ငါးရောင်စုံဂျီနယ်ပယ်
Vol. 103 Ch. 1418
ထိုပုံရိပ်သည် ပျောက်ကွယ်သွား၏။
သို့ပေမည့် ယင်းလူ၏ပုံရိပ် စကားပြောရင်း လှည့်လိုက်သည့်အခိုက်က ဝမ်လင်း၏စိတ်ထဲတွင် ငြိတွယ်သွားတော့သည်။ ၎င်းမြင်ကွင်းသည် သူ့စိတ်ထဲတွင် ခပ်နှိပ်သွားသည့်အလား။
ထိုလူ၏ပုံပန်းအသွင်သည် ဝမ်လင်းနှင့် စိမ်းပေသည်။ သူက ထိုလူ့ကို အရင်တုန်းက လုံးဝ မတွေ့ဖူးသည်ကို ယုံကြည်၏။သို့သော် ထိုသူ၏ဘယ်မျက်လုံးထဲတွင် ငါးရောင်စုံအလင်းတစ်ခု ရှိနေ၏။ ဝမ်လင်းအဖို့ သည်အလင်းမှာ အလွန်ရင်းနှီးနေသည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် ၎င်းအလင်းကို ဂျီနယ်ပယ်ဟု ပြောနိုင်၏။
ငါးရောင်စုံဂျီနယ်ပယ်။
ဝမ်လင်းသည် ထိုငါးရောင်စုံဂျီနယ်ပယ်ကို တစ်ကြိမ် မြင်ဖူးခဲ့၏။ သူ မြင်ဖူးခဲ့သည်မှာ အချိန်ကြာလွန်းခဲ့ပြီ ဖြစ်သည်။ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် သူ တွေ့မြင်ဖူးခဲ့ခြင်းပင်။ ထိုစဉ်က ငါးရောင်စုံဂျီနယ်ပယ်ကို ဒြပ်စင်ငါးခုဂြိုဟ်မှ နန်ဒူ ပိုင်ဆိုင်ခဲ့ပေသည်။
ဝမ်လင်းသည် အခု ငါးရောင်စုံဂျီနယ်ပယ်ကို တွေ့မြင်သည့်အခိုက်၌ သည်ငါးရောင်စုံဂျီနယ်ပယ်သည် အတိတ်တုန်းက နန်ဒူ၏ ငါးရောင်စုံဂျီနယ်ပယ်နှင့် အတူတူသာ ဖြစ်သည်ဟူသော ရှင်းမပြတ်တတ်သော ခံစားမှုကို ရလိုက်သည်။
နန်ဒူနှင့် တွေ့ဆုံခဲ့ခြင်းက ဝမ်လင်းအတွက် ဂျီနယ်ပယ် တံခါးကို ပွင့်သွားစေခဲ့ခြင်းလည်း ဟုတ်သည်။ ဝမ်လင်းသည် ထိုစဉ်ကတည်းက ဂျီနယ်ပယ်သည် အမျိုးအစားတစ်ခုတည်းသာ မဟုတ်မှန်း သိခဲ့သည်။
နန်ဒူဆိုသည်မှာ စစ်ထူနန်ကို အမဲလိုက်ခဲ့သော လူများထဲမှ တစ်ယောက်ဖြစ်ကာ သူသည် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ မံမီတစ်ယောက်အဖြစ် ဒဏ်ရာများ ကုသနေခဲ့သည်။ ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ယူဆောင်သွားခဲ့၏။ ဝမ်လင်းက ကျောက်နိုင်ငံ၌ သူ့လက်စားချေမှု ပြီးမြောက်ပြီးနောက် ထိုလူက သူ့ကို ဖမ်းမိခဲ့ခြင်းပင်။
ထိုတတိယမြောက်ပုံရိပ်က ပျောက်ကွယ်သွားသော်လည်း ဝမ်လင်း၏မျက်လုံးကမူ တောက်ပနေ၏။ သူသည် မဟာလျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့လိုက်သည့်အလား။
