အခန်း ၅၄
Vol. 6 Ch. 54
ငါးဆားနယ် ကိုယ်လုပ်တော်
အပိုင်း ၅၄
ယွီဝေဟွာသည် သူ အိပ်မက်မက်နေသည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ်လျှင် သူ မည်သို့ မြင်တွေ့နိုင်ပါမည်နည်း...။
"ငါ မြောင်ဟွာရဲ့ မျက်တောင်လေးတွေ လှုပ်ခတ်သွားတာကို မြင်လိုက်ရသလိုပဲ"
ကွေ့ဖေး၏ အသံမှာ စူးရှစွာဖြင့် ထွက်ပေါ်လာခဲ့သည်။ "ကျွန်မလဲ မြင်လိုက်ရတယ်"
ဝမ်ယနျဉ်သည် ဗီဇအရ သမီးဖြစ်သူ၏ လက်ကောက်ဝတ်ကို လှမ်း၍ စမ်းသပ်လိုက်ရာ—မယုံနိုင်စရာကောင်းစွာဖြင့် အားနည်းသော သွေးခုန်နှုန်းကို ခံစားလိုက်ရသည်။ အလွန်အမင်း ဝမ်းမြောက်သွားသဖြင့် သူမ အော်ဟစ်လိုက်၏။ "မြောင်ဟွာ တကယ်ပဲ အသက်ရှင်နေသေးတယ်"
တော်ဝင်သမားတော်များအားလုံး စုပေါင်း၍ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်နိုင်ကြသည်။ ဖိအားမှာ ဘယ်လိုမှ မခံမရပ်နိုင်အောင် ဖြစ်နေခဲ့ရာ—သူတို့သည် ယနေ့ပြီးနောက် စောစီးစွာ ရာထူးမှ အနားယူရတော့မည်ကို စိုးရိမ်နေခဲ့ကြဖူးသောကြောင့် ဖြစ်၏။
[စနစ်... မြန်မြန်လုပ်။ ချီလင်ကို ငါ့မိဘတွေကို နှစ်သိမ့်ပေးခိုင်းလိုက်အုံး]
[ပြီးတော့ ကွေ့ဖေးကိုရောပဲ]
အင်း... ကွေ့ဖေး၏ လှပသော ဝတ်ရုံမှာ သူမ၏ သွေးများကြောင့် ပျက်စီးကုန်ပြီ ဖြစ်သည်။ တကယ့်ကို သစ္စာရှိတဲ့ သူငယ်ချင်းကောင်းပဲ။ ထိုမင်္ဂလာရှိသော ဖြစ်ရပ်က တကယ့် ကောင်းချီးများကို မပေးစွမ်းနိုင်စေကာမူ၊ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာအရ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
ချီလင်သည် ဦးခေါင်းကို စောင်းလိုက်ပြီး ဝမ်ယနျဉ်နှင့် ယွီဝေဟွာတို့ကို ၎င်း၏ ဦးချိုဖြင့် ညင်သာစွာ ထိတွေ့ပေးလိုက်၏။
ယခုတစ်ကြိမ်တွင်မူ တောက်ပသော အလင်းတန်းများ ပြသခြင်း မရှိခဲ့သော်လည်း၊ ရောက်ရှိနေကြသော လူတိုင်းအား အားကျစိတ် ဖြစ်ပေါ်စေရန်အတွက်မူ လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ သူတို့အားလုံးသည် ထိုလင်မယားနှစ်ဦးနှင့် နေရာချင်း လဲလှယ်လိုက်ချင်စိတ် ပေါ်လာခဲ့ကြရ၏။
သူတို့တွေ တကယ့်ကို ကံကောင်းလှပါဘိ။
ကွေ့ဖေးဖြစ်သူ ယွမ်ဟွေ့ရုန်သည်လည်း အလားတူပင် အားကျနေခဲ့သည်—ချီလင်သည် မြောင်ဟွာကြောင့်မလို့ သူတို့ကို ကောင်းချီးပေးခဲ့ခြင်း ဖြစ်ရမည်။ တကယ့်ကို ကောင်းလိုက်တာ။
