ရှေးဟောင်းကြယ်အဖွဲ့အစည်းအမိန့်။
Vol. 103 Ch. 1416
အနက်ရောင်တိမ်တိုက်များသည် ကောင်းကင်ထက်တွင် ဖုံးလွှမ်းနေကာ နေအလင်းကို လွင့်ပါးစေပြီးနောက် ကောင်းကင်ယံမှ မိုးများ ရွာသွန်းလာသည်။ ခေါင်းမိုးများပေါ်သို့ မိုးစက်များကျလျက်၊ လမ်းပေါ်ရှိ အဆောက်အဦတိုင်းပေါ်သို့ မိုးစက်များ ကျဆင်းလာသည်။
အိမ်များအတွင်း၌ လူအများသည် သူတို့၏ အိမ်ခေါင်းမိုးများပေါ်သို့ ကျရောက်သောမိုးစက်များကို ရှင်းလင်းစွာ ကြားနေရသည်။ မိုးစက်များသည် အိမ်ခေါင်းမိုးအစွန်းများကနေ ကျဆင်းလျက် ရေလိုက်ကာစများ ဖြစ်ပေါ်သည်။
ခေါင်းမိုးတံဆတ်မြိတ်အောက်မှ တွဲလွဲကျနေသော သစ်ကိုင်းများသည် မိုးရေစက်များ လိမ့်ဆင်းကျကာ မိုးသံတို့ ဖြစ်ပေါ်လျက် မိုးရေလိုက်ကာစများနှင့် တစ်သားတည်း ဖြစ်လာကြ၏။
ခြောက်သွေ့နေသောမြေပြင်မှာ မိုးစက်များ ကျဆင်းလာသည့်အခါ ဖုန်မှုန့်များသည် ရွှံ့ဗွက်များ ဖြစ်ကုန်ကြ၏။
မြို့ခံများသည် မိုးကာများ ဝတ်ဆင်လျက် အလျင်အမြန် မိုးရွာထဲ သွားလာကြ၏။ မိုးရွာနေလျှင်ပင် နေ့အချိန်ဖြစ်သည့်အတွက် သူတို့သည် အလုပ်လုပ်ဖို့ လိုပေသည်။
ကလေးအချို့မှာ ပြတင်းပေါက်များကနေ တွားသွားကြည့်ကာ မိုးရေစက်များထံ လက်ဆန့်ထုတ်ကြကာ ရယ်မောပျော်ရွှင်လေ၏။
ထိုမိုးသည် ဝမ်လင်းကြောင့် ရွာသွန်းလာခဲ့ခြင်းပင်။
ဝမ်လင်းသည် အိမ်တံခါးကို တွန်းဖွင့်လိုက်၏။ မိုးငွေ့လေက သူ့မျက်နှာထံ တိုးဝှေ့လာသည်ကို ခံစားသည်။ ယင်းလေမှာ လတ်ဆတ်သည်။ သူသည် ကောင်းကင်ထက်မှ ကျဆင်းလာသော မိုးစက်များကို မော့ကြည့်ကာ တိမ်များထံမှ တဂျိန်းဂျိန်း မိုးခြိမ်းသံများ ထွက်ပေါ်နေပေ၏။ ပထမ၌ မိုးခြိမ်းသံများသည် အလှမ်းဝေးသေး၏။ သို့သော် ထိုအသံသည် ခဏအတွင်းမှာ သူ့နားနား ကပ်ကာ မြည်ဟိန်းသွားသည့်အလား ဖြစ်လာ၏။ ထိုမိုးခြိမ်းသံကြောင့် ကလေးအချို့ ကြောက်လန့်ကုန်ကာ ပြတင်းပေါက်များနား ဆက်မနေဝံ့ကြတော့ပေ။
ဝမ်လင်း၏အမူအရာကတော့ တည်ငြိမ်လျက်ပင်။ သူသည် အရက်အိုးကို ကောက်ယူကာ တငုံသောက်သည်။ သူ ပြုံး၍ သူ့ရှေ့ရှိ သေမျိုးဘဝများကို ကြည့်နေသည်။ သူက အတိတ်တုန်းက သူ့ကလေးဘဝကိုပါ ပြန်အမှတ်ရမိနေသည်။
“နှစ်ပေါင်းနှစ်ထောင်နီးပါး ရှိသွားပြီ။ ကျင့်ကြံသူတွေဟာ အချိန်ကို မသိကြဘူး။ ဘယ်သူကများ သူတို့ရဲ့အသက်အရွယ်ကို မှတ်မိနိုင်ကြမလဲ။ ငါတော့ ငါ ဘယ်လောက်အသက်အရွယ်ရှိနေပြီလဲ သေချာ မမှတ်မိတော့ဘူး…”
