ပျော်ပြီလား အခု
Vol. 100 Ch. 1392
နတ်ဆိုးတစ်ပါး ရှိသည်။
အင်မော်တယ်တစ်ပိုင်းဖြစ်သော နတ်ဘုရားတစ်ပါး ရှိသည်။
ထိုမျှသာမက အစစ်အမှန်အင်မော်တယ်တစ်ဦးလည်း ရှိလာရမည့် ကံကြမ္မာပါသည်။
ပါရာဂွန်အင်မော်တယ်လောကသည် ထိုအင်မော်တယ်ဖွားမြင်လာရမည့် နေရာပင်ဖြစ်၏။ အတုမရှိအင်မော်တယ်သည် မျက်လုံးများကိုဖွင့်၍ ဖြစ်တည်မှုအားလုံး၏ အန္တိမအမြင့်ဆုံးအဆင့်သို့ တက်လှမ်းသွားလိမ့်မည်ဟု ရှေးတစ်ချိန်တုန်းက နိမိတ်ဟောခဲ့ဖူးသည်။
အတုမရှိအင်မော်တယ်သည် အတုမရှိနတ်ဘုရား၏အထက်တွင် ရှိကာ အတုမရှိနတ်ဆိုးကိုလည်း ဖိနှိပ်နိုင်၏။
ယင်းက ရှေးလူကြီးများ ဟောကြားခဲ့သော ဒဏ္ဍာရီဖြစ်သည်။ သို့သော် တကယ့်လက်တွေ့တွင်မူ ... ယခုအချိန် ပါရာဂွန်အင်မော်တယ်လောကမှ မွေးထုတ်ပေးနေသောအရာမှာ ... အတုမရှိအင်မော်တယ်မဟုတ်ပေ။
၎င်းကား .....
အတုမရှိမိစ္ဆာ ဖြစ်၏။
တောင်ပင်လယ်များက အတုမရှိမိစ္ဆာဖွားမြင်ရာနေရာ ဖြစ်လာပြီး မိုးနှင့်မြေ၏အရင်းအမြစ်စွမ်းအင်အားလုံးမှာ အတုမရှိအင်မော်တယ်၏ သန္ဓေပြောင်းလဲသွားမှုကို လှုံ့ဆော်အားဖြည့်ပေးဖို့ ဆင့်ခေါ်ခံနေရသည်။ ထိုမိစ္ဆာသည် သူ့မိဘနှစ်ပါး မိမိကိုယ်ကို ဖောက်ခွဲသွား၍ ကြယ်တာရာကောင်းကင် တုန်ခါနေသည်ကို ကြည့်နေခဲ့ရ၏။ ငိုရှိုက်ရယ်မောသံများ၏အလယ်တွင် ... အတုမရှိအင်မော်တယ်ကား အတုမရှိမိစ္ဆာ ဖြစ်လာခဲ့လေပြီ။
“အတုမရှိမိစ္ဆာ...” ရွှေတုန်းလျှိုက တောင်ကောင်းကင်ဂြိုဟ်ရှိရာသို့ လှမ်းကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အခုတော့ ကမ္ဘာပေါင်းမိုးမှာ ... မိစ္ဆာချီတွေ ရှိလာပြီ...”