“ဒီလူရဲ့ ဘေးပတ်လည်က ရွှေရောင်အလင်းလိုင်းဟာ စိတ်ဝိညာဉ်ကျာပွတ် ဖြစ်လိမ့်မယ်။ အကြီးအကဲခေါင်းဆောင် ငါနဲ့ တိုက်ပွဲအတွင်းမှာ ပြောခဲ့ပုံကိုပါ ထောက်ကြည့်ရင် ဒါဟာ စိတ်ဝိညာဉ်ကျာပွတ် ဖြစ်နိုင်တယ်။ ဒါ့အပြင် နန်ဒူရဲ့ ငါးရောင်စုံဂျီနယ်ပယ်လည်း ရှိသေးတယ်။ ဒီဆန်းကြယ်တဲ့ကျင့်ကြံသူတွေဟာ ပြင်ပနယ်မြေ(ဝါ) ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကနေ ထွက်မသွားဘဲ အတွင်းနယ်မြေရှိ ဦးတည်သွားခဲ့တာများ ဖြစ်နိုင်မလား…”
“တချို့မသိရတဲ့အကြောင်းရင်းတွေကြေင့် သူ့ငါးရောင်စုံဂျီနယ်ပယ်ဟာ နန်ဒူရဲ့ လက်ထဲမှာ အဆုံးသပ်ခဲ့တာလား။ စိတ်ဝိညာဉ်ကျာပွတ်ကတောင် ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ကျန်ခဲ့သေးတယ်…”
“နန်ဒူတော့ ဒီအကြောင်းကို အတော်လေး သိနိုင်တယ်။ ဒြပ်စင်ငါးခုဂြိုဟ်…နန်ဒူ…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်၏။ အချိန်အတန်ကြာပြီးနောက် သူသည် အသက်ဝဝရှုသွင်းကာ ဒီအခြင်းအရာများကို ဘေးဖယ်ထားလိုက်တော့သည်။ သူ့အတွက် သည်အကြောင်းများနှင့် ပတ်သတ်၍ တွေးနေဖို့ အချိန်ရှိမနေပေ။
ယခုအချိန်တွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် အရင်ထက် အဆများစွာ ပိုအစွမ်းထက်နေပြီ ဖြစ်သည်။ ယင်းမိုးကြိုးစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လျက် ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်ကာ ကျယ်လောင်စွာ မြည်ဟိန်းပြီး လှည့်ပတ်သည်။
၎င်းဝဲကတော့ လှည့်ပတ်ချိန်တိုင်း ဝမ်လင်း၏ခန္ဓာကိုယ်တစ်လက်မမကျန်တွင် မိုးကြိုးစွမ်းအားများ ပြည့်နှက်သည်။ ဤအခိုက်အတန့်၌ သူသည် ကျင့်ကြံသူတစ်ယောက် ဆက်မဟုတ်တော့၊ မိုးကြိုးတန်းတစ်ခု ဖြစ်လာချေပြီ။
ကောင်းကင်ဘုံကိုဖိဆန်မည့် မိုးကြိုးတန်း။
ထိုကျင့်ကြံမှုသည် ဤအခိုက်တွင် ထူးဆန်းသောပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းသွား၏။ ဤကဲ့သို့ပြောင်းလဲမှုမျိုးသည် အတွင်းနယ်မြေ သို့မဟုတ် အပြင်ဘက်နယ်မြေ နှစ်ခုစလုံးတွင် မပေါ်ပေါက်ခဲ့ဖူးပေ။ သူသည် သည်မိုးကြိုးစွမ်းအားကို ရိုးရှင်းစွာ အသုံးချလိုက်ရုံဖြင့် သူသည် နိဗ္ဗာနအလယ်အဆင့်ကနေ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့ပေမည့် သူက ထိုမိုးကြိုးကို အသုံးမပြုဘဲ ထိုအစား သူ့ကိုယ်ပိုင်နယ်ပယ်၊ မီးနှင့် မူလစွမ်းအင်တို့ကိုသာ အသုံးပြုပါက ဝမ်လင်းသည် အခုထိ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်၌သာ ရှိနေဆဲသာ။