ဝမ်လင်းသည် အရက်တစ်ငုံငုံလိုက်၏။ သူက အတိတ်ကို အောက်မေ့မှုအား ခံစားနေမိသည်။
လေအေးသည် အားကောင်းလွန်း၏။ ယင်းလေက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူသည် တဒင်္ဂငြိမ်သက်စွာ စဉ်းစားနေသည်။ သူ တံခါးဝနား ရောက်လာချိန်၌ သူ့အမူအရာသည် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ရုတ်တရက် မော့ကြည့်သည်။
ကောင်းကင်မှာ အနက်ရောင်တိမ်ထုများဖြင့် ဖုံးနေဆဲသာ။ မိုးစက်များကလည်း မြင်ကွင်းကို ပိတ်ဆို့ထား၏။ ပုံမှန်အားဖြင့် ထိုအရာများသည် ဝမ်လင်းအပေါ်သို့ သက်ရောက်မှု မရှိပေ။ သူက အနက်ရောင်တိမ်များအထက်ရှိ ကြည်လင်သော ကောင်းကင်တွင် ဓားပျံနှစ်လက် ပျံသန်းနေသည်ကို မြင်သည်။
ထိုဓားပျံနှစ်လက်ပေါ်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ရှိနေကြ၏။ အမျိုးသား ဖြစ်သူမှာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ချောမောသည်။ သူ၏ကျင့်ကြံမှုအဆင့်မှာလည်း မနိမ့်လှပေ။ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်လောက်တွင် ရှိသည်။ အမျိုးသမီးဖြစ်သူကတော့ ကျက်သရေရှိကာ ဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် အလွန်လှသည်။ မြင့်မြတ်သောအော်ရာကို ပေးစွမ်းနေ၏။
သူတို့အောက်ဘက်တွင် တိမ်စိုက်အနက်များ ရှိနေ၏။ သူတို့နေရာကနေ အောက်သို့ ငုံ့ကြည့်ပါက တိမ်စိုင်များအတွင်း လျှပ်စီးများ ရွှေ့လျားနေသည်ကို ရှင်းလင်းစွာ မြင်နိုင်သို မိုးကြိုးခြိမ်းသံကိုလည်း ကောင်းစွာ ကြားရနိုင်သည်။
“ယွဲ့ရှန်…ကလန်က အရေးပေါ်အစည်းအဝေးအတွက် အခေါ်လွှတ်လိုက်တယ်။ နင့်ရဲ့ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်သေးဘူး။ ဒါ့ကြောင့် မရဲတင်းပါနဲ့…”
အမျိုးသမီးက ထိုအမျိုးသားကို နူးညံ့စွာ ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ နင့်စကား နားထောင်ပါ့မယ်။ အကြီးအကဲတွေက ဘာလို့များ ဒီလိုအရေးတကြီး ဆင့်ခေါ်ရလဲတော့ ငါ သိချင်မိတယ်။ ဒီလိုမျိုး ဖြစ်ခဲတယ်လေ…”
အမျိုးသားက အလေးအနက်ဟန်ပန် ဖြစ်သွား၏။ သူ့စိတ်ထဲ၌လည်း တူညီသောသံသယ ရှိနေသည်သာ။ သူက စကားပြောရန် ပြင်လိုက်ပြီးမှ ရုတ်တရက် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။ သူ့လက်ဖြင့် အမျိုးသမီးကို ပိတ်တားကာ သူတို့သည် လေထဲ၌ ရပ်လိုက်ကြသည်။
