← Chapters

ရှည်ကြာလှသော ဆိတ်ငြိမ်မှု

Vol. 103 Ch. 1415

ရှည်ကြာလှသော ဆိတ်ငြိမ်မှု

Vol. 103 Ch. 1415

ထိုသေမျိုးမြို့သည် ကြီးမားပေသည်။ လူဦးရေလည်း ထူထပ်သည်။ မြို့အနောက်ဘက်ခြမ်းတွင်မူ လူအများပိုနေထိုင်ကြသည်။ ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် သည်နေရာရှိလူများသည် ဟင်္သပြဒါးဂြိုဟ်ပေါ်မှာတုန်းကကဲ့သို့ ငွေကြေးအဖြစ် ရွှေနှင့်ငွေတို့ကို အသုံးမပြုသည်ကို သိလာသည်။

ဤနေရာတွင် သေမျိုးများကြား ရွှေ၊ငွေကဲ့သို့ သေမျိုးသလင်းဟူသော အရာကို ငွေကြေးအဖြစ် အသုံးပြုကြ၏။

ထိုသေမျိုးသလင်းများသည် ကျင့်ကြံသူများအတွက်မူ အသုံးမဝင်ပေ။ သို့သော် သူတို့၏ ရှားပါးမှုနှင့်လှပမှုကြောင့် သေမျိုးများက ငွေကြေးအဖြစ် အသုံးပြုကြသည်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူ့အတွက် ယင်းသလင်းမျိုး ရရှိရန် လွယ်လွန်းလှသည်သာ။

သူသည် မြို့တော်ထဲ ရောက်လာချိန်၌ သူ့ခန္ဓာကိုယ်ကနေ သူ၏မူလစိတ်ဝိညာဉ် တစိတ်တပိုင်းအား ထွက်ခါစေပြီး မြေအောက်သို့ သွားရောက်စေသည်။ မည်သူကမျှ သူ့ကို သတိမပြုမိကြ။ သူက မြေအောက်၌ ပုန်းကွယ်နေသော သေမျိုးသလင်းကြောတစ်ခုကို ရှာတွေ့သွား၏။

ထိုသူ့မူလစိတ်ဝိညာဉ် တစိတ်တပိုင်း ပြန်ရောက်လာသည့်အခါ ဝမ်လင်း၏ သိုလှောင်နေရာလွတ်ထဲတွင် သေမျိုးသလင်းပေါင်းများစွာ ရှိလာခဲ့ပေပြီ။

သူသည် မြို့အနှံ့လျှောက်နေရင်း တဖြည်းဖြည်း မြို့၏အနောက်ဘက်ပိုင်းသို့ ရောက်ရှိလာ၏။ ထိုနေရာတွင် အိမ်များစွာ ရှိ၏။ လမ်းမှာ ကွေ့ကွေ့ကောက်ကောက် ရှိ၏။ အိမ်တိုင်းမှာ သက်တမ်းကြာနေဟန် ပေါက်က်၏။ အချိန်ကြာသည့်အထိ မပြုမပြင် ထားသည့်အလား။

သို့ပေမည့် ထိုအိမ်များနှင့် ပတ်သတ်၍ ထူးဆန်းသောအရာတစ်ခု ရှိနေသည်။ အိမ်တိုင်းနီးပါးသည် အမိုးအောက်၌ ချိတ်ဆွဲထားသော သစ်ကိုင်းတစ်ကိုင်း ရှိလို့နေ၏။ ကြည့်ရသည်မှာ ဤနေရာ၏ ထူးထူးခြားခြား ဓလေ့တစ်ခု ဖြစ်မည့်ဟန်ပင်။

လူများသည် ရိုးရိုးရှင်းရှင်း အဝတ်အစားများနှင့် သုတ်သုတ်ပြာပြာ လမ်းလျှောက်နေကြသည်။