ဤအဖြစ်က သူ့ခန္ဓာကိုယ်ထဲရှိ အနှစ်သာရငါးခုနှင့် တိုက်ရိုက် ပတ်သတ်ပေသည်။
အိမ်အပြင်တွင်တော့ မိုးသည် အခုထိ မစဲသေးဘဲ ရွာနေဆဲ ဖြစ်၏။ ကောင်းကင်ယံတွင်လည်း မကြာဆိုသလို လျှပ်စီးများ လင်းလက်နေသည်။ ဝမ်လင်းက ထရပ်လာ၏။ သူက သူ့လက်ထဲရှိ မိုးကာတစ်ခုကို ယူကာ ဝတ်ဆင်ပြီး တံခါးထံသို့ လှမ်းလျှောက်သွားသည်။
သူ တံခါးဖွင့်လိုက်သည်နှင့် လျှပ်စီးမှာ လင်းလက်သွားပြီး မှောင်နေသောလမ်းကို လင်းထင်းသွားစေ၏။ မိုးသည် မှုန်မှိုင်းမှုကို ဖြစ်စေကာ အဝေးထိ မြင်ရဖို့ မဖြစ်နိုင်အောင် လုပ်နေ၏။ ဘယ်အိမ်ကမှလည်း မီးအလင်း ထွက်ပေါ်နေခြင်း မရှိတော့။ သူတို့အိပ်ပျော်နေကြသည်မှာ သိသာသည်။
ဝမ်လင်းက တံခါးနား၌ ရပ်နေပြီ လျှပ်စီးလက်၍ လင်းလက်သွားသော ကောင်းကင်ထက်သို့ မော့ကြည့်၏။ ထို့နောက် သူသည် မိုးကာကို တင်းတင်းဆုပ်ကာ လှမ်းလျှောက်သွားသည်။
လမ်းပေါ်၌ ဝမ်လင်းကလွဲ၍ မည်သူမျှ ရှိမနေပေ။ မိုးနှင့်လေသံအပြင် သူ့ကို တစ်ခုတည်းသော အဖော်ပြုပေးနေသည်မှာ သူ့ခြေသံသာ ရှိ၏။
အနောက်ဘက်နှင့် မြောက်ဘက်ပိုင်းကြားရှိ ဆက်လမ်းမှာ အမြဲလိုလို အသက်ဝင်နေတတ်၏။ ရာသီဥတုသာ ကောင်းမွန်ခဲ့ပါက ညနက်သည့်အထိ ဆောင်ကြာမြိုင်နှင့် လောင်းကစားဝိုင်းများတွင် လူစည်နေတတ်သည်။
သို့ပေမည့်လည်း အခုလို မိုးသည်းသည်းရွာနေချိန်တွင်တော့ သည်နေရာမှာ ငြိမ်သက်တိတ်ဆိတ်နေ၏။
ဝမ်လင်းသည် မြို့အနောက်ဘက်ခြမ်းကနေ ဖြတ်လျှောက်လာရင်း အပြင်ဘက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ထံ ရောက်လာသည်။ အထဲ၌ လူနှစ်ယောက်သုံးယောက်နှင့် အိပ်ငိုက်နေသော စားပွဲထိုးတစ်ယောက်သာ ရှိသည်။
ဝမ်လင်းသည် စားသောက်ဆိုင်အတွင်း လှမ်းဝင်လာပြီးနောက် စားပွဲထိုးရှေ့ ရောက်သည့်အခါ အရက်အိုးတစ်လုံး မှာလိုက်၏။
“ငါ့ကို အရက်တစ်အိုးပေးပါ…”
