← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

ငါးဆားနယ် ကိုယ်လုပ်တော်

အပိုင်း ၆၀

သို့သော် စနစ်က အကြံပြုထားသဖြင့် စွင်းကွေ့ရန်သည် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်လိမ့်မည်။

ယွီမြောင်ဟွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ ရှင်တောင်းဆိုတာကို ကျွန်မလက်ခံပါတယ်" သူမ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်၏။ "နောက်နောင် အကူအညီလိုတာရှိရင် ကျွန်မဆီ လာတောင်းနိုင်ပါတယ်"

သူမ သဘောတူလိုက်သည့် အခိုက်အတန့်တွင် နန်းတွင်းအရှုပ်တော်ပုံစနစ်သည် ရွှင်မြူးစွာ မြည်ဟည်းလာပြီး မစ်ရှင်အောင်မြင်ကြောင်းနှင့် ဆုလာဘ်ကို ရရှိပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။

[Host၊ စွင်းကွေ့ရန်ရဲ့ သစ္စာခံမှုကို လက်ခံလိုက်တာကြောင့် သူမဟာ နန်းတွင်းကိုယ်လုပ်တော်တွေထဲမှာ သင်ယုံကြည်ရတဲ့ လူယုံတော်တစ်ယောက် ဖြစ်လာပါပြီ။ အခုဆိုရင် သူမရဲ့ သစ္စာရှိမှုအဆင့်ကို ကြည့်ရှုနိုင်ပါပြီ။]

[ဒါဆိုရင် ချွေ့ဝေနဲ့ ချင်းလျို တို့ရဲ့ သစ္စာရှိမှုကို ဘာလို့ မမြင်ရတာလဲ။]

[ဘာလို့လဲဆိုတော့ သူတို့က နန်းတွင်းကိုယ်လုပ်တော်တွေ မဟုတ်ကြလို့ပါ။]

ကောင်းပြီလေ။ ယွီမြောင်ဟွာ နောက်ဆုံးတွင် နားလည်သွားခဲ့၏—ဤစနစ်သည် သူမအား နန်းတော်အတွင်း၌ ဩဇာအာဏာ တည်ဆောက်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်။

သူမသည် ဤဆုလာဘ်ကို နောက်မှ ဘိုးဘွားကျောင်းတွင် သွားရောက်ထုတ်ယူရန် ဆုံးဖြတ်လိုက်၏။

စွင်းကွေ့ရန်သည် ရှုပ်ထွေးသော အမူအရာကို ပြသလိုက်သည်။ "ဟွေ့ဖေးအနေနဲ့ ကျွန်မက ရှင့်ကို ထောင်ချောက်ဆင်ဖို့ သက်သက် ချဉ်းကပ်လာတာလို့ မစိုးရိမ်ဘူးလား"

ယွီမြောင်ဟွာက စိတ်ရင်းမှန်ဖြင့် ပြန်ဖြေခဲ့၏။ "ရှင်က အဲဒီလိုလူမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်မ ရှင့်ကို ယုံတယ်"

သူမ၏ စိတ်ရင်းမှန်သော အကြည့်အောက်တွင် စွင်းကွေ့ရန်သည် စိတ်လှုပ်ရှားမိသလို တစ်ပြိုင်နက်တည်းမှာပင် ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။

ဟွေ့ဖေးထံသို့ သူမ ချဉ်းကပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ လူ့လောကထဲမရောက်ရှိခဲ့ရသော သူမ၏ ရင်သွေးအတွက် ကလဲ့စားချေရန်ဖြစ်ပြီး ဒုတိယအချက်မှာ မိခင်ဖြစ်သူအတွက် အနာဂတ်ကို အာမခံချက်ရှိစေရန် ဖြစ်၏။

ဤအရာသည် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများ လိုအပ်ပြီး အလွန်ခက်ခဲမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း စာအုပ်တစ်အုပ် လက်ဆောင်ပေးခြင်းနှင့် စကားအနည်းငယ် ပြောရုံမျှဖြင့် အောင်မြင်သွားခဲ့သည်။