မန်ဟို့ထံမှ ထုတ်လွှတ်နေသည့် ဖောက်ပြားနေသောအရှိန်အဝါအား .... မိစ္ဆာချီအဖြစ် ဖော်ပြလျှင် အသင့်တော်ဆုံးဖြစ်လိမ့်မည်။ အတုမရှိအင်မော်တယ်မှာ ပြောင်းလဲသွားခဲ့သည့်အတွက် ... ထိုအရှိန်အဝါကား မိစ္ဆာချီဖြစ်လာ၏။ ဤအခိုက်အတန့်တွင် မိစ္ဆာချီမှာ ထိန်းမနိုင်သိမ်းမရအောင် ထကြွသောင်းကျန်းနေသည်။
“ပျော်ပြီလား အခု” မန်ဟိုက ငိုသံကြီးနှင့် ရယ်ရင်း ပြောသည်။ ထိုရယ်သံမှာ အလွန်ထူးဆန်းပြီး ဖျက်စီးလိုစိတ်အပြည့်ပါသော အမျက်ဒေါသဖြင့် အရာခပ်သိမ်းကို တသိမ့်သိမ့်တုန်နေစေသည်။ အကြောက်တရားသည် အပြင်သူအားလုံး၏နှလုံးသားကို ဖြစ်ညစ်နေပြီး တောင်ပင်လယ်ကျင့်ကြံသူများ၏ နှလုံးသားထဲတွင်တော့ ဝမ်းနည်းပူဆွေးမှုတို့ ပြည့်ကြပ်နေသည်။
“စိတ်ရော ချမ်းသာကြပြီလား” မန်ဟိုက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ သူ့စွမ်းအားတို့ တဟုန်ထိုးမြင့်တက်သွားသဖြင့် မိုးနှင့်မြေရှိ အရာအားလုံး တဝုန်းဝုန်းတုန်ခါလာတော့သည်။
မန်ဟိုက ရှေ့သို့ လျှောက်သွားနေစဉ် သူ၏ထူးဆန်းသောရယ်သံကြီးတွင် အမျက်ဒေါသ၊ သွေးအေးမှု၊ ဖောက်ပြန်မှုနှင့် အမျိုးမျိုးပြောင်းလဲနေမှုတို့ ပါဝင်နေသည်။
သူ ပထမခြေလှမ်းကို လှမ်းလိုက်သည့်အချိန်မှာပင် သူ၏ဝိညာဉ်မီးအိမ်များစွာ ငြိမ်းသွားပြီး တတိယပျက်စီးခြင်း၊ ဝိညာဉ်ပျက်စီးခြင်း စတင်သည်။
ပုံမှန်ဆိုလျှင် ဝိညာဉ်ပျက်စီးခြင်းမှာ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများအတွက် အတိုင်းထက်အလွန် ခက်ခဲမည့် ပြစ်ဒဏ်တစ်ခု ဖြစ်သည်။ သို့သော် မန်ဟို၏ဝိညာဉ်ပျက်စီးခြင်းမှာ ဖျက်စီးခံထားရပြီးဖြစ်ရာ သူ့အတွက် ဤပျက်စီးခြင်းက မပြောပလောက်တော့ပေ။ ရှင်ခြင်းနှင့် သေခြင်းမှာ မတူညီသော အသွင်ပြောင်းမှုလေးများသာ မဟုတ်ပါလော။
ဝိညာဉ်ပျက်စီးခြင်းက ချက်ချင်း ပြီးဆုံးသွားလေပြီ။
သူ၏ဝိညာဉ်မီးအိမ် ၃၃ လုံးအနက် ၁၈ လုံးသာ လင်းလျက်ရှိတော့သည်။
ယခင်အတိုင်းဆိုပါက အငြှိမ်းခံလိုက်ရသည့်အချိန် ဝိညာဉ်မီးအိမ်များမှ ထွက်လာသော အငွေ့သည် အစိမ်းရောင်ဖြစ်ခဲ့သင့်၏။ သို့သော် ယခုတော့ မည်းနက်နေသည်။ အငွေ့များကို စုပ်ယူနေစဉ် မန်ဟို့ဆံပင်များက ပို၍ပင် ရှည်ထွက်လာသည်။ သူ့အရေပြားတစ်လျှောက် ဖောင်းကြွနေသော အနက်ရောင်သွေးကြောများလည်း ပိုမိုများပြားလာသည်။ သူ့မျက်လုံးများ တောက်ပနေပြီး သူကား ပို၍ပင်မိစ္ဆာဆန်လာတော့၏။