ဝမ်လင်း ဝင်လာသည့်အခါ သူသည် လေအေးအချို့နှင့်မိုးစက်အနည်းငယ်ကိုပါ ယူဆောင်လာခဲ့၏။ စားပွဲထိုးလေးမှာ စိမ့်ခနဲ အေးသွားပြီး ဝမ်လင်းကို ကြည့်သည်။ ထို့နောက် သူက စားပွဲကို သုတ်လိုက်ပြီးနောက် ဆိုင်နောက်ခန်းထဲ ဝင်သွားတော့သည်။ ခဏအကြာတွင် သူက အရက်တစ်အိုး ယူလာကာ ဝမ်လင်းရှေ့တွင် ချပေးပြီး ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။ “သေမျိုးသလင်းသုံးခု…”
ဝမ်လင်းသည် အရက်ဖိုး ကျသင့်ခ ရှင်းပေးလိုက်ပြီးနောက် အရက်တစ်ငုံ သောက်လိုက်သည်။ သူနှင့် မစိမ်းလှသော ခပ်စူးစူးခံစားချက်က သူ့လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲ ဝင်ရောက်လာသည်။ ထိုအရက်မှာ အတော်လေး ပြင်း၏။ ဝမ်လင်းကလည်း အတော်လေး နှစ်ခြိုက်မိသည်။
အရက်အိုးကို ကိုင်ကာ သူသည် စားသောက်ဆိုင်အပြင်သို့ ထွက်လာသည်။ မိုးကြိုးသံများ တုန်ဟည်းကာ လျှပ်စီးသည် ဝမ်လင်းရှေ့ရှိ လမ်းကို လင်းထင်းစေသည်။ သူသည် မြို့အနောက်ဘက်ခြမ်းသို့ ပြန်မသွားတော့ဘဲ မြောက်ဘက်ခြမ်းသို့ ဆက်လျှောက်လာသည်။
မိုးသည်းသောည၌ သူသည် အရက်မော့ကာ လမ်းလျှောက်နေ၏။ သူ့ခြေလှမ်းများမှာ မမြန်လှပေ။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုးသည် တဒင်္ဂတန့်သွားဟန် တူသည်။
မြို့မြောက်ဘက်ရှိ ကောင်းကင်ထက်၌ ရှာဖွေခြင်းမန္တာန် အသုံးပြုခဲ့သော တာအိုဝတ်စုံဖြင့်အဘိုးအိုတစ်ယောက်သည် သုန်မှုန်စွာဖြင့် ထွက်သွားနေ၏။ သူ့နောက်လိုက်လာသော ခုနစ်ယောက်မှာလည်း ပင်ပန်းနေကြဟန် ပေါက်သည်။
သူတို့သည် ယနေ့ည၌ နေရာတော်တော်များများကို ရှာဖွေခဲ့ပြီး ဖြစ်သည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ ပြန့်ကြဲမိုးကြိုးကလန်ကို အမြစ်ဖြုတ်ခဲ့သော ထိုလူမှာ သည်နေရာတွင် မရှိတာ ရှင်းနေ၏။
“အကြီးအကဲ…ဒီကြယ်နယ်မြေမှာ လူတော်တော်များများလည်း ရောက်နေကြပြီ။ ဒါပေမဲ့ ဘယ်သူကမှ ဘာမှကို မတွေ့သေးဘူး။ ဖြစ်နိုင်တာက ဒီလူဟာ ဒီမှာ မရှိတဲ့ပုံပဲ…”
“သူက ဒီကျင့်ကြံခြင်းဂြိုဟ်မှာ မရှိနိုင်ပေမယ့် ဒီကြယ်နယ်မြေထဲမှာတော့ ကျိန်းသေရှိတယ်…” အဘိုးအိုသည် လေထဲ၌ လျှောက်လှမ်းနေလျက်ဖြင့် သုန်မှုန်စွာ ပြောလိုက်သည်။