၎င်းမှာ အလွန်ပင် လွယ်ကူလွန်းလှ၏။

ဟွေ့ဖေးသည် လူကို အလွန်အမင်း ယုံကြည်လွန်းလှသည်။ သူမ၏ စိတ်နေသဘောထားမှာ ထင်ထားသည်ထက် ပိုရိုးရှင်းလှသည်။ သူမ ယခုထက်ထိ မျက်နှာသာပေးခံနေရခြင်းမှာ နတ်ဘုရားများ၏ ကောင်းချီးပေးမှုကြောင့်သာ ဖြစ်ရပေမည်။

ကောင်းပြီ။ အခြေအနေက ဤသို့ဆိုလျှင် နောင်တွင် သူမကို ပိုဂရုစိုက် စောင့်ကြည့်ပေးရန်သာ စွင်းကွေ့ရန် ဆုံးဖြတ်လိုက်တော့သည်။

မစ်ရှင်မှာ ရုတ်တရက် ပေါ်လာပြီး ပို၍ပင် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သဖြင့် ယွီမြောင်ဟွာအဖို့ ထူးဆန်းသော အိမ်မက်ဆန်သည့် ခံစားချက်ကို ဖြစ်ပေါ်စေခဲ့၏။

စွင်းကွေ့ရန် ထွက်ခွာသွားပြီးနောက် ယွီမြောင်ဟွာ သူမ၏ သစ္စာရှိမှုအဆင့်ကို စစ်ဆေးလိုက်ရာ ၄၀ မှတ် ဖြစ်နေသည်ကို တွေ့ရသည်။

[ဝါး၊ အများကြီးပဲ။ စွင်းကွေ့ရန်က ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ယုံတာလား။ နောက်မှ သူမကို အသုံးမလိုတဲ့ နယ်ရုပ်တစ်ခုလို ငါပစ်ပယ်လိုက်မှာကို မကြောက်ဘူးလားမသိဘူး။]

ယွီမြောင်ဟွာ အံ့အားသင့်သွားမိ၏။ သစ္စာရှိမှု ဂဏန်းဘေးတွင်—မိခင်ဖြစ်သူကို တစ်စုံတစ်ဦးက ခြိမ်းခြောက်ခြင်းမပြုသရွေ့ သူမသည် သင့်ကို မည်သည့်အခါမျှ သစ္စာဖောက်လိမ့်မည်မဟုတ်—ဟူသော မှတ်ချက်တစ်ခု ရှိနေသည်။

[သူမက ဒီလောက်တောင် ယုံကြည်ပြနေတော့ ငါတောင် နည်းနည်း စိတ်မသန့်ဖြစ်လာပြီ။ ထားပါတော့၊ ငါက အခု နန်းတွင်းအရှုပ်တော်ပုံထဲမှာ ထိပ်တန်းကစားသမား ဖြစ်နေပြီပဲ။ တစ်ခုခုဖြစ်လာရင် ငါပဲ သူ့ကို ကာကွယ်ပေးလိုက်မယ်။]

ယွီမြောင်ဟွာ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

ဖေးလင်ယွဲ့မှာ ထိုအတွေးများကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။

သူ ဘယ်သူ့ကို ပြောနေတာလဲ။ စွင်းကွေ့ရန်လား။ သူ ဒီကိုလာတဲ့လမ်းမှာ သူမနဲ့ ဆုံခဲ့သေး၏။

နန်းတွင်းအရှုပ်တော်ပုံထဲက ထိပ်တန်းကစားသမား ဟုတ်လား။

ဖေးလင်ယွဲ့၏ မျက်ခွံများ တွန့်သွားခဲ့သည်။ ယွီမြောင်ဟွာ အနေဖြင့် မိမိကိုယ်ကို ထိုသို့ခေါ်ရန် မည်သည့်အရာက ယုံကြည်မှု ပေးနေသနည်း။ သူမ၏ မျက်နှာအမူအရာများက အတိုင်းသား ပေါ်လွင်နေသည်ကိုပင်။

ဖေးလင်ယွဲ့အား မြင်လျှင် ယွီမြောင်ဟွာမှာ အရိုအသေပေးရန် ကပျာကယာ ပြင်လိုက်၏။

ဖေးလင်ယွဲ့ကမူ လက်ဝှေ့ယမ်းကာ တားမြစ်လိုက်သည်။ "ကွမ်ကျွီနန်းဆောင်ထဲမှာတော့ ဒီလို အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး"

