← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

အပိုင်း ၁၄၁ - ပြန်လည်ကောင်းမွန်လာခြင်း

လင်းစုယွီသည် ပါးစပ်များပိတ်ဆို့ခံထားရသည့် လူနှစ်ယောက်ကို အေးစက်ခက်ထန်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကာ အံကြိတ်သံဖြင့် ပြောလိုက်သည်။

"သူတို့ကို ခေါ်သွားပြီး သေချာစစ်ဆေးမေးမြန်းလိုက်"

"ပြီးတော့ ကျန့်မိသားစုဆီ လူလွှတ်ပြီး လူကိုရှာတွေ့ပြီလို့ အကြောင်းကြားလိုက်ဦး"

ကျန့်ဖိန့်ဖိန့်၏ အသံကျယ်ကျယ် ငိုရှိုက်သံများသည် တဖြည်းဖြည်း တရှုံ့ရှုံ့ ဖြစ်သွားပြီး ခုနက ခံစားခဲ့ရသော ကြောက်စိတ်များလည်း တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။

ငိုထားသဖြင့် ကယ်လီကိုကြောင်လေးသဖွယ် ပေတေနေသော မျက်နှာကို မော့ကာ ရှိုက်သံများကြားမှ ပြောလိုက်၏။

"စု... စုယွီ... သူတို့... သူတို့ အထဲမှာ ပြောနေတာက လူမှားဖမ်းမိတာတဲ့"

လူမှားဖမ်းမိတာ ဟုတ်လား။ လင်းစုယွီက လက်ကိုမြှောက်၍ ကျန့်ဖိန့်ဖိန့်၏ ပါးပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ပြီး ချော့မော့လိုက်သည်။

"အရမ်းငိုရင် မျက်လုံးလေးတွေ ဖောင်းပြီး ရုပ်ဆိုးသွားလိမ့်မယ်"

ကျန့်ဖိန့်ဖိန့်သည် ပြုံးလိုက်မိပြီး နှာတစ်ချက်ရှုံ့ကာ ပြန်ပြော၏။"ငါ့မျက်လုံးတွေက အကြီးကြီးပါနော်!"

ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဆက်ပြောလေသည်။"သူတို့ တကယ်ဖမ်းချင်တာက နင့်ကိုတဲ့ စုယွီ။ ဒီရက်ပိုင်း နင် တော်တော်လေး သတိထားမှဖြစ်မယ်"

သူမ အိမ်သာသွားပြီး ထွက်လာကာရှိသေး ဆာလာအိတ်ဖြင့် အုပ်ခံလိုက်ရပြီး ကားနောက်ဖုံးထဲ အပစ်ခံလိုက်ရသည့် အဖြစ်အပျက်ကို ပြန်ပြောပြနေခြင်းဖြစ်သည်။

မကြာခင်မှာပင် အိတ်ကိုဖွင့်လိုက်သောအခါ သူမသည် အခန်းတစ်ခုထဲသို့ ရောက်နေပြီး လူနှစ်ယောက်က သူမမျက်နှာကို ကြောင်ကြည့်နေကြသည်။ တစ်ယောက်ကနောက်တစ်ယောက်ကို ဆဲဆိုနေလေသည်။ "မျက်နှာက မတူပါလား! ဒါကို ငါတို့ ဘယ်လိုသွားအစီရင်ခံရမှာလဲ။ မင်းကို သေချာကြည့်ပြီးမှ လုပ်ပါဆိုတာကို!"

"သူတို့နှစ်ယောက်က ဝတ်ထားတာချင်း တူနေတာကို ငါက ဘယ်လိုလုပ်..."

