အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅)
ချန်ကောဟွားတို့ ဇနီးမောင်နှံကလည်း ကြက်သေသေသွားသည်။ ချင်ဟွိုင်ယွီက သူတို့၏ မျက်နှာရှေ့တွင် လက်ထပ်စာချုပ်ကို ဆွဲဖြဲပစ်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ပေ။
သို့သော် သူတို့ သတိပြန်မဝင်လာမီမှာပင် မျက်နှာထား တင်းမာနေသော ကျားတုန်းရွှီက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ချင်ဟွိုင်ယွီ၏ ရှေ့သို့ ကမန်းကတန်း လျှောက်သွားကာ ပါးတစ်ချက် ရိုက်ချလိုက်သည်။
"မိန်းမယုတ်"
"အဲ့ဒီနှစ်က မင်း မျက်နှာပြောင်တိုက်ပြီး ငါ့ကျားမိသားစုထဲ ဝင်ချင်ခဲ့တာ၊အခု ငါ့ကျားမိသားစု အခက်အခဲနဲ့ ကြုံနေရတာကို မြင်တော့ နောင်တရနေပြီလား"
"ငါ မင်းကို ပြောလိုက်မယ်… ငါ့ကျားမိသားစုသာ မရှိရင် မင်းက တောကတက်လာတဲ့ အောက်တန်းစား တစ်ယောက်ပဲ"
"မင်း အခု ခြံဝင်းကြီးထဲမှာ နေနိုင်တာ၊အလုပ်အကိုင်ရထားတာ၊ပြီးတော့ မြို့ခံအိမ်ထောင်စုစာရင်း ရထားတာ၊အကုန်လုံးက ငါ့ကျားမိသားစုက ပေးထားတာတွေချည်းပဲ"
"မင်းလို ယောက်ျားကို ဒုက္ခပေးတဲ့ကောင်မသာ ငါ့အိမ်ထဲ ဝင်မလာခဲ့ရင် ပန့်ကန့်တို့နှစ်ယောက် ရဲစခန်းထဲ ရောက်ပါ့မလား"
ကျားတုန်းရွှီသည် ဆဲဆိုလေလေ ဒေါသထွက်လေလေဖြစ်ပြီး နောက်ဆုံးတွင် သွေးအန်လုမတတ် ဒေါသထွက်သွားသည်။
ဤအခိုက်အတန့်တွင် ကျားတုန်းရွှီသည် ချင်ဟွိုင်ယွီကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခဲ့သင့်ကြောင်း ပို၍ပင် ခံစားလာရသည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည် ဆိုးရွားသော ဘေးဒုက္ခတစ်ခုဖြစ်ရုံသာမက သူ၏ အမျိုးသားတစ်ဦးအနေဖြင့် ဂုဏ်သိက္ခာကိုပါ အဆုံးအစွန်အထိ နင်းချေဖျက်ဆီးပစ်လိုက်သောကြောင့်ပင် ဖြစ်သည်။
မူလကတည်းက သူ့ဇနီးကို အခြားအမျိုးသားတစ်ဦးအတွက် အစေခံလုပ်ခိုင်းရခြင်းကပင် မျက်နှာပျက်စရာ ကောင်းနေပြီဖြစ်သည်။ သို့သော် ယခု သူ့ဇနီးသည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ဖြတ်တောက်ရှင်းလင်းရန်အတွက် လက်ထပ်စာချုပ်ကိုပင် အလုအယက် ဆွဲဖြဲပစ်လိုက်သေးသည်။
ဤသည်က သူ့ကို မည်သို့ ဒေါသမထွက်ဘဲ နေနိုင်စေမည်နည်း။ အကယ်၍ ဒေါသမီးသည် လူတစ်ယောက်ကို လောင်ကျွမ်းသေဆုံးစေနိုင်သည်ဆိုပါက ယခု ကျားတုန်းရွှီသည် ဒေါသမီးကြောင့် လောင်ကျွမ်းကာ အလောင်းခြောက်ကြီး ဖြစ်နေလောက်ပြီဖြစ်သည်။
ချင်ဟွိုင်ယွီဘက်သို့ ပြန်ပြောရလျှင် ကျားတုန်းရွှီ၏ ဒေါသတကြီး ဆဲဆိုမှုများကို ရင်ဆိုင်ရချိန်တွင် သူမသည် ဒေါသထွက်နေပုံ လုံးဝ မပေါ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်အမင်း စိတ်သက်သာရာရသွားသည့် ပုံပေါက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ နှစ်ပေါင်းများစွာ စုပုံနေခဲ့သော ဖိနှိပ်ခံရမှု ခံစားချက်များသည် တဖြည်းဖြည်းချင်း လွင့်စင်ပျောက်ကွယ်သွားခဲ့သောကြောင့်ပင် ဖြစ်သည်။
