← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇)

လူတိုင်း ထိုသို့တွေးတောနေကြစဉ်မှာပင် ဆေးရုံတံခါးက ပွင့်ဟလာသည်။ ဆေးရုံတံခါး ပွင့်လာသည်နှင့် သူနာပြုဆရာမနှစ်ဦးသည် ကလေးများကိုပွေ့ချီကာ ထွက်ပေါ်လာကြသည်။

ထိုသူတို့နှစ်ဦးအနက် တစ်ဦးက ကလေးတစ်ယောက်ကို ပွေ့ချီထားပြီး အခြားတစ်ဦးကမူ ကလေးနှစ်ယောက်ကို ပွေ့ချီထားသည်။

"အားလုံးကို ဂုဏ်ပြုပါတယ်… ချင်ကျင်းယွီက ကလေးသုံးယောက် မွေးဖွားခဲ့ပြီး ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ပါ" ဟု သူနာပြုတစ်ဦးက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ယောကျာ်းလေးက အလေးချိန် ၅.၇ကျင်းရှိပြီး မိန်းကလေးနှစ်ယောက်ကတော့ အသီးသီး ၅.၃ကျင်းနဲ့ ၆.၂ကျင်း ရှိကြပါတယ်" ဟု အခြားသူနာပြုတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

"ကျင်းယွီ ဘယ်လိုနေသေးလဲ"

ချန်ကောဟွားသည် ကလေးမည်မျှမွေးသည်ကို ဂရုမစိုက်ဘဲ သူ၏ဇနီးဖြစ်သူ မည်သို့ရှိနေသည်ကိုသာ အာရုံစိုက်နေသည်။

"ချင်ကျင်းယွီက ဘေးကင်းပါတယ်၊ ကလေးမွေးပြီးခါစမို့လို့ ခန္ဓာကိုယ်က အရမ်းပင်ပန်းနေပြီး အထဲမှာ အနားယူနေပါတယ်"

ချင်ကျင်းယွီ ဘာမှမဖြစ်ကြောင်း ကြားသိရသောအခါ ချန်ကောဟွား၏ စိတ်ထဲတွင်လည်း သက်ပြင်းတစ်ချက် ချနိုင်သွားသည်။ ထိုစဉ် ရီကျုံးဟိုင်က အားကျစွာ ပြောလိုက်သည်။

"ကျင်းယွီက တော်တာပဲ… တစ်ခါတည်းနဲ့ သုံးမွှာပူး တန်းမွေးတာပဲ"

ပထမအဒေါ်ကြီးသည် ရီကျုံးဟိုင်၏စကားကို ကြားသောအခါ ရင်ထဲတွင် အလွန်ပင် ခံစားရခက်သွားသည်။ ယခင်က ရီကျုံးဟိုင်သည် သူမကို ဆေးစစ်ရန် ခေါ်သွားခဲ့ဖူးပြီး ကလေးမမွေးနိုင်ခြင်းမှာ သူမ၏ ခန္ဓာကိုယ်တွင် ပြဿနာရှိနေသောကြောင့်ပင် ဖြစ်သည်။

ယခု ချန်မိသားစုက တွေ့ရခဲသော သုံးမွှာပူးကို တစ်ပြိုင်နက်တည်း မွေးဖွားခဲ့ရာ သူမ မည်မျှပင် အားကျနေမည်ဖြစ်ကြောင်းကို တွေးကြည့်နိုင်သည်။

"ယောကျာ်းလေးရော မိန်းကလေးရော ပါတယ်၊ ကျင်းယွီ ဆေးရုံတစ်ခါတက်တာက အခြားမိသားစုတွေရဲ့ နှစ်ပေါင်းများစွာထက်ကို ပိုသာနေတာပဲ" ဟု ချင်ထျဲ့နျိုသည် သူနာပြုများ ပွေ့ချီထားသော ကလေးငယ်များကို ကြည့်ကာ ပြောလိုက်သည်။

"အဓိကကတော့ မျိုးစေ့ချတဲ့သူက တော်နေလို့ပဲ"

ထိုနေရာရှိ လူအချို့က ချန်ကောဟွားကို မြှောက်ပင့်ပြောဆိုလာကြသည်။

ချန်ကောဟွားသည် ထိုအချိန်တွင် သူနာပြုဆရာမ၏ ရင်ခွင်ထဲရှိ ကလေးငယ်များထံသို့ အကြည့်လွှဲလိုက်၏။ ကလေးသုံးဦးသည် မျက်စိမပွင့်ကြသေးသော်လည်း တစ်ဦးချင်းစီတိုင်းတွင် သူ၏ချောမောသော အသွင်အပြင်များ အနည်းငယ်စီ ပါရှိနေကြသည်။

ဤသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မိမိတွင် ဝင်ရောက်စာရင်းသွင်းသည့် စနစ်ရှိပြီး စဉ်ဆက်မပြတ် ဝင်ရောက်စာရင်းသွင်းခြင်းမှ ရရှိလာသော ခန္ဓာကိုယ်ကြံ့ခိုင်မှု အမှတ်များကြောင့် ခန္ဓာကိုယ်မှာလည်း အလွန်သန်မာလာပြီး တိုးတက်ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ချင်ကျင်းယွီ ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်နေသည့် အဆင့်တွင်လည်း အာဟာရဖြည့်တင်းမှုများ လျော့နည်းခဲ့ခြင်း မရှိပေ။ မိဘနှစ်ပါး၏ ပူးပေါင်းအားထုတ်မှုအောက်တွင် မွေးဖွားလာသော ကလေးတိုင်းက ရုပ်ရည်ချောမောနေခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။

မိမိ၏ မိသားစုတွင် တစ်ပြိုင်နက်တည်း မိသားစုဝင် သုံးဦး တိုးလာကြောင်း သိလိုက်ရသဖြင့် ချန်ကောဟွား၏ မျက်နှာပေါ်တွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ အလွန် ဝမ်းသာပီတိ ဖြစ်သွားသည်။

သားလည်းရပြီ… သမီးလေးတွေလည်း ရပြီဖြစ်ရာ ယောကျာ်းတစ်ယောက်၏ သားသမီးစုံလင်လိုသော ဆန္ဒမှာ ဤမျှနှင့်ပင် ပြည့်ဝသွားပြီဟု ဆိုနိုင်သည်။

ချင်ထျဲ့နျိုတို့ ဇနီးမောင်နှံနှစ်ဦးသည် ကလေးများကို တစ်ယောက်တစ်လှည့်စီ ပွေ့ချီကာ နှစ်ဦးစလုံးမှာ ကြည့်လေ ပို၍ပျော်ရွှင်လာလေ ဖြစ်နေကြသည်။ ချန်ကောဟွားသည်လည်း ကလေးတစ်ဦးကို ပွေ့ချီကာ ချင်ကျင်းယွီကို ကြည့်ရန် မီးဖွားခန်းထဲသို့ ဝင်သွားသည်။

ချင်ကျင်းယွီသည် ချန်ကောဟွား ကလေးပွေ့ချီကာ ဝင်လာသည်ကို မြင်သောအခါ ပထမဆုံးအနေဖြင့် ပျော်ရွှင်မှုမဖြစ်ဘဲ စိုးရိမ်ပူပန်မှုသာ ဖြစ်ပေါ်လာသည်။

" ယောကျာ်းလေးလား"

ချန်ကောဟွားက ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ယောကျာ်းလေးပါ… နောက်ထပ် သမီးလေးနှစ်ယောက်လည်း ရှိသေးတယ်"

တကယ်တမ်းတွင် နှောင်းပိုင်းခေတ်မှ ကူးပြောင်းလာသော ချန်ကောဟွား၌ သားယောကျာ်းလေးကို ဦးစားပေး၍ သမီးမိန်းကလေးကို နှိမ့်ချသည့် အတွေးအခေါ်မျိုး မရှိပေ။ သမီးလေးတစ်ယောက် မွေးလျှင်ပင် ကျေနပ်နေမည် ဖြစ်သော်လည်း ဤခေတ်ကာလတွင် အမျိုးသမီးများ၌ပင် ယောကျာ်းလေးကို ဦးစားပေးသည့် အတွေးအခေါ်မှာ အလွန်ကြီးမားနေကြသည်။

အဘယ်ကြောင့်ဆိုသော် မိသားစုထဲတွင် ယောကျာ်းလေး မရှိပါက အခြားသူများ၏ အတင်းအဖျင်းပြောဆိုခြင်းကို ခံရမည်ဖြစ်သည်။ မိသားစုတွင် ယောကျာ်းသားမရှိသဖြင့် နောင်တွင် အနိုင်ကျင့်ရလွယ်မည်ဟု အခြားသူများကို ထင်မြင်စေမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