ထို့နောက်တွင်မူ ချီလင်သည် သူမ၏ နဖူးပြင်ကိုလည်း ၎င်း၏ ဦးချိုဖြင့် ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ အေးမြပြီး ညင်သာသော ထိတွေ့မှုက သူမ၏ ပင်ပန်းနွမ်းနယ်မှုအားလုံးကို ချက်ချင်း ပျောက်ကွယ်သွားစေ၏။
ခေါင်းကို အနည်းငယ် ညိတ်ပြပြီးနောက်၊ ချီလင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ အရည်ပျော်သွားခဲ့ပြီး ထိုနေရာ၌ ဘယ်တုန်းကမှ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ဟွေ့ရုန်မှာ အေးခဲလျက် မတ်တပ်ရပ်နေခဲ့မိသည်၊ လောလောလတ်လတ် ဖြစ်ပျက်သွားခဲ့သောအရာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သောကြောင့် ဖြစ်၏။
သူမကိုယ်တိုင်လား။ သူမပါ တကယ်ပဲ ချီလင်ရဲ့ ကောင်းချီးကို ရရှိခဲ့တာပဲ။
အား... ဒီနေ့မှာတော့ သူမဟာ မြို့တော်တစ်ခုလုံးမှာ အပျော်ရွှင်ဆုံး အမျိုးသမီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ချီလင် အနေဖြင့် သူမနှင့် မြောင်ဟွာတို့အကြားက သံယောဇဉ်ကို စိတ်လှုပ်ရှားသွားခဲ့ရခြင်းကြောင့် သေချာပေါက် ဖြစ်လိမ့်မည်။
မယ်တော်ကြီးအနေဖြင့် စိတ်ထဲ၌ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း ယခင်က ဗုဒ္ဓမြတ်စွာ၏ အလင်းတန်းကို ခံစားခဲ့ရဖူးသည်ကို ထည့်သွင်းစဉ်းစားပြီးနောက် ချက်ချင်းပင် စိတ်အေးချမ်းသွားခဲ့ရ၏။
မိဖုရားခေါင်ကြီးမှာ အားကျနေမိသော်လည်း သူမ၏ ခံစားချက်များကို ထိန်းချုပ်ထားခဲ့သည်။
စိတ်အပျက်ဆုံးလူမှာမူ ဖေးလင်ယွဲ့ပင် ဖြစ်သည်။
နောက်တစ်ကြိမ်တွင်လည်း သူသည် မင်္ဂလာရှိသော နိမိတ်လက္ခဏာကို လွဲချော်ခဲ့ရပြန်ပြီ ဖြစ်သည်။ နှစ်ကြိမ်တိုင်တိုင် သူသည် နတ်ဘုရား၏ မျက်နှာသာပေးမှုကို ကွက်တိ လွဲချော်ခဲ့ရသဖြင့်၊ စိတ်ပျက်မှုကြောင့် သွေးသုံးလီတာခန့် အန်ထုတ်ပစ်လိုက်ချင်စိတ် ပေါ်လာခဲ့၏။
ကွေ့ဖေးကမူ—သူမသည် ကံကောင်းမှုသက်သက်ဖြင့် ဤကောင်းချီးပေးခြင်းထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သူမက ဘာဖြစ်လို့ ဒီလောက်အထိ ကံကောင်းနေရတာလဲ။
ကွေ့ဖေး၏ ဖခင်ဖြစ်သူ ယွမ်ရှင်းကျိသည် ဖြစ်ပျက်နေသော မြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး ခပ်ဖွဖွ အပြုံးတစ်ခုကို မပြဘဲ မနေနိုင်ခဲ့ချေ။