"နင့်ရဲ့ ကျားမိသားစုက ငါ့ကို အမြဲတမ်း အထင်သေးနေတာ မဟုတ်ဘူးလား၊အခုတော့ ကွက်တိပဲ၊ လက်ထပ်စာချုပ်လည်း ဆွဲဖြဲပစ်လိုက်ပြီဆိုတော့ ငါတို့နှစ်ယောက်လည်း ဘာမှ မပတ်သက်တော့ဘူး"
ချင်ဟွိုင်ယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ချင်ဟွိုင်ယွီ၏ တွေးတောမှုသည် အလွန်အမင်း ရိုးအလွန်းနေသည်။ လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းတို့သည် ဘဝ၏ အရေးကြီးဆုံး ကိစ္စရပ်များဖြစ်ရာ လက်ထပ်စာချုပ်ကို ဆွဲဖြဲလိုက်သော်လည်း မည်သည့်အရာကိုမျှ ပြောင်းလဲသွားစေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဇနီးမောင်နှံ ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက် ကွာရှင်းပြတ်စဲခြင်း လုပ်ငန်းစဉ် ပြီးဆုံးအောင် ဆောင်ရွက်ရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ချင်ဟွိုင်ယွီ ဤကဲ့သို့ တုံ့ပြန်ရခြင်းတွင် အကြောင်းရင်း ရှိနေသည်။ လက်ရှိအချိန်တွင် ကျားမိသားစုထဲ၌ သူမ မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်တွေ့ရတော့ပေ။ ယခင်က သူမသည် ကလေးများအတွက် မိမိကိုယ်ကို ဖိနှိပ်ခံကာ နေထိုင်ရန် ဆန္ဒရှိခဲ့သော်လည်း ယခု ကျားမိသားစုသည် ပို၍ပင် အဆင်မပြေဖြစ်လာခဲ့ပြီဖြစ်သည်။ မူလဇာတ်လမ်းထဲကထက် ပို၍ ဆိုးရွားစွာ ဖြတ်သန်းနေရသည်ဟုပင် ပြော၍ရနိုင်သည်။
ချန်ကောဟွားဘက်သို့ ပြန်ကြည့်မည်ဆိုလျှင် ပန့်ကန့်ကို ခေါ်ထုတ်လာနိုင်စွမ်းရှိရုံသာမက အစေခံလုပ်ရုံမျှဖြင့်ပင် သူမ အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားနိုင်သော ဘဝကို ဖြတ်သန်းနိုင်သည်။ သူမ မည်သို့ အားမကျဘဲ နေနိုင်မည်နည်း။ ထို့အပြင် ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ရှားကျူးအား ကျွေးမွေးစောင့်ရှောက်ခိုင်းထား၍ ရနိုင်သေးသည်။
ထို့ကြောင့် ယခုအချိန်တွင် နောက်ဆံတင်းစရာ လုံးဝမရှိတော့သဖြင့် ချင်ဟွိုင်ယွီသည် သူမ၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။ ဤအခွင့်အရေးကို အသုံးချကာ ကျားတုန်းရွှီနှင့် အပြီးတိုင် ပြတ်စဲရန် သူမ ရည်ရွယ်ထားသည်။
"ကွက်တိပဲ နင်လည်း မြင်တဲ့အတိုင်းပဲ၊ ငါ နင့်ကို ပြောလိုက်မယ်… ငါ ချန်မိသားစုမှာ အစေခံသွားလုပ်ရရင်တောင်မှ နင် ကျားတုန်းရွှီရဲ့ ဇနီးအဖြစ် မနေချင်တော့ဘူး"
ချင်ဟွိုင်ယွီက အေးစက်စွာဖြင့် ပြောလိုက်သည်။
"မင်း… မင်း"