အနက်ရောင်အလင်းတန်းတစ်ခု တိမ်စိုင်တိမ်နက်များကို ဖြတ်၍ ပျံသန်းလာနေ၏။ ထိုအလင်းတန်းသည် သူတို့နှင့် ဦးတည်ရာတူနေ၏။ သို့သော် ယင်းအလင်းတန်းက သူတို့ကို သတိပြုမိသည်နှင့် ချက်ခြင်းပင် သူတို့ထံသို့ ဦးတည်ဝင်လာတော့သည်။
ထိုအနက်ရောင်အလင်းတန်း အနားရောက်လာဖို့ သိပ်မကြာလိုက်ပေ။ ထိုအနက်ရောင်အလင်းတန်းမှ လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။ သူသည် မထူးခြားနားအကြည့်ဖြင့် ယွဲ့ရှန်အမည်ရသော အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
အမျိုးသမီးကို ဟန့်တားလိုက်သော အမျိုးသားဖြစ်သူက မျက်မှောင်ကြုတ်သွားကာ သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောသည်။ “အစ်ကိုကျိုးကို နှုတ်ဆက်ပါတယ်…”
ထိုအမျိုးသမီးက ညင်သာစွာ ပြုံး၍ နူးညံ့စွာ ပြောလိုက်သည်။ “ညီမလေးက အစ်ကိုကြီးကျိုးကို နှုတ်ဆက်ပါတယ်…”
ကျိုးအမည်ရ လူငယ်သည် စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အပြာရောင်ဝတ်စုံနှင့်အမျိုးသားကို ကြည့်လိုက်သည်။ သူက အေးစက်စက် ပြောလိုက်၏။ “ပြန့်ကြဲမိုးကြိုးကလန် အဖျက်စီးခံရတယ်။ သူတို့ရဲ့ အကြီးအကဲခေါင်းဆောင်လည်း အရေးနိမ့်ခဲ့ပြီး ပျောက်နေတယ်။ ဒီအချက်တွေကို အုပ်စိုးသူကောင်စီက အတည်ပြုပြီးပြီး။ သူတို့ဟာ ကလန်အားလုံးကို ဒီအကြောင်း ပြောပြဖို့ ရှေးဟောင်းကြယ်အဖွဲ့အစည်းအမိန့်ကို ထုတ်ပြန်လိုက်တယ်။ ဒီအရေးတကြီးဆင့်ခေါ်မှုက အုပ်စိုးသူကောင်စီရဲ့ ကြေငြာချက်ကို ပြောပြဖို့အတွက်ပဲ…”
“အုပ်စိုးသူကလန်ရဲ့ မြင့်မြတ်သောဆရာသခင် ယွင်လောဟာ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးသွားတဲ့ သူရဲ့ ပုံပန်းအသွင်နဲ့ အဲ့လူရဲ့ မူလစိတ်ဝိညာဉ်အမှတ်အသားကို ရှာဖို့အတွက် မဟာကြိုမြင်ခြင်းနတ်မန္တာန်ကို အသုံးပြုခဲ့တယ်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းသတ်ဖြတ်ခြင်းအမိန့်ကိုလည်း ပို့လွှတ်ခဲ့ပြီး ဖြစ်တယ်…”
“ဒီကိစ္စဟာ ကြီးမားလွန်းတယ်။ ငါတို့လို လူတွေပါ ရှာဖွေရာမှာကို ငါ စိုးရိမ်မိတယ်။ ဒီကျင့်ကြံခြင်းဂြိုဟ်ဟာ သေချာ ရှာဖွေရမယ့်နေရာပဲ။ မင်းတို့ သေချာ ဂရုစိုက်ကြ….”
