ဖန်မျိုးနွယ်စုအပေါ် အပြစ်ရှိသလို ခံစားရပါတယ်
Vol. 100 Ch. 1393
“ငါ့ကို ရန်စလို့ ရတယ်လို့ ဘယ်သူပြောလဲ။ ဒီလိုလုပ်ရတာ မင်းတို့ ပျော်လားဟမ်။ အခု စိတ်ချမ်းသာကြပြီလား” မန်ဟို၏ထူးဆန်းသောအသံကြီးက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေရာ အပြင်သူအားလုံးကို တုန်ရီနေစေသည်။ အစွမ်းထက်ဆုံးပညာရှင်များပင်လျှင် အံ့ဩထိတ်လန့်နေကြ၏။
“အလကားလှည့်ကွက်တွေ” အနှစ်သာ၇ ၈ ခုပါရာဂွန်က နှာမှုတ်၍ မန်ဟို့ထံ ဦးတည်သွားသည်။ ပင်လယ်အိပ်မက်က သူ့ကို တားတော့မည့်အချိန် ပါရာဂွန်ရုပ်သေးရုပ်မှ သူမလမ်းကို လက်ဖြင့် တားလိုက်၍ သူမ အံ့ဩသွားလေသည်။
ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများမှာ မန်ဟို့မျက်လုံးများနည်းတူ ဖြစ်နေကြောင်း အတည်ပြုပြီးသည့်အခါ ပင်လယ်အိပ်မက်မှာ ပင့်သက်ရှိုက်မိသွား၏။
တစ်ချိန်တည်းမှာပင် ခေါင်းကြီးကြီးကျင့်ကြံသူသည် အနက်ရောင်အခိုးငွေ့များ တန်းလန်းတန်းလန်းဖြင့် ကတုန်ကယင် ထွက်ပြေးနေသည်။ သို့သော် သူသည် စစ်မြေပြင်မှ အတော်လေးလှမ်းဝေးသွားပြီဖြစ်သည့်အပြင် အကုန်လုံးက မန်ဟို့အပေါ် အာရုံရောက်နေ၍ မည်သူမှ သူ့ကို အာရုံမရှိကြတော့ပေ။
အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသား မန်ဟို့အနား ချဉ်းကပ်လာလျှင် သူ၏အနှစ်သာရစွမ်းအားအလုံးစုံ ပေါက်ကွဲထွက်လာသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် မန်ဟိုက လက်သီးဆုပ်လိုက်ပြီး ရုတ်ခြည်းဆိုသလို သူ၏အရှိန်အဝါပြောင်းလဲသွားသည်။ သူက ရယ်လည်းမရယ်၊ ငိုလည်း မငိုတော့ပေ။ ထိုအစား လုံးလုံးလျားလျား ဩဇာအာဏာကြီးမားလာပုံရ၏။
သူက တစ်လောကလုံးတွင် အရေးပါဆုံးဖြစ်တည်မှုအလား ဩဇာအာဏာကြီးမားသောအငွေ့အသက်သည် သူ့ကို လွှမ်းခြုံထား၏။ သူ လက်သီးချက်အား ပစ်လွှတ်လိုက်သည့်အခါ အာကာပြင်ကျယ်ကြီးကိုယ်တိုင်ပင် သူ၏စွမ်းအားကို ဦးညွှတ်ခစားရမည့်အလား ထင်ရသည်။
သူတို့ တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာနေစဉ် မန်ဟိုက နတ်ဘုရားသုတ်သင်လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းလိုက်သည်။ သူသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း ခြေခုနစ်လှမ်းလှမ်းကာ တစ်လှမ်းလှမ်းတိုင်း လက်သီးတစ်ချက် ပစ်ခွင်းနေ၏။