သူ့ဘေးရှိ လုပ်ဖော်ကိုင်ဖက်က မနာလိုသော လေသံဖြင့် ဆိုသည်။ "ချီလင်က ကွေ့ဖေးကိုပါ ကောင်းချီးပေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ယွမ်ရှင်းကျိ ပြုံးရင်း ပြောလိုက်၏။ "ဒါက ဟွေ့ဖေးကို ထောက်ထားလို့ပဲ ဖြစ်ရပါမယ်။ ငါလဲ သမီးဖြစ်သူက သူနဲ့ ဒီလောက်အထိ အဆင်ပြေပြေ ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး"
သူ၏ သမီးသည် တကယ့်ကို လူအိုတစ်ယောက်၏ ကံကောင်းခြင်းမျိုး ရှိနေခဲ့ခြင်း ဖြစ်သည်။ နန်းတော်ထဲတွင် သူမအား စောင့်ရှောက်ပေးမည့် မိဖုရားခေါင်ကြီး ရှိနေရုံသာမက၊ ဟွေ့ဖေးနှင့်လည်း ရင်းနှီးမှု ရှိနေခဲ့သေး၏။
အနည်းဆုံးတော့ သူမက အော်ဟစ်ခြင်း မပြုလုပ်ခဲ့ပါချေ—ကွယ်ရာတွင် အသံကျယ်ပြီး အထိန်းအကွပ်မရှိ နေတတ်သော်လည်း၊ လူအများရှေ့တွင်မူ ကြင်ယာတော်တစ်ဦးနှင့် ကိုက်ညီသော သိက္ခာရှိသည့် တည်ငြိမ်မှုကို ဆက်၍ ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူမ နန်းတော်သို့ ဝင်ရောက်သွားကတည်းက အတန်အသင့် ရင့်ကျက်လာခဲ့ပုံရပေသည်။
ထိုအတွေး သူ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် ယွမ်ဟွေ့ရုန်၏ အော်ဟစ်သံက လေထုထဲသို့ စူးရှစွာ တိုးဝင်လာခဲ့ပြန်သည်။
နှောင့်နှေးကောင်း နှောင့်နှေးနိုင်သော်လည်း ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ပါချေ။
ယွမ်ရှင်းကျိ၏ အပြုံးမှာ အေးခဲသွားခဲ့ရသည်—သူ စကားပြောစောသွားခဲ့ခြင်း ဖြစ်ပေသည်။
……
ယွမ်ဟွေ့ရုန်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားမှုကြောင့် အော်ဟစ်မိခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ သူမသည် အနည်းငယ် ရှက်ရွံ့သွားခဲ့ရပြီး နားရွက်များပါ နီမြန်းလာခဲ့၏။
အာရုံလွှဲရန်အတွက် သူမက ပျာပျာသလဲ အော်ဟစ်လိုက်သည်။ "တော်ဝင်သမားတော်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘာဖြစ်လို့ အားလုံး ဒီအတိုင်း ရပ်နေကြတာလဲ"
မဟုတ်ရင် သူတို့က ဘာအတွက် အသုံးဝင်မှာလဲ။
သမားတော်များသည် ပျာပျာသလဲ ပြေးလာကြပြီး၊ ဝမ်ယနျဉ်နှင့် သူမ၏ ခင်ပွန်းတို့သည် နေရာပေးရန်အတွက် ဘေးသို့ ဖယ်ပေးလိုက်ကြ၏။
သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက်၊ သမားတော်က ကြေညာလိုက်သည်။ "ဟွေ့ဖေးရဲ့ သွေးခုန်နှုန်းက အားနည်းနေသေးပေမဲ့၊ အမှန်တကယ်ပဲ ပြန်အသက်ရှင်လာခဲ့ပါပြီ—ကောင်းကင်ဘုံက ကရုဏာတော် ပြသခဲ့တာ ဖြစ်ပါတယ်"