ယုအမည်ရသော အမျိုးသား၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှု ပြည့်နှက်၏။ သူ့ဘေးရှိ အမျိုးသမီးမှာလည်း တုန်လှုပ်မိနေသည်။
“ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်ဟာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်မှာ ရှိတယ်လို့ ဆိုကြတယ်။ တတိယအဆင့်ကျင့်ကြံသူတွေကလွဲလို့ ဘယ်သူကများ သူ့ကို ရှုံးနိမ့်အောင် လုပ်နိုင်မှာလဲ…”
“ဒါ့အပြင် ပြန့်ကြဲမိုးကြိုးကလန်မှာ အစွမ်းထက်ကျင့်ကြံသူ ထောင်နဲ့ရာနဲ့ချီပြီး ရှိနေတာလေ။ ဘယ်လိုလုပ် သူတို့က အမြစ်ဖြုတ်ခံရပါ့မလဲ…”
“ဒီ့အပြင် ပြန့်ကြဲမိုးကြိုးကလန်မှာ ဟိုးရှေးဟောင်းအချိန်တွေတည်းက တည်ရှိခဲ့တဲ့ ထာဝရမိုးကြိုးလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီကိစ္စဟာ…ဒီဟာက…”
ဝတ်စုံနက်နှင့်လူငယ်က ထွက်သွားရန် ဟန်ပြင်ပြီးမှ ပြန်လည့်လာကာ အေးစက်စက် ပြောလိုက်၏။ “ဒါဟာ မသေချာသေးဘူး။ ဒါပေမဲ့ အုပ်စိုးသူကောင်စီဟာ ထာဝရမိုးကြိုးပါ ဒီလူရဲ့ ဝါးမြိုတာခံလိုက်ရတယ်လို့ အတည်ပြုထားတယ်။ ဒီတော့ ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးဟာ ဒီလူ့ကို ရှာဖွေနေကြတယ်။ အုပ်စိုးသူကောင်စီဟာ သူ့ကို ရှာဖို့အတွက် အကြီးအကဲတစ်ယောက်ကိုလည်း စေလွှတ်ထားတယ်…”
ဝမ်လင်းသည် ဖြည်းဖြည်းချင်း သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့မျက်လုံးတို့မှာ တည်ငြိမ်လျက်ပင်။ သူသည် ထိုင်ချကာ ဘေးတစ်ဖက်သို့ ကြည့်လိုက်၏။
သူ့မျက်လုံးမှာ တလက်လက်တောက်ပနေပြီး ခပ်တိုးတိုး ရေရွတ်သည်။ “ငါ ဒီလောက်မြန်မြန် လိုက်ရှာခံရတာပဲ။ အုပ်စိုးသူကောင်စီ။ ငါ နောက်ဆုံးကျန်နေတဲ့ ရှေးဟောင်းမိုးကြိုးနဂါးကို မြန်နိုင်သမျှ မြန်မြန် သန့်စင်ရမယ်။ အဲ့ဒီနောက် ထာဝရမိုးကြိုးကိုလည်း ပေါင်းစပ်ရမယ်…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ပြီး ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ ကြောက်မက်ဖွယ်မီးနောက်သည် နောက်ဆုံးကျန်နေသော ရှေးဟောင်းမိုးကြိုးနဂါးကို သန့်စင်လို့နေသည်။
အချိန်ဖြည်းဖြည်းချင်း ကုန်လာ၏။ အပြင်ဘက်တွင်မူ မိုးများ ပိုပိုသည်းလာသည်။ နက်မှောင်သောတိမ်များက မြို့ကို ဖုံးလွှမ်းထားသည့်အတွက် အပြင်ဘက်တွင်ပင် အမှောင်ထုသာ ကြီးစိုးနေချေသည်။
နေ့လယ်ခင်းချိန် ရောက်လာတာတောင်မှ နေအလင်းသည် တိမ်များကို မထိုးဖောက်နိုင်သေးပေ။ နေ့တစ်ဝက်ခန့် သန့်စင်မွန်းမံပြီးနောက် ရှေးဟောင်းမိုးကြိုးနဂါးမှာ ဝမ်လင်း၏ မီးတောက်ကို ထပ်မံ ခုခံနိုင်စွမ်း မရှိတော့ပေ။ ၎င်းသည် နာကျင်စွာအော်ဟစ်လိုက်ပြီးနောက် ပျက်စီးသွားကာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ် စုပ်ယူခြင်းကို ခံလိုက်ရ၏။
