← Chapters

အရှင်စစ်မို…

Vol. 103 Ch. 1419

အရှင်စစ်မို…

Vol. 103 Ch. 1419

မိုးကြိုးအမျိုးအစားခြောက်မျိုး။ ဝမ်လင်းသည် သူ၏ဆန္ဒကို စေလွှတ်၏။ သူ့မူလစိတ်ဝိညာဉ်သည် စတင်တောက်ပလာသည်။

ထိုတောက်ပသောအလင်းအောက်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ အဟတစ်ခု ပေါ်လာ၏။ သို့သော် ၎င်းအဟက သူ့ကို ဘာအန္တရာယ်ထိခိုက်မှုကိုမှ မဖြစ်စေပါ။ ထိုအဟအတွင်းသည် လုံးဝ နက်မှောင်နေကာ အခြားလောကတစ်ခုခုကို ဦးတည်နေသည့်အလား။

ဝမ်လင်း၏ ဆန္ဒအောက်တွင် အဟအတွင်းရှိ အမှောင်ထုသည် မြူများအလား စတင်ရွှေ့လျားလာပြီး အတွင်းဘက်မှ ခပ်ဖျော့ဖျော့ တုန်ဟည်းသံများ ထွက်လာတော့သည်။

ခဏအတွင်း မိုးကြိုးခြောက်မျိုးသည် တုန်ဟည်းကာ ပျံသန်းထွက်လာသည်။ ယင်းမိုးကြိုးတို့မှာ ပြန့်ကြဲမိုးကြိုးကလန်၏ နှစ်ပေါင်းသောင်းနှင့်ချီ စုဆောင်းထားခဲ့ခြင်း၏ ရလဒ်တစ်ခုသာ။ ယင်းမိုးကြိုးများသည် တဟုန်ထိုး ထွက်လာကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ပတ်လည်တွင် မြန်ဆန်စွာ လှည့်ပတ်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှ ဖောင်းကြွလာသောခံစားမှုတစ်ခု ထွက်ပေါ်၏။ ကံကောင်းစွာဖြင့် သူသည် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေ၏။ အကယ်၍ သူသာ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့ပါက သူ့ခန္ဓာကိုယ်မှာ ချက်ခြင်း ပေါက်ကွဲသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဝမ်လင်း၏ဒွာရပေါက်များကနေသည် မိုးကြိုးအမျှင်တန်းများ ထွက်ပေါ်လာနေ၏။ ထိုမိုးကြိုးတို့မှာ အခန်းတစ်ခုလုံးတွင် ရွှေ့လျားသွားလာ၏။

ထိုအဖြစ်ကြောင့် အပြင်ဘက်ရှိမိုးကြိုးသည် ပိုမိုရူးသွပ်လာကာ ကျယ်လောင်စွာ တုန်ဟည်းသည်။ ထိုကဲ့သို့ ရုတ်ချည်းပြောင်းလဲမှုက ဝမ်လင်း၏မျက်လုံးကို ပွင့်လာစေသည်။

“ငါ့ယူဆချက် မှားသွားခဲ့ပြီ…” ဝမ်လင်း၏အမူအရာသည် သုန်မှုန်နေလျက် သူသည် ဤအိမ်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။သူက ကောင်းကင်ထက်သို့ ဖြတ်သန်းရွှေ့လျားလာကာ သည်ဂြိုဟ်၏တောင်ဘက်ရှိ အဆုံးမရှိတောင်တန်းများထံ ချက်ခြင်း ရောက်လာသည်။

ထိုတောင်များမှာ တစ်တောင်နှင့်တစ်တောင် ချိတ်ဆက်နေကာ မည်သည့်နေရာတွင် အဆုံးသပ်သည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။ ထိုတောင်တန်းများတွင် ဧရာမရှေးကျသော သစ်ပင်ကြီးများ၊ ကြမ်းကြုတ်သောသားရဲများဖြင့် ပြည့်နှက်နေ၏။