သူတို့အနေဖြင့် ဤကိစ္စအတွက် ဂုဏ်ယူဝံ့ကြမည် မဟုတ်ချေ။ ဟွေ့ဖေး အသက်ရှူရပ်သွားသည်ကို လူတိုင်း မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်—ချီလင် ဆင်းသက်လာပြီးနောက်မှသာ သူမ ပြန်၍အသက်ရှင်လာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ကိုယ်တိုင် သွေးခုန်နှုန်းကို မစမ်းသပ်ခဲ့ရပါက၊ သမားတော်များသည်လည်း ၎င်းကို ဘယ်သောအခါမှ ယုံကြည်ကြမည် မဟုတ်ချေ။
ယနေ့ပြီးနောက် ဟွေ့ဖေး၏ ဂုဏ်သတင်းမှာ ယခင်ကထက် ပို၍ မြင့်မားလာပေလိမ့်မည်။ ပြည်သူလူထုကြားတွင်မူ လူအမြောက်အမြားက သူမအား ဂုဏ်ပြုသောအားဖြင့် ရွှေရုပ်တုများကိုပင် စတင်ပြုလုပ်ကြပေလိမ့်မည်။
ဖေးလင်ယွဲ့သည် ဝမ်းမြောက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း အမူအရာကို အတင်းလုပ်ယူလိုက်ရင်း ဆိုလိုက်၏။ "အလွန်ကောင်းတယ်။ ဟွေ့ဖေးကို ကွမ်ကျွီ နန်းဆောင်ဆီ ပြန်လည်ပို့ဆောင်ပေးလိုက်ကြ"
မိဖုရားခေါင်ကြီးက ဝင်ပြောလိုက်သည်။ "ကျွန်မရဲ့ ဝေါယာဉ်နဲ့ပဲ သယ်ဆောင်သွားပါရစေ"
မယ်တော်ကြီးက ချက်ချင်းပင် ကြားဖြတ်၍ ပြောလိုက်၏။ "အိုက်ကျားဝေါယာဉ်နဲ့ သွားတာက ပိုကောင်းတယ်"
မိဖုရားခေါင်ကြီးသည် မယ်တော်ကြီးနှင့် မငြင်းခုံလိုသဖြင့် အလျော့ပေးလိုက်ရသည်။
ဧကရာဇ်မင်းမြတ်မှာမူ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။ သူ၏ မယ်တော်နှင့် မိဖုရားခေါင်ကြီးတို့မှာ အလွန်အမင်း တက်ကြွလွန်းနေကြခြင်း ဖြစ်၏။ ဘာဖြစ်လို့ သူတို့က သူ့ထက် အမြဲတမ်း တစ်လှမ်းစောနေကြရတာလဲ။
ထိုကဲ့သို့ဖြင့် ယွီမြောင်ဟွာအား မယ်တော်ကြီး၏ ဝေါယာဉ်ပေါ်သို့ တင်ဆောင်သွားခဲ့ကြသည်။
မယ်တော်ကြီးက ဝမ်ယနျဉ်နှင့် ယွီဝေဟွာတို့အား ကြင်နာစွာဖြင့် ဆို၏။ "မင်းတို့နှစ်ယောက်လဲ အိုက်ကျားနဲ့အတူ ဟွေ့ဖေးကို လိုက်ပို့ပေးကြ"
ကွေ့ဖေးက မေးမြန်းလိုက်သည်။ "မယ်တော်ကြီး... ချန်ချဲ့လည်း အတူတူ လိုက်ခွင့် ရနိုင်မလား"
မယ်တော်ကြီးက ခေါင်းညိတ်လိုက်ရင်း ခွင့်ပြုလိုက်၏။ "ခွင့်ပြုတယ်”
ကွေ့ဖေးမှာ အလွန် ဝမ်းမြောက်သွားခဲ့ရသည်။
ထိုသို့ဖြင့် မယ်တော်ကြီး၊ မိဖုရားခေါင်ကြီး၊ ကွေ့ဖေး၊ ဝမ်ယနျဉ်နှင့် ယွီဝေဟွာတို့အားလုံးသည် ယွီမြောင်ဟွာအား သယ်ဆောင်သွားရာနောက်သို့ လိုက်ပါသွားခဲ့ကြတော့သည်။
