အခန်း ၇၆၅
Vol. 55 Ch. 765
အခန်း ၇၆၅ -အသက်နှင့်သေခြင်းကြားမှ ထိုးထွင်းသိမြင်မှု (၂)
ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်သော ထိုအရှိန်ကြောင့် သွေးမြူတောင် ရှိ နတ်ဆိုးနတ်ဘုရားများ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ"
နတ်ဆိုးနတ်ဘုရား ဧကရာဇ်တစ်ပါးက နယ်ပယ်လွတ် ထဲသို့ ခြေလှမ်းလိုက်ပြီး သူ၏ နောက်တွင် သွေးမြူအရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာကာ ဖျက်ဆီးလိုစိတ်ဖြင့် ကုရွှမ်ထံသို့ အရှိန်ပြင်းစွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သို့သော် နောက်တစ်ခဏမှာပင် ကောင်းကင်ဘုံကို လောင်ကျွမ်းစေသော ဖီးနစ်ငှက်၏ မီးတောက်များကြောင့် သွေးမြူများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး နတ်ဆိုးနတ်ဘုရား ဧကရာဇ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ လျင်မြန်စွာ ပျံ့နှံ့လာသည်။
"မဖြစ်နိုင်—"
ဖီးနစ်ငှက်မှာ အောက်သို့ ကျဆင်းလာသည်။
နတ်ဆိုးနတ်ဘုရား ဧကရာဇ်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး ထိုနေရာ၌ပင် လုံးဝ ပျက်စီးသွားခဲ့သည်။
ထိုသို့သော ရုတ်တရက် အပြောင်းအလဲက ကျင့်ကြံသူအားလုံး၏ အမူအရာကို ပြောင်းလဲစေသည်။
သေဆုံးသွားပြီ။
ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တည်းဖြင့် နတ်ဆိုးနတ်ဘုရား ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်
ဤအဖြစ်အပျက်က လုံးဝမျှော်လင့်ချက်မရှိတော့ဟု ထင်ထားကြသော ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် သိမ်မွေ့သော မျှော်လင့်ချက်အလင်းတန်းကို ပေးစွမ်းလိုက်သည်။
ဤတိုက်ပွဲ။
တစ်ကယ်ပဲ သူတို့ အနိုင်ရနိုင်ကောင်းပါရဲ့။
မည်သို့ဆိုစေ သွေးမြူတောင်ကို တိုက်ခိုက်ခဲ့သော မည်သည့်ဧကရာဇ်မျှ နတ်ဆိုးနတ်ဘုရား ဧကရာဇ်တစ်ပါးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော စွမ်းအားမျိုး မရှိခဲ့ကြပေ။
ထိုအချိန်တွင် သွေးမြူတောင်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်ယံကို လွှမ်းခြုံသွားရာ ကျင့်ကြံသူများ၏ နှလုံးသားထဲမှ မျှော်လင့်ချက်အလင်းတန်းမှာ လုံးဝ ပျက်သုဉ်းသွားတော့သည်။
"သွေးမြူတောင်သခင်"
"သွေးမြူတောင်သခင် လှုပ်ရှားတော့မယ်—"
သွေးမြူတောင်သခင်။
ဤစကားလုံး လေးလုံးမှာ လူတို့၏ စိတ်ထဲမှ မဖယ်ရှားနိုင်သော အိပ်မက်ဆိုးတစ်ခုနှင့် တူသည်။
သူတို့ ကြောက်ရွံ့နေကြသည်။
သူတို့ ထိတ်လန့်နေကြသည်။
ဒါပေမဲ့ ဘာမျှ မတတ်နိုင်ကြပေ။