ဝမ်လင်းသည် ထိုတောင်တန်း၏ အတွင်းနက်ပိုင်းရှိ တောင်ကြားတစ်ခု၌ ပေါ်လာ၏။ သူ ပေါ်လာသည်နှင့် သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ သူ့ပတ်လည်ရှိ အလင်းကို တွန့်ခေါက်ပုံပျက်စေပြီးနောက် သူသည် ပတ်ဝန်းကျင်နှင့် ရောနှောသည်။

ထိုအလင်းအောက်၌ ဝမ်လင်းသည် ထိုင်ချသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်ပေါ်စေကာ စတင်၍ အရူးအမူး သန့်စင်လေသည်။

သူ့အရင်က အတွေးမှာ သူသည် သူ့မူလစိတ်ဝိညာဉ်အတွင်း၌ မိုးကြိုးခြောက်မျိုးကို ရှိနေစေရန် ဖြစ်၏။ သို့သော် သူက သူ့မူလစိတ်ဝိညာဉ်သည် ယင်းမိုးကြိုးများကို အချိန်တိုအတွင်း ဝါးမြိုနိုင်ခြင်း မရှိသည်ကို မထင်မှတ်စွာ တွေ့လိုက်ရသည်။ ထိုသို့ဖြင့် မိုးကြိုးသည် ဝမ်လင်း၏ခန္ဓာကိုယ်ကနေ စိမ့်ထွက်လာခဲ့တော့သည်။

ထိုမိုးကြိုးမှာ အားပျော့သော်လည်း သည်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများထဲမှအချို့၏ အာရုံကို စွဲဆောင်ဖို့ရာ လုံလောက်နေသည်။

ဝမ်လင်းအိမ်အတွင်းမှ ထွက်သွားသည့်အခါ နန်းမြို့တော်ရှိ အဆောက်အဦထဲမှ ကျင့်ကြံသူများ၏အမူအရာသည် ပြောင်းလဲသွား၏။ သူတို့သည် တုန်လှုပ်ဖွယ်မိုးကြိုးအားကို ခပ်ရေးရေး သတိပြုမိလိုက်ကြ၏။ သို့သော် သူတို့၏နတ်ဘုရားအာရုံကို တရကြမ်း စေလွှတ်လိုက်ချိန်တွင်မူ သူတို့သည် မည်သည့်အရာကိုမှ ရှာမတွေ့ ဖြစ်ရသည်။

သို့ပေမည့် ထိုကျင့်ကြံသူအားလုံးသည် ပါးနပ်ကြသူများသာ။ ချက်ခြင်းပင် သူတို့က အကြောင်းရင်းကို သဘောပေါက်လိုက်ကြ၏။

“ပြန့်ကြဲမိုးကြိုးကလန်ကို အမြစ်ဖြုတ်ခဲ့တဲ့ လူက ဒီနေရာမှာ ပုန်းကွယ်လုပ်ဆောင်နေတာပဲ….” နိဗ္ဗာနဖြိုခွဲခြင်းအဘိုးအိုက သုန်မှုန်စွာ ရှိနေ၏။ သူ့မျက်လုံးက လက်ခနဲဖြစ်သွားကာ သူသည် အကွာအဝေးတစ်ခုထံသို့ တိုးဝင်သွားတော့သည်။ ကျန်သည့်သူများကလည်း သူ့နောက်လိုက်လာကြ၏။

သူသာမက ထွက်ခွာတော့မည့် တာအိုဝတ်စုံဖြင့်အဘိုးအိုမှာလည်း ရုတ်တရက် ပြန်လှည့်လာ၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ သူ၏နတ်ဘုရားအာရုံကို စတင်ဖြန့်ကျက်ကာ သေသေချာချာ ရှာဖွေမှု ပြုသည်။