ခဏမျှ စဉ်းစားပြီးနောက်၊ ဧကရာဇ်မင်းမြတ်က ကြေညာလိုက်၏။ "အမတ်တွေနဲ့ မြင့်မြတ်တဲ့ အမျိုးသမီးတို့... ပွဲတော်ကို ဆက်ဆင်နွှဲကြပါဦး။ ကျန်းကတော့ ဟွေ့ဖေးရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုရမှာမလို့ ခွင့်ပြုပါဦး"
သူသည် အိမ်ရှေ့စံဘက်သို့ လှည့်ကာ ဆိုလိုက်သည်။ "ဖေးချီယန်... ဒီကိစ္စကို မင်းရဲ့ လက်ထဲကို လွှဲအပ်ခဲ့မယ်"
ဖေးချီယန်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
သူ့ဘေးရှိ ဖေးချီယောင်းသည် သူ၏ ဖခင်ဖြစ်သူ တုံ့ဆိုင်းမှုမရှိဘဲ ထွက်ခွာသွားသည်ကို ကြည့်ရင်း၊ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားမိခဲ့သည်။
ဟွေ့ဖေးက... ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ပြန်ပြီး အသက်ရှင်လာရတာလဲ။
သူမ သေဆုံးသွားစဉ်က၊ သူသည် ဝမ်းနည်းမှု အနည်းငယ် ခံစားခဲ့ရသော်လည်း အများစုမှာမူ စိတ်သက်သာရာရမှု ဖြစ်ခဲ့သည်။ သူမအနေဖြင့် ပို၍ အောင်မြင်မှုများ ရရှိလာပြီး ရာထူးတိုးကာ သူ၏ မိခင်ဖြစ်သူကို ကျော်လွန်သွားမည့်အရေးကို သူ ဆက်စိုးရိမ်နေစရာ မလိုတော့ပါချေ။
သို့သော် ယခုမူ၊ သေဆုံးသွားပြီးသည့် တိုင်အောင်ပင်၊ ကောင်းကင်ဘုံက သူမအား အတင်းအကြပ် ပြန်၍အသက်ရှင်စေခဲ့သည်။ ဤအရာက တရားမျှတမှု ရှိပါသလော။
အတိတ်က မရေမတွက်နိုင်သော မဟာပညာရှိကြီးများ ကွယ်လွန်ခဲ့ဖူးသည်—ဘာဖြစ်လို့ ကောင်းကင်ဘုံက သူတို့အတွက် ဘယ်တုန်းကမှ ကြားဝင်စွက်ဖက်မပေးခဲ့ရတာလဲ။ ကောင်းကင်ဘုံက တကယ့်ကို ဘက်လိုက်လွန်းလှပေသည်။
သူ၏ ဒေါသနှင့် မကျေနပ်မှုများနှင့်အတူ၊ သူ၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်ကလည်း အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ဟွေ့ဖေးကို မည်မျှပင် မုန်းတီးနေပါစေဦးတော့၊ နတ်ဘုရား၏ အပြစ်ပေးခြင်းကို ခံရမည် စိုးသောကြောင့် သူမအပေါ် မည်သည့်အရာမျှ မလုပ်ဝံ့ကြောင်းကို ကောင်းစွာ သိရှိနေခဲ့ရ၏။
ဤအခိုက်အတန့်တွင် သူ၏ ခံစားချက်ကို အကောင်းဆုံး နားလည်နိုင်မည့်သူမှာ မင်းသားဖန့် ဖေးလင်ယုံသာ ဖြစ်ပေသည်။
ဟွေ့ဖေး သေဆုံးသွားစဉ်က၊ သူ၏ ဂုဏ်သတင်းမှာ အန္တရာယ်ရှိနေခဲ့သည်။
ဟွေ့ဖေး အသက်ရှင်လာသောအခါတွင်မူ၊ သူသည် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ရပြီး—လုံးဝ မျှော်လင့်ချက်မဲ့ခြင်းသို့ ကျရောက်သွားခဲ့ရ၏။
သူမ ရှိနေသရွေ့တော့၊ ဗုဒ္ဓမြတ်စွာက ဖေးလင်ယွဲ့ကို သေချာပေါက် ကာကွယ်ပေးပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူက ဘယ်လိုလုပ်ပြီး ပုန်ကန်နိုင်တော့မည်နည်း။