ရှေ့သို့လျှောက်နေစဉ် သူက လေသံအေးအေးဖြင့် ပြောသည်။ “မင်းတို့ အခုပျော်ပြီဆိုရင် ၊ စိတ်ချမ်းသာပြီဆိုရင် .. ငါ့အတွက် ပျော်ဖို့ ၊ စိတ်ချမ်းသာဖို့ အချိန်ကျပြီလို့ ဆိုလိုတယ်။ မင်းတို့အားလုံး သေရမယ့် အချိန်ကျပြီ”
အမျိုးသမီးပါရာဂွန်မှာ အံ့ဩတုန်လှုပ်စွာဖြင့် ပျံဝဲနေသည်။ သူမက နောက်ဆုတ်သွားပြီး တစ်ချိန်တည်းမှာပင် သူမလက်သည် သူမငယ်ထိပ်ကို ရိုက်လိုက်၏။
ချက်ချင်းပင် သူမခေါင်းအထက်တွင် အငွေ့များပေါ်လာကာ ခေါင်းလောင်းတစ်လုံး အသွင်ပြောင်းသွားသည်။ ခေါင်းလောင်းသည် တုန်ခါလှိုင်းများကို အရပ်လေးမျက်နှာတစ်ခွင် ဖြန့်ကျက်လျက် တချွင်ချွင် မြည်နေ၏။ ထို့နောက် အမျိုးသမီးပါရာဂွန်က သူမငယ်ထိပ်ကို ထပ်ရိုက်ဖို့ လက်မြှောက်လိုက်သော်လည်း သူမလက်ကျမသွားခင် မန်ဟို၏တဟီးဟီးရယ်သံကြီးက သူမနားထဲ ဝင်ရောက်လာသည်။ ထိုရယ်သံကြီးမှာ ငိုနေသည့်အလား တစ်မျိုးကြီးကြက်သီးထစရာကောင်းသည်။
“ကိုယ်ကိုယ့်ကို ရိုက်နေတာလား။ ပြောတာမဟုတ်ဘူး ငါ ကူညီပေးမှာပေါ့”
စကားလုံးများ ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မန်ဟိုက အမျိုးသမီးပါရာဂွန်ထံ ပြေးတက်သွားသည်။ ခေါင်းကြီးကြီးကျင်ကြံသူမှာ ရင်တဒိန်းဒိန်း ခုန်လာ၏။ သူက အံတင်းတင်းကြိတ်၍ မန်ဟို့ကို တားဖို့ လက်သီးတစ်ချက်ပစ်သွင်းရင်း အပြေးလာသည်။
သို့သော် မန်ဟို့ခန္ဓာကိုယ်က တွန့်လိမ်လူးလွန့်သွားပြီး မထင်မှတ်ထားဖွယ်ကောင်းစွာနှင့် သူကား ...သရဲတစ်ကောင်လို ခေါင်းကြီးကြီးကျင့်ကြံသူအား တိုက်ရိုက်ဖြတ်ကျော်သွားသည်။ ထိုလူ့ကို အဖက်မလုပ်ဘဲ သူကား အမျိုးသမီးကျင့်ကြံသူအပေါ် ထိုးဆင်းသွားချေပြီ။
“မလာနဲ့” သူမက မျက်လုံးကြီးပြူးလျက် စူးစူးဝါးဝါး အော်သည်။ ထို့နောက် မန်ဟို့ညာလက်က မြောက်သွားပြီး သူပြောခဲ့သည့်အတိုင်း သူမငယ်ထိပ်ကို ရိုက်ချလိုက်၏။
သူ့လက် သူမခေါင်းနှင့် ထိသွားသောအခါ ... ဝုန်းခနဲ အမျိုးသမီးပါရာဂွန်၏ခေါင်းမှာ ပေါက်ကွဲသွားတော့သည်။ သွေးများ၊ ဦးနှောက်စများနှင့် အရိုးစများက အရပ်လေးမျက်နှာတွင် ပြန့်ကြဲသွားသည်။ သို့သော် မန်ဟိုက ရိုက်နေသည်ကို မရပ်သေး။
“မင်း မင်းကိုယ်မင်း တစ်ကြိမ်နှစ်ကြိမ်မက ရိုက်နေတာ ငါ သတိထားမိတယ်။ ဆိုတော့ ငါလည်း မင်းကို နည်းနည်းပါးပါးရိုက်ပေးရတာပေါ့” သူသည် သူမကို ထပ်ခါတလဲလဲ ရိုက်ပြီးရင်း ရိုက်နေသည်။