ယွီမြောင်ဟွာကမူ ရွှင်လန်းစွာဖြင့် ထူးလိုက်၏။

ထို့နောက် ဖေးလင်ယွဲ့က မေးမြန်းခဲ့သည်။ "ကျန်း ဒီကိုလာတဲ့လမ်းမှာ စွင်းကွေ့ရန်ကို တွေ့ခဲ့တယ်"

ယွီမြောင်ဟွာ ပြန်ဖြေခဲ့၏။ "သူမက ဂုဏ်ပြုလက်ဆောင်တွေကို ကိုယ်တိုင်လာပေးတာပါ။ ကျွန်မတို့ စကားကောင်းကောင်း ပြောဖြစ်ခဲ့ကြပါတယ်"

[စွင်းကွေ့ရန်က လူကောင်းတစ်ယောက်ပဲ။]

စနစ်က မှတ်ချက်ပြုလိုက်သည်။

[ဟုတ်တယ်၊ ပထမဆုံးတွေ့ဆုံမှုမှာတင် ငါတို့ကို မစ်ရှင်ပြီးမြောက်အောင် ကူညီပေးတဲ့သူမျိုးလေ။ အခုဆိုရင် ငါတို့ နောက်ထပ်ဆုလာဘ်တစ်ခု ရပြီ—ကြက်၊ ဘဲ၊ ငန်းဥတွေ သားဖောက်တဲ့ နည်းပညာပဲ။ ဘိုးဘွားကျောင်းက အများကြီး အကျိုးရှိတော့မှာ။ မကြာခင်မှာ အဲဒီနေရာရဲ့ နတ်ဘုရားကောင်းချီးပေးမှုအကြောင်း ပုံပြင်တွေ တိုင်းပြည်အနှံ့ ပြန့်သွားတော့မယ်။]

ဘာလဲ။ နောက်ထပ် ဆုလာဘ်တစ်ခုလား၊ ပြီးတော့ ၎င်းက စွင်းကွေ့ရန်နဲ့ သက်ဆိုင်နေတာလား။

ဖေးလင်ယွဲ့မှာ သူ၏ စာရွက်စာတမ်း အလုပ်များကို ခေတ္တပစ်ပယ်ကာ ဤနေရာသို့ လာရောက်လည်ပတ်ခဲ့ခြင်းကို ဝမ်းမြောက်မိ၏။

သူသည် ဗီဇအရပင် အသံကို နှိမ့်ချလိုက်သည်။ "မင်းတို့နှစ်ယောက် အဆင်ပြေပြေ ရှိလှတာမို့ နောက်နောင်လဲ ပိုပြီး ထိတွေ့ဆက်ဆံသင့်တယ်"

ယွီမြောင်ဟွာ၏ မျက်ဝန်းများ တောက်ပသွားခဲ့၏—ဒါက ဧကရာဇ် ကိုယ်တိုင် ပေးခဲ့တဲ့ အကြံပြုချက်ပဲ။

[Host၊ မဟာမိတ်အဖြစ် ကိုယ်လုပ်တော်တွေကို ဘာလို့ ပိုပြီး မစုဆောင်းတာလဲ။ လူယုံတော် ပိုများလေ မစ်ရှင်တွေ ပိုများလေ ဖြစ်မှာပဲ။]

နန်းတွင်းအရှုပ်တော်ပုံစနစ်က သူမအား ပိုအလုပ်ကြိုးစားရန် တွန်းအားပေးရန် ကြိုးပမ်းလိုက်သည်။

ယွီမြောင်ဟွာကမူ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့၏။

[မလုပ်ပါဘူး။ ငါ့အင်အားစုက တော်တော်လေး ကျယ်ပြန့်နေပါပြီ။ လူတွေအများကြီးနဲ့ မဟာမိတ်ဖွဲ့တာက မိဖုရားခေါင်ကြီးကို ဆန့်ကျင်ဖို့ လုပ်ကြံနေသလို ထင်ရစေလိမ့်မယ်။ တစ်ကယ်လို့ အရှင်မင်းမြတ် မဟုတ်ရင် မိဖုရားခေါင်ကြီးသာ နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်မလဲ။ အကြံဆိုးတွေ လာမပေးနဲ့တော့—စွင်းကွေ့ရန် တစ်ယောက်တည်းနဲ့တင် လုံလောက်နေပြီ။]

