရဘူး"
ရှားကျူးက ရင်ဘတ်ကိုပုတ်ကာ ချင်ဟွိုင်ယွီအား အာမခံလိုက်သည်။
"ရှားကျူး နင်က လူကောင်းတစ်ယောက်ပါ"
ချင်ဟွိုင်ယွီက အားနည်းစွာဖြင့် ဖြည့်စွက်ပြောဆိုလိုက်သည်။
"ဒါပေမဲ့ မနက်တုန်းက ငါ ချန်မိသားစုကို ကတိပေးထားခဲ့တယ်၊ ပြီးတော့ ပန့်ကန့်အတွက်လည်း သူ့အကူအညီ လိုအပ်နေသေးတယ်လေ ၊ဘယ်လိုလုပ် မသွားဘဲ နေလို့ရမှာလဲ"
ချင်ဟွိုင်ယွီက ယနေ့မနက်ပိုင်းတွင် ချန်ကောဟွားသည် ချင်ကျင်းယွီအပေါ် အလွန်အမင်း အလေးထားနေသည့် ပုံစံကို တွေးတောမိလိုက်သည်။ ဤသည်က သူမ၏ ရင်ထဲတွင် အလွန်အမင်း ခံစားရခက်စေသည်။
သူမတွင် ဤကဲ့သို့သော ခံစားချက်မျိုးရှိနေခြင်းမှာ နားလည်ရ အလွန်လွယ်ကူသည်။ အခြားသူများ ဘဝအခြေအနေကောင်းနေသည်ကို ကြည့်နေရခြင်းက မိမိကိုယ်တိုင် သနားစရာကောင်းအောင် နေထိုင်ရသည်ထက်ပင် ပို၍ ခံစားရခက်သည်။ အထူးသဖြင့် ချန်ကောဟွား ထွက်သွားပြီးနောက် ချင်ကျင်းယွီက သူမအား အလုပ်လုပ်ရန် အမိန့်ပေးခိုင်းစေနေခဲ့ခြင်းပင်ဖြစ်သည်။
ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် ချင်ကျင်းယွီသည် သူမ၏ ကောင်းမွန်သော နေ့ရက်များကို လုယူသွားသည့် တရားခံပင်ဖြစ်သည်။ အထူးသဖြင့် သူမကိုယ်တိုင် ကျားမိသားစုတွင် နေထိုင်ရသည်မှာ တစ်ရက်မျှပင် ကောင်းမွန်သော နေ့ရက်မျိုး မရှိသည်ကို တွေးမိသောအခါ ပို၍ပင် ဆိုးရွားလှသည်။
ထို့ကြောင့် သူမသည် ထိုနှစ်က သတို့သမီးရွေးပွဲတွင် ချန်ကောဟွားက သူမကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ခြင်း မရှိသည်ကို အပြစ်တင်ရုံသာမက ချင်ကျင်းယွီက သူမ၏ ကောင်းမွန်သော အိမ်ထောင်ရေးကို လုယူသွားသည်ဟုလည်း အပြစ်တင်နေသည်။ သူမ၏ ဘဝနေ့ရက်များသည် ဆက်လက်ဖြတ်သန်းရန် မဖြစ်နိုင်တော့ပေ။
လက်ရှိအချိန်တွင် ကျားကျန်းရှီလည်း အိမ်တွင် မရှိသလို သူမထံတွင်လည်း ငွေအနည်းငယ် ရှိနေပြီဖြစ်ရာ တကယ်တမ်း အဆင်မပြေပါက ကျားတုန်းရွှီနှင့် ကွာရှင်း၍ ရနိုင်သည်။ သူမနှင့် ကျားတုန်းရွှီတို့ပင် ကွာရှင်းနိုင်သေးလျှင် ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့ကကော အဘယ်ကြောင့် ကွာရှင်း၍ မရနိုင်မည်နည်း။
ချန်မိသားစု၏ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်နိုင်ပါက သူမကိုယ်တိုင် နေရာဝင်ယူနိုင်မည့် အခွင့်အရေး ရကောင်းရနိုင်သည်။ အကယ်၍ သူမသာ ချန်ကောဟွား၏ ဇနီး ဖြစ်လာနိုင်ပါက ပန့်ကန့်လည်း သူ၏သား ဖြစ်လာတော့မည်ဖြစ်သည်။
ချန်ကောဟွားက ပန့်ကန့် လူငယ်ထိန်းသိမ်းရေးစခန်းတွင် ရှိနေသည်ကို မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။ ထိုသို့ စိတ်ထဲတွင် တွေးတောနေရင်း ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် ကနဦး အစီအစဉ်တစ်ခု ရှိနေခဲ့ပြီဖြစ်သည်။
