← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

အပိုင်း ၁၄၇ - အမှန်တရား

လူတိုင်း၏ သိချင်စိတ်မှာ ချက်ချင်းဆိုသလို အထွတ်အထိပ်သို့ ရောက်သွားပြီး အချို့မှာ မနေနိုင်ဘဲ အတင်းမေးမြန်းတော့သည်။

"ဒါဆို အဓိကအကြောင်းရင်းက ဘာလဲ"

လင်းစုယွီ၏ မျက်ဝန်းအိမ်ထဲမှ အပြုံးမှာ ခန့်မှန်းရခက်လှသည်။ သူမက လက်ထဲမှ ပုလင်းလေးကို လူအုပ်ကြီးထံ မြှောက်ပြပြီး ပြောလိုက်သည်။ "လျှို့ဝှက်ချက်က ဒီပုလင်းထဲမှာ ရှိနေတာပါ"

ပိုင်ချီမင်က သူမလက်ထဲမှ ထိုပုလင်းကို ယူကြည့်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရပေ။

"ဒီပုလင်းလေးက ဘာလုပ်လို့ရမှာလဲ"

လင်းစုယွီက ခပ်ဖွဖွရယ်လိုက်ရင်း ထွက်ပြေးရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့သော နှုတ်ခမ်းနီရဲရဲနှင့် အမျိုးသမီးကို ကြည့်ကာ "ဒီပုလင်းထဲမှာ ဘာရှိလဲဆိုတာကိုတော့ ဒီအမျိုးသမီးက အသိဆုံးဖြစ်မှာပါ" ဟု ဆိုသည်။

ထိုအမျိုးသမီးက သူမကိုကြည့်ရင်း အနည်းငယ်ထစ်ထစ်ငေါ့ငေါ့ဖြင့် "ကျွန်မ ခုနကပဲ ပြောပြီးပြီလေ၊ ဒါက အသားအရေထိန်းပစ္စည်း အစမ်းသုံးနမူနာပါဆို။ ဒါမဟုတ်ရင် တခြားဘာဖြစ်ဦးမှာလဲ" ဟု ပြန်ပြော၏။

လင်းစုယွီက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"ဒီပုလင်းထဲက အရာက ဒီအမျိုးသမီး ပြောသလို ဟုတ်မဟုတ်တော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ လူတိုင်းရှေ့မှာ စမ်းသပ်ပြလို့တော့ ရပါတယ်"

အစပိုင်းတွင် သူမ မည်သို့စမ်းသပ်မည်ကို လူအုပ်ကြီးက နားမလည်ခဲ့ကြသော်လည်း လင်းစုယွီက ပုလင်းလေးကို ဖွင့်လိုက်သည်ကို မြင်လိုက်ရသည်။ သူမက ပုလင်းထဲမှ လိုးရှင်းအနည်းငယ်ကို ထုတ်ယူကာ သူမ၏ အခြားတစ်ဖက်သော လက်မောင်းပေါ်သို့ ဖြည်းညှင်းစွာ သုတ်လိမ်းလိုက်သည်။

ဤလုပ်ရပ်ကို မြင်လိုက်ရသောအခါ နှုတ်ခမ်းနီရဲရဲနှင့် အမျိုးသမီးမှာ ရင်တထိတ်ထိတ် ဖြစ်သွားပြီး မျက်လုံးများ ပြာယာခတ်လာတော့သည်။ လူအုပ်ကြီးကမူ လင်းစုယွီ ဘာကိုဆိုလိုမှန်း နားမလည်သေးပေ။

သို့သော် နှစ်စက္ကန့်၊ သုံးစက္ကန့်ခန့် အကြာတွင် လိုးရှင်းလိမ်းထားသော လက်မောင်းပေါ်၌ အနီစက် အနီကွက်များ သိသိသာသာ ပေါ်လာတော့သည်။ ထိုအခါမှသာ စောစောက လင်းစုယွီသည် အဘယ်ကြောင့် ထိုအမျိုးသမီး၏ အခြားအင်္ကျီလက်တစ်ဖက်ကို မတင်ကြည့်ခဲ့သည်ကို လူတိုင်း ရိပ်မိသွားကြသည်။

ထိုအမျိုးသမီးတွင် အနီစက် အင်ပြင်များ ဖြစ်ရခြင်းမှာ ဆိုင်ကအဝတ်အစားများကြောင့် မဟုတ်ဘဲ ဤအရည်ကို လိမ်းကျံထားသောကြောင့်သာ ဖြစ်သည်။ သူမ၏ လိမ်လည်မှု ပေါ်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး၏ မျက်နှာပေါ်တွင် ပျာယာခတ်မှုများ အထင်းသား ပေါ်လာတော့သည်။