ဆုလာဘ်များ ထပ်မံရရှိမည့် အခွင့်အရေးကို သူမ ပယ်ချလိုက်သည်ကို မြင်သောအခါ ဖေးလင်ယွဲ့ တစ်ယောက် သီးမလိုပင် ဖြစ်သွားခဲ့ရသည်။

သူလည်း နားလည်မှုလွဲမည်မဟုတ်သလို မိဖုရားခေါင်ကြီး ကလည်း လွဲမည်မဟုတ်သည်မှာ သေချာလှ၏။

မဟာမိတ်အသစ်တစ်ခုစီတိုင်းက ဆုလာဘ်တစ်ခုစီကို ဆိုလိုခြင်းဖြစ်ပါက ကိုယ်လုပ်တော် အဆောင်တစ်ခုလုံး သူမ၏ နောက်ကွယ်တွင် ရှိနေသည်ကိုပင် သူ ဝမ်းမြောက်စွာ လက်ခံနိုင်ပါသေးသည်။

သူက အရိပ်အမြွက်ပြသသော အပြုံးဖြင့် မိန့်တော်မူခဲ့၏။ "ဟွေ့ဖေးအနေနဲ့ ပျင်းရိငြီးငွေ့တယ်လို့ ခံစားရရင် တခြားသော ညီမတော်တွေကိုလဲ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်နိုင်ပါတယ်"

သူမ ပိုဖိတ်ခေါ်လေလေ၊ မဟာမိတ်အသစ်များ သဘာဝအတိုင်း ဖွဲ့စည်းနိုင်ခြေ ပိုများလေလေ ဖြစ်သည်။

သူမကိုယ်သူမ နန်းတွင်းအရှုပ်တော်ပုံ၏ ဆရာကြီးဟု ကြွေးကြော်ထားသော ယွီမြောင်ဟွာကမူ သူ၏ အရိပ်အမြွက်ကို လုံးဝသတိမပြုမိဘဲ ခေါင်းညိတ်လိုက်၏။ "နားလည်ပါပြီ။ အရှင်မင်းမြတ်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်"

ဟဲဟဲ၊ အခုဆိုရင် သူမရဲ့ ညီမလေးကို နန်းတော်ထဲ ဖိတ်လို့ရပြီ။

သူမရဲ့ ဝမ်းကွဲမောင်နှမတွေလည်း အဘွားနဲ့အတူ မြို့တော်ကို လိုက်လာကြမှာ သေချာတယ်။ သူတို့အားလုံး မြောင်ပင်းနဲ့အတူ လာလည်လို့ရတာပေါ့။

သူတို့အားလုံး အတူတူ မာကျောက် ကစားကြမယ်။

သူမ သူ၏စကားကို နှလုံးသွင်းလိုက်သည်ကို ကျေနပ်သွားပြီးနောက် ဖေးလင်ယွဲ့က လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်အား ဆက်ပြောခဲ့သည်။

"မင်းရဲ့မွေးနေ့မှာ မင်းကို ဘိုးဘွားကျောင်းဆီ ခေါ်သွားပြီး ပူဇော်ပွဲလုပ်ဖို့ ကျန်း စီစဉ်ထားတယ်"

ယွီမြောင်ဟွာ အံ့အားသင့်သွားခဲ့ရ၏။ "နန်းတွင်း နက္ခတ်ဗေဒင်ပညာရှင်တွေက မင်္ဂလာရှိတဲ့ရက်ကို ရွေးချယ်ပေးရမှာ မဟုတ်ဘူးလား"

ဖေးလင်ယွဲ့ကမူ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ "မင်းက နတ်ဘုရားမရဲ့ သမီးတော်ဖြစ်တာမို့ မင်းရဲ့မွေးနေ့က မင်္ဂလာအရှိဆုံး နေ့ရက်ပဲ။ နန်းတွင်း နက္ခတ်ဗေဒင်ပညာရှင်တွေ ရွေးချယ်တဲ့ ဘယ်နေ့ရက်ကမှ အဲဒီနေ့ကို မကျော်လွန်နိုင်ပါဘူး"

အဓိကအားဖြင့် သူ ဆက်၍ မစောင့်ဆိုင်းလိုခြင်းဖြစ်ပြီး သူတို့အဆိုပြုထားသော ရက်စွဲများမှာ တတိယလပြီးနောက်မှသာ ဖြစ်နေသောကြောင့် ဖြစ်၏။