ဆယ်စုနှစ်ပေါင်းများစွာ အားထုတ်ခဲ့သမျှက တစ်ခဏအတွင်း အဓိပ္ပာယ်မဲ့သွားခဲ့ရပြီ ဖြစ်ရာ—သူ ၎င်းကို ဘယ်လို ခံနိုင်ရည်ရှိပါမည်နည်း။
ဘာဖြစ်လို့ ဖေးလင်ယွဲ့က ဒီလောက်အထိ ကံကောင်းနေရတာလဲ။
ဟွေ့ဖေးသာ သူတို့၏ အိမ်တော်ကလူ ဖြစ်ခဲ့လျှင် တကယ့်ကို ကောင်းလိမ့်မည်။
……
သူမ၏ စနစ်မှ အချိန်နှင့်တပြေးညီ တင်ပြပေးနေသော အခြေအနေများကြောင့် ယွီမြောင်ဟွာသည် မျက်လုံးများကို မှိတ်ထားသည့်တိုင် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိရှိနိုင်နေသည်။
ကွမ်ကျွီနန်းဆောင်သို့ ပြန်လည်ခေါ်ဆောင်လာပြီးနောက် ချွေ့ဝေနှင့် ချင်းလျိုတို့သည် သွေးကွက်များ ပေကျံနေသော ဝတ်ရုံများကို ချွတ်ပေးကာ အဝတ်အစားအသစ်များကို ကိုယ်တိုင်ကိုယ်ကျ လဲလှယ်ပေးကြ၏။
ထို့နောက် သမားတော်များ ဝင်ရောက်လာကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ဆေးညွှန်းများ ရေးကြသည်။
ခေတ္တမျှကြာသောအခါ ယွီမြောင်ဟွာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ ကုတင်ဘေးတွင် လူအချို့ ဝိုင်းအုံနေကြသော်လည်း ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့မှာမူ စာကြည့်ဆောင်သို့ ရောက်ရှိနေကြပုံရသဖြင့် ရှိမနေကြချေ။
သူမက အားနည်းသော အသံဖြင့် “အမေ” ဟု ခေါ်လိုက်သည်။
ထိုစကားတစ်ခွန်းက ဝမ်ယနျဉ်၏ ထိန်းချုပ်ထားရသော စိတ်ခံစားချက်ကို အကုန်အစင် ပျက်စီးသွားစေလုနီးပါး ဖြစ်စေခဲ့ပြီး မျက်ရည်များ ပြန်လည်စီးကျလာတော့မည့်အလား ဖြစ်သွားရ၏။
“အမေ… ကျေးဇူးပြုပြီး မငိုပါနဲ့တော့”
နောက်တစ်ကြိမ်ကျရင်တော့ သူမ ယခုကဲ့သို့ အကွက်ဆင်သည့် လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်တော့မည်မဟုတ်ပါ။
ဝမ်ယနျဉ် ပြောလိုက်သည်။ “အမေက ဝမ်းသာလွန်းလို့ပါသမီးရယ်၊ သမီးရဲ့ ခန္ဓာကိုယ်က သိပ်ကို အားနည်းနေသေးလို့ အနည်းဆုံး သုံးလလောက် အနားယူရမယ်လို့ သမီးတော်တွေက ပြောတယ်”
ယွီဝေဟွာကလည်း ဝင်ပြော၏။ “သမီး… နောက်နောင် ဒါမျိုး ဘယ်တော့မှ ထပ်မလုပ်ပါနဲ့တော့”
မိမိတို့သမီး၏ လုပ်ရပ်မှာ အများကောင်းကျိုးအတွက် ဖြစ်သည်ကို သိကြသော်လည်း မိဘများဖြစ်ကြသည့်အားလျော်စွာ သမီးဖြစ်သူ၏ အသက်ကို မည်သည့်အရာနှင့်မျှ မလဲလှယ်နိုင်ကြချေ။
