← Chapters

ပုံရိပ်သုံးခု

Vol. 103 Ch. 1417

ပုံရိပ်သုံးခု

Vol. 103 Ch. 1417

လေသည် ပြင်းထန်နေ၏။ မိုးကြိုးသည် မည်ဟိန်း၏။ မိုးသည် မြေပြင်ထက်သို့ သည်းထန်စွာ ရွာသွန်းသည်။

မိုးများရွာနေသည်မှာ အဆက်မပြတ်ဖြစ်ကာ မဆဲတော့ဟုပင် ထင်ရသည်။ ကံကောင်းစွာဖြင့် လမ်းများမှာ ရေလွှဲမြောင်းများ ရှိနေခြင်းပင်။

တနေကုန် မိုးရွာနေသည်။ ညအချိန်သို့ပင် ရောက်လာခဲ့၏။ ယခုညသည် မနေ့ကကဲ့သို့ အသက်သိပ်မဝင်တော့ပေ။ လူများသည် သူတို့၏အိမ်ထဲ၌သာ နေကာ အပြင်သို့ မထွက်ကြချေ။

ညအချိန်ဖြစ်၍ တိမ်စိုင်များကို မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့သော် ကောင်းကင်ယံ၌ လျှပ်စီးတို့က လင်းလက်နေလေ၏။

အေးစက်စက်လေများက မိုးနှင့်အတူ ရောစွက်သည်။ လေပြင်းသည် တဝီဝီတိုက်ခတ်နေခြင်းက မိုးစက်များကို နေရာအနှံ့၊ထောင့်အနှံ့ထိ ရောက်ရှိစေလေ၏။ အရင်က စိုစွတ်ရုံသာ ရှိသော အိမ်များ၏ ခေါင်းမိုးတံဆတ်မြိတ်မှ သစ်ကိုင်းများသည် စတင်၍ အပြင်းအထန် လှုပ်ရမ်းလာသည်။ ခပ်လျော့လျာ့သာ ချည်နှောင်ထားသော အချို့သစ်ကိုင်းများဆို ကြိုးပြေလျော့ကာ လေထဲသို့ ပျံသန်းကုန်တော့သည်။

အချို့သစ်ကိုင်းများက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး လေထဲ၌ တဝဲလည်လည် ဖြစ်ကာ အမှောင်ထုအတွင်း ကွယ်ပျောက်သွားသည်။ အချို့ကမူ မြေပြင်ထက်ရှိ ရွှံ့ရေများထဲသို့ ကျရောက်၏။

ထိုအခိုက်မှာပင် မိုးကြိုးခြိမ်းသံများ ကျယ်လောင်လာသည်။ လျှပ်စီးများသည် တစ်မြို့လုံးကို ထိန်ထိန်လင်းလက်စေသည်။ ထိုစဉ် တာအိုဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်သည် လမ်းအလယ်တွင် ရှိနေ၏။ သူက လက်နှစ်ဖက် နောက်ပစ်ထား၏။ သူ့မျက်လုံးများသည် မီးလုံးအလား တောက်ပလျက် ရှိသည်။

သူ့မျက်ခုံးနှစ်ခုကြားတွင် ထူးဆန်းသောအမှတ်အသားတစ်ခုလည်း ရှိသည်။

သူ့နောက်တွင်မူ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူခုနစ်ယောက် ရှိနေသည်။ သူတို့၏အကြည့်မှာ အေးစက်၏။ သူ့လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ထိုခုနစ်ယောက်သည် သူ့ကို ချက်ခြင်း ဝန်းရံပြီး သူတို့၏လက်များဖြင့် ချိပ်ဟန်များ ပြုလုပ်သည်။ သူတို့တစ်ယောက်ချင်းစီထံမှ ခပ်ဖျော့ဖျော့အလင်းတစ်ခု ထွက်ပေါ်လာပြီး အဘိုးအို၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော လျှပ်စီးအမျှင်တန်းများ ဖြစ်ပေါ်သည်။

ထိုအဖြစ်က အဘိုးအို၏ မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားနှင့် ချွတ်ဆွတ်တူသော ပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ အဘိုးအိုကို ဗဟိုပြုကာ အလင်းတန်းခုနစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထိုးထွက်သွားသည်။

ထိုအဘိုးအိုသည် မျက်လုံးမှိတ်ထားရာကနေ ခဏအကြာတွင် ရုတ်တရက် မျက်လုံးပြန်ဖွင့်သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် သူ့ကလန်အမှတ်အသားမှ အလင်းသည် ယင်တောင်ပုံစံ စတင်ပျံ့နှံ့သည်။