ဝမ်လင်း ရောက်ရှိလာမှုက မည်သူ့ကိုမျှ အာရုံစိုက်မလာစေပေ။ ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူက ရောင်းမည့်အိမ်များကို လွယ်လင့်တကူ ရှာတွေ့သည်။ လူဦးရေအတော်လေး သိပ်သည်းသော နေရာတစ်ခုကိကု ရှာပြီးနောက် သူက ထိုနေရာရှိ အိမ်တစ်လုံးကို ဝယ်ယူလိုက်သည်။

ထိုအိမ်သည် လမ်း၏အလယ်တွင် ရှိကာ အပြင်ဘက်၌ သစ်ပင်ကြီးတစ်ပင် ရှိနေ၏။ ထိုသစ်ပင်အောက်တွင် ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိကာ ထိုဆိုင်၌ ဆံအရက်ကိုပါ တွဲရောင်းချသည်။ မပြည့်စုံမကုံလုံသော မိသားစုများမှာ စားသောက်ဆိုင်းများသို့ သွား၍ သောက်ဖို့စားဖို့ မတတ်နိုင်ကြပေ။ ထိုသူများက ဤကဲ့သို့ ဆိုင်တွင် ခေါက်ဆွဲပြုတ်တစ်ပွဲ စားသောက်၊ ဆန်အရက်တစ်ခွက်နှင့် တွဲဖက်ကာ သူတို့၏အစာအိမ်ကို အပြည့်ဖြည့်ရသည်။

နေဝင်ရီတရော အချိန် ရောက်လာပြီ ဖြစ်သည့်အတွက် ကောင်းကင်မှာ မှိန်ဖျော့၏။ ညစာ စားမည့်အချိန် ရောက်လာခဲ့ပေပြီ။ သည်နေရာရှိ မိသားစုများသည် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောရင်း၊ ကျယ်ကျယ်လောင်လောင် ရယ်မောရင်းဖြင့် လှုပ်ရှားသက်ဝင်ကြ၏။ လမ်းပေါ်တွင်တော့ ကလေးငယ်များ ဆော့ကစားလျက် ရှိနေကာ ဘေးပတ်လည်ရှိ ကျောက်တုံးလေးများကို ကောက်ကာ ပစ်ဆော့သည်။

ဝမ်လင်းသည် သူ့အခန်းတံခါးနားတွင် ထိုင်နေ၏။ သူက အရာအားလုံးကို ပြုံး၍ ကြည့်နေသည်။ သူ ဒီအိမ်ကို ဝယ်ခဲ့သည့်အချိန်က အိမ်နီးနားချင်းတော်တော်များများဟာ သူ့ကို လာရောက် စကားပြောကြ၏။ ဝမ်လင်းကလည်း သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ အများစုက ဝမ်လင်းကို စာမေးပွဲဖြေရန် ရောက်လာသည့်ကျောင်းသားတစ်ယောက်ဟု သိထားကြသည်။ သူသည် တည်းခိုးခန်းခ မတတ်နိုင်၍ သည်အိမ်ကို ဝယ်ကာ နောက်နှစ်လာမည့် စာမေးပွဲအတွက် သည်နေရာတွင် နေသည်ဟု ထင်ထားကြသည်။

ကောင်းကင်သည် တဖြည်းဖြည်း နက်မှောင်လာသည်။ တနေကုန် အလုပ်လုပ်ပြီး ပင်ပန်းသွားကြသူများလည်း အိမ်ပြကြလေပြီ။ အရာအားလုံး ငြိမ်သက်လာသည်။

လရောင် တဖြည်းဖြည်းချင်း ပေါ်လာ၏။ သစ်ပင်အောက်မှ လူကြီးက သူ့အလုပ်သမားနှစ်ယောက် ဆိုင်သိမ်းနေသည်ကို စောင့်ကြည့်လို့နေသည်။ သူက လက်ထဲတွင်လည်း ဆေးတံတစ်ချောင်း ကိုင်ထား၏။ သူက ခြေတစ်လှမ်းလှမ်းလိုက်ရင်း သိပ်မဝေးသောနေရာရှိ ကောင်းကင်ကို ကြည့်နေသော ဝမ်လင်းထံ လှမ်းကြည့်သည်။ သူက အရက်အိုးတစ်လုံးကို ကောက်ကိုင်ကာ ဝမ်လင်းထံသို့ လျှောက်လာတော့၏။