အလားတူပင် ဒီဂြိုဟ်၏အနောက်ဘက်ပိုင်းတွင်မူ အဖြူရောင်ဝတ်စုံဖြင့် ကျင့်ကြံသူအုပ်စုတစ်စု ရှိလေ၏။ သူတို့သည် ဒီဂြိုဟ်၏အနောက်ဘက်ခြမ်းတစ်ခုလုံးကို ရှာဖွေခဲ့ပြီး ဖြစ်သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ သူတို့က ထွက်ခွာသွားတော့မည့်ဟန် ပြုပြီးမှ ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်သူ သက်လတ်ပိုင်းလူ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ချက်ခြင်းပင် တုံ့နှေးမနေဘဲ ဦးတည်ရာတစ်ခုထံသို့ ထိုးထွက်သွားတော့၏။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ မြူလွှာကြယ်နယ်မြေတွင် ရှေးဟောင်းကလန်ကြီးများထဲမှ တစ်ခုဖြစ်သော မြူကလန်တည်ရှိ၏။ ထိုမြူကြယ်နယ်မြေအတွင်း၌ အပြာရောင်ဂြိုဟ်တစ်လုံး ရှိသည်။ ယင်းဂြိုဟ်အတွင်းမှာ ကြေးမုံတစ်ခုကဲ့သို့ တည်ငြိမ်သော ရေကန်တစ်ခုရှိသည်။ ၎င်းမှာ အလွန်လှပသည်။

ထိုကန်၏ အလယ်တွင် ကြည်ရှင်းသန့်သော အဆောက်အဦတစ်ခု၊နှစ်ခု ဆောက်ထား၏။ ထိုအဆောက်အဦများကို မွှေးပျံ့သော ပန်းပင်များစွာဖြင့် ဝန်းရံထားသည်။ လေပြေက သည်ကန်ပေါ်တွင် လှိုင်းကြပ်ခွပ်လေးများကို ဖန်တီးပေးနေလျက် ပန်းရနံ့ကို အကွာအဝေးတစ်ခုထိ သင်းပျံ့စေသည်။

ထိုအဆောက်အဦပြင်ပတွင် ဝတ်စုံနက်နှင့်အမျိုးသမီးတစ်ယောက် ရှိလို့နေ၏။ သူမသည် အစိမ်းရောင်ပိုးသားလွှာကို ခေါင်းအထက်မှာ ခြုံလွှမ်းထားသည်။ သူမ၏မျက်နှာမှာလည်း အစိမ်းရောင်ပိုးသားမျှင်တို့ဖြင့် ဖုံးအုပ်နေသည့်အတွက် မြင်ရဖို့ မဖြစ်နိုင်ပေ။ ထိုရေကန်အထက်၌ ရေလုံးတစ်လုံးလည်း ရွှေ့လျားလို့နေ၏။ ယင်းရေလုံးထံမှ ရေခိုးရေငွေ့တို့ ပေးစွမ်းနေသည်။

ထိုရေလုံးအတွင်း၌ ကဗြောင်းကဗျန်ဆန်မှုနှင့် အလင်းတို့ ပြည့်နှက်နေသည့်ပုံပင်။ ၎င်းရေလုံးအတွင်းမှာ တွန့်ခေါက်ပုံပျက်လာပြီး အထီးကျန်ဆန်မှု ပေးစွမ်းနေသော အဖြူရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ယောက်၏ ပုံရိပ်တစ်ယောက် ပေါ်လာလေသည်။

ထိုရေလုံးသည်လည်း တွန့်ခေါက်ပုံပျက်သွားကာ ယင်းပုံရိပ်သည် ပိုပိုရှင်းလင်းလာ၏။ ၎င်းပုံရိပ်ကို အနီးကပ်ကြည့်ပါက ဝမ်လင်း ဖြစ်နေသည်ကို တွေ့ရပေမည်။

ထိုအခိုက်အတန့်၌ ထိုဝတ်စုံနက်အမျိုးသမီး၏ မျက်လုံးသည် အစိမ်းရောင်ပိုးသားချည်၏ နောက်ကွယ်မှာ လင်းလက်လာ၏။ ယင်းနောက် ရေလုံးသည် ရေစက်ရေစများအဖြစ်သို့ ပေါက်ကွဲသွားလေ၏။

ထိုရေစက်ရေစများက ကြယ်နယ်မြေတစ်ခုကို လှစ်ဟဖော်ပြသည်။ ထိုကြယ်နယ်မြေတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုတည်းသာ ရှိလို့နေ၏။