တစ်ချိန်တည်းမှာ သူ့ဘေးပတ်လည်ရှိ လူခုနစ်ယောက်ထံမှ အလင်းသည်လည်း တောက်ပလာပြီး အဘိုးအို၏ခန္ဓာကိုယ်အတွင်းသို စုဝေးကာ သူ့ကလန်အမှတ်အသားမှ အလင်းကို သာ၍ တောက်ပလင်းထိန်စေသည်။

သူ့ကလန်အမှတ်အသားထံမှ အလင်းသည် အိမ်များထံသို့ ရိုက်ခတ်ပျံ့နှံ့သွားနေရင်း အဘိုးအို၏အကြည့်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုအိုမင်းအိုဟောင်းနေသော အိမ်များသည် ရုတ်တရက် အသစ်ဖြစ်လာသည့်ပုံ ရ၏။ ထို့နောက် ချက်ခြင်းပင် ယင်းတို့သည် အပျက်အစီးပုံများ ဖြစ်သွားပြန်သည်။

အိမ်များ၏အချိန်ကာလသာ ပြောင်းပြန်ဖြစ်နေသည်မဟုတ်။ အိမ်များအတွင်းရှိ သေမျိုးများသည်လည်း ငယ်ရွယ်လာကြသည်။ သိပ်မကြာခင်တွင် သူတို့သည် လောကတွင် တစ်ခါမှ မပေါ်လာဖူးသလိုမျိုး ပျောက်ကွယ်သွားသည်။

ဝမ်လင်းက သူ့အိမ်ထဲ၌ ထိုင်နေဆဲသာ။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ ထာဝရမိုးကြိုးကို ဝါးမြိုခြင်းသည် အရေးတကြီးအခိုက်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ထာဝရမိုးကြိုး၌ ပါဝင်သော ဆန္ဒက အတင်းအကြပ် ရုန်းကန်ကာ မိုးကြိုးဟိန်းသံများကို ထုတ်လွှတ်နေ၏။

သို့ပေမည့် ၎င်းက မည်မျှ လွတ်မြောက်အောင် ကြိုးစားပါစေ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ချိုးဖောက်ကာ ထွက်မသွားနိုင်ပေ။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ကို ဝါးမြိုခဲ့ပြီးနောက် မိုးကြိုးတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်၏။ ဤအဖြစ်သည် ထာဝရမိုးကြိုးတန်းနှစ်ခု တစ်ခုနှင့်တစ်ခု တိုက်ပွဲဖြစ်နေသည့်နှင့်ပင် တူနေတော့၏။ ထိုမိုးကြိုးတန်းနှစ်ခုထဲမှ တစ်ခုသာ ကျန်ခဲ့ပြီး မိုးကြိုး၏ စစ်မှန်သောဘုရင်တစ်ပါး ဖြစ်လာပေမည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့က စတင်တောက်ပလာ၏။ သူ့အမူအရာမှာ တည်ငြိမ်လျက်ပင်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အိမ်အတွင်းရှိ အရာအားလုံးသည် ကြေးမုံတစ်ချက်ကဲ့သို့ တွန့်ခေါက်လာ၏။ ၎င်းသည် အက်ကြောင်းများ ပေါ်လာသည့်အထိ ဆက်လက် တွန့်ခေါက်နေပြီး နောက်ဆုံးတွင် အရာအားလုံးမှာ တစစီ ဖြစ်သွားသည်။

ထိုကဲသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းသည် မျက်လုံးပြန်မှိတ်ကာ အပြင်ဘက်လောကကို လစ်လျူရှုထားလိုက်၏။ သူသည် ကျင့်ကြံခြင်းထံ ဈာန်ပြင်သွင်းကာ ထာဝရမိုးကြိုးကို ဝါးမြိုမည့် နောက်ဆုံးခြေလှမ်းကို စတင်သည်။

အပြင်ဘက်ရှိ မိုးရွာထဲ၌ တာအိုဝတ်စုံနှင့်အဘိုးအိုသည် တဖြည်းဖြည်းဖြင့် အိမ်များကို အနှံ့ကြည့်ရှုသည်။ သူ့အကြည့်က ဝမ်လင်း၏အိမ်သိုသ့ ကျရောက်သွားသော်လည်း သူက မျက်လုံးတစ်လုံးပင် မှိတ်မသွားခဲ့ပေ။ သူက ထိုအိမ်အတွင်း၌ ကျောင်းတော်သားတစ်ယောက် ပျောက်ကွယ်သွားပြီး မိသားစုများ တစ်ဦးနှင့်တစ်ဦး ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေသည့် မြင်ကွင်း အစားထိုးဝင်ရောက်လာသည်ကို မြင်သည်။