ခြေခုနစ်လှမ်းကား သူ့စွမ်းအားကို မြှင့်တင်ပေးနိုင်သော နတ်ဘုရားခြေခုနစ်လှမ်းမှတစ်ပါး အခြားမဟုတ်ပေ။ ခုနစ်လှမ်းမြောက်ကို လှမ်း၍ ခုနစ်လုံးမြောက်လက်သီးကို ပစ်ခွင်းလိုက်သောအခါ သူ၏ဩဇာအာဏာသည် တဟုန်ထိုး မြင့်တက်သွား၏။ သူကား ကြယ်တာရာကောင်းကင်ကို လက်အောက်ခံအဖြစ် ဖိနှိပ်၍ အာရုံအားလုံး၏စူးစိုက်ရာဖြစ်လာသည့်အလား၊ သူ သေရလျှင်တောင်မှ ရန်သူကို ရအောင်သတ်ဖို့ ရူးသွပ်နေသည့်အလားပင်။
ဤသည်မှာ တငိုငိုတရယ်ရယ်ဖြစ်နေသောပုံစံနှင့် ဆန့်ကျင်ဘက်ကွဲပြားနေရာ အနှစ်သာရ ၈ ခု ပါရာဂွန်မှာ ဤကဲ့သို့ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား ထိပ်တိုက်တွေ့ပြီး စတင်တိုက်ခိုက်ကြတော့သည်။
မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားစဉ် သူ့အရှိန်အဝါက ပြောင်းလဲသွားပြန်သည်။ ၎င်းသည် ဩဇာအာဏာကြီးမားခြင်းမရှိတော့၊ ယခုတွင် သတ်ဖြတ်လိုသောအရှိန်အဝါ ဖြစ်နေသည်။ သူကား သူ့ခန္ဓာကိုယ်ပျက်စီးသွားလျှင်တောင်မှ ဂရုမစိုက်မည့် တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်ပမာ လုံးဝခက်ထန်ကြမ်းကြုတ်နေသည်။ သူသည် ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် အနှစ်သာရ ၈ ခု ပါရာဂွန်ကို ခုပ်အုပ်ကာ ပါးစပ်ကြီးဖြဲရင်း ထိုလူ့ခေါင်းကို ကိုက်ဖြတ်ဖို့ ကြိုးစား၏။
ပါရာဂွန်မှာ အထိတ်တလန့် နောက်ဆုတ်လိုက်သော်လည်း မန်ဟို့ပါးစပ်က သူ့လက်မောင်းကို ကိုက်လိုက်နိုင်သေးသည်။ အသားအတုံးလိုက်ကြီး သူ့သွားထဲတွင် ပါသွားသည်။ ထို့နောက် မန်ဟိုက ဆံပင်များ ပျံလွင့်နေသည့်ကြားမှ မျက်လုံးနီကြီးများဖြင့် သူ့ကို လှည့်ကြည့်၏။ မန်ဟိုမှာ စိတ်ရိုင်းဝင်နေသော သားရဲကြီးထက် မပိုတော့သည့်အလားပင်။
“မင်း...” ပါရာဂွန် ရင်ဒိန်းဒိန်းခုန်လာသည်။ မန်ဟိုက တဟက်ဟက်ရယ်ရင်း ဒဏ်ရာမှန်သမျှလျစ်လျူရှု၍ သေနိုင်ခြေကိုလည်း အဖက်မလုပ်ဘဲ သူ့ကို ခုန်အုပ်ပြန်သည်။ သွက်သွက်ခါ ရူးနေသကဲ့သို့ သူ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်နေ၏။ သူ့အတွက် သေခြင်းရှင်ခြင်းဆိုသည်မှာ အရေးမပါသည့်အလား၊ နှစ်ယောက်လုံး သေရလည်း ဂရုမစိုက်သည့်အလားပင်။ ပါရာဂွန်မှာ အင်မတန် ချောက်ချားလာတော့သည်။
“ရူးနေပြီ” သူက ကြောက်လန့်တကြား အော်ရင်း နောက်ဆုတ်သည်။ “မင်းတော့ သွက်သွက်ခါအောင် ရူးသွားပြီ” သို့ရာတွင် မန်ဟို့အရှိန်အဝါက ပြောင်းလဲသွားပြန်သည်။ သန့်စင်မြင့်မြတ်သော အင်မော်တယ်ချီက သူ၏ကိုယ်အတွင်းမှ ပေါ်ထွက်လာ၏။ သို့သော် သူကား တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်လို ကြမ်းကြုတ်မြဲကြမ်းကြုတ်ဆဲ ဖြစ်သည့်အပြင် ..