အမျိုးသမီးပါရာဂွန်မှာ သေဆုံးသွားပြီဖြစ်သော်လည်း သူက တစ်ချိန်လုံး တငိုငိုတရယ်ရယ်ဖြင့် မရပ်မနား ဆက်တိုက်ရိုက်နေလေသည်။
တဝုန်းဝုန်းပေါက်ကွဲသံများ ဆူညံနေပြိး လူတိုင်းကြည့်နေစဉ်မှာပင် အမျိုးသမီးပါရာဂွန်၏ခန္ဓာကိုယ်မှာ မန်ဟို့လက်ဝါးအောက်တွင် သွေးတို့ရွှဲစိုနေသော အသားပြားကြီး ဖြစ်သွားလေပြီ။ ဘုရားတသံများ ထွက်လာသည်။
စုတ်ပြတ်နေသော အလောင်းထဲမှ သွေးရူးသွေးတန်းအော်နေသော အမျိုးသမီးပါရာဂွန်၏ဝိညာဉ် ထွက်လာသော်လည်း သူမ ထွက်မပြေးနိုင်ခင် မန်ဟို့လက်က သူမကို လှမ်းဖမ်းလိုက်သည်။ သူမသည် မန်ဟိုထံမှ အတော်လေးလှမ်းနေခဲ့ပြီဖြစ်သော်လည်း မန်ဟိုက မိုးနှင့်မြေကို ထိန်းချုပ်နိုင်သည့်အလား ထင်ရပြီး သူ့လက်က သူမကို ချက်ချင်းဆိုသလို ဖြစ်ညစ်လိုက်၏။
“နင် ငါ့ကို တကယ် သတ်ရဲလို့လား” သူမက ကြောက်လန့်တုန်ရီစွာ အော်သည်။ မန်ဟိုက သူမကို ပူဆွေးငိုကြွေးနေပုံရသော မိစ္ဆာဆန်ဆန်အပြုံးကြီးဖြင့် ကြည့်နေသည်။
“မသတ်ရဲပါဘူးဗျာ” သူက အေးအေးဆေးဆေး ပြန်ဖြေသည်။ ထို့နောက် အပြင်သူအားလုံးကြည့်နေစဉ်၊ ခေါင်းကြီးကြီးကျင့်ကြံသူနှင့် တောင်ပင်လယ်ကျင့်ကြံသူများ ကြည့်နေစဉ် ... မန်ဟိုသည် အမျိုးသမီးပါရာဂွန်၏ဝိညာဉ်ကို ဖမ်း၍ သူ့ပါးစပ်ထဲ ထည့်လိုက်၏။ တစ်ချိန်လုံးရယ်လိုက်ငိုလိုက်ဖြင့် .... သူက သူမကို စားတော့သည်။
သူ့သွားများက သူမဝိညာဉ်ကို ရက်ရက်စက်စက် ကိုက်ဝါးနေ၏။
သူမ၏ သွေးပျက်စွာ အော်ဟစ်သံများကို ပြတ်ပြတ်သားသား ကြားနေရ၍ လူတိုင်း တုန်လှုပ်လာကြတော့သည်။
ဖန်မျိုးနွယ်ဝင်များသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။ ဖက်တီး၊ မန်ဟို့မိတ်ဆွေများနှင့် သူ့အစ်မမှာတော့ စိတ်မကောင်းဖြစ်နေသောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။ ဤမန်ဟိုက သူတို့အတွက် သူစိမ်းတစ်ယောက်နှင့်တူသော်လည်း သူ ယခုလို ပြောင်းလဲသွားရသည့်အကြောင်းရင်းကိုလည်း သူတို့ သိကြလေသည်။
ထိုကဲ့သို့မျက်ဝန်းများဖြင့် ကြည့်မနေသည့် တစ်ယောက်တည်းသောသူမှာတော့ ရှုချင်ပင်။ သူမမျက်နှာလေးတွင် မယိမ်းယိုင်သော ခိုင်မာပြတ်သားမှုတို့ ထင်ဟပ်နေသည်။ သူမက နည်းနည်းလေးမှ မတုန်လှုပ်ပေ။
ဝိညာဉ်ကို တဂျွတ်ဂျွတ် ကိုက်စားနေရင်း ငိုလိုက်ရယ်လိုက်ဖြင့် ဘေးဘီဝဲယာကြည့်နေသော မန်ဟို့အမူအရာကတင် ကြည့်နေသူအားလုံးကို တုန်လှုပ်ချောက်ချားမိစေရန် လုံလောက်သည်။ ထို့နောက် မန်ဟိုက ရှုချင်ကို လှမ်းကြည့်ပြီး ပြောသည်။ “စားဦးမလား အရသာရှိတယ်”