“ကောင်လေး…ညကျ အေးတယ်။ ရော့ ဒီမှာ မင်းအတွက် ဆန်အရက်တစ်အိုး။ ဒါနည်းနည်း သောက်လိုက်မှ မင်း ညလုံးပေါက် စာလေ့လာရင် အနွေးဓာတ်ရမှာ။ မင်း နောက်ကျ ချမ်းသာလာခဲ့ရင်တော့ ငါ့ကို ဒီအရက်ဖိုး ပြန်ပေးပေါ့…” သူက ဝမ်လင်းထံသို့ အရက်အိုးကို ပေးပစ်ခဲ့ပြီးနောက် သူ့အလုပ်သမားနှစ်ဦးနှင့်အတူ ပြန်သွားတော့သည်။

ဝမ်လင်းသည် အရက်အိုးကို ကိုင်ထား၏။ အိုးထဲ၌ တစ်ဝက်တိတိ အရက်များ ရှိနေသေးသည်။ သက ပြုံး၍ အဘိုးအိုထွက်သွားသော နေရာသို့ ကြည့်လိုက်သည်။ သူ့စိတ်နှလုံးမှာ တည်ငြိမ်မှုကို ခံစားရသည်။ ရက်စက်လှသော ကျင့်ကြံခြင်းလောကကြီးနှင့် ယှဉ်ပါက ဝမ်လင်းသည် အခုလိုမျိုးကို ပိုနှစ်သက်မိပေသည်။

လရောင် တဖြည်းဖြည်း ပိုထင်းလာ၏။ လေအေးများပါ တိုက်ခတ်လာခဲ့ပေပြီ။ လေပြင်းသည် လမ်းမတစ်လျှောက် တိုကခိုက်ရင်း အိမ်များ၏ ခေါင်မိုးတံဆတ်မြိတ်ထံမှ ချိတ်ဆွဲထားသော သစ်ကိုင်းများသည် စတင်၍ တရှဲရှဲ မြည်တော့သည်။

လေသည် အေးလှသည်။ မိုးပါ ရောစွတ်သည်။ လမ်းပေါ်ရှိ ကျောက်စရစ်လေးများဆို လေနှင့် ပါကုန်၏။

အိမ်တိုင်းသည် ဆီမီးအိမ်များ ထွန်းပြီးကြပြီ ဖြစ်သည်။ သူတို့၏ အိမ်ပြတင်းများထံမှ အလင်းများ စိမ့်ထွက်ကာ နှစ်လိုဖွယ်ရာလေး ဖြစ်နေစေသည်။ ဝမ်လင်းသည် ဆန်အရက်အိုးကို ကိုင်ကာ သူ့ဘေးပတ်လည်သို့ ကြည့်လိုက်၏။ ထို့နောက် သူသည် အိမ်အတွင်းသို့ ဝင်လာသည်။

သည်အိမ်မှာ ရိုးရှင်း၍ သပ်ရပ်သည်။ မီးအိမ်ကို ထွန်းညှိလိုက်ပြီးနောက် မှိတ်တုတ်မှိတ်တုတ် အလင်းသည် အိမ်ကို အရင်ထက် အတော်လေး အနွေးဓာတ် ရစေသည်။

“ဒီနေရာမှာ ငါ့စိတ်ကပါ တည်ငြိမ်လာခဲ့ပြီ…” ဝမ်လင်းသည် မီးအိမ်ဘေးသို့ အရက်အိုးကို ချထားလျက် ထိုင်လိုက်သည်။ သူက အသက်ခပ်ဝဝရှုသွင်းကာ မျက်လုံး ဖြည်းဖြည်းချင်း မှိတ်သည်။