ယွီမြောင်ဟွာက အလျင်အမြန်ပင် ကတိပေးလိုက်သည်။ “သမီး မလုပ်တော့ပါဘူး”
ထို့နောက် သူမက စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် ပြောလိုက်၏။ “သမီး ပလုတ်ကျင်းချင်တယ်”
သူမ၏ ခံတွင်းထဲတွင် သွေးညှီနံ့များ စွဲကျန်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် စနစ်မှ ထုတ်လုပ်ပေးလိုက်သော သွေးသည် သူမ၏ ကိုယ်ပိုင်သွေးနမူနာမှ ပုံတူကူးထားသည့် သွေးအစစ်အမှန်များ ဖြစ်သောကြောင့်ပင်။ စနစ်က သူမ၏ အရေပြားပေါ်ရှိ သွေးကွက်များကို သန့်စင်ပေးခဲ့သော်လည်း ခံတွင်းထဲရှိ သွေးမှုများမှာမူ ကျန်ရှိနေသေးသည်။
ယွမ်ဟွေ့ရုန်က သူမအတွက် ရေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ယူဆောင်ပေးခဲ့သည်။
ယွီမြောင်ဟွာသည် သူမအား ကျေးဇူးတင်စကားဆိုကာ ခံတွင်းထဲမှ သွေးညှီနံ့များ လုံးဝစင်ကြယ်သွားသည်အထိ အကြိမ်ကြိမ် ပလုတ်ကျင်းလိုက်၏။
ချွေ့ဝေကမူ သူမ စုပ်ယူရန်အတွက် ဆီးသီးခြောက်တစ်လုံးကို ကမ်းပေးခဲ့သည်။
ယွမ်ဟွေ့ရုန် အသိပေးလိုက်၏။ “ ဧကရာဇ်ကို နင်နိုးလာပြီလို့ သွားလျှောက်တင်လိုက်ဦးမယ်”
အမှန်ဆိုလျှင် ယခုကဲ့သို့ သာမန်ကိစ္စရပ်မျိုးသည် သူမ ကိုယ်တိုင်သွားရန် မလိုအပ်သော်လည်း မြောင်ဟွာအား သူမ၏ မိဘများနှင့်အတူ သီးသန့်အချိန်ပေးလိုသောကြောင့်သာ ဖြစ်သည်။
ယွမ်ဟွေ့ရုန် ရောက်ရှိသွားချိန်တွင် မိဖုရားခေါင်ကြီးသည် ဟွေ့ဖေးအား ကွေ့ဖေးအဆင့်သို့ တိုးမြှင့်ပေးရန် ကိစ္စနှင့်ပတ်သက်၍ ဧကရာဇ်နှင့် ဆွေးနွေးနေကြဆဲ ဖြစ်၏။
“အရှင်မင်းကြီး… နောက်သုံးလအကြာ လီကျိုးမှာ ငလျင်လှုပ်ပြီးတဲ့နောက် အဲ့ဒီအချက်ကို အကြောင်းပြချက်အဖြစ် သုံးပြီး ဟွေ့ဖေးကို ဟွေ့ကွေ့ဖေးအဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ကျွန်တော်မျိုးမ အဆိုပြုပါတယ်၊ လောလောဆယ်မှာတော့ သူမကို ထိုရာထူးရဲ့ အခွင့်အရေးတွေကို ခံစားခွင့်ပေးထားလို့ရပါတယ်”
မယ်တော်ကြီးလည်း ချက်ချင်းပင် ထောက်ခံလိုက်သည်။ “ငါလဲ ဒါကို သဘောတူတယ်”
ဧကရာဇ်မှာ ဆွံ့အသွားရသည်—ထိုသူနှစ်ဦး ပြောဆိုပုံအရ သူက ကန့်ကွက်တော့မည့်အတိုင်းပင် ဖြစ်နေ၏။ သူက ဘာကြောင့် ကန့်ကွက်ရမည်နည်း။
သို့သော်လည်း…
“ဒါက သိပ်ပြီး စောလွန်းမနေဘူးလား”
မိဖုရားခေါင်ကြီးက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ “အနှေးနဲ့အမြန် ဖြစ်လာမယ့်ကိစ္စပဲဥစ္စာ”