နတ်ဆိုးနတ်ဘုရားများသည် လူသားမျိုးနွယ်နှင့် မတူဘဲ သက်တမ်း အလွန်ရှည်လျားကာ သွေးမြူတောင်သခင်သည် ဤနယ်မြေကို ခေတ်အဆက်ဆက် အုပ်စိုးခဲ့ပြီး လူပေါင်းများစွာမှာ သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
သွေးမြူတောင်သခင်အပေါ် ထားရှိသည့် ကြောက်ရွံ့မှုမှာ သူတို့၏ သွေးသားထဲတွင်ပင် စွဲမြဲနေသည်။
"ငါတို့ သွေးမြူတောင်ရဲ့ နတ်ဆိုးနတ်ဘုရားကို သတ်ရဲတဲ့ လူသားဧကရာဇ်၊ သေမင်းကို ခေါ်နေတာပဲ"
သွေးမြူတောင်သခင်၏ မျက်လုံးများမှာ ကုရွှမ်ကို ကြည့်ရင်း အေးစက်နေပြီး သူ၏ မျက်နှာပေါ်တွင် ပြင်းထန်သော အငြိုးအတေးများ ထွက်ပေါ်နေသည်။
ကုရွှမ်သည် နတ်ဆိုးနတ်ဘုရား ဧကရာဇ်တစ်ပါးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သော်လည်း သွေးမြူတောင်သခင်က မကြောက်ရွံ့ပေ။
ဘာကြောင့်လဲဆိုတော့ သူသည် ဤမိုင်သန်းပေါင်း ၃၀ ကျယ်ဝန်းသော နယ်မြေ၏ အရှင်သခင် ဖြစ်သောကြောင့်ပင်။
သွေးမြူတောင်သခင်သည် သွေးမြူတောင်တစ်ခုလုံးကို နှစ်သန်းပေါင်းများစွာ အုပ်စိုးခဲ့ပြီး လူသားဧကရာဇ်များစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ ကုရွှမ်က သူ့ရှေ့တွင် ရှိနေသော်လည်း သူ၏ အမြင်တွင်မူ အရေးမပါပေ။
"သွေးမြူတောင်က လူသားမျိုးနွယ်ကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တယ်၊ ဒီနေ့တော့ မင်းတို့ရဲ့ သွေးမြူတောင်ကို ဖျက်ဆီးဖို့ ငါ လာခဲ့ပြီ၊ မှတ်ထား၊ မင်းတို့ကို သတ်တဲ့သူက ကုမိသားစုက ကုရွှမ်ပဲ"
ကုရွှမ်၏ စကားသံဆုံးသည်နှင့် သူသည် သွေးမြူတောင်သခင်ဆီသို့ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ပြင်းထန်သော တိုက်ပွဲမှာ သွေးမြူတောင်အထက်တွင် ချက်ချင်းဆိုသလို စတင်ဖြစ်ပွားတော့သည်။
"သင်၏သားမြေး ကုရှို့ သည် လျှို့ဝှက်ဆန်းကြယ်သော တားမြစ်နယ်မြေတစ်ခုသို့ ဝင်ရောက်သွားပြီး ကောင်းကင်ဘုံပုဂ္ဂိုလ်တစ်ဦး၏ အကြွင်းအကျန်များနှင့် မမျှော်လင့်ဘဲ တွေ့ဆုံကာ နောက်ဆုံးတွင် 'မသေမျိုး ကိုယ်ခန္ဓာ' ဖြင့် လွတ်မြောက်လာခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်"
"သင်၏ သားမြေး ကုရှို့သည် ကျိုးပဲ့ရာမှ ပြန်လည် တည်ဆောက်ခြင်းဖြင့် ဒဏ်ရာများ ပျောက်ကင်းသွားပြီး စွမ်းအား ပိုမို တိုးတက်လာခဲ့သည်"
"သင်၏ သားမြေး ကုရှို့သည် လျှို့ဝှက်ဆန်းကြယ်သော တားမြစ်နယ်မြေထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး ကောင်းကင်ဘုံပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ခဲ့သော တာအို အမှတ်အသားကို စူးစမ်းနိုင်ခဲ့သဖြင့် ထိုးထွင်းသိမြင်မှု ရရှိကာ အသက်ရှည်ခြင်း လမ်းကြောင်းကို အနည်းငယ် မြင်တွေ့သွားခဲ့သည်"
"သင်၏ သား..."