သူ မျက်လုံးမှိတ်လိုက်ချိန်၌ သူ့မူလစိတ်ဝိညာဉ်သည် အလျင်အမြန် အလုပ်စတင်တော့သည်။ ပြင်းထန်သောအားတစ်ခု ဖြစ်ပေါ်၏။ ၎င်းမှာ သူ့မူလစိတ်ဝိညာဉ်ထဲ၌ မုန်တိုင်းတစ်ခုအလား။ သို့သော် အပြင်ဘက်က မည်သူကမျှ ထောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဝမ်လင်းသည် နေရာတွင် တည်ငြိမ်စွာ ထိုင်နေသည်။ သို့သော် ဆီမီးအိမ်ပေါ်မှ မီးသည် လှုပ်ရှားယိုင်ထိုးဟန် ရသည်။

ထိုမီးရောင်အောက်တွင် ဝမ်လင်း၏ပုံရိပ်သည်ပင် ဟိုဒီယိမ်းယိုင်သည့််အလား။

ဝမ်လင်း၏စိတ်ထဲတွင်မူ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်နေ၏။ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်သည် သူ့မူလစိတ်ဝိညာဉ်ထံမှ ထိုးထွက်နိုင်ရန် အရူးအမူး ဟိန်းအော်သံ ပေးနေ၏။ သို့ပေမည့် သူ့မူလစိတ်ဝိညာဉ်မှာ လှောင်ချိုင့်တစ်ခုကဲ့သို့အလား ထိုနဂါးရှစ်ကောင် မည်မျှ ကြိုးစားပါစေ သူတို့သည် လှုပ်ခါအောင်ပင် မလုပ်နိုင်ကြပေ။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ကို စုပ်ယူကာ သန့်စင်မွန်းမံနိုင်ဖို့ မလွယ်လှပေ။ သို့ပေမည့် ဝမ်လင်းထံ၌ မိုးကြိုးအပြင် သူ့မီးအနှစ်သာရလည်း ပိုင်ဆိုင်ထားသေး၏။

ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်သည် ရုန်းကန်နေရင်း အပြာရောင်မီးတောက်တစ်ခု သူ့မူလစိတ်ဝိညာဉ်ထဲ၌ ပေါ်လာကာ နဂါးရှစ်ကောင်ကို ဝန်းရံသည်။ မီးသည် နဂါးရှစ်ကောင်ကို ပိတ်လှောင်ပြီးနောက် ၎င်းတို့ကို စတင်သန့်စင်တော့၏။

ဟင်္သာငှက်သည် နဂါးရှစ်ကောင်အား လှည့်ပတ်နေလျက် မကြာခဏ မီးများ ထွေးထုတ်ကာ မီးအားကို ပိုတိုးပွားစေ၏။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ မူလကတည်းက ရှေးဟောင်းမိုးကြိုးနဂါးတစ်ဝက်ဖြင့် ပြုလုပ်ထားခဲ့တာ ဖြစ်၏။ သူ့မူလစိတ်ဝိညာဉ်ထဲတွင် မိုးကြိုးပြည့်နှက်ကာ သူ့မူလစိတ်ဝိညာဉ်နှင့် ပြုလုပ်ထားသော ကိုးကောင်မြောက်မိုးကြိုးနဂါး ပေါ်လာလေ၏။ ထိုနဂါးက နဂါးရှစ်ကောင်ကို လှည့်ပတ်ကာ ဝါးမြိုနိုင်မည့် အခွင့်အရေးကို စောင့်နေသည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်သည် အပြာရောင်မီးတောက်အတွင်း၌ နာကျင်စွာအော်သံများ ပေးနေ၏။ သူတို့၏အော်သံများသည် သီးသန့်ထီးတည်းဖြစ်ကာ မည်သည့်အသံကမျှ မူလစိတ်ဝိညာဉ်အတွင်းကနေ ထွက်လာခြင်း မရှိပေ။