သို့သော် ယခု ချင်ကျင်းယွီက တစ်ကြိမ်တည်းနှင့် ရတနာသုံးပါး မွေးဖွားနိုင်ခဲ့ခြင်းကြောင့် သူမ၏ ရင်ထဲရှိ စွဲလမ်းမှုကို အဆုံးသတ် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့နောက် ချန်ကောဟွားသည် ကလေးကို ချင်ကျင်းယွီ၏ ခေါင်းအုံးဘေးတွင် ချထားပေးပြီး ယောကျာ်းလေး ဟုတ်မဟုတ် သူမကို တစ်ချက် ကြည့်ခိုင်းလိုက်သည်။ ချင်ကျင်းယွီက တစ်ချက်ကြည့်လိုက်ပြီးနောက်မှသာ သက်ပြင်းကြီးတစ်ချက်ကို ချလိုက်နိုင်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်တွင်လည်း ပျော်ရွှင်မှု အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ပထမအဒေါ်ကြီးက ရီကျုံးဟိုင်၏ အဝတ်အစားကို ဆွဲလိုက်သည်။ ရီကျုံးဟိုင်သည် ပထမအဒေါ်ကြီးကို ကြည့်လိုက်ရာ သူမ မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ပထမအဒေါ်ကြီးက အိတ်ကပ်ထဲမှ သေးငယ်သော ရွှေလက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအခါမှသာ ရီကျုံးဟိုင်သည် ပထမအဒေါ်ကြီး၏ မျက်နှာ အဘယ်ကြောင့် မကောင်းဖြစ်နေရသည်ကို သဘောပေါက်သွား‌တော့သည်။

အဘယ်ကြောင့်ဆိုသော် ပထမအဒေါ်ကြီး၏ အိတ်ကပ်ထဲရှိ ရွှေလက်ကောက်မှာ မူလက ချန်မိသားစု၏ ကလေးအတွက် လက်ဆောင်အဖြစ် ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ချန်ကောဟွားသာ ဤလက်ဆောင်ကို လက်ခံရန် ဆန္ဒရှိပါက ၎င်းသည် မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးမှာ ပြေလည်သွားနိုင်မည်ဟု အဓိပ္ပာယ်ရသောကြောင့်ပင် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက သူလည်း မွေးစားဆွေမျိုးအဖြစ် အသိအမှတ်ပြုရန် နှုတ်ဟပြောဆို၍ရသွားပေမည်။ သို့သော် ချင်ကျင်းယွီက တစ်ပြိုင်နက်တည်း သုံးမွှာပူး မွေးဖွားလာမည်ကို ရီကျုံးဟိုင်တို့ ဇနီးမောင်နှံနှစ်ဦးမှာ လုံးဝမထင်မှတ်ထားခဲ့သလို ကလေးတစ်ယောက်ကိုသာ ပေးရန်မှာလည်း လုံးဝ မဖြစ်နိုင်ပေ။

ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ အခက်တွေ့သွားကြသည်။ မည်သို့ပင်ဆိုစေ ဤရွှေလက်ကောက်မှာ ကလေးအတွက် ဝတ်ဆင်ပေးရန်ဖြစ်သော်လည်း ရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ဈေးနှုန်းမှာလည်း မသက်သာလှပေ။

ထိုစဉ် ယွီလီက သူမ၏အိတ်ကပ်ထဲမှ ငွေလက်ကောက် သုံးကွင်းကို ထုတ်ယူလိုက်သည်။ မူလက ယွီလီသည် လက်ဆောင်တစ်ခုသာ ပြင်ဆင်ထားခဲ့သော်လည်း သူမကိုယ်တိုင် မကြာသေးမီက ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်နေသည်ကို ထည့်သွင်းစဉ်းစားကာ နောက်ထပ် နှစ်ခုကိုပါ ပိုမိုပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ချန်မိသားစုက တစ်ကြိမ်တည်းနှင့် ကလေးသုံးယောက် ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် သူမကလည်း ဝမ်းသာအားရနှင့် အားလုံးကို ပေးလိုက်သည်။

ငွေလက်ကောက်မှာ ရွှေလက်ကောက်ကို မယှဉ်နိုင်ဟု ဆိုသော်လည်း သူမ၏ မိသားစုအတွက်မူ ငွေလက်ကောက် သုံးကွင်းဆိုသည်မှာ ကြီးမားသော ပေးဆပ်မှုတစ်ခုပင် ဖြစ်သည်။