“အုပ်စိုးသူကောင်စီရဲ့ မြင့်မြတ်သောဆရာသခင် ယွင်လောဟာ ဒီလူ ဒီကြယ်နယ်မြေမှာ ရှိတယ်လို့ တွေ့မြင်ခဲ့တယ်။ သူ ဂြိုဟ်နေရာအတည်အကျကိုပါ တွေ့မြင်ဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး။ ငါတို့သာ ဆရာသခင်ယွင်လောထက်အရင် သူ့ကို ရှာနိုင်ခဲ့ရင် ငါတို့ဟာ ကျိန်းသေပေါက်…”
ထိုအဘိုးအို၏ စကားသည် ဤနေရာအရောက်တွင် ရပ်တန့်သွားကာ သူ့မျက်လုံးသည် တလက်လက် ဖြစ်၏။
သို့ပေမည့် ထိုအခိုက်တွင် လေထုထဲ၌ မိုးကြိုးသံသည် ပဲ့တင်ထပ်ကာ လျှပ်စီးများ လင်းထိန်သွားသည်။ ထိုစဉ် ပုံရိပ်တစ်ခုသည် အရက်အိုးကိုင်လျက် လမ်းလျှောက်လာ၏။
သူသည် မြန်လွန်း၏။ မည်သူကမျှ သူ့ကို မတွေ့နိုင်လောက်အောင် မြန်သည်။ သည်လူခုနစ်ယောက်ကပင် သူ့ကို သတိမပြုမိလောက်အောင် မြန်သည်။ ထိုပုံရိပ်သည် ရုတ်တရက် တာအိုဝတ်စုံဖြင့်အဘိုးအို၏ သုံးပေအကွာသို့ ရောက်လာသည်။
တာအိုဝတ်စုံဖြင့်အဘိုးအို၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှု၊ ကြောက်လန့်မှုတို့ ပြည့်နှက်သွားသည်။ သူ ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် ထိုပုံရိပ်က ညာလက်ဖြင့် အရက်အိုးကိုကိုင် တစ်ငုံသောက်ကာ သူ့ဘယ်လက်ကမူ အဘိုးအို၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။
ချက်ခြင်းပင် ကောင်းကင်ထက်မှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်သွားသည်။ ထိုအဘိုးအို၏ မူလစိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် ပိုင်းဖြတ်ခြင်းခံရကာ သူ့ခန္ဓာကိုယ်က ကင်းလွတ်သွား၏။
ထိုမူလစိတ်ဝိညာဉ် တစိတ်တပိုင်းက အဘိုးအို၏ခန္ဓာကိုယ်ကနေ ထွက်သွားသည်နှင့် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းသည်။ သူ့ဘယ်လက်ဖြင့် ထိုမူလစိတ်ဝိညာဉ်အပိုင်းကို ဖမ်းယူလိုက်ပြီးနောက် သူသည် အကွာအဝေးတစ်ခုသို့ ဆက်လျှောက်သွားတော့သည်။
ထိုအခိုက်အတန့်၌ မိုးကြိုးဟိန်းမြည်သံမှာ အဆုံးသပ်သွားသည်။ ထို့နောက် လျှပ်စီးကမူ တဖန် လင်းထိန်သည်။ ထိုအဘိုးအိုနှင့် ပါလာသော ကျင့်ကြံသူခုနစ်ယောက်သည် ဘာတစ်ခုမှ သတိပြုမိလိုက်ကြခြင်း မရှိပေ။ တာအိုဝတ်စုံဖြင့်ထိုအဘိုးအိုသည် စိတ်ရှုပ်ထွေးသလိုသာ ဖြစ်သွားပြီး ခဏအကြာတွင် ပြန်ကောင်းမွန်သွားသည်။
“ငါတို့သာ အရင်တွေ့ရင် ကျိန်းသေပေါက် ဆုလဒ်ကြီးကြီးမားမား ရမှာ…”