ဤအခိုက်အတန့်၌ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်လုံးမှာ ဝမ်လင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ သူ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပေပြီ။ ချက်ခြင်းပင် သူ့မူလစိတ်ဝိညာဉ်သည် ရူးသွပ်စွာ ကြီးမားလာ၏။ မီးသည် လွင့်ပါးလာကာ အဆုံးမဲ့မိုးကြိုးများ၏ အစားထိုးခြင်း ခံရသည်။
မိုးကြိုးအနှစ်သာရသည် အရူးအမူး ကြီးထွားလာလေ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးပုံစံအသွင်ကနေ မိုးကြိုးတန်းတစ်ခုအသွင်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲ၏။
ထိုမိုးကြိုးတန်းမှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားပေသည်။ ဝမ်လင်း၏ဦးခေါင်းမှာ ကောင်းကင်၊ သူ့ခြေထောက်ကမူ မြေပြင်။ ထိုမိုးကြိုးတန်းသည် ခုချိန်၌ ပြန့်ကြဲမိုးကြိုးကလန်၏ ထာဝရမိုးကြိုးတန်းလို အတူတူ ဖြစ်လာခဲ့ပေပြီ။
ထိုမိုးကြိုးတန်းလုံးဝ ဖြစ်ပေါ်လာသည်နှင့် အပြင်ဘက်ရှိ တိမ်စိုင်များသည် တုန်ဟည်းကာ မိုးများ ပိုရွာကျလာသည်။ မိုးကြိုးသည် ရူးသွပ်သွားသည့်အလား ပြင်းထန်စွာ တုန်ဟည်းလေ၏။
ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးသည်ပင် တိမ်စိုင်များမှ ထွက်ပေါ်လာသော တုန်လှုပ်ဖွယ်မိုးကြိုးသံကို ကြားရနိုင်သည်။
နန်းမြို့တော်၌ မိုးထိမြင့်မားသော အဆောက်အဦတစ်ခုထဲတွင် အဘိုးအိုများ ရှိနေ၏။ သူတို့ထဲမှ အများစုသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိကာ တစ်ယောက်ကတော့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင် ရှိသည်။
သူတို့အားလုံးသည် အဆောက်အဦအတွင်း၌ ရပ်နေကြပြီး တဝီဝီမည်ဟိန်းလှည့်ပတ်နေသော တိမ်စိုင်များကို ကြည့်ကာ မိုးကြိုးသံကို နားထောင်နေကြသည်။ သူတို့အားလုံးထံ၌ ထူးဆန်းသောအကြည့် လှစ်ပေါ်နေသည်။
“ဒီမိုးရွာလာတာ အတော်လေးတော့ ရုတ်တရက် ဆန်တယ်။ မိုးကြိုးကလည်း အတော်လေး ပြင်းထန်နေတယ်။ ဒါပေမဲ့ ငါတို့ နတ်ဘုရားအာရုံတွေကို ပေါင်းစည်းပြီး ရှာဖွေတာတောင် ဘာတစ်ခုမှ မတွေ့ရဘူး…”
အဘိုးအိုများထဲမှ တစ်ယောက်က ပြောလိုက်၏။ “ငါတို့ အစိုးရိမ်နည်းနည်းလွန်နေတဲ့ပုံပဲ…”
“အား…ပြန့်ကြဲမိုးကြိုးကလန်လို ကလန်ကြီးတောင် ဖျက်စီးခံခဲ့ရပြီး သူတို့ရဲ့ အကြီးအကဲခေါင်းဆောင်ပါ အသတ်ခံလိုက်ရတယ်။ ငါ့ရှေ့က မိုးကြိုးကို ကြည့်ပြီး တစ်ခုခုမှားနေတယ်လို့ ငါ မခံစားမိဘဲ မနေနိုင်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာက ငါဘဲ အတွေးလွန်နေတာ နေမှာပါ…” နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အဘိုးအိုက ခေါင်းယမ်းကာ စကားပြောသည်ကို ရပ်လိုက်၏။