အချိန်အတန်ကြာပြီးနောက် အဘိုးအိုသည် သည်မြို့၏အနောက်ဘက်ခြမ်းတစ်ခုလုံးကို စစ်ဆေးပြီးသွားသည်။ မည်သည့်အရာကိုမှ ရှာမတွေ့သည့်နောက် ထိုအဘိုးအိုသည် ချိပ်ဟန်တစ်ခုကို တည်ငြိမ်စွာ ဖြစ်စေပြီး သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၍ မာန်သွင်းလိုက်သည်။

သူ့ကလန်အမှတ်အသားသည် ပိုမိုတောက်ပလာသည်။ အဘိုးအိုသည် ထပ်မံ ကြည့်ရှုလိုက်ချိန်၌ သည်မြို့မှာ ကွယ်ပျောက်သွား၏။ အချိန်သည် ဆက်လက်၍ ပြောင်းပြန်စီးဆင်းနေသည်။ အဘိုးအို၏ရှေ့တွင် ရှေးအချိန်က တိုက်ပွဲတစ်ခု ပေါ်လာ၏။ ထိုတိုက်ပွဲမှာ သေမျိုးစစ်တပ်နှစ်ခု စစ်တိုက်နေကာ မြေပြင်သည် သွေးဖြင့် စွန်းထင်းနေသည့်မြင်ကွင်းသာ။

အဘိုးအိုသည် ရုတ်တရက် မျက်လုံးဖွင့်၏။ သူ့ကလန်အမှတ်အသားမှ အလင်းသည် မှိန်ဖျော့သွားပြီးနောက် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သည်။ သူ့ဘေးပတ်လည်ရှိ ကျင့်ကြံသူခုနစ်ယောက်မှာလည်း သူတို့၏အမှတ်အသားများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။ ခုချိန်၌ သူတို့၏မျက်နှာများသည် အနည်းငယ် ဖြူရောနေကြသည်။

“ဒီမှာ ပုန်းနေတဲ့ ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး။ ငါတို့ နောက်ထပ် တခြားနေရာတစ်ခုခုကို သွားရှာကြမယ်…”

ထိုအဘိုးအိုသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ လေထဲသို့ ခုန်တက်၍ တိမ်စိုက်တိမ်နက်များကို ဖြတ်သန်းသွားသည်။ သူသည် အကွာအဝေးတစ်ခုံသို့ ပျံသန်းသွားနေရင်း ကျင့်ကြံသူခုနစ်ယောက်ကလည်း နောက်က လိုက်လာကြသည်။

အလားတူမြင်ကွင်းများသည် မြို့အသီးသီးတွင် ဖြစ်ပျက်နေရုံသာမက ဤရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံရှိ ဂြိုဟ်များပေါ်တွင်မှာပါ ဖြစ်ပွားနေပေသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း ရှေးအမိန့်ကို ထုတ်ပြန်ပြီးသည်နှင့် ကလန်တိုင်းသည် လိုက်နာရ၏။ သူတို့သည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုချင်းစီတိုင်းကို အသေးစိတ် စတင်ရှာဖွေကြတော့၏။ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူအများသည် ဧရာမရှာဖွေမှုကွန်ယက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပြီပင်။

ဝမ်လင်း၏အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်၏။ သူတို့ထွက်ခွာသွားချိန်၌လည်း သူ့အမူအရာမှာ ပြောင်းလဲမသွား။ သူက မျက်လုံးတောင် မဖွင့်ပေ။ ထာဝရမိုးကြိုးတန်းမှာ တဖြည်းဖြည်း အားနည်းလာနေ၏။

ကောင်းကင်ထက်တွင်မူ တိမ်စိုင်များ ပြည့်နှက်နေဆဲသာ။ အခုထိ မိုးသည် လျော့နည်းသွားခြင်း မရှိသေးပေ။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးနှစ်ခုမှာ နောက်ဆုံးတွင် အတူတကွပေါင်းစပ်သွားလေ၏။ ထာဝရမိုးကြိုးသည် လက်သင့်မခံ၊ငြင်းဆန်သည့်ဆန္ဒကို ထုတ်ဖော်ကာ ဟိန်းသံ ပြုပြီးနောက် ၎င်းသည် ဝမ်လင်း မူလစိတ်ဝိညာဉ်၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရတော့သည်။