ဝမ်လင်း၏အိမ်မှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ လူတိုင်းကဲ့သို့ပင်။ ညနက်လာသည့်အတွက် အိမ်များသည် မီးငြှိမ်းသပ်ကုန်ကြပြီ ဖြစ်သည်။ အနောက်ဘက်ခြမ်းရှိ အိမ်တိုင်းနီးပါးသည် မီးငြှိမ်းကာ အချို့အိမ်အနည်းငယ်သာ ကျန်တော့၏။

အပြင်ဘက်ရှိ အိမ်များထံမှ ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်၏။ ယင်းအသံသည် တဖြည်းဖြည်း ပြိုကျယ်လာကာ တိတ်ဆိတ်မှုကို ဖြိုခွဲသွားသည်။

“လေအေးတွေ တိုက်တော့မှာ…တံခါးပိတ်၊ မီးပိတ်ထားကြတော့…” အသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီးနောက် ဖြည်းဖြည်းချင်းပင် အဝေးသို့ ပြန်ရောက်သွားပြီး ငြိမ်သက်တိတ်ဆိတ်မှု ပြန်ကြီးစိုးသွားသည်။

သို့ပေမည့် ထိုလူ ထွက်သွားသည့်အခိုက်တွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့မှာ တောက်ပလှသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အရက်အိုးသည် သူ့လက်ထဲသို့ ပျံသန်းလာ၏။ သူက တဝတငုံသောက်ပစ်လိုက်၏။

ခပ်စူးစူးအရက်က သူ့ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ်သည် ပူရှိန်းရှိန်းဖြစ်သွားသည်။ သူ့ပါးစပ်ထဲ၌ပင် ခပ်စူးစူးအရသာ ကျန်ခဲ့သေး၏။ ထို့နောက် ဝမ်လင်းသည် မျက်လုံး ထပ်မှိတ်လိုက်သည်။ သူ့မူလစွမ်းအင်သည် မြင့်တက်လာ၏။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ ပိုမိုများပြားသော မီးတောက် ပေါ်လာ၏။

မီးစွမ်းအားသည် သူ့မူလစိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်ကာ မီးပင်လယ်ကို ပိုကြောက်မက်ဖွယ်ကောင်းစေသည်။ ယင်းမီးပင်လယ်သည် အရက်ကိုလည်း ၎င်း၏အနှစ်သာရ ကျန်သည့်အထိ သန့်စင်ပစ်သည်။ ထိုအနှစ်သာရသည် မိုးကြိုးနဂါးရှစ်ကောင်ကို သန့်စင်နေသော မီးပင်လယ်ထံသို့ ရွှေ့လျားသွား၏။

ထိုမျှအချိန်တိုအတွင်း မီးပင်လယ်သည် ပေါက်ကွဲလာကာ ပိုမို စတင် လောင်ကျွမ်း၏။ မီးသည် ဒေါသပုန်ထလာရင်း မိုးကြိုးနဂါးရှစ်ကောင်ထဲမှ တစ်ကောင်သည် စတင်၍ အသည်းအသန် နာကျင်စွာ အော်ဟစ်လေသည်။

ထိုရှေးဟောင်းမိုးကြိုးနဂါးသည် တုန်ယင်ကာ ရုတ်တရက် ပျက်စီးသွားသည်။ ၎င်း ပျက်စီးသွားခိုက်တွင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်လာသော ကိုးခုမြောက်ရှေးဟောင်းမိုးကြိုးနဂါးမှာ မိုးကြိုးတန်းအလား ဆက်ခနဲ တိုးဝင်ကာ ရှိုက်သွင်းပစ်၏။

ထိုပျက်စီးသွားသော ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်သည် ခုခံမှုကင်းမဲ့ကာ ဝမ်လင်း၏ သန့်စင်ခြင်း ခံလိုက်ရပြီးနောက် ၎င်းသည် သူ့အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့သည်။