ချန်ကောဟွားသည် ယွီလီနှင့် ချင်ကျင်းယွီတို့၏ ဆက်ဆံရေး ကောင်းမွန်ကြောင်းကို သိထားပြီး မိမိအနေဖြင့် လက်ဆောင်ပြန်ပေးရန် စွမ်းဆောင်နိုင်သည်ဟု တွေးမိကာ ယွီလီ၏ စေတနာကို လက်ခံလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရီကျုံးဟိုင်၏ ရင်ထဲတွင် မရပ်မနား သက်ပြင်းချမိသွားသည်။ အဆုံးတွင် သူကိုယ်တိုင် လူမှုဆက်ဆံရေး ရိုသေမှုပိုင်း၌ လူငယ်တစ်ယောက်လောက်ပင် မစွမ်းဆောင်နိုင်ဖြစ်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ယခုအချိန်တွင် ချန်မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန် အခွင့်အရေးကို လွဲချော်သွားခဲ့ပြီဖြစ်သောကြောင့် မိမိကိုယ်တိုင် သက်ပြင်းသာချနိုင်တော့သည်။

ချန်ကောဟွားသည် ရီကျုံးဟိုင်၏ အတွေးများကို မသိရှိခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူသည် ချင်ကျင်းယွီကို အေးအေးဆေးဆေး ခဏတာ အနားယူစေချင်ပြီး အနားယူပြီးသွားသောအခါမှသာ မိသားစုတစ်စုလုံး သပ်သပ်ရပ်ရပ်နှင့် အိမ်ရာဝင်းထဲသို့ ပြန်ရန်သာ တွေးထားသည်။

နာရီအတော်ကြာ ပြီးနောက်တွင် ချင်ကျင်းယွီလည်း အတော်လေး နာလန်ထူလာပြီဖြစ်သည်။ ချန်ကောဟွားနှင့် ချင်ထျဲ့နျိုတို့ လူစုသည် ချင်ကျင်းယွီနှင့် ကလေးသုံးယောက်ကို ခေါ်ဆောင်ကာ အိမ်ရာဝင်းဆီသို့ တစ်ခဲနက် ပြန်လာခဲ့ကြသည်။

ချန်မိသားစုဝင်များ အိမ်ရာဝင်းထဲသို့ ပြန်ရောက်လာချိန်တွင် အရှေ့ဘက်ခြံဝင်းမှ ယန်ပုကွေ့က ချန်မိသားစုကို အရင်ဆုံး သတိထားမိသွားသည်။

ချန်ကောဟွား ဆေးရုံသို့ တစ်ခေါက်သွားလိုက်ရာမှ သေးငယ်သော အသက်သုံးချောင်း ပိုလာသည်ကို မြင်လိုက်ရသဖြင့် ယန်ပုကွေ့မှာ တိုက်ရိုက်ပင် မှင်တက်သွားသည်။

"ချန်ကောဟွား ချင်ကျင်းယွီ… မင်းတို့က ဘယ်လိုလုပ်ပြီး ကလေးသုံးယောက် ပွေ့ချီလာရတာလဲ၊ ငါတို့ခြံဝင်းထဲက ဘယ်မိသားစုက ကလေးမွေးလို့လဲ"

ဤခေတ်ကာလတွင် သုံးမွှာပူး မွေးဖွားခြင်းမှာ အလွန်ရှားပါးလှပြီး အနည်းဆုံး ခြံဝင်းကြီးထဲတွင် အမြွှာမွေးသူပင် မရှိခဲ့သဖြင့် ယန်ပုကွေ့ ဤသို့မေးလိုက်ခြင်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။

"ဟားဟား ကျင်းယွီက အရည်အချင်းရှိတယ်လေ၊ ငါ့အတွက် တစ်ခါတည်းနဲ့ သုံးမွှာပူး မွေးပေးလိုက်တာ၊ အားလုံးက ငါ့ချန်မိသားစုရဲ့ ကလေးတွေချည်းပဲ"

ချန်ကောဟွားသည် မင်္ဂလာကိစ္စနှင့် ကြုံတွေ့ရသဖြင့် စိတ်ရွှင်လန်းနေကာ တွေ့တွေ့ချင်းပင် ပျော်ရွှင်စွာ ပြောလိုက်သည်။

"သုံးမွှာပူး"