ကျားတုန်းရွှီသည် ဒေါသထွက်လွန်း၍ ခေါင်းများပင် မူးဝေလာပြီး "မင်း" ဟူသော စကားလုံးကို တတွတ်တွတ်ဖြင့် အကြိမ်အနည်းငယ် ပြောဆိုပြီးနောက် မျက်လုံးနှစ်ဖက်စလုံး အမှောင်ကျသွားကာ မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။ အိမ်မဲ့ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကျားကျန်းရှီ ရှိနေစဉ်ကကဲ့သို့သော မောက်မာသည့် ဟန်ပန်မျိုး လုံးဝ မရှိတော့ပေ။
ရှားကျူးကမူ အနောက်ဘက်တွင် ခိုး၍ ကြည့်ရှုနေသည်။ ကျားတုန်းရွှီ ဒေါသထွက်လွန်း၍ မေ့လဲသွားခြင်းထက် သူ၏ ရင်ထဲတွင် ပို၍ပင် ခံစားရခက်နေသည်။
သူ၏ ရင်ထဲတွင် မျှော်လင့်၍သာရပြီး လက်လှမ်းမမီနိုင်သော နတ်သမီးလေးသည် ချန်မိသားစုအိမ်သို့ အစေခံအဖြစ် ဝင်ရောက်ရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းအတွက် လက်ထပ်စာချုပ်ကိုပင် ကိုယ်တိုင်ကိုယ်ကျ ဆွဲဖြဲပစ်လိုက်သေးသည်။
ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ရှားကျူးအနေဖြင့် လက်ခံရန် အနည်းငယ် ခက်ခဲနေသည်။ သူ ဤမျှလောက် များပြားစွာ ပေးဆပ်ခဲ့သော်လည်း ချင်ဟွိုင်ယွီက သူ့အပေါ်တွင် သဘောကျစိတ် အနည်းငယ်မျှပင် မရှိခဲ့ပေ။
သို့သော် ချန်ကောဟွားက ချင်ဟွိုင်ယွီကို ထိခိုက်နစ်နာစေကာ သူမကို အလုပ်လုပ်ခိုင်းသလို စော်ကားမှုများလည်း ပြုလုပ်ခဲ့သော်လည်း ချင်ဟွိုင်ယွီသည် ချန်မိသားစုအိမ်သို့ သွားချင်စိတ် အလွန်အမင်း ပြင်းပြနေဆဲဖြစ်သည်။
ဤသို့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ ရှားကျူး၏ ရင်ထဲတွင် အဆုံးစွန်အထိ နစ်နာသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့် ယောက်ျားအချင်းချင်းဖြစ်ပါလျက် ကွာခြားချက်က ဤမျှလောက်အထိ ကြီးမားနေရသနည်း။
ရှားကျူး၏ ရင်ထဲတွင် အလွန်အမင်း မွန်းကျပ်လာသဖြင့် ခေါင်းလှည့်ကာ သူ၏ အိမ်ရှိရာဘက်သို့ အလျင်စလို ပြန်သွားသည်။ ချင်ဟွိုင်ယွီကမူ သူမ၏ လက်ထပ်စာချုပ်ကို ဆွဲဖြဲလိုက်သော ဤလုပ်ရပ်သည် အမျိုးသားနှစ်ဦးကို တစ်ပြိုင်နက်တည်း ထိခိုက်နာကျင်စေခဲ့ကြောင်း မသိရှိခဲ့ပေ။
အကယ်၍ ချန်ကောဟွားကသာ သူမကို ကူညီရန် မရွေးချယ်ခဲ့ပါက နောက်ပိုင်းတွင် သူမ၏ ခြံဝင်းအတွင်းရှိ နေ့ရက်များသည် ပို၍ ခက်ခဲလာမည်သာဖြစ်ပြီး သူမကို ကူညီရန် ဆန္ဒရှိမည့်သူ လုံးဝ ရှိတော့မည်မဟုတ်ပေ။
ချင်ဟွိုင်ယွီက ချန်ကောဟွား၏ တုံ့ပြန်မှုကို အလွန်အမင်း မျှော်လင့်နေချိန်တွင်ပင် ချင်ကျင်းယွီက သူမ၏ အိပ်မက်လှလှလေးကို ရက်စက်စွာ ဖျက်ဆီးပစ်လိုက်သည်။
"ချင်ဟွိုင်ယွီ ကျားတုန်းရွှီ မေ့လဲသွားပြီ၊ သူ့ကို မြန်မြန် ပြန်ခေါ်သွားလိုက်တော့၊ နောက်ပိုင်း နင့်ကို လိုအပ်တဲ့နေရာရှိရင် ထပ်ခေါ်လိုက်မယ်"