သူမ ပြန်လည်ကျန်းမာလာစဉ်အတောအတွင်း ယွီမြောင်ဟွာသည် သြဂုတ်လတွင် ကျန်းကျိုး၊ ရှကျူးနှင့် စုန့်ကျိုးတို့၌ ဖြစ်ပွားမည့် မိုးခေါင်ရေရှားမှုနှင့် ကျိုင်းကောင်ဘေးအန္တရာယ်များအကြောင်းကို ဧကရာဇ်ထံ တိတ်တဆိတ် သတင်းပို့ခဲ့သည်။ နတ်ဘုရားများ၏ နိမိတ်လက္ခဏာများကြောင့် ဖေးလင်ယွဲ့သည် သူမကို ယုံကြည်ခဲ့ပြီး ၎င်းကို လျှို့ဝှက်ထားရန် အမိန့်ပေးခဲ့သည်။

ယွီမြောင်ဟွာလည်း ဧကရာဇ် အနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ဆုလာဘ်များကို မကြာမီ ထုတ်ယူလိုခဲ့၏။

သို့သော်လည်း သူ၏နှုတ်မှ "နတ်ဘုရား" ဟု ကြားရခြင်းက သူမအား အနည်းငယ် အပြစ်မကင်းသလို ခံစားရစေသည်။ ယခုအခါ လူတိုင်းက သူမကို တကယ့်နတ်ဘုရားမတစ်ပါးဟု ထင်မှတ်နေကြပြီ ဖြစ်သည်။

ဖေးလင်ယွဲ့က ဆက်၍ ပြောလိုက်၏။ "ငါ မကြာသေးခင်ကတင် ထန်ဟွာ ရှန်စုရုန့်ကို ဟန်လင်းကျောင်းတော်ရဲ့ နန်းတွင်းပညာရှိအဖြစ် ရာထူးတိုးပေးခဲ့တယ်။ သူ့ရဲ့ပန်းချီလက်ရာတွေက ထူးခြားပြောင်မြောက်လှတယ်။ ပြည်သူတွေအပေါ် မင်းရဲ့ ကိုယ်ကျိုးမဖက်တဲ့ ဆက်ကပ်မှုကို စိတ်လှုပ်ရှားမိတာကြောင့် သူက အဲဒီမြင်ကွင်းကို ထိပ်တန်းလက်ရာတစ်ခုအဖြစ် ပုံဖော်ထားခဲ့တယ်"

ထိုပန်းချီကားကို ဆွဲရန် ရှန်စုရုန်ကို သူကိုယ်တိုင် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ကိုမူ သူ အဆင်ပြေပြေပင် ချန်လှပ်ထားခဲ့သည်။

သူသည် ကဗျာသုံးပုဒ်ကို တင်ပြခဲ့၏။

နန်းတွင်းအရှုပ်တော်ပုံစနစ်က သက်ဆိုင်ရာ မစ်ရှင်တစ်ခုကို ချက်ချင်း စတင်လိုက်သည်။

[Host သည် ဘေးထွက်မစ်ရှင် 1.1 ကို စတင်လိုက်ပြီဖြစ်သည်- ထန်ဟွာ ရှန်စုရုန့်အား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောရန်အတွက် သီးသန့်တွေ့ဆုံပါ။ ဆုလာဘ်- ဆပ်ပြာပြုလုပ်နည်းပညာ။]

ယွီမြောင်ဟွာကမူ ဤအရာသည် အဓိပ္ပာယ်မရှိဟု တွေးမိ၏။ နန်းတွင်း ကိုယ်လုပ်တော်တစ်ဦးက အမတ်တစ်ဦးနှင့် သီးသန့် မည်သို့တွေ့ဆုံနိုင်မည်နည်း။

ဤမစ်ရှင်ကို လျစ်လျူရှုထားနိုင်သည်။ သူမသည် အလကားရသော မျက်နှာသာပေးမှု ဆုလာဘ်များကို ရရှိထားပြီးဖြစ်သဖြင့် ယခုအခါ စိတ်အေးချမ်းသာ ရှိနေခဲ့သည်။