ထာဝရမိုးကြိုး ဝါးမြိုခံလိုက်ရသည့်အခိုက်အတန့်မှာ ဝမ်လင်း၏ သန့်စင်ခြင်းခံရသော ထိုမိုးကြိုးအတွင်းမှ စိတ်ဆန္ဒသည် သူ့မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့သည်။ သူက သူ့မူလစိတ်ဝိညာဉ် တုန်ယင်သွားသည်ဟု ခံစားလိုက်ရ၏။ သူ၏မိုးကြိုးအနှစ်သာရသည် အံ့မခန်းနှုန်းဖြင့် ကြီးထွားလာချေပြီ။

ထိုကြီးထွားမှုနှုန်းမှာ ဖော်ပြရန်ပင် မဖြစ်နိုင်ပါ။ မိုးကြိုးအနှစ်သာရက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ ချိုးဖျက်သွားစေလေသည်။

သူ့မိုးကြိုးအနှစ်သာရ တုန်ဟည်းနေရင်း ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်မှာ ထိုမိုးကြိုးကို အသုံးပြုလိုက်သကဲ့သို့ ချက်ခြင်းပင် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်သို့ တက်လှမ်းသွားတော့၏။

မိုးကြိုးအနှစ်သာရ။ နယ်ပယ်အားလုံး၏ အခြေခံများ။ ထိုမိုးကြိုးအနှစ်သာရကို ပိုင်ဆိုင်ခြင်းဟူသည်ကား မိုးကြိုးဥပဒေသအားလုံးကို ဖြတ်မြင်နိုင်စွမ်းရှိသည် ဟူ၏။

ထာဝရမိုးကြိုး၏ စိတ်ဆန္ဒကိုပါ ဝါးမြိုပြီးနောက် ဝမ်လင်း၏ စိတ်သည် တုန်ဟည်းလာ၏။ သူ့စိတ်ထဲတွင် မှတ်ဉာဏ်များ တဖျပ်ဖျပ် ပေါ်လာသည်။ ထိုမှတ်ဉာဏ်များမှာ စိတ်ဆန္ဒထံမှ ဖြစ်၏။ ထာဝရမိုးကြိုး၏ မှတ်ဉာဏ်များ ဖြစ်ချေ၏။

ထိုမှတ်ဉာဏ်များသည် အချိန်ကာလာတိုက်စားမှုကြောင့် ကျိုးပဲ့နေခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ပုံရိပ်သုံးခုတည်းသာ ပေါ်လာသည်။

ပထမဆုံးပုံရိပ်မှာ ပြိုပျက်စီးနေသော ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ထိုပျက်စီးမှုသည် မရေမတွက်နိုင်သော ကြယ်နယ်မြေများ၊ ကြယ်ကွင်းပြင်များ အနှံ့ ပျံ့သည်။ ယင်းကြယ်နယ်မြေများသည် အတွင်းနယ်မြေ၊အပြင်နယ်မြေ နှစ်ခုစလုံးထက် သာ၍ ကြီးမားလေသည်။ ယင်းပျက်စီးမှုကား ကပ်ဘေးကြီးတစ်ခုအလား။

ထိုပျက်စီးမှုအတွင်း ရေတွက်မနိုင်သော သက်ရှိဖြစ်တည်မှုများ ကွယ်ပျောက်ကုန်ရ၏။ ဝမ်လင်းသည် ထိုပထမဆုံးမှတ်ဉာဏ်ပုံရိပ်ထဲ၌ ထူးဆန်းသောဝတ်စုံဖြင့် ကျင့်ကြံသူများ၊ ထူးဆန်းသောမွန်းစတားအိုများ၊ ဂြိုဟ်တစ်လုံးအရွယ်အစား ရှိသော ခြင်သားရဲများကို တွေ့မြင်ရသည်။ သူသည် မရေမတွက်နိုင်သော ဦးခေါင်းများဖြင့် ဂျီချောင်သားရဲကိုတောင် တွေ့မြင်ရသည်။

သို့ရာတွင် သူဆက်လက် ကြည့်ရှုရန် ဟန်ပြင်လိုက်စဉ်၌ မိုးကြိုးတန်းတစ်ခုသည် တစ်ခုခုထံမှ ထွက်ပြေးလာသည့်အလား လေဟာနယ်အတွင်းမှ ကသောကမြော ထွက်ပေါ်လာ၏။ ၎င်းသည် လေဟာနယ်ကို လှစ်ခနဲ ဖြတ်သန်းသည်။

ယင်းကာ ပထမဆုံးပုံရိပ်ထဲရှိ မြင်ကွင်းများပင်။ ထိုပုံရိပ်မြင်ကွင်းမှ တိုတောင်းလှ၏။ သို့သော် ဝမ်လင်းအတွက်မူ ၎င်းပုံရိပ်သည် ကြီးမားသောတုန်လှုပ်မှုကို ဆောင်ယူလာခဲ့ပေ၏။ ထိုလှစ်ခနဲ ဖြတ်သန်းသွားသော မိုးကြိုးမှာ ထာဝရမိုးကြိုး ဖြစ်နေပေ၏။