အင်မော်တယ်တစ်ဦး ဒေါသူပုန်ထလျှင် မိုးပြို၍ မြေပျက်စီးရလေသည်။
မန်ဟိုက အင်မော်တယ်ချီများဖြင့် သိုင်းခြုံလျက် ၊ အနှစ်သာရစွမ်းအားများ ရစ်သိုင်းလျက် ခမ်းနားကြီးကျယ်သောအသွင်အပြင်ဖြင့် ရပ်နေသည်။ ထို့နောက် သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ မှော်သိုင်းကွက်အမြောက်အမြား ထုတ်လွှတ်လိုက်၏။ တောင်များ ကျဆင်းလာပြီး ပါရာဂွန်တံတားက ဖိနှိပ်ကာ လေမုန်တိုင်းကြီးတစ်လုံးသည် မိုးကြိုးမုန်တိုင်းသဖွယ် ထစ်ချုန်းတိုက်ခတ်သွားသည်။ မှော်သိုင်းကွက်များက အလွန်လျင်မြန်စွာ ဖြာထွက်နေသဖြင့် ပါရာဂွန်ထံ ပျံသန်းနေသောသူ့ကို မှော်ပင်လယ်တစ်စင်းနှင့် တူနေစေတော့သည်။
မိုးကြိုးဒယ်အိုးပင် ပေါ်လာပြီး နေရာပြောင်းရွှေ့ပြီးနောက် မိုးပြာရောင်သိမ်းငှက်တစ်ကောင်က ပါရာဂွန်ကို အနောက်မှ ရက်ရက်စက်စက် ပိုင်းချလိုက်သည်။
ပါရာဂွန်၏မျက်နှာ ပျက်သွားပြီး သူ တန်ပြန်တော့မည့်အချိန်မှာပဲ မန်ဟိုက သူ့လက်သီးဆုပ်ကို ဖြေကာ ထိုလူ့အား သူ့ကို ထိုးနှက်ခွင့်ပေးလိုက်သည်။ မန်ဟို့ညာလက်သည် တစစီပေါက်ကွဲသွားပြီး သူ့ကိုယ်တစ်ပိုင်းလည်း ပျက်စီးသွားသည့်တိုင် ပါရာဂွန်အနားရောက်အောင်သွားမည့် အစီအစဉ် အောင်မြင်သွားလေပြီ။
သူက တဟီးဟီးငိုရယ်ရင်း .... ပါရာဂွန်၏လည်မျိုကို အားရပါးရ ကိုက်ဖဲ့လိုက်သည်။
ပါရာဂွန်မှာ စူးစူးဝါးဝါးအော်ရင်း မန်ဟို့ကို အကြောက်အကန် ခါထုတ်ကာ လည်ပင်းပေါ်က ဒဏ်ရာကို လက်ဖြင့်အုပ်၍ နောက်ဆုတ်သွားသည်။ သူ့မှာ တစ်ခုခုပြောချင်သော်လည်း အသံက ထွက်မလာပေ။ ဤအချိန်တွင် သူ့အမူအရာက အံ့ဩမှင်သက်မှုနှင့် ကြောက်လန့်နေမှုကို ဖော်ပြနေ၏။
သူ့အတွက် သူ အမှန်တကယ် ကြောက်ရသော ရန်သူတစ်ယောက်ကို စစ်မြေပြင်ပေါ်၌ တွေ့ရခဲသော်လည်း ဤအခိုက်အတန့်တွင် မန်ဟို့ကို လုံးလုံးလျားလျား ကြောက်နေချေပြီ။
ပို၍ပင်ဆိုးသည်က မန်ဟို နှုတ်ခမ်းပါးနားသပ်၍ သူ့ထံ ထပ်မံချဉ်းကပ်လာသောအချိန်ပင်။ ပါရာဂွန်မှာ ခေါင်းကြိမ်းလွန်း၍ ပေါက်ကွဲတော့မည့်အလားပင် ခံစားနေရပြီး စောစောက မန်ဟို ပြောခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။
ငါ မင်းတို့တွေကို အခုမနိုင်နိုင်ပေမယ့် ငါလုပ်နိုင်တာက .. မင်းတို့ကို စားပစ်တာပဲ