အဘိုးအို၏အမူအရာမှာ သုန်မှုန်နေဆဲပင်။ သို့သော် သူက သေလောက်အောင် ဖြူရောသွား၏။ သူသည် စောနလေးက အဖြစ်သနစ်ကို ဘာတစ်ခုမျှ သတိမပြုမိလိုက်သလို သူ ကြောက်ရွှံစွာခံစားလိုက်ရမှုကိုပါ မေ့သွားသည်။ သူက ခြေတစ်လှမ်းလှမ်းကာ ရှေ့သို့ ဆက်လက်ပျံသန်းသွားတော့၏။
လျှပ်စီးသည် မြေကမ္ဘာကို လင်းထင်းစေနေရင်း ထိုပုံရိပ်မှာ သည်ကျင့်ကြံသူရှစ်ယောက်နှင့် ဝေးသထက်ဝေးသွားသည်။ သူ့လက်ထဲတွင်မူ တာအိုဝတ်စုံဖြင့်အဘိုးအိုနှင့် ချွတ်ဆွတ်တူသော မူလစိတ်ဝိညာဉ်တစ်ခု ရှိနေသည်။ ထိုမူလစိတ်ဝိညာဉ်က အကူအညီခေါ်ဖို့ ကြိုးစား၏။ သို့သော် ဘာသံမှ ထွက်ပေါ်မလာခဲ့ပေ။
ဝမ်လင်းက အရက်သောက်ရင်း မြို့အနောက်ဘက်ခြမ်းရှိ လမ်းပေါ်တွင် ပေကျံနေသော ရွှံ့ရေများကို ဖြတ်လျှောက်လာပြီး သူ့အိမ်တံခါးကို ဖွင့်လိုက်၏။
သူ၏ ဘယ်လက်ထဲတွင်မူ တာအိုဝတ်စုံဖြင့်အဘိုးအို၏ မူလစိတ်ဝိညာဉ်တစိတ်တပိုင်းကို ကိုင်ထားဆဲသာ။ သူ အိမ်ထဲဝင်လာသည်နှင့် သူ့ဘယ်လက်ကို ညှစ်ချေလိုက်သည်။ ယင်းမူလစိတ်ဝိညာဉ်သည် တိတ်ဆိတ်စွာ ပျက်စီးသွားပြီး ၎င်း၏မှတ်ဉာဏ်အားလုံးမှာ ဝမ်လင်း၏ ထုတ်နှုတ်ယူခြင်း ခံလိုက်ရပေပြီ။
ဝမ်လင်းသည် ထိုတာအိုဝတ်စုံဖြင့်အဘိုးအိုကို စွန့်စားကာ ပေါ့ပေါ့ဆဆ မသတ်ခဲ့ပေ။ သို့သော် သူသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ခုလက်ရှိအခြေအနေကို သိထားဖို့ လိုသည်။ သူသည် သူ့မိုးကြိုးကို အသုံးပြုကာ ထိုအဘိုးအို၏မူလစိတ်ဝိညာဉ် တစိတပိုင်းကိုသာ ဖြတ်တောက်ပစ်ခဲ့ပြီး အဘိုးအို၏ မှတ်ဉာဏ်ကို ရှာဖွေခဲ့ပေသည်။
“ငါ မျှော်လင့်ထားသလိုပါပဲလား။ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းဟာ ငါ့ကို သေချာ စရှာဖွေနေပြီ။ အုပ်စိုးသူကောင်စီရဲ့ မြင့်မြတ်သောဆရာသခင်ယွင်လော…။ ဒီလူရဲ့ မန္တာန်က ငါ့တည်နေရာကို တွက်ချက်နိုင်စွမ်း ရှိနေတယ်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ ထိုမှတ်ဉာဏ်ထဲကနေ သူသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အမဲလိုက်သည့်အကြောင်းကို သိလာရုံသာမက သူတို့သည် ရှာဖွေမှုကွန်ယက်တစ်ခုကိုလည်း နေရာချထားပြီးကို သိလိုက်သည်။