ယန်ပုကွေ့ မှင်တက်သွားပြီးနောက် မျက်နှာပေါ်တွင် အားကျမှုအပြည့် ဖြစ်သွားသည်။ သူ၏ မိသားစုရှိ ကလေးအချို့၏ ဝမ်းဗိုက်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသေးသော်လည်း အခြားသူဖြစ်သည့် ချန်ကောဟွားမှာမူ တစ်ပြိုင်နက်တည်း သုံးမွှာပူး ရရှိလာခဲ့ပြီဖြစ်ရာ အနာဂတ်တွင် သေချာပေါက် လူဦးရေ တိုးပွားလာတော့မည် ဖြစ်သည်။

"ဒါဆို ယောကျာ်းလေးလား မိန်းကလေးလား" ယန်ပုကွေ့က ထပ်မံ၍ သိချင်စိတ် ပြင်းပြလာပြန်သည်။

"ယောကျာ်းလေးတစ်ယောက် မိန်းကလေးနှစ်ယောက်ပါ"

ချင်ကျင်းယွီကလည်း ပျော်ရွှင်နေသော မျက်နှာနှင့် ဖြည့်စွက်ပြောလိုက်သည်။ ထိုစကား ထွက်ပေါ်လာသည်နှင့် ယန်ပုကွေ့သာမက အပြင်ထွက်ခါနီးဖြစ်သော ရွှီတမောင်းပင် အလွန်အမင်း အားကျသွားသည်။

သုံးမွှာပူးဖြစ်တာက ထားလိုက်ပါတော့

အခုက သားရော သမီးပါ ပါသေးတယ်

ဤသည်မှာ အခြားမိသားစုများထက် များစွာ သာလွန်နေသည်။

ကျားမိသားစုတွင် ကုတင်ပေါ်၌ လှဲနေသော ကျားတုန်းရွှီသည် ခြံဝင်းအပြင်ဘက်မှ ဤအသံများကို ကြားလိုက်ရပြီးနောက် သူ၏မျက်နှာမှာ အနှိုင်းမဲ့ အရုပ်ဆိုး အကျည်းတန်သွားသည်။

မူလက သူ မသန်မစွမ်းဖြစ်သွားခဲ့ပြီး ချန်မိသားစုလောက် ကောင်းမွန်စွာ မနေရသော်လည်း သူ၏ရင်ထဲတွင် ချန်မိသားစုကို အထင်သေးနေဆဲပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် ကလေးသုံးယောက်ရှိသည်။ ချင်ဟွိုင်ယွီက သူ့အတွက် အစားထိုး အလုပ်လုပ်ပေးနေကာ ယခု သူ့ကို ကျွေးမွေးစောင့်ရှောက်မည့်သူ ရှိနေသလို နောင်တွင်လည်း ကလေးများက သူ့ကို သက်ကြီးရွယ်အိုဘဝတွင် ပြုစုစောင့်ရှောက်ပေးနိုင်မည် ဖြစ်သည်။ ချန်မိသားစုတွင်မူ မျိုးဆက်မရှိသဖြင့် မည်မျှပင် သိုက်သိုက်ဝန်းဝန်း နေရပါစေ နောင်တစ်ချိန်တွင် မျိုးဆက်ပြတ်မည့် ကံကြမ္မာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအခါတွင် ချန်ကောဟွားတို့ မိသားစုတွင် သားသမီးစုံလင်စွာ ရှိနေပြီး သူ၏ ကျားမိသားစုကို တစ်ဟုန်ထိုး တိုက်ရိုက် ကျော်တက်သွားခဲ့ပြီဖြစ်သည်။ သူတို့အိမ်မှ ပန့်ကန့်မှာမူ လူငယ်ထိန်းသိမ်းရေးစခန်းတွင် ပြုပြင်ပြောင်းလဲနေရဆဲဖြစ်ရာ အနာဂတ်အရေးမှာ စိုးရိမ်ဖွယ်ရာပင် ဖြစ်နေသည်။ ဤသည်က ကျားတုန်းရွှီကို ပို၍ နှိုင်းယှဉ်ကြည့်လေ ရင်ထဲတွင် ပို၍ မညီမမျှ ဖြစ်လေလေ ဖြစ်စေသည်။

"သေလိုက်ပါတော့"

"သေလိုက်ပါတော့ကွာ"

မည်သို့မျှ လုပ်၍မရသော အခြေအနေတွင် ကျားတုန်းရွှီသည် ကုတင်ပေါ်၌သာ လှဲနေရင်း စွမ်းဆောင်နိုင်စွမ်းမရှိဘဲ ဒေါသတကြီး ရူးသွပ်လာပြန်လေတော့သည်။

......

All Chapters