လင်းစုယွီက သူမကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဒီမမလေးက အနီစက်ထွက်ရတဲ့ အကြောင်းရင်းကို အမှတ်မှားမိတယ် ထင်တယ်"

ထိုအမျိုးသမီးက ဆက်၍ငြင်းဆိုချင်သေးသဖြင့် အတင်းအကျပ် ပြုံးရင်း ဆင်ခြေပေးတော့သည်။ "စိတ်မရှိပါနဲ့၊ ကျွန်မ အထင်မှားသွားတာပါ။ ခုနက လိုးရှင်းလိမ်းထားတာကို မေ့သွားလို့ အဝတ်အစားကြောင့်လို့ မှားပြောမိတာပါ"

လူအုပ်ကြီးက လူအ မဟုတ်ကြပေ။ ထင်ရှားလွန်းနေသည်ကို အတင်းဖုံးကွယ်နေသည်ကို ကြည့်ကာ သူတို့က နှာခေါင်း ရှုံ့လိုက်ကြသည်။ ဒီအမျိုးသမီးမှာ ရည်ရွယ်ချက်ရှိရှိ ပြဿနာလာရှာခြင်း ဖြစ်ပြီး စီးပွားပြိုင်ဘက်တစ်ဦးဦးက ကောလာဟလဖြန့်ရန် လွှတ်လိုက်ခြင်းဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။

လင်းစုယွီက သူမအနားသို့ လျှောက်သွားပြီး ပုလင်းကို အမျိုးသမီး၏ လက်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ထည့်ပေးလိုက်ကာ ပုတ်ပေးရင်း "မစ္စ... နောက်တစ်ခါကျရင်တော့ ဆင်ခြေတွေ လျှောက်မပေးပါနဲ့တော့" ဟု မထူးမခြား လေသံဖြင့် ပြောလိုက်သည်။

နှုတ်ခမ်းနီရဲရဲနှင့် အမျိုးသမီးမှာ အပြစ်မကင်းသဖြင့် ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်လာသည်။ သူမက အနေခက်စွာဖြင့် ခေါင်းညိတ်ပြကာ "စိတ်ချပါ... နောက်တစ်ခါ မဖြစ်စေရပါဘူး" ဟု ပြန်ပြော၏။

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီအဝတ်အစားကိုတော့ မမလေးအတွက် လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ" လင်းစုယွီက သူမ၏လက်ကို လွှတ်ပေးလိုက်သည်။

အမျိုးသမီးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူမ မည်သို့ ဆက်နေရဲတော့မည်နည်း။ ထို့ကြောင့် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ စိတ်ထဲတွင်မူ 'ပိုင်မိသားစုဝင်တွေက တကယ်ကို အူအလွန်းတယ်' ဟု တိတ်တဆိတ် ကဲ့ရဲ့လှောင်ပြောင်သွားသေးသည်။

ကျန့်ဖိန့်ဖိန့်သည် လင်းစုယွီက ထိုအမျိုးသမီးကို လွယ်လွယ်ကူကူ လွှတ်ပေးလိုက်သည်ကို မြင်သောအခါ အားမလိုအားမရ ဖြစ်သွားသည်။

"စုယွီ... နင်က ဘာလို့ သူ့ကို ဒီလောက်လွယ်လွယ် လွှတ်ပေးလိုက်တာလဲ။ သူ မှတ်သွားအောင် သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ရမှာကို!"

လင်းစုယွီက သူမ၏ ပုခုံးကို ဖက်လိုက်ပြီး စိတ်မပူရန် အချက်ပြလိုက်သည်။ ထို့နောက်ရွှမ်ဖုန်းကို မျက်ရိပ်ပြလိုက်ရာ ရွှမ်ဖုန်းက ခေါင်းညိတ်ပြကာ ချက်ချင်း ဆိုင်ပြင်သို့ လိုက်ထွက်သွားတော့သည်။

အမျိုးသမီး ထွက်သွားသည်ကို ကြည့်ပြီး လူအုပ်ကြီးက လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြပြီး လင်းစုယွီအပေါ် အမြင်မှာလည်း ပို၍ ကောင်းလာကြသည်။ ပိုင်မိသားစုမှာ စိတ်သဘောထား ကြီးမြတ်ပြီး မျိုးရိုးကြီးဆန်သော ဂုဏ်သိက္ခာရှိကြောင်း လူတိုင်းက ချီးကျူးပြောဆိုကြသည်။