နှာခေါင်းရှုံ့လိုက်ရင်း ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်၏။ သူ့လက်ထဲတွင် မူလစိတ်ဝိညာဉ်တစ်ခု ပေါ်လာသည်။ ထိုမူလစိတ်ဝိညာဉ်မှာ ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်ပင်။ ယင်းမူလစိတ်ဝိညာဉ်သည် မျက်လုံးမှိတ်ထားလျက် သေခါနီးနေပြီ ဖြစ်သည်။
“စိတ်ဝိညာဉ်မိုးကြိုးအပြင် အခြားမိုးကြိုးအမျိုးအစားငါးခုကိုပါ ဒီအကြီးအကဲခေါင်းဆောင်ရဲ့ မူလစိတ်ဝိညာဉ်ကနေတစ်ဆင့် ရရှိနိုင်တယ်။ သူက မိုးကြိုးခြောက်မျိုးကို အသုံးပြုခဲ့တဲ့အချိန်တုန်းက ဒီမိုးကြိုးတွေဟာ သူ့ခန္ဓာကိုယ်ကနေ ထွက်လာခဲ့တာ မဟုတ်ဘဲ သူ ဆင့်ခေါ်ခဲ့တာသာ ဖြစ်တယ်။ ဒီမိုးကြိုးတွေက ပျောက်ကွယ်သွားပေမယ့်လည်း ဖျက်စီးတာ မခံလိုက်ရဘူး။ ဒါ့ကြောင့် ထပ်ပြီး ဆင့်ခေါ်လို့ ရနိုင်လောက်တယ်။ ကံမကောင်းစွာနဲ့ မိုးကြိုးအမျိုးအစားဟာ ကိုးခု ရှိတဲ့အတွက် ဒီငါးခုဟာ မပြည့်စုံတာပဲ။ ငါ့မိုးကြိုးအမှတ်အသားကိုသာ ပြီးပြည့်စုံစေပြီးရင် ငါဟာ ကောင်းကင်ဘုံဒုက္ခအဆင့်တွေကို ကျော်လွန်ပြီး တစ်ခါတည်း တတိယအဆင့်မိုးကြိုးကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မလား သိချင်မိတယ်…”
ဝမ်လင်းသည် နှေးဖင့်မနေတော့ဘဲ သူ့ပါးစပ်ကိုဟကာ ရှိုက်သွင်းလိုက်၏။ အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ ဝမ်လင်း၏ပါးစပ်အတွင်း ဝင်ရောက်လာတော့သည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးများ တုန်ဟည်းနေသည်။ အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်သည် တစစီဖြစ်သွားလေ၏။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏မိုးကြိုးမူလစိတ်ဝိညာဉ်သည် လှုပ်ရှားလာသည်။ အကြီးအကဲခေါင်းဆောင်ကို ဝါးမြိုပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် မထင်မှတ်စွာဖြင့် အကြီးအကဲခေါင်းဆောင် ပုံပန်းအသွင်အဖြစ် ပြောင်းလဲသွားချေသည်။
သူ့မူလစိတ်ဝိညာဉ်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ ယင်းမျက်လုံးတို့၌ မိုးကြိုးသည် တလက်လက် တဖျပ်ဖျပ် ဖြစ်သည်။
“ကောင်းကင်ဘုံမိုးကြိုး၊ မြေကမ္ဘာမိုးကြိုး၊ မူလမိုးကြိုး၊ သံလိုက်မိုးကြိုး၊ တာအိုမိုးကြိုးနဲ့ စိတ်ဝိညာဉ်မိုးကြိုးတို့...ငါ့အတွက် ထွက်ပေါ်လာကြစမ်း..."
***