← Chapters

ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေမည့် မိုးကြိုးအမှတ်အသား

Vol. 103 Ch. 1421

ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေမည့် မိုးကြိုးအမှတ်အသား

Vol. 103 Ch. 1421

ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် သူ့ကိုယ်သူ ပုန်းကွယ်မနေတော့ပေ။ သူက သူ့လက်ကို ပင့်မြှောက်ကာ အောက်သို့ ဆွဲချလိုက်၏။ သူ့အား ဖုံးကွယ်ပေးထားသော အတားအဆီးသည် လှစ်ဟသွားကာ သူသည် လောကတွင် ထွက်ပေါ်လာ၏။

သူ၏ညာဘက်မျက်လုံးထဲတွင် မိုးကြိုးအနှစ်သာရသည် မိုးကြိုးအမှတ်အသားအသွင်ဖြင့် တောက်ပသည်။ ဝမ်လင်းသည် မာန်သွင်းလိုက်၏။

“ငါ့မိုးကြိုးအနှစ်သာရနဲ့ ဒီဂိတ်တံခါးကို ချိုးဖျက် ဖွင့်လှစ်မယ်။ မိုးကြိုးအမှတ်အသား ပေါ်လာစမ်း…”

သူ ထိုသို့ ပြောလိုက်သည်နှင့် သူ့မျက်လုံးထဲတွင် တောက်ပသောအလင်းတစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်ကနေ ထိုးထွက်လာသည်။ ပေတစ်ထောင်ခန့် ရှည်လျားသော ဧရာမမိုးကြိုးသည် ပေါ်လာ၏။

မိုးကြိုးအမှတ်အသားသည် ပြင်းထန်စွာ တုန်ဟည်းကာ လောကရှိ မိုးကြိုးအားလုံးကို ခလုတ်တိုက်သည်။ ၎င်းမှာ မိုးကြိုး၏အရှင်သခင်သာ။ ၎င်းသည် ဝမ်လင်းသူ၏မိုးကြိုးကျင့်ကြံမှုကို သိပ်သည်းကာ ဖန်တီးထားသော မိုးကြိုးအမှတ်အသား မည်၏။

“ငါ့အတွက် ဒီတံခါး ပွင့်လှစ်လိုက်စမ်း…” ဝမ်လင်းသည် မာန်သွင်းကာ သူ့လက်ကို ပင့်မြှောက်သည်။ ထို့နောက် သူသည် ဧရာမဂိတ်တံခါးထံ တိုးဝင်သွားလေ၏။

ဝမ်လင်းပါ မိုးကြိုးတန်းဖြစ်လာခဲ့၏။ သူ့ခန္ဓာကိုယ်၊ သူ့မူလစိတ်ဝိညာဉ်၊ သူ့စိတ်၊ သူ၏အရာအားလုံးသည် မိုးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ ကောင်းကင်ကိုဖိဆန်မည့်မိုးကြိုးတန်းတည်း။

ထိုမိုးကြိုးသည် တုန်ဟည်းကာ မဟာလေဟာနယ်ဂိတ်တံခါးထံ တရကြမ်း တိုးဝင်သည်။ ၎င်းသည် မြန်သထက်မြန်မြန် ရွှေ့လျားကာ အနားရောက်လာသည်။

ထိုမြင်ကွင်းကို ကျင့်ကြံသူသောင်းချီသည် မလှုပ်မယှက် စိုက်ကြည့်မိနေသည်။ သူတို့သည် ကြောက်လန့်မှုကြောင့် အေးခဲကာ သူတို့၏စိတ်များသည် တုန်ယင်လေ၏။

ထိုတံခါးကို ဖွင့်လှစ်ခြင်းဖြင့် ဝမ်လင်းသည် တတိယအဆင့်ကို ရောက်နိုင်မည် ဖြစ်သည်။ ဝမ်လင်းသည် ထိုတံခါးနားသို့ အလွန်နီးကပ်လာ၏။ မိုးကြိုးအမှတ်အသားသည် ထိုတံခါးချပ်ကို ကြမ်းတမ်းစွာ ရိုက်ချလေ၏။