ဖေးလင်ယွဲ့မှာ အလွန်ဝမ်းမြောက်သွားခဲ့၏—မျှော်လင့်ထားသည့်အတိုင်း မစ်ရှင်များ ဆက်တိုက်ပေါ်လာနေသည်။ ဆပ်ပြာဆိုသည်မှာ ဘာလဲဟု သူ မသိသော်လည်း နတ်ဘုရားစနစ်မှ ပေးသနားသောအရာများမှာ မည်သည့်အခါမျှ အားနည်းချက်မရှိသည်မှာ သေချာသည်။

သူသည် ရှန်စုရုန့်အား ဘုရားကျောင်းသို့ သွားမည့် စီတန်းလှည့်လည်ပွဲတွင် ပါဝင်ရန် ချက်ချင်း စီစဉ်ပေးခဲ့ပြီး သူတို့နှစ်ဦး သီးသန့်တွေ့ဆုံနိုင်မည့် အခွင့်အရေးကို သေချာစေခဲ့သည်။

အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်သင့်သည့်အရာက RPG ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ယွီမြောင်ဟွာသည် ရှန်စုရုန့်၏ ပန်းချီကားကို စစ်ဆေးကြည့်ရှုခဲ့ရာ ၎င်း၌ ပန်းချီကားရှင်မှာ မသေနိုင်သော နတ်ဗိမာန်သို့ ပျံလွန်တော့မည့်အလား ဝေဝါးသော အရိပ်သဏ္ဌာန်တစ်ခုသာ ပါရှိလေသည်။ အဆုံးစွန်၌မူ နန်းတွင်းစာမေးပွဲ၏ တတိယရရှိသူ ထန်ဟွာ ဖြစ်သော ရှန်စုရုန့်သည် ထိုစဉ်က သူမနှင့် အတန်ငယ်ဝေးသောနေရာ၌ ရှိနေခဲ့သဖြင့် သူမ၏မျက်နှာကို ရှင်းလင်းစွာ မဖော်ပြနိုင်ခဲ့ခြင်းမှာ နားလည်ပေးနိုင်သော အချက်ဖြစ်၏။

သို့သော်ငြားလည်း ရှန်စုရုန့်သည် ထိုလောကလွန်ဆန်လှသော နတ်သက်ကြွေသည့်အလား အငွေ့အသက်ကို ပြည့်စုံစွာ ဖမ်းဆွဲပုံဖော်ရင်း ပန်းချီကားကို ထူးခြားပြောင်မြောက်စွာ ရေးဆွဲနိုင်ခဲ့သည်။

ဖေးလင်ယွဲ့က ကြေညာချက် ထုတ်ပြန်လိုက်၏။ "ဤပန်းချီကားကို ဘိုးဘွား ဘုရားကျောင်း၌ ချိတ်ဆွဲပြသထားစေ။"

ယွီမြောင်ဟွာ၏ မျက်ခွံများ တွန့်သွားခဲ့သည်။ ဘုရားရေ—သူမသည် ဘိုးဘွား ဘုရားကျောင်း၌ သူမ၏ပုံတူပန်းချီကား ချိတ်ဆွဲခြင်းခံရသည့် ပထမဆုံးသော နန်းတွင်းကိုယ်လုပ်တော် ဖြစ်လာတော့မည်လား။

ယခုမူ ၎င်းကို နတ်ဘုရားမတစ်ပါး၏ ဂုဏ်ဒြပ်ဟု ခေါ်ဆိုရပေလိမ့်မည်။

သူမ၏ မွေးနေ့သည် ဘိုးဘော်ပူဇော်ပွဲ အခမ်းအနားနှင့် တိုက်ဆိုင်နေသဖြင့် မိဖုရားခေါင်ကြီးသည် ထိုပွဲအတွက် ထုံးတမ်းစဉ်လာများနှင့် ကျင့်ဝတ်များကို သင်ကြားပြသပေးရန် ဝါရင့်နန်းတွင်းအစေခံတစ်ဦးကို အထူးစီစဉ်ပေးခဲ့၏။

ထိုအစေခံမလေး၏ အဆိုအရ ဤအရာသည် ယွီမြောင်ဟွာ၏ အခမ်းအနား အပြင်အဆင် အလွန်အမင်းများပြားသည်ကို မုန်းတီးတတ်သော အကျင့်ကို မိဖုရားခေါင်ကြီး သိရှိသောကြောင့် အထူးလျှော့ချပေးထားသည့် ပုံစံငယ်မျှသာ ဖြစ်သည်ဟု ဆိုသည်။