“ဒီကောင် ဘာကောင်ကြီးလဲဟ သေစမ်း” သူက တွေးသည်။ “အင်မော်တယ်နတ်ဘုရားလောကနဲ့ နတ်ဆိုးလောကက အင်မော်တယ်ကို ပြောင်းလဲပစ်ချင်ခဲ့ပေမယ့် အခု သူ့နေရာမှာ ပေါ်လာတာ ဘာကြီးတုန်း။ အတုမရှိအင်မော်တယ်ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်”
သူသည် မန်ဟို့ကို ဒေါကြီးမောကြီးကြည့်၍ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပဲ သူ့မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူ့ဒဏ်ရာတချို့ကို သူ ပြန်ငုံ့ကြည့်လိုက်သောအခါ ၎င်းတို့သည် မည်းနက်နေပြီး ထိုမည်းနက်မှုက ပျံ့နှံ့လာနေကြောင်း သတိထားမိလိုက်သည်။
“ကျိန်စာ” သူက အထိတ်တလန့် ပြောသည်။
“မဟုတ်ဘူး ကျိန်စာမဟုတ်ဘူး။ ငါ့အမုန်းတရားလေးပါပဲ” မန်ဟိုက တဟားဟားရယ်လိုက်ငိုလိုက်ဖြင့် ပြေးတက်လာသည်။ ပါရာဂွန်၏မျက်နှာ တင်းမာခက်ထန်သွားပြီး သူ့ခန္ဓာကိုယ် စတင်ခြောက်ကပ်လာသဖြင့် သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အနုသုခုမနတ်ခန္ဓာက မန်ဟိုနှင့်ထပ်မံ ထိတွေ့လိုစိတ်မရှိတော့သဖြင့် ခန္ဓာကိုယ်ကို ဖယ်ခွာလျက် ထွက်လာသည်။
“ရူးနေပြီ” သူက အော်သည်။ “မင်းတော့ ကယ်မရအောင် ရူးနေပြီ”
ထွက်ပြေးနေသောပါရာဂွန်ကို ကြည့်ရင်း မန်ဟိုက တဟီးဟီးရယ်၍ တောက်ဖန်ကို လှည့်ကြည့်ကာ ပြောသည်။ “ငါ့အနား မလာနဲ့နော်”
တောက်ဖန်မှာ ကြက်သီးမွေးညင်းထသွားပြီး ခေါင်းနပန်းကြီးစွာဖြင့် နောက်ဆုတ်သွားသည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံက သူတို့ထက် များစွာ နိမ့်ကျနေလျှင် သိပ်ကြောက်စရာကောင်းမည်မဟုတ်သော်လည်း သူက သူတို့နှင့် ဆံမျှင်မျှသာ ကွာလေသည်။
ထူးဆန်းသော ပြောင်းလဲမှုအမျိုးမျိုးနှင့် မန်ဟို့အရှိန်အဝါမှ သက်ရောက်နေသော ဖိအားက သူတို့အတွက် စွမ်းအားအပြည့်အဝထုတ်လွှတ်ရန် ခက်ခဲစေသည်။ အရေးအကြီးဆုံးက ... သူတို့မှာ မန်ဟို့လို အသားများကို အစိမ်းလတ်လတ် ကိုက်ဖဲရဲသည်အထိ မရက်စက်ကြသည်သာ...
မန်ဟိုသည် အသားတချို့ကိုက်ဖဲ့ရသရွေ့ သေရလျှင်တောင်မှ ဂရုမစိုက်သည်အထိ ရူးသွပ်နေချေပြီ။ တောက်ဖန်မှာ အမျိုးသမီးပါရာဂွန်၏ဝိညာဉ်ကို မန်ဟို ဝါးနေခဲ့သော ချောက်ချားဖွယ်မြင်ကွင်းကို ယခုထက်ထိ မျက်လုံးထဲမှ ထုတ်မရသေးပေ။
အင်မော်တယ်နတ်ဘုရားလောကနှင့် နတ်ဆိုးလောက ... အမှားလုပ်ခဲ့မိပြီဟု သူ ခံစားလိုက်ရသည်။