ကောင်းကင်တုန်လှုပ်ဖွယ်တုန်ဟည်းသံသည် လောကတွင် ပဲ့တင်ထပ်သည်။ ဟင်းလင်းပြင်ကိုယ်တိုင်ပင် တုန်ယင်ကာ အဝေးသို့ ပျံ့လွင့်သည်။

ဝမ်လင်း၏ မိုးကြိုးမှာ ရုတ်တရက် ဂိတ်တံခါးပေါ်သို့ ကျရောက်ပြီး အတိုင်းမသိပျက်စီးမှု စတင်သည်။ ထိုအားသည် လောကကိုပါ ထက်ပိုင်ခွဲနိုင်သည်။ ၎င်းအားတွင် ဝမ်လင်း၏မိုးကြိုးအနှစ်သာရ ပါဝင်၏။ ကျန်သည့်မိုးကြိုးများလည်း အတူတကွ ပါချေသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း မိုးကြိုးသည် ရုတ်တရက် ပျက်စီးသည်။ ဝမ်လင်း၏ခန္ဓာကိုယ် ပေါ်လာ၏။ သူ သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်လည်း တန်ပြန်ကန်အားကြောင့် လွင့်စင်ထွက်ကာ အောက်သို့ ပြုတ်ကျသည်။

မဟာလေဟာနယ်ဂိတ်တံခါးသည် တစ်စက်လေးပင် လှုပ်မသွားပေ။

ဝမ်လင်းသည် ရုတ်တရက် ထလာကာ မာန်သွင်းလျက် ရှေ့သို့ တဖန် တိုးဝင်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ မိုးကြိုးအမှတ်အသား ထပ်မံ ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးတို့သည် ထိုမိုးကြိုးအမှတ်အသားဆီသို့ မြင့်တက်ဝင်ရောက်ကာ ၎င်းကို ပေထောင်သောင်းချီထိ ကြီးမားလာစေ၏။ သူသည် မာန်သွင်းလျက် မဟာလေဟာနယ်ဂိတ်တံခါးထံသို့ တိုးဝင်လာသည်။

“ငါ့အတွက် ပွင့်လှစ်လိုက်စမ်း…ပွင့်စမ်း…” ဝမ်လင်း၏အသံသည် သည်ကျင့်ကြံခြင်းဂြိုဟ်အနှံ့ ပျံ့နှံ့ကာ သည်နေရာရှိ ကျင့်ကြံသူတစ်သောင်း၏ စိတ်နှလုံးကို လှုပ်ခါစေသည်။ သူတို့တသည် ဝမ်လင်း မဟာလေဟာနယ်ဂိတ်တံခါးထံ ထပ်မံတိုးဝင်သွားသည်ကို မင်သက်စွာ ကြည့်နေမိ၏။ သူတို့သည် ကြောက်ရွှံ့နေသည်။ ထိတ်လန့်နေသည်။ သူတို့သာ ဆိုပါက အခုလိုမျိုး လုပ်ဝံ့သည် သတ္တိ မရှိပေ။

လောကတွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သည်။ ဝမ်လင်း၏မိုးကြိုးသည် ထပ်မံ ပြိုပျက်စီးကာ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်လာ၏။ သူသည် သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ သွေးအလိမ်းလိမ်းဖြစ်လျက် အောက်ဘက်သို့ တဖန် လိမ့်ဆင်းကျသွားပြန်သည်။

မဟာလေဟာနယ်ဂိတ်တံခါးသည် တစ်စက်လေးပင် လှုပ်မသွားပေ။ ပွင့်ဟလာမည့် အရိပ်အမြွက်ပင် မရှိ။ ၎င်းတံခါးချပ်သည် လောကထဲမှ ပျောက်ကွယ်တော့ရန် ဟန်ပြင်သည်။

“ငါ ဒီလိုမျိုး လက်မလျော့နိုင်ဘူး…” ဝမ်လင်း၏မျက်လုံးသည် ရူးသွပ်မှုဖြင့် ပြည့်နှက်ကာ နီရဲ၏။ ဂိတ်တံခါး ပျောက်ကွယ်နေရင်း သူသည် တဟုန်ထိုး တိုးဝင်လာပြန်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ကောင်းကင်နှင့်မြေပြင်ထက်မှ မိုးကြိုးတို့သည် သူ့ထံသို့ စတင် မြင့်တက်လာသည်။