"သင်၏ သားမြေး ကုရွှမ် သည် ထိပ်တန်း နတ်ဆိုးနတ်ဘုရား ဧကရာဇ်တစ်ပါးကို တစ်ကိုယ်တော် သတ်ဖြတ်ပြီး နတ်ဆိုးနတ်ဘုရားနယ်မြေတစ်ခုကို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် ကျော်ကြားလာခဲ့သည်"
"သင်၏ သားမြေး ကုရွှမ်၏ နတ်ဆိုးနတ်ဘုရားနယ်မြေကို ငြိမ်းချမ်းအောင် လုပ်ဆောင်မှုကြောင့် တားမြစ်နယ်မြေ သခင် ဒေါသထွက်သွားသည်"
"သင်၏သားမြေး ကုရွှမ်သည် အခွင့်အလမ်းကောင်းများ ရရှိပြီး ကျင့်ကြံမှုမှာ 'ဧကရာဇ် နောက်ဆုံးအဆင့်' သို့ အဆင့်တက်သွားသည်"
"အဆင့်မြှင့်တင်မှတ် ၁၀၀၀၀"
"သင်၏ သားမြေး ကုရွှမ်သည် စွမ်းအား တိုးတက်လာသဖြင့် တစ်ဖန် လှုပ်ရှားကာ နတ်ဆိုးနတ်ဘုရားနယ်မြေတစ်ခုကို ငြိမ်းချမ်းအောင် လုပ်ဆောင်ခဲ့သော်လည်း တားမြစ်နယ်မြေ သခင်၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်"
"သင်၏ သားမြေး ကုရွှမ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိလျက် လွတ်မြောက်သွားခဲ့သည်"
"သင်၏ သား..."
"သင်၏သားမြေး ကုယန် သည် သူအုပ်စိုးသော သိုင်းနတ်ဘုရား မသေမျိုး မင်းဆက်' ကို လျင်မြန်စွာ ချဲ့ထွင်ပြီး နတ်ဆိုးနတ်ဘုရား တားမြစ်နယ်မြေကို ငြိမ်းချမ်းအောင် လုပ်ဆောင်ကာ လူသားမျိုးနွယ်ဝင်များစွာ၏ အားပေးမှုကို ရရှိခဲ့သည်"
"သင်၏ သားမြေးကုယန်၏ ဂုဏ်သတင်းမှာ တိုးတက်လာခဲ့သည်"
"သင်၏ သားမြေး ကုယန်သည် 'လူသားတာအိုကောင်းမှု' ကို ရရှိပြီး စွမ်းအား တိုးတက်လာခဲ့သည်"
ကုချင်းဖန်သည် အချက်အလက်ပြဇယား ကို ပြန်ကြည့်လိုက်သောအခါ နှစ်ပေါင်း ၁၀၀ ကုန်ဆုံးသွားပြီ ဖြစ်သည်။
နှစ်တစ်ရာစုအတွင်း ကုယန်နှင့် အခြားသူတို့မှာ ထပ်မံ၍ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
စကားပြောခန်း အချက်အလက်ပြဇယား ထဲတွင် သူတို့၏ ဆက်သွယ်မှုများမှာ မကြာခဏ ဖြစ်ပြီး ကုချင်းဖန် ကြည့်လိုက်ရာ အရေးမပါသော စကားများသာ ဖြစ်နေသည်။
၎င်းတို့အတွက် ကုချင်းဖန် ဂရုမစိုက်ပေ။
အသက်အန္တရာယ် ရှိသည့် အခြေအနေမျိုး မဟုတ်ပါက အဝေးမှ ဝင်ရောက်စွက်ဖက်ရန် အဆင့်မြှင်တင်မှတ် များကို အလကား မဖြုန်းတီးပေ။