ရှုချင်က ခေါင်းညိတ်ပြဖို့ တဒင်္ဂလေးပင် တွန့်ဆုတ်မနေပေ။
နင် အင်မော်တယ်ဖြစ်ရင် ငါလည်း နင်နဲ့အတူ အင်မော်တယ်ဖြစ်အောင် လုပ်မယ်။ နင် နတ်ဆိုးဖြစ်ရင် ငါလည်း နတ်ဆိုးလိုက်ဖြစ်ပေးမယ်။ နင် မိစ္ဆာဖြစ်ရင်လည်း ငါ နင်နဲ့အတူ ပြောင်းလဲပေးဖို့ အဆင်သင့်ပဲ
မန်ဟိုက ရှုချင်ကို ကြည့်ကာ တဟီးဟီးရယ်သည်။ ထိုသို့ရယ်နေစဉ် သူ ဘာတွေးနေသလဲ ပြောရခက်သော်လည်း သူ့မျက်ဝန်းများတွင် မျက်ရည်ဝဲနေ၏။ သို့သော် ထိုမျက်ရည်များက ကျမလာ၊ တစ်စက်လေးပင် ကျမလာပေ။
ပတ်ဝန်းကျင်ရှီ အပြင်သူများမှာတော့ တုန်ရီနေပြီး တွေးပင်မတွေးမိဘဲ အလိုလိုနောက်ဆုတ်ကုန်ကြသည်။ ခေါင်းကြီးကြီးကျင့်ကြံသူမှာ ရင်တဒိန်းဒိန်းခုန်နေပြီး ထွက်ပြေးဖို့ ပြင်နေရုံရှိသေး၊ မန်ဟိုက သူ့ကို လှည့်ကြည့်သည်။
“မင်းရော ဘယ်လိုလဲ
“ဘာလို့ သူ့ကို ကူညီနေခဲ့တာလဲ။ မင်းမှာ ကံကြွေးမျှင်တစ်မျှင် ရှိနေတာ ငါတွေ့တယ်။ အဲဒါက မှိန်လွန်းနေတာ ဆိုးလွန်းတယ်။ မင်း သေမင်းကို လက်ယပ်ခေါ်ဖို့ ရွေးချယ်ခဲ့တာလည်း ဆိုးလွန်းတယ်ကွ” ထိုနောက်ဆုံးစကားလုံးကို ပြောလိုက်စဉ် မန်ဟို့မျက်နှာက ရက်စက်ကြမ်းကြုတ်စွာ ပြောင်းလဲသွားသည်။ စောစောက သူ့အမူအရာမှာ ငိုလိုက်ရယ်လိုက်ဖြစ်နေသော်လည်း ယခုမူ ဒေါသတို့ဖြင့် ခက်ထန်ကြမ်းကြုတ်နေ၏။ သူ့ခန္ဓာကိုယ်မှလည်း အနက်ရောင်အငွေ့များ တထောင်းထောင်း ထလာရာ သူကား အမှန်စစ်စစ် မိစ္ဆာဆန်နေတော့သည်။
ထို့နောက် သူက ခေါင်းကြီးကြီးကျင့်ကြံသူထံ ပြေးတက်သွားသည်။
ခေါင်းကြီးကြီးကျင့်ကြံသူက ခေါင်းနပန်းကြီးစွာဖြင့် မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးသည်။ သို့သော် သူ့အနေဖြင့် အမြန်နှုန်းအရ မန်ဟို့ကို မယှဉ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုက သူ့ကို မှီလာခဲ့၍ နှစ်ယောက်လုံး အနက်ရောင်အခိုးအငွေ့များဖြင့် ဝန်းရံခံလိုက်ရသည်။
ကျောချမ်းဖွယ်ရာ အော်သံနက်ကြီးများက မန်ဟို၏ငိုလိုက်ရယ်လိုက်အသံကြီးနှင့်အတူ ပဲ့တင်ထပ်နေသည်။ ရံဖန်ရံခါ ပေါက်ကွဲသံများက အားလုံးကို ရင်တုန်သွားစေတတ်၏။
အနက်ရောင်အခိုးအငွေ့များအတွင်း၌ ဘာဖြစ်နေသလဲ မပြောတတ်ပေ။ ရွှေတုန်းလျှိုပင်လျှင် အထဲကို ဖောက်မမြင်ရ။
စစ်မြေပြင်တစ်ပြင်လုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။