ချင်ကျင်းယွီက ခပ်အေးအေးပင် ပြောလိုက်သည်။ ချင်ဟွိုင်ယွီက စကားတစ်ခုခု ဆက်ပြောကာ ချန်မိသားစု၏ အစေခံဖြစ်လာရန် အခွင့်အရေးကို ကြိုးပမ်းလိုသေးသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ချန်ကောဟွားက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ချင်ဟွိုင်ယွီ မင်း ငါ့အိမ်မှာ အလုပ်လာလုပ်ချင်ရင်တောင် အိမ်က ကိစ္စတွေကို အရင် တည်ငြိမ်အောင် လုပ်ပြီးမှပဲ ဆက်ပြောကြတာပေါ့"
ချန်ကောဟွားက ချင်ဟွိုင်ယွီ၏ ရောဂါသည်ကဲ့သို့သော မျက်ဝန်းများကို မြင်တွေ့လိုက်ရပြီး ယခု သူမတွင် ရွေးချယ်စရာ လမ်းမရှိတော့ကြောင်းကိုလည်း သိရှိလိုက်သည်။
ထို့အပြင် ကျင်းယွီသည်လည်း မီးဖွားမည့်ရက်သို့ ရောက်ရှိလုနီးပါးဖြစ်နေပြီဖြစ်သည်။ အကယ်၍ သူမကို ငြင်းပယ်လိုက်ပါက တလွဲတွေးကာ ဇနီးနှင့် သားသမီးများကို ထိခိုက်နစ်နာအောင် လုပ်လာပါက မည်သို့လုပ်မည်နည်းဟု တွေးတောမိလိုက်သည်။ ထို့ကြောင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် သူမကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
သို့သော် ဤစကားကို ကြားသောအခါ ချင်ဟွိုင်ယွီ၏ နားထဲတွင် ချန်ကောဟွားက သူမကို ချစ်နေဆဲဖြစ်သည်ဟု ထင်မှတ်သွားသည်။ ထိုသို့မဟုတ်ပါက သူမ၏ အိမ်တွင်းရေးကိစ္စများကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။
ချက်ချင်းပင် ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ပန်းများ ပွင့်လန်းသွားသကဲ့သို့ ပျော်ရွှင်သွားသည်။ ထို့နောက် သူမက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး သေလုမျောပါးဖြစ်နေသော ကျားတုန်းရွှီကို အိမ်သို့ ဆွဲခေါ်သွားသည်။
အိမ်ထဲတွင် ဟာလာဟင်းလင်းဖြစ်နေပြီး ပရိဘောဂများလည်း မရှိသလောက်ဖြစ်နေသော်လည်း ချင်ဟွိုင်ယွီသည် ရှားကျူး၏ အိမ်သို့ သွားရန် ဆန္ဒမရှိသေးပေ။
အခြားအကြောင်းပြချက် မရှိပေ။ ရှားကျူးသည် ရုပ်ဆင်းအင်္ဂါ မလှပသလို အရည်အချင်းလည်း မရှိပေ။ ချင်ဟွိုင်ယွီသည် ရင်ထဲမှလာသော ဆန္ဒအရ ရှားကျူးနှင့် ရင်းနှီးကျွမ်းဝင်လိုခြင်း မရှိဘဲ ဤဖားယားတတ်သော ခွေးတစ်ကောင်ကို အမြဲတမ်း အသုံးချရန်သာ စိတ်ကူးရှိခြင်းဖြစ်သည်။
ချင်ဟွိုင်ယွီ ထွက်သွားပြီးနောက် ချင်ကျင်းယွီသည်လည်း လက်ထဲရှိ ပန်းကန်လုံးနှင့် တူများကို ချထားလိုက်သည်။ ထို့နောက် ချန်ကောဟွား ပန်းကန်လုံးနှင့် တူများကို ရှင်းလင်းနေချိန်တွင် သူမသည် ခြေထောက်ဆေးဇလုံကို ကိုင်ကာ ခြေထောက်ဆေးရေ တစ်ဇလုံ ခပ်ယူလိုက်ပြီး ချန်ကောဟွားကို ခြေထောက်ဆေးပေးရန် ပြင်ဆင်လိုက်သည်။
မိမိ၏ အမျိုးသားကို ပြုစုအစေခံရခြင်းမှာ သူမ တစ်ဦးတည်းသာ ပိုင်ဆိုင်သော အခွင့်အရေးဖြစ်သည်။
ချင်ဟွိုင်ယွီက အခု လုယူချင်နေတာလား
ချင်ကျင်းယွီက စကားတစ်ခွန်းသာ ပြောလိုသည်။
လုံးဝပဲ…..