သို့ပေမည့် ၎င်းမိုးကြိုးသည် အခု ဝမ်လင်း ဝါးမြိုလိုက်သော မိုးကြိုးထက် အဆများစွာ ပိုအစွမ်းထက်သည်။

ဒုတိယပုံရိပ်ထဲတွင်မူ လူတစ်ယောက်၏ လက်ထဲ၌ မိုးကြိုးကန်တစ်ခု ရှိနေ၏။ သူက သက်လတ်ပိုင်းအရွယ်ရှိကာ မထူးခြားနားအကြည့်ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။ သူ့မျက်ခုံးနှစ်ခုကြား၌ ပန်းပွင့်အမှတ်အသားတစ်ခု ရှိ၏။ ထိုပန်းသည် ပွင့်ချပ်ခုနစ်ချပ် ရှိကာ အရောင်ခုနစ်ခုကို ကိုယ်စားပြုသည်။

“ကံမကောင်းစွာနဲ့ ဒီရှေးဟောင်းလေဟာနယ်နတ်ဘုရားမိုးကြိုးဟာ အတိတ်တုန်းကလိုမျိုး ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။ ထားလိုက်ပါတော့လေ။ ငါ မင်းကို လွှတ်ပေးလိုက်ပြီး မင်းရဲ့ ကံတရားက ဘာလဲဆိုတာပဲ ငါ ကြည့်ရတာပေါ့…”

ထိုသက်လတ်ပိုင်းလူသည် ခေါင်းယမ်းကာ လက်ဝေ့ယမ်း၏။ မိုးကြိုးတန်းသည် တုန်ဟည်းကာ ၎င်းသည် အောက်ဘက်သို့ အဆုံးမရှိ ဆင်းသက်ကာ ပျောက်ကွယ်သွားတော့သည်။

တတိယမြောက်ပုံရိပ်ကတော့ ပြန့်ကြဲမိုးကြိုးကလန်၏ ကျောင်းတော်ထိပ်တွင် ဖြစ်နေ၏။ ထိုနေရာတွင် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော မိုးကြိုးတန်းတစ်ခု ရှိသည်။ ယင်းကား အချိန်စတင်ကတည်းက တည်ရှိခဲ့ကာ ထာဝရတိုင် ဆက်ရှိနေမည့်အလား။

ထိုမိုးကြိုးတန်းပတ်လည်၌ ကျင့်ကြံသူရှစ်ယောက် လှည့်ပတ်ပျံသန်းနေ၏။ ထိုသူထဲမှ တစ်ယောက်သည် အဘိုးအိုတစ်ယောက် ဖြစ်သည်။ ထိုအဘိုးအို၏ မျက်ခုံးနှစ်ခုကြားတွင် မိုးကြိုးအမှတ်အသားတစ်ခု ရှိသည်။

အခြားခုနစ်ယောက်ကမူ မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်း မသိရသော ထူးဆန်းသောဝတ်စုံများ ဝတ်ဆင်ထားကြ၏။

ရှေ့ဆုံး၌ ရပ်နေသောသူမှာ ခေါင်းဆောင်ဖြစ်တာ သိသာ၏။ ပြန့်ကြဲမိုးကြိုးကလန်မှ လူသည်ပင် ထိုလူ့ကို ကြည့်သည့်အခါ လေးစားမှု ပြရသလို သူ့အကြည့်ထဲ၌ ထိတ်လန့်မှု အရိပ်အမြွက်ပါ ရှိနေသည်။

ထိုသူ၏ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်လိုင်းတစ်ခု ရှိသည်။ ဝမ်လင်းသည် ထိုရွှေရောင်လိုင်းမှာ သူနှင့် အလွန်တရာ ရင်းနှီးလှသည်ဟု ခံစားမိ၏။

“သူ ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မထင်မိဘူး...။ ကံမကောင်းဘူး…ကံကို မကောင်းတာ…”

ခေါင်းဆောင်က သူ့ခေါင်းကို ရမ်းကာ လှည့်လိုက်၏။ သူ နောက်လှည့်လိုက်သည်နှင့် ဝမ်လင်း၏စိတ်ထဲတွင် တုန်ဟည်းသွားတော့သည်။ သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားမိသည်။ သူသည် တဒင်္ဂမင်သက်သွား၏။

“သူ…သူက…”

***

All Chapters