သို့သော် ကုရှို့သည် ကောင်းကင်ဘုံပုဂ္ဂိုလ်၏ ကြီးမြတ်သော လမ်းကြောင်း အမှတ်အသားကို တွေ့ရှိပြီး အသက်ရှည်ခြင်း၏ နက်နဲသော အရာများကို မြင်တွေ့သွားသည်ကို မြင်လိုက်ရသဖြင့် ကုချင်းဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကုရှို့က ကုမိသားစုရဲ့ တတိယမြောက် ထာဝရပုဂ္ဂိုလ် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိသားပဲ"
မူလက ကုချင်းဖန်သည် တတိယမြောက် ထာဝရပုဂ္ဂိုလ်မှာ ကုရှန်လင် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ အခြေအနေမှာ ထိုသို့ မဟုတ်နိုင်တော့ပေ။
အကြီးမားဆုံး ပြဿနာမှာ ကုရှန်လင်၏ လမ်းကြောင်းမှာ အလွန် ချောမွေ့နေခြင်းပင်။
ဟုတ်ပါသည်။
လမ်းကြောင်း ချောမွေ့ခြင်းမှာ မကောင်းသည့်အရာ မဟုတ်ချေ။
ဒါပေမဲ့ အသက်နှင့် သေခြင်းကြားမှ စမ်းသပ်မှုများ မရှိခြင်းမှာ အနည်းငယ် လိုအပ်ချက် ရှိနေသည်။
ကုရှို့မှာ တားမြစ်နယ်မြေထဲသို့ တစ်ကိုယ်တော် ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဘုံပုဂ္ဂိုလ်၏ အငြိုးအတေးကို ရင်ဆိုင်ခဲ့ကာ အသက်ရှည်ခြင်း လမ်းကြောင်းကို မြင်တွေ့ခဲ့ရသည်။ တောင်နှင့်ပင်လယ် မြင့်မြတ်နယ်မြေ၏ အရင်းအမြစ်များ မရှိသော်လည်း ရရှိလာသော အခွင့်အရေးများမှာ မြင့်မြတ်နယ်မြေမှ ရရှိသည်ထက် မနည်းပေ။
အသက်နှင့် သေခြင်းကြားမှ ထိုးထွင်းသိမြင်မှုများက နက်နဲသော အမှန်တရားများကို နားလည်စေတတ်သည်။
ထို့ကြောင့် ကုရှို့က အရင်ဆုံး အသက်ရှည်ခြင်းအဆင့်သို့ အဆင့်တက်ပြီး ကောင်းကင်ဘုံပုဂ္ဂိုလ်အဆင့်သို့ ရောက်ရှိသွားလျှင်လည်း မဖြစ်နိုင်စရာ မရှိပေ။
ကုရှို့တင် မဟုတ်ပေ။
ကုရွှမ်လည်း ပါဝင်သည်။
နှစ်ပေါင်း ၁၀၀ အတွင်း ဧကရာဇ် အလယ်အလတ်အဆင့်မှ နောက်ဆုံးအဆင့်သို့ အဆင့်တက်သွားသည်ကို ကြည့်ရခြင်းကပင် အချက်တစ်ချက်ကို သက်သေပြနေသည်။
ထို့ထက်ပို၍ ကုရွှမ်က အရင်ဆုံး ကျော်တက်သွားပြီး တတိယမြောက် သို့မဟုတ် စတုတ္ထမြောက် ထာဝရပုဂ္ဂိုလ် ဖြစ်လာမည်ကို ကုချင်းဖန် သံသယ ဖြစ်မိသည်။
ဤခန့်မှန်းချက်မှာ အကြောင်းမဲ့ မဟုတ်ပေ။
ထို့နောက် သူသည် သူ၏ စွမ်းရည် အချက်အလက်ပြဇယား ကို ကြည့်လိုက်သည်။
အမည်: ကုချင်းဖန်
အသက်: အနန္တ
အဆင့်: ဒုတိယအဆင့် ကောင်းကင်ဘုံပုဂ္ဂိုလ်
မဟာတာအို: ဆိတ်ငြိမ်ခြင်းနိဂုံး လမ်းကြောင်း (အလွှာနှစ်၊ ပြည့်စုံခြင်း)၊ မြေအောက်စမ်းရေလမ်းကြောင်း (အလွှာနှစ်၊ ပြည့်စုံခြင်း)
အဆင့်မြှင်တင်မှတ်: ၂၈၀၀၀၉၆၀၀