မိမိတို့ဆိုင်က အဝတ်အစားကြောင့် အသားယားသည်ဟု အကောက်ကြံခံရပါက မည်သူမဆို စိတ်တိုကြမည်ဖြစ်သည်။ သို့သော် လင်းစုယွီက စိတ်မဆိုးသည့်အပြင် ထိုသူကိုပါ အဝတ်အစား လက်ဆောင်ပေးလိုက်သေးသည်။ ဤကဲ့သို့ စိတ်သဘောထား ပြည့်ဝသူမျိုးမှာ ရှားပါးလှပေသည်။

လင်းစုယွီက မတ်တပ်ရပ်ကာ လူအုပ်ကြီးကို ပြောလိုက်သည်။

"ဒီနေ့ လူတိုင်းရဲ့ ဈေးဝယ်ချင်တဲ့ စိတ်ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်။ ကျွန်မတို့ဆိုင်က ဒီနေ့မှ အသစ်စဖွင့်တာမို့ ပစ္စည်းအားလုံးကို ၄၀ ရာခိုင်နှုန်း လျှော့ပေးမယ့်အပြင် ကူပွန်တွေကိုလည်း လက်ဆောင်ပေးသွားမှာပါ"

သူမက ပိုင်ချီမင်ကို အချက်ပြလိုက်ရာ သူက ချက်ချင်းပင် တုံ့ပြန်ပြီး ကောင်တာနောက်မှ ပန်းရောင်ကူပွန်အထပ်ကို ယူကာ လင်းစုယွီထံ ပေးလိုက်သည်။လင်းစုယွီက ကူပွန်များကို လူအုပ်ကြီးအား ပြလိုက်သည်။

"အဝတ်အစား ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ဒီကူပွန်တွေကို လူတိုင်းအတွက် လက်ဆောင်ပေးမှာပါ၊ ကုန်တဲ့အထိ ပေးသွားမှာနော်။ ဒီကူပွန်ကို ယူလာရင် ၄၀ ရာခိုင်နှုန်း လျှော့ပေးမယ့်အပြင် ကူပွန်တန်ဖိုးအတိုင်း ထပ်ပြီးတော့လည်း နှုတ်ပေးဦးမှာပါ"

ဤမျှ ကောင်းမွန်သော အခွင့်အရေးကို ကြားသောအခါ လူတိုင်းက ကူပွန်ရရန် တန်းစီကြတော့သည်။ သူတို့မှာ ငွေကြေးမချို့တဲ့သော်လည်း ပိုက်ဆံပိုပိုလျှံလျှံ ရှိနေသည်ကို မည်သူကမျှ ငြင်းမည်မဟုတ်ပေ။ သဘာဝအတိုင်းပင် လူတိုင်းမှာ တတ်နိုင်သမျှ သက်သက်သာသာဖြင့် ဝယ်ယူချင်ကြသည်မှာ လူသားတို့၏ ဗီဇပင် ဖြစ်သည်။

ငွေပြန်အမ်းခိုင်းရန် ပြင်နေသော ဝယ်သူများမှာလည်း ငွေပြန်မတောင်းကြတော့သည့်အပြင် နောက်ထပ် ပစ္စည်းအချို့ကိုပင် ပျော်ပျော်ပါးပါး ထပ်ဝယ်သွားကြသေးသည်။

လင်းစုယွီက ထိုအခွင့်အရေးကို အသုံးချကာ အရောင်းမြှင့်တင်ရေးကို ဆက်လုပ်သည်။

"ကျွန်မတို့ဆိုင်မှာ ဈေးဝယ်ယူတဲ့ ဘယ်သူမဆို ပွိုင့်ကတ် (Points Card) တစ်ကတ် ရပါမယ်။ ဒီကတ်ထဲက ပွိုင့်တွေ သတ်မှတ်ထားတဲ့ ပမာဏ ပြည့်သွားရင်တော့... ဟောင်ကောင်မြို့တစ်မြို့လုံးမှာ တစ်ထည်တည်းပဲရှိတဲ့၊ ဒီဇိုင်နာကိုယ်တိုင် သီးသန့်ချုပ်လုပ်ပေးထားတဲ့ အဝတ်အစားတစ်ထည်ကို ရရှိမှာဖြစ်ပါတယ်"

လင်းစုယွီ၏ ကြော်ငြာကို ကြားရသောအခါ လူတိုင်းမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ မိမိတစ်ဦးတည်းအတွက်သာ သီးသန့်ချုပ်ထားသည့် အဝတ်အစားမျိုးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

ဟောင်ကောင်မြို့တွင် အခြားသူနှင့် အကျီခြင်းဆင်တူသွားသည့် ပြသနာမျိုးကို သူတို့ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ အကယ်၍ သီးသန့်ဒီဇိုင်းသာ ရှိခဲ့လျှင် ထိုကဲ့သို့ ပူပန်စရာ လိုတော့မည်မဟုတ်ပေ။