ဝတ်စုံနက်နှင့်အမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်၏။ “အုပ်စိုးသူကောင်စီရဲ့ အကြီးအကဲအားလုံးကို ယွင်လောဟာ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးသွားတဲ့သူကို ရှာတွေ့ပြီလို့ ပြောလိုက်ပါ။ သူက…ဒီနေရာမှာပဲ…”

သူမ စကားအဆုံးသပ်သွားသည့်အခိုက်အတန့်၌ ပုံရိပ်သုံးခုသည် ဝိုးတဝါးပေါ်လာကာ ထိုအမျိုးသမီးထံသို့ လက်နှစ်ဖက်ဆုပ်ကိုင်ပြပြီးနောက် ပျောက်ကွယ်သွားကြသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများသည် ဝမ်လင်းရှိနေသောဂြိုဟ်ပတ်လည်သို့ အုပ်စိုးသူကောင်စီ၏အမိန့်အရ စုဝေးလာဖို့မှာ သိပ်မကြာလိုက်ပေ။

တစ်ချိန်တည်းမှာ လေဟာနယ်အက်ကြောင်းအဟတစ်ခုအတွင်း၌ ချောက်နက်ကြီးတစ်ခုရှိနေ၏။ ထိုနေရာသည် တစ်နှစ်ပတ်လုံး နက်မှောင်နေပြီး အမြဲလိုလို အအေးစွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ထိုမှောင်မိုက်အေးစက်သော အဟ၏ အတွင်းနက်ပိုင်းမှာ သက်လတ်ပိုင်းလူကြီးတစ်ယောက် ထိုင်နေသည်။ သူက နေရာတွင် ထိုင်ကာ ကျင့်ကြံနေခြင်းပင်။

သူ အသက်ရှုသွင်းလိုက်ချိန်တိုင်း အဆုံးမဲ့အအေးစွမ်းအင်များသည် စုဝေးလာ၏။ ရေခဲများ ဖြစ်ပေါ်ကာ ချက်ခြင်းပင် အက်သံများ ဖြစ်ပေါ်လျက် အအေးစွမ်းအင်အဖြစ် ပျက်စီးပြီး ယင်းသက်လတ်ပိုင်းလူ၏ စုပ်ယူခြင်းကို ခံရသည်။

သူ့ရှေ့တွင် မြောလွင့်နေသော အဖြူရောင်အလုံးတစ်လုံး ရှိ၏။ ထိုအဖြူရောင်အလင်းလုံးသည် စိတ်ဝိညာဉ်များစွာ ပါဝင်နေဟန်တူသည်။ သို့သော် ယင်းအလုံးအတွင်းသို့ ပြတ်သားစွာ မြင်ရဖို့မှာ မဖြစ်နိုင်ချေ။ ၎င်းအလုံးသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေကာ ၎င်းထံမှ အဖြူရောင်လိုင်းများ ပျံသန်းထွက်လာလျက် သက်လတ်ပိုင်းလူ၏ ရှိုက်သွင်းစုပ်ယူခြင်းကို ခံရသည်။

အချိန်အတော်ကြာပြီးနောက် သက်လတ်ပိုင်းလူသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာကာ သူ့ရှေ့ရှိ အဖြူရောင်အလင်းကို ကြည့်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်ဟာ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတာပဲ။ ငါဟာ အခု ခြောက်ဆယ်ရာခိုင်နှုန်း စုပ်ယူခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်ကို ချိုးဖျက်ဖို့ အရိပ်အယောင်ကို ငါ ခံစားမိလာခဲ့ပြီ။ ငါဟာ အခုထိ ချိုးဖျက်နိုင်ဖို့ အဝေးကြီး လိုနေသေးပေမယ့်လည်း ဒီလိုခံစားမှုမျိုး မပေါ်တာ ကြာလွန်းခဲ့ပြီ။ လေဟာနယ်နယ်ပယ်လေးခု…နိဗ္ဗာနလေဟာနယ်၊ စိတ်ဝိညာဉ်လေဟာနယ်၊ဆန်းကြယ်လေဟာနယ်နဲ့ အတိဒုက္ခလေဟာနယ်…”