ကျန့်ဖိန့်ဖိန့်က သူမကြားခဲ့မြင်ခဲ့သမျှကို ပြန်ပြောပြနေစဉ် လင်းစုယွီ၏ မျက်ဝန်းများ အေးစက်မှောင်မှောင်သွားသည်။ ဒါ သူမကို ရည်ရွယ်တာလား။

ဤကิစ္စသည် ကောမိသားစု၏ လက်ချက်ဖြစ်ရန် များသည်။ သူမကြောင့် ကောမိသားစု အရှက်တကွဲ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့ဘက်က လက်တုံ့ပြန်လာသည်မှာ မဆန်းပေ။ သို့သော် ဤအကြောင်းကို ကျန့်ဖိန့်ဖိန့်အား ပြောပြရန် စိတ်ကူးမရှိပေ။

သူမ၏ မျက်နှာထားမှာ အားနာမှုများဖြင့် ရှုပ်ထွေးနေပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဖိန့်ဖိန့်၊ ငါ့ကြောင့် နင် ဒုက္ခရောက်သွားရတယ်" ကျန့်ဖိန့်ဖိန့်က မျက်စောင်းထိုးလိုက်ပြီး ကြောက်စိတ်များ ပြေလျော့သွားကာ လင်းစုယွီကို မျက်လုံးပြူးကြည့်လိုက်သည်။

သူမက လင်းစုယွီ၏ ပုခုံးကို ခပ်ပြင်းပြင်းလေး တွန်းကာ သတိပေးလိုက်သည်။"နင် ငါပြောတဲ့ အဓိကအချက်ကို နားလည်ရဲ့လား။ အပြင်သွားရင် သတိထားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြောနေတာ။ တစ်ယောက်ယောက်က နင့်ကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာနော်"

လင်းစုယွီသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အလွန်အကျွံ သုံးလိုက်ရသဖြင့် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ ပျော့ခွေနေပြီဖြစ်သည်။ သူမသည် ရွှမ်ဖုန်းကို မှီထားမှသာ မလဲအောင် မနည်းထိန်းထားနိုင်တော့သည်။

စောစောက တွန်းလိုက်သော အရှိန်ကြောင့် သူမ၏ ကိုယ်လေးမှာ နောက်သို့ တစ်လှမ်းဆုတ်သွားရသည်။ ဘေးမှကြည့်နေသော ရွှမ်ဖုန်းမှာ ရင်တထိတ်ထိတ် ဖြစ်သွား၏။ သူ မနည်းရှာထားရသည့် ချမ်းသာခြင်းနတ်ဘုရားမလေးကို အလဲခံ၍ မဖြစ်ပေ။ လင်းစုယွီက သူ့အတွက် ငွေဝင်ပေါက်ကြီး မဟုတ်ပါလား။

ကျန့်ဖိန့်ဖိန့်သည်လည်း ထိုအချိန်မှ ပုံမှန်မဟုတ်သည်ကို သတိထားမိသွားပြီး လင်းစုယွီ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်ကို မြင်သောအခါ လန့်သွားသည်။ သူမက တွန်းမှီထားသည့် လက်ကို အမြန်ဖယ်လိုက်ပြီး "စုယွီ၊ နင် ဘာဖြစ်တာလဲ?!" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

လင်းစုယွီက အတင်းအားယူကာ ပြုံးပြပြီး ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး၊ နည်းနည်း ပင်ပန်းသွားလို့ပါ။ အနားယူလိုက်ရင် ကောင်းသွားမှာပါ။ ငါ သတိထားပါ့မယ် ဖိန့်ဖိန့်၊ နင့်ကိုပါ ဒုက္ခပေးသလို ဖြစ်သွားပြီ"

ရွှမ်ဖုန်းကတော့ နှုတ်ခမ်းမဲ့လိုက်သည်။ သူမမှာ လဲတော့မည့် အခြေအနေ ရောက်နေတာတောင် ဟန်ဆောင်ကောင်းနေသေးသည်။ အကယ်၍သာ သူသည် အမျိုးသမီးများ၏ ကံကြမ္မာထဲ ဝင်မပါရဆိုသော စည်းကမ်းမရှိလျှင် ကျန့်ဖိန့်ဖိန့် ရှိမည့်နေရာကို သူကိုယ်တိုင် တွက်ချက်ပေးလိုက်မည်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ရန်အတွက် ပေးဆပ်ရမည့် တန်ဖိုးက ကြီးလွန်းလှသည်။

ကျန့်ဖိန့်ဖိန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါတို့က ညီအစ်မတွေပဲ၊ ဘာဒုက္ခပေးတာလဲ ဖြစ်ရမှာလဲ။ နင် နေမကောင်းဘူးလား။ ဘာလို့ မျက်နှာက ဒီလောက် ဖြူဖျော့နေရတာလဲ။ ဆေးရုံ အမြန်သွားရအောင်!"