မျက်လုံးအားလုံးသည် အနက်ရောင်အခိုးအငွေ့များအပေါ် မမှိတ်မသုန် အာရုံစိုက်နေကြ၏။ မကြာမီ လူရိပ်တစ်ခု ယိုင်တီးယိုင်တိုင် ပြေးထွက်လာသည်။ ၎င်းက ခေါင်းကြီးကြီးကျင့်ကြံသူပင်။ သူ့မျက်လုံးနှစ်လုံးစလုံး မျက်လုံးအိမ်ထဲမှ ကလော်ထုတ်ခံထားရသော်လည်း မျက်လုံးတစ်လုံးက ယမ်းခါလျက် တွဲလောင်းကြီးရှိနေသေးသည်။ နားနှစ်ဖက်လုံးလည်း ပြတ်ထွက်နေသလို၊ သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ဖုံးနေ၏။ အားလုံးအထဲ အံ့ဩစရာအကောင်းဆုံးမှာတော့ သူ့လည်ပင်းထက်၌ .. သွေးများ ပန်းထွက်နေသော ကိုက်ရာကြီးကို မြင်ရနိုင်ခြင်းပင်။
ခေါင်းကြီးကြီးကျင့်ကြံသူမှာ ကြောက်လန့်နေသောမျက်နှာထားဖြင့် စူးစူးဝါးဝါးအော်ရင်း ထွက်ပြေးသွားသည်။ ကြည့်ရခြင်းအားခြင့် ထိုအခိုးအငွေ့များအထဲ၌ မည်သည့်အရာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ့အား လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားစေခဲ့ပုံပေါ်၏။
လူတိုင်းလူတိုင်း အံ့ဩမဆုံးဖြစ်နေကြသည်။ နောက်ဆုံးတော့ မန်ဟိုသည် အခိုးအငွေ့များအတွင်းမှ ထွက်လာ၏။ သူ့မှာ ဒဏ်ရာရထားဟန်တူပြီး သွေးများက သူ၏မေးစေ့မှ စက်လက်စက်လက် ကျနေသည်။ သို့သော် သူ၏ရယ်သံလိုလိုငိုသံလိုလိုအသံကြီးက ဆက်လက်ပဲ့တင်နေသေးသည်။ သူက သွေးတစ်ပွက်ထွေးလိုက်ပြီး သူ့မျက်လုံးများက ပို၍ပင်နီရဲလာ၏။
တဟီးဟီးရယ်ရင်း သူက ပြောသည်။ “ငါ မင်းကို အခုတော့ မနိုင်နိုင်သေးမယ့် မင်း ငါ့အနားသာရောက်လာရင် စားပစ်မှာ”
ထွက်ပြေးနေသော ခေါင်းကြီးကြီးကျင့်ကြံသူမှာ သူ့စကားကို ကြားလျှင် ကျောချမ်းသွားပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားတော့သည်။
“ပြီးတော့ မင်းတို့တွေ” မန်ဟိုက တောင်ကောင်းကင်ဂြိုဟ်အား ဝိုင်းထားသည့် အပြင်သူများဘက် လှည့်ရင်း ပြောသည်။ သူတို့အားလုံးမှာ ကြောက်ဒူးတုန်နေပြီး မည်သူစလိုက်သလဲ မသိသော်လည်း အကုန်လုံးထွက်ပြေးကြတော့သည်။ တောင်ကောင်းကင်ဂြိုဟ်အနားရှိ အပြင်သူအားလုံး ရေလှိုင်းများဆုတ်သွားသလို ကရောသောပါး ဆုတ်ခွာကုန်ကြလေပြီ။
မန်ဟို ဆုတ်ခွာနေသော စစ်တပ်ကြီးနောက် လိုက်နေစဉ် သူ၏ ငိုရှိုက်နေသောရယ်သံကြီးက ပဲ့တင်ထပ်နေ၏။ ချက်ချင်းပင် မရေမတွက်နိုင်သောအပြင်သူများ ဇီဝိန်ချုပ်ကုန်သဖြင့် ကြောက်လန့်တကြား အော်သံနက်ကြီးများ ပွက်လောရိုက်လာသည်။ ဝေးနေသောအပြင်သူများကို သူက သတ်ပစ်သည်။ အနီးရှိအပြင်သူများကိုမူ စားပစ်သည်။