ဆိုင်ထဲတွင် ဝယ်သူများဖြင့် ပြည့်နှက်ကာ အလွန်စည်ကားလာတော့သည်။ ဤတစ်ကြိမ်တွင်မူ ပိုင်ချီမင်မှာ အေးအေးဆေးဆေး မနေနိုင်တော့ပေ။ လင်းစုယွီက သူ့ကို ဆွဲခေါ်ကာ ဝယ်သူများကို အဝတ်အစားများ အကြောင်း ရှင်းပြခိုင်းတော့သည်။

အစပိုင်းတွင် ပိုင်ချီမင်မှာ အနည်းငယ် အနေခက်နေခဲ့သည်။ ဝယ်သူအမျိုးသမီးအများစုမှာ သူ့ကိုမြင်သည်နှင့် မျက်နှာလေးများ နီမြန်းကုန်ကြရာ သူလည်း ဘာဆက်ပြောရမှန်း မသိဖြစ်နေခဲ့သည်။

သို့သော် တဖြည်းဖြည်းနှင့် သူလည်း ကျင့်သားရလာပြီး အဝတ်အစားများကို ကောင်းမွန်စွာ ရှင်းပြနိုင်လာသည်။ အချို့ဝယ်သူများမှာ သူ၏ ရှင်းပြချက်ကြောင့် တစ်ခါတည်းနှင့် အထည်ပေါင်း ဆယ်ဂဏန်းကျော်ပင် ဝယ်သွားကြသည်။

လင်းစုယွီက သူ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ ဆိုင်စဖွင့်သည့်နေ့တွင် ပိုင်ချီမင်ကို ထိပ်တန်းအရောင်းဝန်ထမ်းအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။ ပိုင်ချီမင်ကမူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုသာ ကုပ်နေမိသည်။

အစတုန်းကမူ သူသည် ဤအလုပ်မှာ ပျင်းစရာကောင်းလှသည်ဟု ထင်ခဲ့ပြီး အရောင်းဝန်ထမ်းနှစ်ယောက်ကိုသာ ခိုင်းထားသင့်သည်ဟု ယူဆခဲ့သည်။ သို့သော် လက်တွေ့လုပ်ကြည့်သောအခါတွင်မူ သူသည် အတင်းခိုင်းခံရရာမှ ယခုအခါ ဝယ်သူများကို တက်တက်ကြွကြွ ကြိုဆိုကာ ကိုယ်တိုင် ပျော်မွေ့လာတော့သည်။

ဂုဏ်သရေရှိ ပိုင်မိသားစု၏ သခင်လေးက အဝတ်အစား ရောင်းနေသည်ကိုသာ သူများတွေ သိသွားပါက ရယ်ရလွန်း၍ သေသွားကြပေလိမ့်မည်။ ဆိုင်ထဲတွင် လူများ တစ်စထက်တစ်စ ပိုစည်ကားလာရာ သူတို့သုံးယောက်ပင် မနိုင်မနင်း ဖြစ်လာသည်။

လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့က ဖွင့်ပွဲနေ့တွင်သာ သူတို့ကိုယ်တိုင် ရောင်းမည်ဖြစ်ပြီး ကျန်သည့်ရက်များတွင် အရောင်းဝန်ထမ်းများကိုသာ လွှဲထားရန် ကြိုတင်သဘောတူထားကြသည်။ သို့သော် ယခု အရောင်းရသွက်နေသည့် အခြေအနေအရ ဝန်ထမ်းနှစ်ဦးနှင့် မလုံလောက်နိုင်သဖြင့် နောက်ထပ် ဝန်ထမ်းအချို့ ထပ်ခန့်ရန် သူတို့ စဉ်းစားလိုက်ကြသည်။

ဝယ်သူများ၏ ဝယ်လိုအားမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ လင်းစုယွီတို့မှာ အဝတ်အစားများကို အရုပ်များမှာပင် ဝတ်မပေးနိုင်သေးဘဲ ထုတ်လာသမျှ အကုန်လုံးမှာ ချက်ချင်းဆိုသလို ရောင်းထွက်သွားတော့သည်။

အလုပ်များနေကြသော်လည်း လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့မှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေကြသည်။ ဝယ်သူများ အဆက်မပြတ် ဝင်လာနေသဖြင့် လင်းစုယွီတို့မှာ ရေလေးတစ်ငုံသောက်ရန်ပင် အချိန်မရဘဲ အဆက်မပြတ် ရှင်းပြနေရသည်။

စက်ရုံမှူးကို ထုတ်လုပ်မှုတိုးမြှင့်ရန် ပြောရဦးမည်ဟု လင်းစုယွီ တွေးနေခိုက်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"လင်းစုယွီ... တစ်ကယ်ကြီး နင်ပဲ!"

All Chapters