“ဒါတင်မကသေးဘူး… မြောင်ဟွာမှာ စက္ကူလုပ်နည်းအတတ်ပညာကို ရှာဖွေပေးခဲ့တဲ့ ကျေးဇူးလဲ ရှိသေးတယ်”
မြောင်ဟွာက ထိုကောင်းမှုကို သူမ၏အမည်ဖြင့် လွှဲပြောင်းပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သော်လည်း မိဖုရားခေါင်ကြီးအနေဖြင့် မသိကျိုးကျွံ မလုပ်ရက်ချေ။ မြောင်ဟွာ၏ စိတ်နေသဘောထားအရ ထိုအောင်မြင်မှုကို လူသိရှင်ကြား ပြန်လည်တောင်းဆိုမည်မဟုတ်ကြောင်း သိသော်လည်း မိဖုရားခေါင်ကြီးသည် သမိုင်းမှတ်တမ်းပညာရှင်များကို အမှန်တရားအတိုင်း မှတ်တမ်းတင်စေခဲ့သည်။
ဤအရာအားလုံးမှာ သူမ၏ စွမ်းဆောင်ချက်များသာ ဖြစ်ကြ၏။
မယ်တော်ကြီးကလည်း ဖြည့်စွက်ပြောခဲ့သည်။ “ဆီကြိတ်တဲ့ နည်းပညာလဲ ရှိသေးတယ်လေ” မိဖုရားခေါင်ကြီး၏ လုပ်ဆောင်ပုံကို သိရှိပြီးနောက် မယ်တော်ကြီးသည်လည်း ထိုနည်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
“ပြီးတော့ ချန်ပါ စပါး ရယ်… သံသတ္တုရိုင်း ဖြန့်ကြက်တည်ရှိမှု မြေပုံတွေရယ်…” မယ်တော်ကြီးသည် လက်ချောင်းလေးများကို ချိုးကာ အကြွေးများကို ရေတွက်ပြပြီးနောက် ဖေးလင်ယွဲ့အား စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာက “မင်းက သူ့ကို ရာထူးမတိုးပေးဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ” အထင်အရှား မေးခွန်းထုတ်နေသည့်အလားပင်။
“အကယ်၍ သူမကို ထပ်ပြီး ပေးအပ်စရာ ဘွဲ့ထူးအဆင့်အတန်း မရှိတော့တဲ့ အခြေအနေမျိုး ရောက်လာရင် တောင်မှ သူ့မိသားစုကို ဘွဲ့ထူးဂုဏ်သရဖူတွေ အပ်နှင်းပေးလို့ ရတာပဲမဟုတ်လား” မြောင်ဟွာသည် သူမ၏ မိသားစုဝင်များကို အလွန်တန်ဖိုးထားကြောင်း ထင်ရှားလှသည်။ သူမ၏ စွမ်းဆောင်ရည်နှင့် ယှဉ်လျှင် ဘာမှမဟုတ်သော အခြားအမတ်များကိုပင် မြို့စား၊ နယ်စား ဘွဲ့များ ပေးအပ်ထားသေးလျှင် မြောင်ဟွာ၏ မိသားစုကို အဘယ်ကြောင့် မပေးနိုင်ရမည်နည်း။
ဖေးလင်ယွဲ့သည်လည်း လူဆိုးအဖြစ် မခံချင်တော့ပေ။ “ဒီဧကရာဇ်လဲ အစောပိုင်းက သတိမထားမိလိုက်ဘူးဖြစ်သွားတယ်၊ မယ်တော်ကြီးရဲ့ အကြံပြုချက်က သိပ်ကို ကျိုးကြောင်းဆီလျော်ပါတယ်”
“ကျန်းတို့ သူမကို တတိယမြောက်လကျရင် ကွေ့ဖေး အဆင့်ကို မြှင့်တင်ပေးကြတာပေါ့” ထိုအချိန်ကျလျှင် သူမ၏ ကျန်းမာရေးမှာလည်း အပြင်ပန်းအားဖြင့် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်လိမ့်မည်။