အတုမရှိအင်မော်တယ်သည် အတုမရှိနတ်ဘုရားထက် သာလွန်သော စွမ်းအားနှင့် အတုမရှိနတ်ဆိုးကို ဖိနှိပ်နိုင်သော အင်အားကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်လိမ့်မည်။ သို့သော် အတုမရှိအင်မော်တယ်ကို တိုက်ပွဲတွင် အနိုင်ယူ၍ရနိုင်သေး၏။ ဆန့်ကျင်ဘက်တွင်တော့ အတုမရှိမိစ္ဆာသည် ယခုလေးတင်မှ မွေးဖွားလာခဲ့သည့်တိုင်၊ အာကာပြင်ကျယ်စကြဝဠာကြီးကို ပြောင်းပြန်လှန်နိုင်အောင် မသန်မာသေးသည့်တိုင် .... သူ မည်မျှကြောက်စရာကောင်းသလဲ သက်သေပြခဲ့ပြီးလေပြီ။
ပို၍ပင်ကြောက်စရာကောင်းသည်က ... ပေါက်ကွဲသွားခဲ့သော မန်ဟို့လက်သည် အားလုံး၏မျက်စိရှေ့မှာတင် ပြန်ထွက်လာပြီး အကောင်းအတိုင်း လျင်မြန်စွာ ဖြစ်ပေါ်လာ၏။
ထိုအခြင်းအရာက တောက်ဖန်ကို လုံးလုံးလျားလျား တုန်လှုပ်မိစေသည်။
ဤအခိုက်အတန့်တွင် ပါရာဂွန်များ စစ်မြေပြင်မှ ထွက်ပြေးနေရသည်၊ ခေါင်းကြီးကြီးကျင့်ကြံသူလည်း ထွက်ပြေးနေရသည်၊ အပြင်သူစစ်တပ်တစ်တပ်လုံးလည်း ထွက်ပြေးနေရလေပြီ။ ၎င်းတို့အားလုံးက ... ရုတ်တရက် သန္ဓေပြောင်းသွားမှုကြောင့် ၊ အတုမရှိမိစ္ဆာ၏ ရုတ်တရက်ဖွားမြင်လာမှုကြောင့် ဖြစ်သည်။
မန်ဟိုသည် လောလောဆယ်တွင် သိပ်အင်အားမကြီးမားသေးသော်လည်း အနှေးနှင့်အမြန် ကြီးမားလာလိမ့်မည်။
ပျံလွင့်နေသော သူ၏ရယ်သံကြီးက ငိုသံဖြစ်လာပြီး သူ့မှာ တုန်ရီနေသည်။ သွေးရူးသွေးတန်းရယ်နေစဉ် သူသည် သူ့ကိုယ်သူ ရယ်၍ သူ့အမျိုးများအတွက် ငိုနေပုံရ၏။
ထိုအသံကို ကြားလိုက်ရသူတိုင်း တိတ်ဆိတ်သွားသည်။ အပြင်သူများ၊ တောင်ပင်လယ်ကျင့်ကြံသူများနှင့် ရွှေတုန်းလျှို အားလုံး တိတ်ဆိတ်နေသည်။
“မန်...မန်ဟို...” ဖန်ယုက စွန်းဟိုက်ဖက်ပေးထားသည့်ကြားထဲတွင် တုန်ရီနေလျက် ပြောသည်။ သူမမှာ မောင်ဖြစ်သူ မန်ဟို့ကို ကြည့်ရင်း ရင်ကွဲနာကျနေ၏။ မိဘနှစ်ပါးလုံး ထွက်သွားပြီဖြစ်ရာ သူမအတွက် သွေးသားရင်းချာဆို၍ မန်ဟိုတစ်ယောက်တည်းသာ ကျန်တော့လေသည်။
ဖက်တီးသည် မန်ဟို့ကို ကြည့်ရင်း တအီးအီးငိုနေ၏။ သူ့မှာ တစ်ခုခုပြောချင်သော်လည်း ဘာပြောရမှန်းမသိပေ။ သူသိသိသမျှမှာ မန်ဟို့ကို ယခုလိုမြင်ရခြင်းက သူ့နှလုံးသားကို နာကျင်စေသည်ကိုပင်။
ထို့နောက် ချန်ဖန်း၊ မန်ဟို့ဆရာဆေးလုံးမိစ္ဆာ။ ခပ်လှမ်းလှမ်းရှိ ခဲကျုံစစ်၏မျက်ဝန်းမှာတော့ စိတ်ထိခိုက်နေသည်။
တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် အသက်ရှင်နေသေးသူတိုင်း မန်ဟို့ကို ကြည့်နေကြသည်။ သူ၏မိစ္ဆာချီ၊ သူ မည်မျှကြောက်စရာကောင်းပုံ သူတို့ မြင်ကြရပြီး သူ၏ရယ်လိုက်ငိုလိုက်ဖြစ်နေသောအမူအရာကိုလည်း တွေ့ကြလေသည်။