ချင်ဟွိုင်ယွီ ဤကဲ့သို့ ပြဿနာရှာလိုက်ခြင်းက ချန်ကောဟွားတို့ ဇနီးမောင်နှံ၏ သံယောဇဉ်ကို အက်ကွဲကြောင်း ဖြစ်ပေါ်မလာစေသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် သူတို့နှစ်ဦး၏ သံယောဇဉ်ကို နောက်တစ်ကြိမ် ပိုမိုနွေးထွေးလာစေသည်။
နောက်ပိုင်းအချိန်များတွင် နေ့ရက်များသည် ကြီးမားသော အပြောင်းအလဲများ မရှိခဲ့ပေ။ ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့သည် နေ့စဉ် အလုပ်သွားလိုက် အလုပ်ဆင်းလိုက်ဖြင့် အချိန်ကုန်ဆုံးကြသည်။
ဝယ်ယူရေးအပိုင်းတွင် ချန်ကောဟွားသည် တာဝန်တိုင်းကို အလွန်အမင်း ပြောင်မြောက်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။ စက်ရုံတစ်ရုံလုံးရှိ ခေါင်းဆောင်များ၏ တညီတညွတ်တည်း ချီးကျူးမှုကို ရရှိသည်။ သူ၏ စိတ်ထဲတွင်လည်း စီးပွားရေးလုပ်ငန်းကို ဟောင်ကောင်၌ နေရာချထားရန် အချိန်တန်ပြီဟု တွေးတောထားသည်။
အခြားတစ်ဖက်တွင် ချင်ကျင်းယွီသည်လည်း မီးဖွားမည့်ရက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ နေ့သစ်တစ်နေ့တွင် ချင်ကျင်းယွီက ခွင့်ယူလိုက်ပြီး ချန်ကောဟွားကလည်း ချင်မိသားစုရွာသို့ သွားကာ ယောက္ခထီးနှင့် ယောက္ခမတို့ကို သွားရောက်ခေါ်ဆောင်လာသည်။
ချင်ထျဲ့နျိုတို့ ဇနီးမောင်နှံက လူအင်အား မလုံလောက်မည်ကို စိုးရိမ်သဖြင့် ဆက်ဆံရေးကောင်းမွန်သော ဆွေမျိုးအချို့ကိုလည်း လာရောက်ကူညီ ပြုစုစောင့်ရှောက်ပေးရန် ခေါ်လာခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် ယခင်က ရီကျုံးဟိုင်က အရှေ့ဘက်ခြံဝင်းကို ခွဲဝေပေးထားခဲ့သည့်အပြင် ကျားမိသားစု၏ ပရိဘောဂတစ်စုံလည်း ရှိနေသေးသဖြင့် လူအနည်းငယ် များသွားသော်လည်း နေထိုင်၍ ရနိုင်သည်။
ချင်ဟွိုင်ယွီနှင့်ပတ်သက်၍မူ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ချန်ကောဟွားက သူမကို ခေါ်ယူခဲ့ခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ကျားတုန်းရွှီ၏ မျက်နှာရှေ့တွင် လက်ထပ်စာချုပ်ကို ဆွဲဖြဲပစ်နိုင်သည့် ကိစ္စမျိုးကို လုပ်ဆောင်နိုင်သူဖြစ်ရာ နောက်ထပ် မည်သို့သော အစွန်းရောက်သည့် ကိစ္စရပ်မျိုးကို လုပ်ဆောင်လာမည်ကို မည်သူက သိနိုင်မည်နည်း။
ဤသို့ဖြင့် ချန်မိသားစု တစ်စုလုံးသည် စိုးရိမ်တကြီးဖြင့် ပြင်ဆင်နေကြတော့သည်။