လင်းစုယွီက လက်ကာပြကာ "တကယ် ဘာမှမဖြစ်ပါဘူး၊ အနားယူလိုက်ရင် ရပါပြီ" ဟု ငြင်းသော်လည်း "ဘာမှမဖြစ်ရမလား" ဟု ဆိုကာ ကျန့်ဖိန့်ဖိန့်က သူမကို ဆေးရုံခေါ်သွားရန် ပြင်တော့သည်။

လင်းစုယွီက ရွှမ်ဖုန်းကို အကူအညီတောင်းသော အကြည့်ဖြင့် ခိုးကြည့်လိုက်သည်။ ရွှမ်ဖုန်း ပုခုံးတွန့်လိုက်သည်။ သူ၏ ချမ်းသာခြင်းနတ်ဘုရားမလေးကို မကူညီလျှင် သူ့စီးပွားရေးလမ်းကြောင်း ပိတ်သွားပေလိမ့်မည်။

"မိန်းကလေးကျန့် စိတ်မပူပါနဲ့။ ကျွန်တော့်တို့မမလေးက သွေးတွင်းသကြားဓာတ် နည်းနည်းနည်းသွားလို့ပါ။ ဟင်းချိုချိုလေး ပြင်ခိုင်းထားပါတယ်၊ သောက်လိုက်ရင် သက်သာသွားမှာပါ" ဟု ဝင်ပြောပေးလိုက်၏။

ကျန့်ဖိန့်ဖိန့်က ရင်ဘတ်ကို ဖိကာ သက်ပြင်းချပြီး ပြောလိုက်သည်။ "အင်း... အဲဒါဆိုလည်း တော်သေးတာပေါ့"

ကျန့်ဖိန့်ဖိန့်ကို အိမ်သို့ ဘေးကင်းစွာ ပြန်ပို့ပြီးနောက်တွင်တော့ လင်းစုယွီသည် ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ ရွှမ်ဖုန်း၏ ကျောပေါ်သို့ သတိလစ်လဲကျသွားတော့သည်။

ရွှမ်ဖုန်းသည် မိမိကျောပေါ်မှ လူမှာ ငြိမ် သွားသည်ကို ခံစားမိသောအခါ သက်ပြင်းချကာ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ လင်းစုယွီ ပြန်နိုးလာသောအခါ ရင်းနှီးနေသည့် မျက်နှာကြက်ကို မြင်လိုက်ရသဖြင့် သူမ ပိုင်မိသားစုအိမ်သို့ ပြန်ရောက်နေပြီမှန်း သိလိုက်သည်။

စောစောက ကျန့်ဖိန့်ဖိန့်၏ ဘေးကင်းရေးကို စိုးရိမ်နေရသဖြင့် ဘာမှမခံစားမိသော်လည်း ယခု စိတ်အေးသွားသည့်အခါမှ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ခေါင်းထဲတွင်လည်း အက်ကွဲတော့မတတ် နာကျင်နေတော့သည်။

စိတ်ဝိညာဉ်စွမ်းအားကို အကုန်သုံးလိုက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးက ဤမျှ ပြင်းထန်လိမ့်မည်ဟု သူမ မထင်ထားမိပေ။ လင်းစုယွီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ယောင်ယောင်လေး ပြုံးလိုက်ကာ ကုတင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ ကိုယ်ပိုင် နေရာလွတ်ထဲသို့ ရောက်သည်နှင့် ခြေထောက်များက အားမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။ လင်းစုယွီသည် ကြည်လင်နေသော ကောင်းကင်နှင့် လွင့်မျောနေသော တိမ်တိုက်များကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