“ရွှေတုန်းလျှို ခင်ဗျားက ကိုးတံဆိပ်အစစ်ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်းမဟုတ်ဘူး။ ခင်ဗျားဘယ်သူပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့လှည့်ကွက်တွေက ကျုပ်၊ ဘိုးဘိုးမန်၊ ဘိုးဘိုးဖန်နဲ့ ကျုပ်မိဘနှစ်ပါးကို ဖျက်စီးပစ်ခဲ့ပြီပြီ။ တောင်ပင်လယ်လောကလည်း ပျက်စီးနေသလို၊ တောင်ကောင်းကင်ဂြိုဟ်လည်း ပြိုကွဲရတော့မယ်။ ကျုပ်ကိုယ်တိုင်လည်း မိစ္ဆာဖြစ်လာခဲ့ပြီဆိုတော့ ခင်ဗျားရဲ့နောက်ဆုံးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျပြီမဟုတ်လား” မန်ဟိုက ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ ကောင်းကင်ဘုံများအား မော့ကြည့်နေစဉ် သူ၏အသံသည် ထူးဆန်းစွာ ပဲ့တင်ထပ်နေ၏။
ရွှေတုန်းလျှိုပေါ်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့် တုန်သွားသည်။ အခြားတစ်ဖက်တွင် တောက်ဖန်နှင့် အနှစ်သာရ ၈ ခု ပါရာဂွန်မှာ ကြောက်လွန်း၍ ထွက်ပြေးနေကြသဖြင့် ပါရာဂွန်ပင်လယ်အိမ်မက်၊ မန်ဟို၏ရုပ်သေးရုပ်တို့အား ရွှေတုန်းလျှိုထံ ချဉ်းကပ်သွားဖို့ အခွင့်အရေးရသွားစေသည်။
ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများသည် နီရဲတောက်နေ၏။ မန်ဟို၏သန္ဓေပြောင်းမှုက ၎င်း၏အရှိန်အဝါအပေါ်လည်း သက်ရောက်ခဲ့လေသည်။ ၎င်းသည် မိစ္ဆာဆန်သောအကြည့်ဖြင့် ရွှေတုန်းလျှိုကို ကြည့်လျက် ရပ်နေ၏။
ရွှေတုန်းလျှိုက ဆုံးဖြတ်ရခက်နေသောအမူအရာဖြင့် အတန်ကြာတိတ်ဆိတ်နေသည်။ နောက်ဆုံးတော့ သူက လက်နှစ်ဖက်ယှက်၍ မန်ဟို့အား လေးနက်စွာ အရိုအသေပေးလေသည်။
“ငါ အစီအစဉ်တွေ၊ ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒါတွေကြောင့်ပဲ လူတွေ သေဆုံးပျောက်ကွယ်သွားကြရပြီ ... ငါ မင်းကို အနူးအညွှတ်တောင်းပန်ပါတယ်။ တောင်ပင်လယ်လောကနဲ့ ပတ်သက်လာရင် ငါ လိပ်ပြာလုံပေမယ့် ... ဖန်မျိုးနွယ်အပေါ် တော့ အပြစ်ရှိသလို ခံစားမိပါတယ်
“မင်းတို့ ဖန်မျိုးနွယ်စုက ထူးခြားတဲ့သွေးဆက်တစ်ဆက်နဲ့ လောကပါလမျိုးနွယ်စုတစ်စုပဲ။ တောင်ပင်လယ်လောကကို ရောက်လာပြီးတဲ့နောက် မင်းတို့ရဲ့ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးက လောကပါလသွေးဆက်ကို ပြောင်းလဲသွားစေတဲ့ အံ့ဖွယ်ကံကြမ္မာကောင်းကို ရရှိခဲ့တယ်။ နိဗ္ဗာနသစ်သီးကတစ်ဆင့် ပေးအပ်တဲ့ အသက်တွေကြောင့် ဖန်မျိုးနွယ်စုဟာ ငါ့လိုအပ်ချက်တွေနဲ့ အသင့်တော်ဆုံးဖြစ်လာခဲ့တာပဲ