ထိုသက်လတ်ပိုင်းလူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ အနီရောင်အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ချိုးဖျက်ကာ ဤအဟအတွင်းသို့ တရကြမ်း ဝင်ရောက်လာ၏။ ၎င်းအလင်းသည် ရုတ်တရက် ထိုသက်လတ်ပိုင်းလူ၏ ရှေ့တွင် ပေါ်လာသည်။

ထိုအနီရောင်အလင်းသည် အရာအားလုံးကို လင်းထင်းသွားစေ၏။ ထိုအလင်း၏ ဗဟိုချက်၌ သွေးရောင်စက္ကူတစ်ခု ရှိနေသည်။

“အရှင်စစ်မို။ အုပ်စိုးသူကောင်စီရဲ့ အမိန့်အရ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးသွားတဲ့သူကို ဖမ်းပါ။ ဒါဆို သင်ဟာ အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်တစ်ခုကို ဆုလဒ်အဖြစ် ရရှိမယ်။ သူ့ကို သတ်ရင်တော့ သင်ဟာ အဆင့်ကိုးတာအိုစိတ်ဝိညာဉ်ကိုသာ ရရှိနိုင်လိမ့်မယ်…”

သုန်မှုန်သောအသံသည် ထိုသွေးစက္ကူထံမှ ပဲ့တင်ထပ်၏။

ထိုသက်လတ်ပိုင်းလူမှာ ဝမ်လင်း ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ဝင်လာချိန်၌ ထာဆန်နောက်သို့ လိုက်လံခဲ့သော တတိယအဆင့်ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် အရှင်စစ်မိုပင်။

အရှင်စစ်မို၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့ညာလက်ကို သွေးစက္ကူထံသို့ ဆန့်ထုတ်သည်။ သူက ထိုစက္ကူကို ချေမွပစ်လိုက်ပြီးနောက် အနီရောင်အခိုးငွေ့တစ်ခုသည် သူ့လက်အတွင်းသို့ ဝင်ရောက်လာသည်။

“ဒီကိစ္စဟာ ရိုးရှင်းပါတယ်။ ငါ့ကိုယ်ပွားနဲ့တင် လုံလောက်နေပြီ…” ထိုသို့ပြောပြီးနောက် သူသည် မျက်လုံး ပြန်မှိတ်လိုက်၏။ သူ့ခန္ဓာကိုယ်ကနေ ပုံရိပ်ယောင်တစ်ခု ထွက်လာသည်။ ထိုကိုယ်ပွားသည် သူနှင့်ချွတ်ဆွတ်တူ၏။ သို့သော် ၎င်းကိုယ်ပွား၏ ကျင့်ကြံမှုအဆင့်ကမူ တတိယအဆင့်တွင်မဟုတ်၊ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်တွင်သာ ရှိသည်။

သူ့ကိုယ်ပွားသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ဒီဟင်းလင်းပြင်အဟထဲကနေ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းကမူ တောင်တန်းအတွင်း၌ ပုန်းကွယ်နေလျက် သူ့ကို သည်ဂြိုဟ်ပေါ်မှာ လာရှာနေသော ကျင့်ကြံသူများကို လစ်လျူရှုထားသည်။ သူ့ဦးခေါင်းထက်တွင် ပျံသန်းသွားကြသေ အလင်းတန်းများကို လစ်လျူရှုလျက် သူသည် မျက်လုံးမှိတ်ကာ မိုးကြိုးခြောက်မျိုးကို အရူးအမူး သန့်စင်နေသည်။

သူ ပထမဆုံးသန့်စင်သည်က စိတ်ဝိညာဉ်မိုးကြိုးပင်။ သူ့ထံ၌ ထိုမိုးကြိုး အတော်များများ ရှိ၏။ ပြန့်ကြဲမိုးကြိုးကလန်၌ သူ စုဆောင်းခဲ့သော စိတ်ဝိညာဉ်မိုးကြိုးများကို စုပ်ယူဖို့ သူ့အတွက် အချိန်သိပ်မကြာလိုက်ပေ။