နောက်ဆုံးတွင်တော့ ကိုယ်ခန္ဓာ၏ နာကျင်မှုကို မခံစားနိုင်တော့သဖြင့် စိတ်ဝိညာဉ်စမ်းရေတွင်းရှိရာသို့ တွားသွားကာ စမ်းရေကို အဝသောက်လိုက်လေသည်။

ချိုမြိန်သော အရသာက လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်အတွင်းသို့ စီးဝင်သွားပြီး အေးမြသော ခံစားမှုလေးက သူမ၏ ကိုယ်လက်အင်္ဂါ တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ နာကျင်မှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ကြမ်းပြင်ပေါ်တွင် ခေတ္တမျှ လှဲနေပြီးနောက် နာကျင်မှုများ လုံးဝမရှိတော့သဖြင့် သူမ ထရပ်လိုက်သည်။ စိတ်ဝိညာဉ်စမ်းရေသည် အလွန်ပင် ထူးခြားဆန်းကြယ်သည်ဟု သိထားသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာသည်ကို မြင်တော့ သူမကိုယ်တိုင်ပင် အံ့သြသွားရသည်။

သူမ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် ပေါ့ပါးနေပြီး စိတ်ဝိညာဉ်စွမ်းအားများလည်း ပြန်လည်ပြည့်ဝလာပြီဖြစ်သည်။ ထွမ်းထွမ်းကို သွားကြည့်ရာ အိပ်ပျော်နေသဖြင့် သူမ မနှိုးတော့ဘဲ နေရာလွတ် ထဲမှ ပြန်ထွက်လာခဲ့သည်။

လင်းစုယွီ ကုတင်ပေါ်သို့ ပြန်ရောက်သည်နှင့် အခန်းတံခါး ပွင့်လာသဖြင့် သူမ ရင်ထိတ်သွားသည်။ တော်တော်လေး ကံကောင်းသွားသည်ဟု ဆိုရမည်။ အဒေါ်ဖြစ်သူ လုလန်ရှင်း ဝင်လာသောအခါ လင်းစုယွီက အိပ်ရာမှ ခုလေးတင် နိုးလာသလိုမျိုး ဟန်ဆောင်ကာ မျက်လုံးဖွင့်လိုက်သည်။

"စုယွီ... နိုးပြီလား!" အဒေါ်ဖြစ်သူက ဝမ်းသာအားရ ပြောလိုက်သည်။ လင်းစုယွီက မျက်လုံးလေးကို ပွတ်ကာ "အကြီးဆုံးအဒေါ်..." ဟု ခေါ်လိုက်၏။

"နိုးလာတာ ဝမ်းသာစရာပဲ၊ သမီးကြောင့် အားလုံး လန့်ကုန်ကြတာ။ ဗိုက်ဆာနေပြီလား။ မီးဖိုချောင်မှာ ထမင်းနွေးထားတယ်၊ အဒေါ် အပေါ်ကို ယူလာခိုင်းလိုက်ရမလား"

လင်းစုယွီက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရာ လရောင်ဖျော့ဖျော့သာရှိတော့ပြီး မှောင်နေပြီဖြစ်သည်။

"အကြီးဆုံးအဒေါ်... သမီး ဗိုက်မဆာပါဘူး။ တော်တော်လည်း နောက်ကျနေပြီဆိုတော့ အဒေါ် သွားနားလိုက်ပါဦး။"

သူမက နွေးထွေးစွာ ပြုံးပြလိုက်ရာ လုလန်ရှင်းလည်း စိတ်အေးသွားပြီး စောင်ကို သေချာခြုံပေးကာ ထွက်သွားခဲ့သည်။ "အေးအေး... ဒါဆိုလည်း ဆက်အိပ်ဦးနော်။ အဘွားကိုလည်း သွားပြောလိုက်ဦးမယ်၊ ဒါမှ သူလည်း စိတ်အေးလက်အေး အိပ်ရမှာ"