ယွီမြောင်ဟွာမှာ လုပ်ငန်းစဉ်များကို အကြမ်းဖျင်း ဖတ်ရှုလိုက်ရင်း နှုတ်ခမ်းများ အနည်းငယ် တုန်ခါသွားခဲ့၏—ဒါက လျှော့ချထားတဲ့ ပုံစံ ဟုတ်လား။ မူလပုံစံမှာ မည်မျှအထိ ရှုပ်ထွေးပွေလီနေမည်ကို သူမ စိတ်ပင်မကူးရဲတော့ပေ။

အခမ်းအနား မတိုင်မီတွင် ယွီမြောင်ဟွာမှာ တစ်ကိုယ်တော် သီးသန့်နေထိုင်ကာ အသားငါးမစားဘဲ ဆယ်ရက်တိုင်တိုင် သီလဆောက်တည်ရန်နှင့် ဖျော်ဖြေရေး လှုပ်ရှားမှုအားလုံးကို ရှောင်ကြဉ်ရန် လိုအပ်ခဲ့သည်။

သူမ အထူးမှာယူပြုလုပ်ထားသော မာကျောက်ဝိုင်းကိုလည်း လောလောဆယ်တွင် သိမ်းဆည်းထားရပေလိမ့်မည်။

အပြင်ထွက် လှုပ်ရှားမှုမရှိဘဲ ဆယ်ရက်နေရခြင်းမှာ အခြားသူများအတွက် မခံမရပ်နိုင်ဖြစ်စရာ ဖြစ်သော်လည်း စနစ်ရှိသော ယွီမြောင်ဟွာ အတွက်မူ အခန်းအပြင်မထွက်ဘဲ အောင်းနေရန် အချိန်ပိုရသွားခြင်းသာ ဖြစ်၏။

သူမသည် ထိုအခွင့်အရေးကို အသုံးချကာ နန်းတွင်းအရှုပ်တော်ပုံ ဒရမ်မာဇာတ်လမ်းများကို ပြန်လည်ကြည့်ရှုပြီး မိမိ၏ပရိယာယ်စွမ်းရည်များကို မြှင့်တင်နိုင်ခဲ့သည်။

သူမသာမက အခမ်းအနားတွင် ပါဝင်ကြမည့် အမတ်မင်းများနှင့် စစ်ဗိုလ်ချုပ်များအားလုံးလည်း ထိုနည်းတူ သီလဆောက်တည်ကြရ၏။

သီလဆောက်တည်ခြင်း မစတင်မီလေးတွင် ဧကရာဇ်က ခမည်းတော်က အိပ်မက်ထဲတွင် ပေါ်လာပြီး အိမ်ရှေ့စံမင်းသားအား တွေ့လိုကြောင်း မိန့်ကြားခဲ့သည်ဟု အကြောင်းပြကာ အမိန့်တော်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် အိမ်ရှေ့စံမင်းသားက ဧကရာဇ်ကိုယ်စား ဘိုးဘေးများကို ပူဇော်ကန်တော့ရမည် ဖြစ်၏။

ထို့ပြင် စီတန်းလှည့်လည်ပွဲ၌ အခြားသူတစ်ဦးလည်း ထပ်မံပါဝင်လာခဲ့သည်—သူကား မင်းသားဖန့် အိမ်တော်၏ ဆက်ခံသူ ဖေးယွီဟန်ပင် ဖြစ်သည်။

ယွီမြောင်ဟွာ သူမ၏ စနစ်ကို မကျေမနပ် ညည်းတွားလိုက်၏။

[ဧကရာဇ်က ဆယ်ရက်တိုင်တိုင် သတ်သတ်လွတ်စားရမှာကို မခံနိုင်လို့ အိမ်ရှေ့စံမင်းသားအပေါ် တာဝန်ပုံချလိုက်တာ သေချာတယ်။]

[ဖေးယွီဟန်ကို ရွေးချယ်တာကတော့ သူက တော်ဝင်မျိုးနွယ်စုအပေါ် ဘယ်လောက်တောင် သဘောထားကြီးလဲဆိုတာကို ကမ္ဘာသိအောင် ပြချင်လို့နေမှာပါ။]