“ငါဟာ မိုးကြိုးတို့ရဲ့ အရှင်သခင်ပဲ။ ဒီကြယ်ရောင်စုံကောင်းကင်ထဲက မိုးကြိုးအားလုံး ငါ့အတွက် စုစည်းလာကြစမ်း…” ဝမ်လင်း၏စကားလုံးများ ပဲ့တင်ထပ်နေရင်း သည်ဂြိုဟ်ရှိ မိုးကြိုးအားလုံးမှာ သူ့ထံ စုဝေးလာသည်။ ဂြိုဟ်ပြင်ပရှိ ကီလိုမီတာငါးဆယ်၊ ငါးရာ၊ ငါးထောင်၊ ငါးသောင်း၊ ငါးသိန်း၊ ငါးသန်းအဝေးမှ မိုးကြိုးများပါ သူ့ထံ စုဝေးလာကြသည်။

ချက်ခြင်းပင် ဝမ်လင်းသည် ကြီးမားသောဝဲကတော့တစ်ခု ဖြစ်လာကာ မိုးကြိုးအားလုံးကို သူ့ထံသို့ စွဲဆောင်သည်။ မိုးကြိုးသည် သူ၏ခန္ဓာကိုယ်အတွင်းမှ မြင့်တက်ကာ ပေသိန်းချီသောမိုးကြိုးအမှတ်အသားတစ်ခု ဖြစ်ပေါ်သည်။

မိုးကြိုးအမှတ်အသားသည် တုန်ဟည်း၏။ ၎င်းတွင် ဝမ်လင်း၏ဆန္ဒ ပါဝင်သည်။ ၎င်း ပေါ်လာသည်နှင့် ၎င်းသည် တတိယကြိမ်မြောက် ဝမ်လင်း၏ မာန်သွင်းသံနှင့်အတူ ဂိတ်တံခါးထံသို့ တိုးဝင်လာ၏။

ထိုမိုးကြိုးကား မဟာလေဟာနယ်ဂိတ်တံခါးနှင့် ထိပ်တိုက်တွေ့သည့်အခါ ကောင်းကင်ဘုံတုန်လှုပ်စေမည့် ဟိန်းမြည်သံ ဖြစ်ပေါ်သည်။ ထိုအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ယင်ကာ မိုးကြိုးအမှတ်အသားသည် ပျက်စီးသွား၏။

အတိုင်းမသိတုန်ခါလှိုင်းသည် အရူးအမူး ပျံ့နှံ့သည်။ ဝမ်လင်းသည် သွေးထပ်ကာ ထပ်ကာ အန်ရ၏။ သူ၏ခန္ဓာကိုယ်မှလည်း သွေးများ ပေါက်ကွဲထွက်သည်။ သူသည် တုန်ခါလှိုင်းကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။

သို့ပေမည့် မလှုပ်မယှက်သာ ရှိနေသော ဂိတ်တံခါးချပ်မှာလည်း တုန်ဟည်းလာ၏။ ဝမ်လင်း၏ ကောင်းကင်ဘုံဖိဆန်မည့်စိတ်ဆန္ဒ ပါဝင်သော မိုးကြိုးတန်း၏ ထိမှန်ခြင်း ခံရသည့်နောက်တွင် မထင်မှတ်စွာဖြင့် ၎င်းတံခါးပေါ်တွင် သေးငယ်သောအက်ကြောင်းလေး ပွင့်ဟသွားလေသည်။

ထိုအဟသည် အလွန်သေးငယ်သော်လည်း ပွင့်ဟသွားခြင်းက ပွင့်ဟသွားတာသာ ဖြစ်၏။ ၎င်းသည် လုံးဝ ပွင့်ဟဖို့ အဝေးကြီးလိုသေးသော်လည်း ယင်းအဖြစ်ကပင် ဝမ်လင်းကို မျှော်လင့်ချက် ပေးသည်။

အတိုင်းအဆမဲ့ ဂိတ်တံခါးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း ဖိသိပ်အားကြောင့် လွင့်ထွက်သွားရပြီး သူသည် မြေပြင်ထက်သို့ ဝုန်းခနဲ ပြုတ်ကျလာ၏။