လင်းစုယွီ၏ ရင်ထဲတွင် နွေးထွေးသွားပြီး မျက်ရည်ပင် ဝဲလာမိသည်။ သူမ သတိလစ်သွားသဖြင့် တစ်မိသားစုလုံး မအိပ်ဘဲ သူမ နိုးလာမည့်အချိန်ကို စောင့်နေကြသည်ကို သိလိုက်ရ၍ ဖြစ်သည်။

လင်းစုယွီသည် မိသားစုမေတ္တာကို အထူးတလည် တောင့်တသူ မဟုတ်သော်လည်း ယခုကဲ့သို့ နွေးထွေးမှုကို ခံစားရသောအခါ စိတ်လှုပ်ရှားမိသွားသည်။ "ကျေးဇူးတင်ပါတယ် အကြီးဆုံးအဒေါ်" ဟု သူမက လှမ်းပြောလိုက်သည်။

လုလန်ရှင်းက တံခါးပိတ်၍ အဘွားဖြစ်သူကို သွားပြောလေသည်။ လင်းစုယွီသည် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး မိုးလင်းသည်နှင့် နိုးလာခဲ့သည်။

မနေ့က ဖမ်းလာခိုင်းထားသည့် လူများကို သတိရသဖြင့် သူမ မျက်နှာသစ်ကာ ရွှမ်ဖုန်း၏ အခန်းသို့ တန်းသွားလိုက်သည်။ ရွှမ်ဖုန်း၏ အခန်းမှာ ပိုင်မိသားစု အဆောက်အဦးဘေးရှိ သီးသန့် အိမ်အသေးလေးတွင် ဖြစ်သည်။

သူမ ရောက်သွားသောအခါ ရွှမ်ဖုန်းက သူ၏ အလုပ်သုံးပစ္စည်းများကို သုတ်သင်နေသည်။ "မနေ့က ခေါ်လာတဲ့ လူနှစ်ယောက် ဘယ်မှာလဲ" ဟု သူမက မေးလိုက်သည်။

ရွှမ်ဖုန်းက အံ့သြသွားပြီး သူမကို အထက်အောက် ကြည့်လိုက်သည်။ ဤမျှ မြန်မြန်ဆန်ဆန် နေကောင်းသွားတာလား။

"သူတို့ကို မြေအောက်ခန်းထဲမှာ ပိတ်ထားတယ်။ မင်း နေသာရဲ့လား"

လင်းစုယွီက ခေါင်းညိတ်ပြကာ မြေအောက်ခန်းသို့ ဆင်းသွားခဲ့သည်။ သူမသည် ကောမိသားစု၏ လက်ချက်မှန်း သိထားသော်လည်း ကိုယ်တိုင် စစ်ဆေးမေးမြန်းချင်နေသေးသည်။

ရွှမ်ဖုန်းကလည်း ပစ္စည်းများကို ချကာ သူမနောက်သို့ လိုက်သွားသည်။ ထိုလူနှစ်ယောက်မှာ ကြိုးဖြင့် တုပ်နှောင်ခံထားရပြီး ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ထိုင်နေကြသည်။ တစ်ညလုံး ဘာမှမစားမသောက်ရသဖြင့် သူတို့၏ နှုတ်ခမ်းများမှာ ခြောက်သွေ့နေပြီဖြစ်သည်။

သူမကို စိုက်ကြည့်နေသည့် ထွားကြိုင်းသော လူကိုကြည့်ကာ လင်းစုယွီက မေးစေ့ကို အနည်းငယ် မော့ပြီး "သူ့ကို ဒီဘက် ခေါ်လာခဲ့" ဟု အမိန့်ပေးလိုက်သည်။ ရွှမ်ဖုန်းက ထိုလူကို သူမရှေ့သို့ ဆွဲခေါ်လာပေးသည်။

လင်းစုယွီက ထိုလူ၏ ပါးစပ်မှ ပိတ်စကို ဆွဲခွာပြီးအေးစက်စွာ မေးလိုက်သည်။ "မင်းတို့ကို ဘယ်သူ ခိုင်းလိုက်တာလဲ"

All Chapters