ထို့အတွက်ကြောင့် သူ၏စိတ်ဝိညာဉ်မိုးကြိုးသည် အလွန်အစွမ်းထက်နေပေပြီ။ ၎င်းမိုးကြိုးသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ် ပတ်လည်တွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ ၎င်းက တစ်ကြိမ်လှည့်ပတ်သွားတိုင်း သူ့မူလစိတ်ဝိညာဉ်ကို တောက်ပစေ၏။ သူ့ကျင့်ကြံမှုအဆင့်ကိုလည်း အနည်းငယ် တိုးတက်စေသည်။

သူ၏မိုးကြိုးကျင့်ကြံမှုသည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ထိ တက်လှမ်းနေ၏။ နှစ်ပေါင်းတစ်သောင်းအတွင်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို ရောက်ဖို့မှာ ခက်ခဲသည့်အရာတစ်ခု ဖြစ်၏။ ဝမ်လင်း၏ကျင့်ကြံမှုအချိန်ကာလမှာ သည်မွန်းစတားအိုများနှင့် သိသာစွာပင် မယှဉ်သာပေ။ သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် တာအိုသစ်သီးအပေါ် မှီခိုခဲ့၏။ ထို့နောက် မိုးကြိုးအပေါ် မှီခိုခဲ့သည်။

ထိုသို့ဖြစ်သော်လည်း မိုးကြိုးကိုးမျိုးလုံး ပြည့်စုံခြင်း မရှိသေးပါက သူ့ကျင့်ကြံမှုအဆင့်သည် ကြီးစွာ မြင့်မားလာမည် မဟုတ်သေး။

သို့ရာတွင် ဝမ်လင်းသည် ထိုမိုးကြိုးကိုးခုလုံး ပြည့်စုံသွားခဲ့ပြီးနောက် သူသည် တတိယအဆင့်သို့ ဝင်ရောက်နိုင်မည်လား၊ မဝင်ရောက်မည်လားကိုမူ မသိပေ။ သူက ၎င်းတတိယအဆင့်မှာ မရိုးရှင်းသည်ဟု ခံစားချက် ရနေ၏။ တကယ်တောတ့ သူသည် အပူဇော်ခံမီးတောက်ကို မကျင့်ကြံရန် ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

“ဘယ်လိုပဲဖြစ်နေပါစေ ငါ ဒီအပူဇော်ခံမီးတောက်ကိုတော့ မကျင့်ကြံနိုင်ဘူး…” ဝမ်လင်း၏ဆုံးဖြတ်ချက်မှာ ခိုင်မာပေသည်။ စိတ်ဝိညာဉ်မိုးကြိုးကို စုပ်ယူပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် ပါးစပ်ဟလာကာ ကျန်သည့်မိုးကြိုးငါးမျိုးလုံးကိုလည်း စတင် ဝါးမြိုတော့သည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ မျက်စိတစ်မှိတ်အတွင်း တစ်နေ့တာ ကုန်လွန်သွားခဲ့ပြီပင်။

သည်တစ်နေ့တာအတွင်း ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ပိုပိုများပြားသော ကျင့်ကြံသူများသည် ဤနေရာသို့ စုဝေးလာနေ၏။ ကျင့်ကြံသူ တစ်သိန်းထက်ပင် နည်းလိမ့်မည် မဟုတ်။ သည်နေရာရှိ ကျင့်ကြံသူအများစုမှာ အစွမ်းထက်ကြသူများသာ ဖြစ်သည်။

ထိုကျင့်ကြံသူများသည် ဒီကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးကို အရူးအမူး ရှာဖွေခဲ့ပြီး ဖြစ်သည်။ ထိုရှာဖွေမှုသည် သည်ဂြိုဟ်ကိုပါ အထက်အောက် ပြောင်းပြန်ဖြစ်စေခဲ့သည့်အလား။

ကျင့်ကြံသူများသည် သည်တောင်တန်းကို တစ်လက်မမကျန် ရှာဖွေခဲ့သည်တောင်မှ အဆုံးသပ်၌ သူတို့သည် မည်သို့ပင် ရှာဖွေပါစေ ဘာတစ်ခုကိုမျှ မတွေ့သေးချေ။

***

All Chapters