“ဒီလူဟာ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး။ ရှေးဟောင်းကြယ်အဖွဲ့အစည်း သတ်ဖြတ်ခြင်းအမိန့်ကို ပေးလိုက်ပြီးဖြစ်တဲ့အတွက် သူ ရှာတွေ့ခံရတာနဲ့ သံသယမရှိ သေဆုံးရမှာ ဖြစ်တယ်…”
ဂြိုဟ်၏အရှေ့ဘက်ပိုင်းတွင် တောင်တန်းများစွာ သွယ်တန်းနေ၏။ ထိုနေရာတွင် ကျန်းယန်ကလန် တည်ရှိသည်။ ပြန့်ကြဲမိုးကြိုးကလန်နှင့် ခြားနားစွာပင် ကျန်းယန်ကလန်သည် ကလန်ငယ်လေးတစ်ခုသာ ဖြစ်ပြီး ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကိုသာ အုပ်စိုးထားနိုင်သည်။
ဤအခိုက်အတန့်၌ ကျန်းယန်ကလန်အတွင်းတွင် ဆံဖြူလူတစ်ယောက် တောင်ထိပ်ပေါ်တွင် ရပ်နေ၏။ သူသည် အလိုအိုမင်းဟန် ပေါ်သည်။ သူက အကွာအဝေးတစ်ခုထံသို့ စိုက်ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကပ်ဘေးတစ်ခု ရောက်ချလာတော့မယ်လို့ ငါ ဘာကြောင့်များ ခံစားမိနေတာလဲ…”
ဝမ်လင်းသည် အချိန်သည် ပဓာနဖြစ်မှန်းကို သဘောပေါက်၏။ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ကို ဝါးမြိုပြီးနောက် သူက ထာဝရမိုးကြိုးကို ထုတ်လွှတ်သည်။ ယင်းမိုးကြိုးကို ထုတ်လွှတ်လိုက်သည်နှင့် ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ချိုးဖျက်ထွက်နိုင်ရန် ကြံရွယ်သည်။
သို့ပေမည့် ၎င်း လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုးကြိုးတန်း ဖြစ်လာသော ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ထာဝရမိုးကြိုးတန်းထံသို့ တရကြမ်းတိုးဝင်ကာ ၎င်းကို အရူးအမူး စတင် ဝါးမြိုတော့သည်။
ထာဝရမိုးကြိုးသည် အရူးအမူး ရုန်းကန်၏။ ထာဝရမိုးကြိုးအတွင်း၌ ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် အတော်လေး ဆင်တူသော စိတ်ဆန္ဒတစ်ခု ရှိ၏။ ၎င်းက ဝမ်လင်းနှင့် သေသည့်အထိ စတင်ရုန်းကန်မှု ပြုသည်။
“ငါနဲ့ ပေါင်းစပ်ပြီး ငါ့မိုးကြိုးအနှစ်သာရရဲ့ အစိတ်အပိုင်း ဖြစ်လာပါ။ ငါ့မိုးကြိုးအနှစ်သာရကို ပြီးပြည့်စုံစေပါ။ ဒါဆိုရင် ငါ့ကျင့်ကြံမှုအဆင့်ဟာလည်း အတော်လေး တိုးတက်လာလိမ့်မယ်…”
ဝမ်လင်း၏နတ်ဘုရားအာရုံသည် မုန်တိုင်းတစ်ခုအလား ထိုးထွက်ရိုက်ခတ်လေပြီး ထာဝရမိုးကြိုး၏ ခုခံမှုအားလုံးကို ဆုတ်ဖြဲပစ်သည်။
“တာအိုမန္တာန်…ပေါင်းစည်းခြင်း…” ဝမ်လင်း၏ညာမျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူ့မျက်လုံးထဲရှိ မတူညီသောမိုးကြိုးအနှစ်သာရနှစ်ခုသည် စတင်လည်ပတ်သည်။ သူ့မျက်လုံးထံမှ နတ်ဆိုးခံစားချက်ကို ပေးစွမ်းလာ၏။
***