သွေးများ လွင့်စင်ပြန့်ကြဲနေပြီး ကယောင်ချောက်ချား ထွက်ပြေးနေသော အပြင်သူများအပြည့်နှင့် စစ်မြေပြင်ကြီးမှာ သည်းထိတ်ရင်ဖိုစရာကောင်းနေတော့သည်။
လူတစ်ယောက်တည်းက အပြင်သူသန်းပေါင်းများစွာကို တောင်ကောင်းကင်ဂြိုဟ်မှ မောင်းထုတ်နေလေသည်။
မန်ဟို့အဝတ်များမှာ သွေးတို့စိုရွှဲနေပြီး စစ်မြေပြင်တစ်ခုလုံးတွင် နားအစူးဆုံးအသံမှာလည်း သူ၏ငိုနေသလိုလိုရယ်နေသလိုလိုအသံကြီးပင် ဖြစ်တော့သည်။ သူ့အရှိန်အဝါက ထူးဆန်းသည်သာမက အမျိုးမျိုး ပြောင်းလဲနေရာ ပါရာဂွန်ပင်လယ်အိပ်မက်နှင့်ကျန်ရှိသူများကို သူ့အတွက် စိုးရိမ်မိစေသည်။
နဝမတောင်၏ပတ်ပတ်လည်ရှိ ကျန်အပြင်သူစစ်တပ်ကြီးနှင့်ပတ်သက်၍မူ တောင်ကောင်းကင်ဂြိုဟ်ကို မတိုက်ခိုက်ခဲ့သူများမှာ မန်ဟို့ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြလေသည်။
“ရူးနေပြီ။ သူ လုံးဝကို ရူးသွားပြီပဲ”
“အဖေနဲ့အမေ သေသွားပြီး မျိုးနွယ်တူတွေ အသတ်ခံလိုက်ရလို့ သူ သွက်သွက်ခါတောင် ရူးသွားပြီ”
“သူက ဘာကြီးလဲ၊ အတုမရှိမိစ္ဆာလား။ ပါရာဂွန်အင်မော်တယ်လောကက မွေးထုတ်ပေးသင့်တဲ့ ဒဏ္ဍာရီလာဖြစ်တည်မှုက ... မိစ္ဆာကြီးလား”
“သောက်ကျိုးနည်း။ အင်မော်တယ်နတ်ဘုရားလောကနဲ့ နတ်ဆိုးလောကတို့တွေ အခြေအနေတွေကို ပြောင်းလဲလိုက်ရင် ဖြစ်ပေါ်လာမယ် ထင်ထားတာက မိစ္ဆာကြီးတဲ့လား။ သူတို့တော့ နောင်တရတော့မယ်” အပြင်သူများတုန်ရီနေကြစဉ် အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားသည် မန်ဟို့ကို ကြည့်၍ အသည်းထဲ အေးလာတော့၏။
တောက်ဖန်ပင်လျှင် မန်ဟို့ကို စိုက်ကြည့်ရင်း အသက်မနည်းရှူနေရသည်။ ဤအခိုက်အတန့်တွင် မန်ဟို့စွမ်းအားက လုံးလုံးလျားလျား ကြောက်စရာကောင်းကြောင်း သူ ဝန်ခံရလိမ့်မည်။
“တစ်ယောက်တည်းနဲ့ စစ်ကို မနိုင်နိုင်ဘူး” မန်ဟိုက ပြောသည်။ “ဒါပေမဲ့ .. မင်းတို့တွေ လွန်လွန်းနေပြီ” လွင့်လူပျံဝဲနေသော ဆံပင်ရှည်ရှည်များက သူ၏အသွင်အပြင်ကို ပို၍ထူးခြားနေစေပြီး သူက တဟီးဟီးရယ်လိုက်ငိုလိုက်ဖြင့် သွားဖြဲကာ တောက်ဖန်နှင့် အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားကို ကြည့်သည်။ “ငါ မင်းတို့တွေကို မနိုင်နိုင်ပေမယ့် ငါ လုပ်နိုင်တာကတော့ ... မင်းတို့ကို စားပစ်တာပဲ”
ထို့နောက် သူက ပို၍မိစ္ဆာဆန်လာသောပုံစံဖြင့် ရှေ့တစ်လှမ်းတက်လိုက်သည်။