ခဏတာ ငြိမ်သက်တိတ်ဆိတ်ကုန်ပြီးနောက် မည်သူက အရင်စအော်လိုက်မှန်းမသိရဘဲ လူတိုင်း၏ အကြည့်သည် ဝမ်လင်း ပြုတ်ကျသွားသောနေရာသို့ စုဝေးကုန်သည်။

“သတ်…။ ဒီလူ တတိယအဆင့်ကို ဝင်ရောက်ဖို့ ချိုးဖျက်တာ မအောင်မြင်ဘူး။ သူ အပြင်းအထန် ဒဏ်ရာရထားတယ်။ သူ့ကိုသတ်။ ငါတို့အတွက် အကျိုးအမြတ်အများကြီး ရလိမ့်မယ်…”

“သူက ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးခဲ့တဲ့သူပဲ။ သူ့ကိုသတ်။ သင်တို့ရဲ့ နာမည်ကို ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံ့ ပျံ့နှံ့သွားအောင်လုပ်လိုက်…”

“ဒီလူဟာ အစွမ်းထက်တယ်။ ဒါ့ကြောင့် ငါတို့သူ့ကို ပြန်ကောင်းမွန်လာဖို့ အခွင့်အရေးပေးလို့ မဖြစ်ဘူး။ ငါတို့ ခုချက်ခြင်း သူ့ကို သတ်ရမယ်…”

သတ်လိုဖြတ်လိုသောအသံများ ပဲ့တင်ထပ်နေရင်း ကျင့်ကြံသူတစ်သောင်းသည် စတင်လှုပ်ရှားလာ၏။ သူတို့သည် မန္တာန်များ၊ ရတနာလက်နက်များ အသုံးပြုကာ ဝမ်လင်းထံ တိုးဝင်လာကြသည်။

ကောင်းကင်ယံတွင် ရတနာလက်နက်များ၊မန္တာန်များ၏ အလင်းတို့ဖြင့် ပြည့်ဖုံးနေသည်။ သူတို့သည် အဖျက်အစီးအော်ရာတစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံ တိုးဝင်လာကြသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ဒဏ်ရာရထားသော်လည်း သူ့ဉာဏ်ရည်ဖြင့်ဆိုပါက သူသည် ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ တိုက်ခိုက်မှုများ ရောက်လာသည့်အခါ ဝမ်လင်းသည် မြေပြင်ထက်သို့ ဖိနှိပ်ချလိုက်ပြီး ၎င်းကို မာန်သွင်းကာ အပေါ်သို့ ပင့်တက်၏။

တောင်တန်းတစ်ခုလုံးသည် တုန်ဟည်းကုန်၏။ မိုးကြိုးသည် ဤဧရိယာတွင် ပြည့်နှက်သည်။ ဝမ်လင်းသည် လေထဲသို့ တဟုန်တိုး တိုးဝင်ကာ သူနှင့်အတူ ထိုတောင်တန်းသည် မြင့်တက်လာသည်။

မရေမတွက်နိုင်သောသားရဲများသည် ထိတ်လန့်တကြား ထွက်ပြေးကုန်၏။ သစ်ပင်မြောက်များစွာ ပြိုလဲကုန်သည်။

ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် နောက်တစ်ကြိမ် ကြောက်ရွှံ့မှု ပြည့်နှက်သွားစေတော့သည်။

ထိုမြင်ကွင်းမှာ လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။ တောင်တန်းသည် မိုးကြိုးနှင့် ဖုံးနေလျက် လေထဲသို့ မြောက်ကြွလာသည်။ ဝမ်လင်းသည် မာန်သွင်းကာ သူ့လက်ကို ဝေ့ယမ်း၏။ တောင်တန်းသည် မရေမတွက်နိုင်သောမိုးကြိုးတောင်အပိုင်းအစများအဖြစ်သို့ ခွဲထွက်ကာ အဘက်ဘက်သို့ ပျံ့နှံ့လေ၏။