[Host၊ ကျွန်တော်တို့ရဲ့ ကံတရားက အံ့ဩစရာပဲ။ ပစ်မှတ်နှစ်ခုလုံးက စာရင်းထဲမှာ ပါနေတယ်။ အချစ်လမ်းကြောင်းကို စတင်ဖို့ အချိန်တန်ပြီ။ နှစ်ယောက်တည်း ရှိမဲ့အချိန်—ကျွန်တော်တို့ နှစ်ယောက်တည်းရှိမဲ့ အချိန်ကို ရအောင်ယူရမယ်။]

ယွီမြောင်ဟွာသည် စနစ်၏ စကားများကို လျစ်လျူရှုထားခဲ့သည်။

နှစ်ယောက်တည်း ရှိမဲ့အချိန် ဟုတ်လား။ အိပ်မက်ပဲ။ ဦးနှောက်အနည်းငယ်ရှိသူတိုင်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သိကြ၏။ ဘိုးဘွား ဘုရားကျောင်းသို့ အတူတူသွားကြမည် ဖြစ်သော်လည်း အခမ်းအနားထိန်းသိမ်းရေး အရာရှိများက သူမတို့ဘေးတွင် ဝိုင်းဝိုင်းလည်နေကြမည်ဖြစ်ရာ လွတ်လပ်ခွင့်ကို မျှော်လင့်ခြင်းမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။

ထိုသတင်း ပြန့်နှံ့သွားသောအခါ လူတိုင်းက ဧကရာဇ်၏ သဘောထားကြီးမှုကို အံ့ဩချီးကျူးခဲ့ကြသည်—မင်းသားဖန့် အိမ်တော်က ကြီးလေးသောအပြစ်များကို ကျူးလွန်ခဲ့ဖူးသော်လည်း အရှင်မင်းကြီးသည် သူတို့ကို အခွင့်အရေးပေးရန် လိုလားခဲ့၏။

အိမ်ရှေ့စံမင်းသားဖြစ်သော ဖေးချီယန်အား ဧကရာဇ် ကိုယ်စား ဘိုးဘေးပူဇော်ပွဲ ပြုလုပ်ရန် ရွေးချယ်ခြင်းနှင့် ပတ်သက်၍မူ ၎င်းမှာ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ပြသရန်နှင့် အိမ်ရှေ့စံမင်းသား၏ ရာထူးနေရာကို မြဲမြံစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟုသာ လူအများက ယူဆခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ ဖေးချီယောင်းမှာ မနာလိုစိတ်များဖြင့် တောက်လောင်နေခဲ့၏။ သူလျှိုများက ဧကရာဇ်ထံ ပြန်လည်သတင်းပို့မည်ကို မစိုးရိမ်ပါက သူ စိတ်ပျက်လက်ပျက်ဖြင့် လက်ဖက်ရည်ခွက်များကိုပါ ရိုက်ခွဲမိပေလိမ့်မည်။

အိမ်ရှေ့စံမင်းသား! အမြဲတမ်း အိမ်ရှေ့စံမင်းသားချည်းပဲ။

သူတို့ခမည်းတော်၏ မျက်လုံးထဲတွင် အိမ်ရှေ့စံမင်းသား တစ်ဦးတည်းသာ အရေးပါခဲ့သည်။ ယခုအကြိမ်မှာမူ ယခင်ကထက် ထူးခြားနေသည်—ယခင်က အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်နှင့်အတူ အခမ်းအနားသို့ လိုက်ပါခဲ့ခြင်းသာ ဖြစ်သော်လည်း ယခုမူ ဧကရာဇ်၏ နေရာကို လုံးဝအစားထိုး လုပ်ဆောင်နေခြင်း ဖြစ်၏။

ပြီးတော့ ဖေးယွီဟန်လည်း ရှိသေးသည်။

အကွက်ဆင်တတ်တဲ့ မင်းသား—သူက ဘာအရည်အချင်း ရှိလို့လဲ။

ဖေးယွီဟန်ပင် နေရာရရှိခဲ့သော်လည်း သူ့ကဲ့သို့သော တရားဝင်မင်းသားတစ်ပါးမှာမူ ချန်လှပ်ထားခြင်း ခံခဲ့ရသည်။

All Chapters