နှစ်ပေါင်း ၁၀၀ အတွင်း ကုချင်းဖန်၏ အရည်အချင်းအချက်အလက်ပြဇယား တွင် အပြောင်းအလဲ အနည်းငယ်သာ ရှိသည်။
အဆင့်မြှင်တင်မှတ် သန်း ၁၀၀ ထပ်တိုးလာသော်လည်း တတိယအဆင့်ကောင်းကင်ဘုံပုဂ္ဂိုလ်အဆင့်သို့ အဆင့်တက်ရန်မှာ ဝေးကွာနေသေးသည်။
သို့သော် ဤတစ်ရာစုအတွင်း ကုချင်းဖန်သည် သုံးကြိမ်မြောက် ဒုက္ခအဆင့်သို့ မရောက်သေးသော်လည်း နှစ်ပေါင်း ၁၀၀ ကထက် ပိုမို အစွမ်းထက်လာခဲ့သည်။
ဤသတင်းသာ ပျံ့နှံ့သွားလျှင် အခြား ထာဝရကောင်းကင်ဘုံပုဂ္ဂိုလ်များ အံ့အားသင့်သွားကြပေလိမ့်မည်။
မည်သို့ဆိုစေ ထာဝရကောင်းကင်ဘုံပုဂ္ဂိုလ်အဆင့်တွင် ကျင့်ကြံရန် အချိန်ကို နှစ်သန်းပေါင်း ဘီလီယံဖြင့် တိုင်းတာကြသည်။ နှစ် ၁၀၀ မဆိုထားနှင့် နှစ်သန်းပေါင်းများစွာ ကျင့်ကြံသော်လည်း ဤမျှ တိုးတက်မှု မရနိုင်ကြပေ။
သိထားသင့်သည်မှာ ထာဝရပုဂ္ဂိုလ်အများစုအတွက် နှစ်ပေါင်း ၁၀၀ ဆိုသည်မှာ ခဏတာအိပ်ခြင်းမျှသာ ဖြစ်သည်။
ယခု ကုချင်းဖန်က နှစ်ပေါင်း ၁၀၀ အတွင်း စွမ်းအား တိုးတက်လာသည်ဆိုလျှင် အခြားသူများ မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။
နတ်ဆိုးနတ်ဘုရားမျိုးနွယ်သာ ဤအချက်ကို သိသွားလျှင် ရွှမ်ထျန်းမြင့်မြတ်နယ်မြေကို ဆက်လက် ကြီးထွားခွင့် ပေးတော့မည် မဟုတ်ပေ။
"အဆင့် (၁၀) အဂ္ဂိရတ်ပညာရှင် က တာအိုမသေမျိုးဆေးလုံးကို မဖန်တီးနိုင်ဘူးဆိုရင် အဆင့် (၁၁) သို့မဟုတ် (၁၂) ဆိုရင်ကော"
ကုချင်းဖန် တွေးတောလိုက်သည်။
အချက်အလက်ပြဇယား မှ ပေးသော ဆေးလုံးများနှင့် ပတ်သက်၍ သူသည် ယခင်ဆေးလုံးအချို့ကို မိသားစု၏ အဂ္ဂိရတ်ပညာရှင် များအား လေ့လာခိုင်းကာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ဖူးသည်။
အဆင့် (၁၀) ပညာရှင်က မဖန်တီးနိုင်လျှင် အဆင့် (၁၁) သို့မဟုတ် (၁၂) ဖြစ်လာပါကကော။
နှစ်များစွာအတွင်း ကုချင်းဖန်သည် အဂ္ဂိရတ် လမ်းကြောင်းကိုလည်း လေ့လာခဲ့သည်။
သူသည် 'အဆင့် (၈)' အဂ္ဂိရတ်ပညာရှင် အဖြစ် သတ်မှတ်နိုင်ပြီး သူတော်စင်ဧကရာဇ်အဆင့် ဆေးလုံးများကို ဖန်တီးနိုင်သည်။
သို့သော် ဤအချက်ကို ကုချင်းဖန် မဖော်ပြခဲ့ဖူးသဖြင့် မည်သူမျှ မသိကြပေ။
ယခုပင်လျှင် ကုချင်းဖန်သည် အဆင့် (၁၀) ပညာရှင်ထက် သာလွန်သော ပညာရှင်ဖြစ်လာရန် စိတ်ကူးရှိနေသည်။
....