“ဒါ့အပြင် မင်းက ဖန်မျိုးနွယ်သွေးဆက်ရဲ့ အလားအလာအရှိဆုံး ၊ အထူးချွန်ဆုံး။ ဒါကြောင့်.... “
“ဒါကြောင့်” မန်ဟိုက ကြားဖြတ်ပြောသည်။ “ကျုပ်ရဲ့ ခုနစ်နှစ်မြောက်ပြစ်ဒဏ်ဆိုတာကြီးကို ခင်ဗျား ဖန်တီးခဲ့တာပေါ့လေ” သူက အင်္ကျီလက်စကို ခါလိုက်ပြီး ရယ်သံလိုလို၊ငိုသံလိုလိုဖြစ်နေသော သူ့အသံတစ်ခုတည်းကပင် မည်သူ့ကိုမဆို စိတ်မသက်မသာဖြစ်စေရန် လုံလောက်သည်။
တခဏကြာသော် ရွှေတုန်းလျှိုက ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့ ခုနစ်နှစ်မြောက်ပြစ်ဒဏ်က ငါ့ကြောင့် ဖြစ်ခဲ့တာ။ ငါက မင်းအဘိုးမန် တောင်ပင်လယ်သခင်တစ်ဦး ဖြစ်လာအောင် စီစဉ်ခဲ့တဲ့သူ၊ ပြီးတော့ မင်းအဘိုးဖန်ရဲ့ ဝိညာဉ်ကို ထုတ်ပြီး ကောင်းကင်ဖျက်စီးကျမ်းစာထဲ ထည့်ခဲ့တာလည်း ငါပဲ
“မင်းမိဘနှစ်ပါးနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှကိုလည်း ငါပဲ စီစဉ်ခဲ့တာ။ ငါက သူတို့ကို တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်ခိုင်းခဲ့တဲ့သူ။ ဘာကြောင့်လဲဆိုရင် သူတို့ဝိညာဉ်တွေက အားဖြည့်ဝိညာဉ်တွေ ဖြစ်လာနိုင်ခြေအများဆုံးမလို့ပဲ
“ကျီမျိုးနွယ်စုနဲ့ မင်းတို့ဖန်မျိုးနွယ်စုကြားက ရန်ငြိုးကိုတောင်မှ ငါ လုပ်ကြံထားခဲ့တာ... မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ ချုပ်နှောင်ခြင်းမှော်အစွမ်းတွေဆိုတာလည်း ငါ့စနက်တွေ။ ဒါတွေအားလုံးလုပ်ခဲ့ရတဲ့ ငါ့ရည်ရွယ်ချက်က ... မင်းကို တောင်ပင်လယ်တွေရဲ့ စိတ်ဆန္ဒအသစ် ဒါမှမဟုတ် အတုမရှိအင်မော်တယ် ဖြစ်လာစေချင်လို့ပဲ။ ဒါပေမဲ့ မင်းဟာ မင်းကံကြမ္မာကို မင်းကိုယ်တိုင် ပြောင်းလဲခဲ့တယ်
“ငါ့ဘဝတစ်လျှောက်လုံးမှာ တောင်ပင်လယ်တွေကို ဘယ်တုန်းကမှ မျက်နှာလွှဲခဲပစ်မလုပ်ခဲ့ဘူး။ ဖန်မျိုးနွယ်စုကိုတော့ ... လျစ်လျူရှုခဲ့မိတယ်။ ဒါပေမဲ့ မင်းရဲ့ဘိုးဘိုးဖန် တကယ်မသေသေးဘူး။ တစ်ဖက်ကကြည့်ရင် မင်းမိဘတွေလည်း မသေခဲ့ဘူး
“မကြာမီ ငါ့အစီအစဉ် အောင်မြင်ရင် မင်းအရှေ့မှာတင် ငါ့ကိုယ်ငါ ဖျက်စီးမယ်။ ဖန်မျိုးနွယ်စုအတွက် အကြွေးပြန်ဆပ်တဲ့အနေနဲ့ ငါ့နှလုံးသားကို ထုတ်ပြီး ငါ့အသက်ကို ပေးအပ်မယ်
“ငါ့အစီအစဉ် မအောင်မြင်ရင်တော့ .. မင်းလိုချင်တာရအောင် ကူညီပေးဖို့ ငါ့အသက်မီးတောက်ကို ငါကိုယ်တိုင် ဖယ်ရှားပေးဦးမှာပါ”