"ချင်ကျင်းယွီ နင် ဒီနေ့ ငါ့ရှေ့မှာ ရဲရဲတင်းတင်း ဂုဏ်မောက်ပြရဲတယ်ပေါ့…နင် ဘယ်နှစ်ရက်လောက် ဂုဏ်မောက်နိုင်သေးလဲဆိုတာ ငါ ကြည့်နေမယ်"
ချင်ဟွိုင်ယွီ စိတ်ထဲမှ ထိုသို့ တွေးတောလိုက်သည်။ အစီအစဉ်ရရှိသွားပြီးနောက် ချင်ဟွိုင်ယွီသည် ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ပွေ့ချီကာ ကျားမိသားစုအိမ်မှ ထွက်ခွာသွားသည်။
ရှားကျူးက ချင်ဟွိုင်ယွီ ကလေးများကို ခေါ်ဆောင်ကာ ထွက်သွားသည်ကို မြင်သောအခါ ကျားမိသားစုအိမ်တွင် ကျားတုန်းရွှီနှင့်အတူ ဆက်လက်နေထိုင်လိုစိတ် မရှိတော့သဖြင့် သဘာဝကျစွာပင် အလျင်စလို နောက်မှ လိုက်သွားသည်။
ဟာလာဟင်းလင်းဖြစ်နေသော ကျားမိသားစုအိမ်တွင် ဒေါသထွက်လွန်း၍ ကြောင်အသွားသော ကျားတုန်းရွှီတစ်ယောက်တည်းသာ ဝမ်းနည်းပူဆွေးစွာ ကျန်ရစ်နေခဲ့တော့သည်။
……
သူတို့လူစု ခြံဝင်းအတွင်းသို့ ရောက်ရှိလာပြီးနောက် ချင်ဟွိုင်ယွီက ကလေးများကို ချထားလိုက်ပြီး ရှားကျူးအား ပြောလိုက်သည်။
"ရှားကျူး ငါ ဒီည တကယ် ချန်မိသားစုဆီ သွားပြီး သန့်ရှင်းရေးလုပ်ပေးရမှာ၊ ဒီလိုလုပ်လိုက် ရှောင်တန်းနဲ့ ဟွိုင်ဟွားကို နင့်ဆီ အရင်သွားခိုင်းလိုက်မယ်၊ နင့်ရဲ့ အိမ်ထောင်ရေးကိစ္စကို နောက်မှ ငါ နင်နဲ့ ဆွေးနွေးမယ်လေ"
ချင်ဟွိုင်ယွီ၏ ဤစကားကို ကြားသောအခါ ရှားကျူး၏ ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ချင်ဟွိုင်ယွီသည် ဟယ်မိသားစုသို့ ဒုတိယအိမ်ထောင်အဖြစ် ပြောင်းလဲဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီဟုသာ သူ ထင်မှတ်လိုက်သည်။ ထို့ကြောင့် သဘာဝကျစွာပင် ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ခေါ်ဆောင်ကာ အိမ်သို့ ပြန်သွားသည်။
ကလေးများကို ရှားကျူး ခေါ်သွားပြီးနောက် ချင်ဟွိုင်ယွီလည်း စိုးရိမ်ပူပန်စရာ မရှိတော့ပေ။ အဝတ်အစားအသွင်အပြင်ကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ချန်မိသားစုအိမ်တံခါးဝသို့ ရောက်ရှိလာကာ တံခါးစတင်ခေါက်လိုက်သည်။
ချလပ်……
တံခါးဖွင့်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အလုပ်မှ ယခုလေးတင် ပြန်ရောက်လာသော ချန်ကောဟွားက အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ တံခါးဝရှိ ချင်ဟွိုင်ယွီက သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရပြီး သူမ၏ မျက်ဝန်းများထဲတွင် ညစ်ညမ်းသော အရာတစ်ခုခု ရှိနေသည့်အလား ပုံပေါက်နေသည်။
"ချင်ဟွိုင်ယွီ မင်း ဘယ်လိုဖြစ်လို့ ဒီအချိန်ကြီး ရောက်လာရတာလဲ"