ထိုရတနာလက်နက်များ၊ မန္တာန်များသည် ယင်းမိုးကြိုးတောင်များနှင့် ထိပ်တိုက်တွေ့ကာ မိုးကြိုးတုန်ဟည်းသံများကို ဖန်တီးသည်။ ကျင့်ကြံသူများစွာသည် လုံလောက်အောင် အချိန်မီ မရှောင်နိုင်လိုက်ဘဲ မိုးကြိုးတောင်တန်းများ၏ ထိမှန်ခြင်းကို ခံလိုက်ရသည်။ သူတို့သည် သွေးအန်လိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီးကုန်သည်။

အချို့လူများ၏ မူလစိတ်ဝိညာဉ်များသည် လုံးဝပါ ကွယ်ပျောက်သွား၏။

သို့ရာတွင် ထိုအရာများသည် ဝမ်လင်း၏ နည်းလမ်းအကုန် မဟုတ်သေးပေ။ ဝမ်လင်းသည် မဟာလေဟာနယ်ဂိတ်တံခါးချပ်ကြောင့် ဒဏ်ရာရထားခဲ့သော်လည်း သူ့မိုးကြိုးကျင့်ကြံမှုသည် နိဗ္ဗာနအထွတ်အထိပ်အဆင့်ထိ ရောက်ရှိကာ မဟာလေဟာနယ်ဂိတ်တံခါးချပ်ကိုပါ ဆင့်ခေါ်နိုင်ခဲ့သူ မဟုတ်လား။ သာမန်ကျင့်ကြံသူများသည် သူ့မျက်လုံးထဲတွင် အလေးအနက်ထားဖို့ ထိုက်တန်မနေပေ။

“မိုးကြိုးတောင်တွေထဲမှာ ငါ့စိတ်ဆန္ဒပါဝင်တဲ့ မိုးကြိုးဟာ ချိပ်ပိတ်ခြင်းမိုးကြိုးအဖြစ် ပြောင်းပြီး သူတို့အားလုံးကို ချိပ်ပိတ်ပစ်…” ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အဆုံးမဲ့မိုးကြိုးများသည် မိုးကြိုးတောင်များနှင့် ပေါင်းစပ်သွားသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ မရေမတွက်နိုင်သောတောင်များသည် အထက်ဘက်မှ ကျင့်ကြံသူများထံသို့ သက်ဆင်းကျလာသည်။ ယင်းတောင်များသည် အတူတူ ချိတ်ဆက်ကာ ကျင့်ကြံသူများပေါ်သို့ ကျရောက်လာ၏။

ကျင့်ကြံသူတစ်သောင်းသည် ကြောက်လန့်ကာ ထွက်ပြေးရန် ပြင်သည်။ သို့ပေမည့် မိုးကြိုးသည် သူတို့အား ဝန်းရံထားပြီး လောကရှိ မူလစွမ်းအင်ကို ပုံပျက်စေပြီး ထွက်ပြေးရာကနေ တားဆီးသည်။

မရေမတွက်နိုင်သောတောင်များသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ အောက်ဘက်ရှိ ကျင့်ကြံသူတစ်သောင်းနီးပါးကို လုံးဝ ချိပ်ပိတ်ပစ်သည်။

ထိုလူများသည် ကျင့်ကြံမှုအဆင့်အမျိုးမျိုး ရှိ၏။ ဝမ်လင်းသည် သူတို့ကို မတိုက်ခိုက်သည်မှာ သိသာသည်။ ထို့ကြောင့် သူသည် မိုးကြိုးတောင်များကို အသုံးချကာ သူတို့ကို ချိပ်ပိတ်လိုက်တာ ဖြစ်သည်။ ခုချိန်၌ ကျင့်ကြံသူများသည် သူတို့အား ချိပ်ပိတ်ထားသော မိုးကြိုးတောင်များကို ချိုးဖျက်ရန် တာဆူနေကြရင်း တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။

မိုးကြိုးတောင်များသည် အပြင်းအထန် တုန်ဟည်း၏။ ကျောက်စကျောက်နများစွာ ပဲ့ဆင်းကျကုန်သည်။ ယင်းတောင်များသည် အချိန်မရွေး ပျက်စီးတော့မည့် အရိပ်အယောင် ဖြစ်လာကာ အောက်ဘက်ရှ ချိပ်ပိတ်ခံထားရသော ကျင့်ကြံသူများကို လွတ်မြောက်ဖို့ ချိုးဖျက်လာစေနိုင်၏။

ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုး လှစ်ခနဲ လင်းလက်ကာ မိုးကြိုးအမှတ်အသား ထပ်မံပေါ်လာသည်။ ၎င်း ပေါ်လာသည့်အခိုက်အတန့်၌ ကောင်းကင်ဘုံမိုးကြိုးသည် ပေါ်လာပြီးနောက် ဝမ်လင်းက သူ့လက်ကို အောက်ဘက်သို့ ဖိချသည်။ မိုးကြိုးအမှတ်အသားသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်ကာ တောင်များပေါ်သို့ ခပ်နှိပ်သည်။

မရေတွက်နိုင်သောတောင်များကို ကျင့်ကြံသူတစ်သောင်းအား ချိပ်ပိတ်ပစ်ရန် အသုံးပြုခြင်းသည် ဝမ်လင်းကို နာမည်ကျော်စေတော့မည် ဖြစ်သည်။ မိုးကြိုးအမှတ်အသား ကျရောက်လာသည့်အခါ တောင်များသည် ဆက်လက် တုန်ယင်နေခြင်း မရှိတော့။ ၎င်းတို့သည် သာ၍ပင် ပိုတည်ငြိမ်တည်မြဲလာ၏။

တောင်အောက်ဘက်မှ ဒေါသတကြီးအော်သံအချို့ ခပ်ရေးရေး ထွက်ပေါ်လာသည်ကို ကြားရသည်။ သို့သော် သူတို့သည် အချိန်တိုအတွင်း သည်ချိပ်ပိတ်မှုကို မချိုးဖျက်နိုင်တော့ချေ။

ဝမ်လင်း၏မျက်နှာသည် ဖြူရောနေ၏။ သူသည် မဟာလေဟာနယ်ဂိတ်တံခါးချပ်ကြောင့် ဒဏ်ရာရထားခဲ့ပြီး ဖြစ်သလို ကျင့်ကြံသူတစ်သောင်းကိုလည်း ချိပ်ပိတ်ခဲ့ရသေးသဖြင့် သူ အတော်လေးကို ပင်ပန်းနေပြီ ဖြစ်သည်။

“ဒါဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ ငါ့ကို အမဲလိုက်တာ အစပြုရုံပဲ ရှိသေးတယ်။ ငါ ဒီမှာ နေလို့ မရတော့ဘူး…”

ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျပ်ခနဲ ဖြစ်ကာ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်း၏။ လှိုင်းဂယက်များ ပေါ်လာက သူသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလျက် ပျောက်ကွယ်သွားတော့သည်။

“ငါ့မိုးကြိုးအနှစ်သာရရဲ့ ပြီးပြည့်စုံမှုနဲ့တောင် ငါဟာ တတိယအဆင့်ကို ရောက်ဖို့ အရံအတားကို မချိုးဖျက်နိုင်ဘူး။ ငါ မဟာလေဟာနယ်ဂိတ်တံခါးကို မဖွင့်လှစ်နိုင်ခဲ့ဘူး…”

ဝမ်လင်း၏ပုံရိပ် ပြန်ပေါ်လာ၏။ ချက်ခြင်းပင် သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းသည်။

“ဒါပေမဲ့ မိုးကြိုးအနှစ်သာရတစ်ခုနဲ့ မလုံလောက်သေးရင် ငါဟာ နှစ်ခုကို ပေါင်းစည်းပြီး ဒီတံခါးကို ရိုက်ချပစ်မယ်။ နှစ်ခုနဲ့ မလုံလောက်သေးရင်လည်း ငါ့အနှစ်သာရငါးခုသာ ပြီးပြည့်စုံသွားခဲ့ရင် ဒီတံခါးကို မဖွင့်လှစ်နိုင်ဘူးဆိုတာ ငါ မယုံဘူး။ အဲ့အချိန်ကျရင် ငါဟာ တတိယအဆင့်ကို ချက်ခြင်း ရောက်ရှိပြီး တတိယအဆင့်ရဲ့ စွမ်းအားထောက်တိုင်တစ်ယောက်လို့ သတ်မှတ်လို့ရပြီ…”

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။ ပြတ်သားမှု ပြည့်နေ၏။ သူသည် တဖန် ပျောက်ကွယ်သွားပြန်သည်။

***

All Chapters