ထိုအိမ်အတွင်း၌ ဝမ်လင်း၏မျက်နှာသည် အနီရောင်သန်းနေ၏။ သူက အသက်ဓာတ်များစွာကို စားသုံးလိုက်ရသည့်အလား။ သူ့မျက်လုံးသည် မှိတ်ထားလျက် ရှိသော်လည်း သူ့မျက်တောင်တစ်လျှောက်တွင် မိုးကြိုးအမှတ်အသားသည် တဖျပ်ဖျပ် လင်းလက်သည်။

အခန်းသည် အလွန်တိတ်ဆိတ်နေသည်။ သို့သော် စားပွဲပေါ်ရှိ မီးအိမ်မှ မီးတောက်ကမူ တဖျပ်ဖျပ်တလက်လက် ပိုဖြစ်လာ၏။ ခဏအကြာတွင် ထိုမီးသည် ငြှိမ်းသေသွားကာ အပြင်ဘက်ကကဲ့သို့ပင် အိမ်အတွင်း၌လည်း အမှောင်ကျသွားသည်။

ဝမ်လင်း၏မိုးကြိုးအမှတ်အသားတစ်ခုသာ ခပ်ရေးရေး ဝိုးတဝါးအလင်းကို ပေးစွမ်းနေ၏။

ခေါင်းမာနေသာ မိုးကြိုးနဂါးရှစ်ကောင်သာ ကျန်တော့၏။ ၎င်းတို့က အသည်းအသန် ရူးသွပ်စွာ ရုန်းကန်သည်။ မီးတောက်ပင်လယ်သည် ရှစ်ပိုင်းခွဲထားရကနေ ခုနစ်ပိုင်းအဖြစ်သို့ ပြောင်းလဲကာ မီးတောက်တစ်ခုစီသည် ခုခံနေသော ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်စီပေါ်တွင် ပိုတောက်လောင်လာ၏။

ထိုပြင်းထန်သော လောင်ကျွမ်းမှုအောက်တွင် မိုးကြိုးနဂါးခုနစ်ကောင်သည် နာကျင်စွာ အော်ဟစ်ကြ၏။ နောက်ထပ် မိုးကြိုးနဂါးတစ်ကောင် ပျက်စီးကာ ဝမ်လင်း၏ စုပ်ယူခြင်း ခံလိုက်ရဖို့ အချိန်သိပ်မကြာလိုက်ပေ။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ကျန်သည့် ရှေးဟောင်းမိုးကြိုးနဂါးခြောက်ကောင်ထံသို့ တိုးဝင်လာ၏။ သူသည် မီးတောက်ကို ဖြတ်သန်းလာကာ သူတို့အား ဝါးမြိုရန် ရူးသွပ်သည့်တိုက်ပွဲတစ်ခုကို စတင်တော့သည်။

ညသည် တဖြည်းဖြည်း ကုန်လွန်လာ၏။ နေမင်းသည် မြေပြင်ကို ဖုံးအုပ်ထားသည်။ အိပ်ပျော်နေသောမြို့မှာ နိုးထလာခဲ့ပေပြီ။ သို့ပေမည့် နေအလင်းသည် အနည်းငယ် နောက်ကျနေပေ၏။ အကြောင်းမှာ တိမ်စိုင်တိမ်နက်များက နေမင်းကို ပိတ်ဆို့ထားသောကြောင့်ပင်။ ထို့ကြောင် အရာရာမှာ မှုန်ရီဝေဝါးလို့နေသည်။

မိုးကြိုးလှိုင်းများသည် တိမ်စိုင်များထံမှ ထွက်ပေါ်လာကာ မိုးစတင် ရွာလေပြီ။

ဝမ်လင်းသည် ထိုင်နေလျက်ဖြင့် မျက်လုံးဖွင့်လာ၏။

“ငါ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ကို ဝါးမြိုပြီး စုပ်ယူခဲ့ပြီးပြီး…။ တစ်ခုပဲ ကျန်တော့တယ်…”

ဝမ်လင်း၏မျက်လုံးသည် လင်းလက်သည်။

***

All Chapters