အခန်း ၄၀၁
Vol. 41 Ch. 401
အခန်း (၄၀၁) အတင်းအကျပ် စေ့စပ်ပေးခြင်းနှင့် ကြီးမားသော တိုက်ပွဲမတိုင်မီ
ပွဲလာပရိသတ်များကြားတွင် အံ့သြမှင်တက်သံများ ထပ်မံထွက်ပေါ်လာခဲ့ကာ
တစ်ခန်းလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
ဤဟွာရှအမျိုးသားက ဧကရီဘုရင်မကို တကယ်သိနေလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြချေ။
ထို့အပြင် သူက ဘုရင်မကိုယ်တိုင် အထူးဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော် ဖြစ်နေလေ၏။
ယနေ့ပွဲမှာ အတော်လေး ထူးခြားနေသဖြင့် လူတိုင်း၏ စိတ်ကူးယဉ်မှုများကို အတိုင်းအဆမရှိ ကျယ်ပြန့်သွားစေခဲ့ပေသည်။
ဝီလ်၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွား၏။
‘အံ့သြစရာတော့ မဟုတ်ဘူးပဲ…အဲလစ်ဇဘက်က ဒီကောင့်ကို ရေနံကုမ္ပဏီ ပေးလိုက်တာ မဆန်းပါဘူး… သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက သာမန်မှမဟုတ်တာ…ပြီးတော့ သူမက ဒီကောင့်လူ ဖြစ်နေပြီလား…’
ဤအကြောင်းကို တွေးမိချိန်တွင် ဝီလ်၏ ဒေါသများ ထပ်မံပေါက်ကွဲထွက်လာခဲ့၏။
အဲလစ်ဇဘက်သည် သူ မျက်စိကျထားသော မိန်းကလေး ဖြစ်ပေသည်။ မည်သူ့ကိုမျှ အလုခံမည် မဟုတ်ချေ။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။
ထို့နောက် အတင်းအကျပ် ပြုံးဟန်ဆောင်လိုက်ပြီးနောက် ဝီလ်က ပြောဆိုလိုက်၏။
"တောင်းပန်ပါတယ်… ငါ နားလည်မှုလွဲသွားလို့ပါ… မင်းတို့က ဘာရပ်လုပ်နေကြတာလဲ… သေနတ်တွေ ပြန်သိမ်းလိုက်ကြစမ်း…"
အစစ်အမှန် သေနတ်များ ကိုင်ဆောင်ထားသော လူတစ်စုသည် လက်နက်များကို အလျင်အမြန် သိမ်းဆည်းကာ ပွဲခန်းမထဲမှ ထွက်ခွာသွားကြလေသည်။
ဝီလ်သည် သူ၏ ဆံပင်များကို သပ်တင်လိုက်ပြီးနောက်
အဲလစ်ဇဘက်ထံသို့ သူ၏လက်ကို ထပ်မံကမ်းပေးလိုက်ရင်း ပြောဆိုလိုက်သည်။
"အရှင်မ… ဒီနေ့ အရမ်းလှနေတာပဲ… အရှင်မရဲ့ နေရာက ဟိုဘက်မှာပါ… အဲဒီကို လိုက်ပို့ခွင့်ပြုပါ…"
မူလက ဤအခွင့်အရေးကို အသုံးချကာ အဲလစ်ဇဘက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန် သူ မျှော်လင့်ထားခဲ့သော်လည်း အဲလစ်ဇဘက်ကမူ သူ့ကို လုံးဝ မမြင်သည့်အလား ဟန်ဆောင်နေခဲ့ပေ၏။
သူမသည် ဝီလ်ကို တိုက်ရိုက် ကျော်ဖြတ်သွားခဲ့သည်။
အဲလစ်ဇဘက်က ချန်ဖုန်း၏ အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သူ၏လက်ကို ကိုင်ကာ အပြုံးလေးဖြင့် ပြောဆိုလိုက်၏။
"လာပါ… ဒီလူတွေက အရမ်း စိတ်အနှောင့်အယှက်ပေးတာပဲ… ရှင့်ကို အပေါ်ထပ် ခေါ်သွားပေးမယ်…"
ဝီလ်၏ နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်ကွေးသွားလေတော့သည်။
တစ်ဖက်လူက သူ့ကို ဤမျှလောက်အထိ အလေးမထားဘဲ လုံးလုံးလျားလျား လျစ်လျူရှုထားလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။
ထို့အပြင် ချန်ဖုန်းကိုပါ အပေါ်ထပ်သို့ ခေါ်ဆောင်သွားမည်တဲ့လား။
ရွိုင်ရယ်ဟိုတယ်၏ ပထမထပ်မှာ ပွဲလမ်းသဘင်များ ကျင်းပရာ နေရာဖြစ်ပြီး ပုံမှန်အားဖြင့် ဤလူများသည် ပထမထပ်တွင်သာ နေထိုင်ခွင့်ရှိသော်လည်း အဲလစ်ဇဘက်ကမူ သူမ၏ ထူးခြားသော အဆင့်အတန်းကြောင့် အပေါ်ထပ်တွင် သီးသန့် အနားယူရန် နေရာတစ်ခု ရှိနေပေသည်။
၎င်းမှာ အိပ်ခန်းတစ်ခန်းနှင့် တူညီလေ၏။
သူမသည် ယခုအခါ မဟာလင်းယုန်နိုင်ငံ ၏ ဧကရီဘုရင်မ ဖြစ်သည်။ သူမက အမျိုးသားတစ်ဦးကို သူမ၏ အိပ်ခန်းထဲသို့ ပေါ်တင်ကြီး ခေါ်ဆောင်သွားရဲသည်တဲ့လား။
ဝီလ်တစ်ယောက်တည်း အံ့အားသင့်နေခြင်း မဟုတ်ဘဲ ထိုနေရာရှိ လူတိုင်း လုံးဝ မှင်တက်သွားကြပေ၏။
အကယ်၍ ဤလူများထဲမှ အဲလစ်ဇဘက်၏ အဆင့်အတန်းနှင့် လိုက်ဖက်သော အမျိုးသားတစ်ဦးကို ရွေးချယ်ရမည်ဆိုပါက ဝီလ်သည် သေချာပေါက် ပထမဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သူက အက်ဒွပ်၏ တရားမဝင်သား ဖြစ်နေသောကြောင့်ပင်။ အာဏာ၊ အဆင့်အတန်း၊ အဆက်အသွယ်များနှင့် ပိုင်ဆိုင်မှုများ အားလုံးမှာ ထိပ်တန်းအဆင့်တွင် ရှိနေပေ၏။
သို့သော် ယခုအခါ အဲလစ်ဇဘက်၏ လုပ်ရပ်က လူတိုင်းကို လုံးလုံးလျားလျား အံ့အားသင့်သွားစေခဲ့ပြီး ထိုသူနှစ်ဦး၏ ပတ်သက်မှုကို အလွန်အမင်း သိချင်နေကြလေသည်။
လူတိုင်း၏ အကြည့်များက သူ၏အပေါ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်ကို ခံစားလိုက်ရသဖြင့် ချန်ဖုန်းသည် အဲလစ်ဇဘက်၏ လက်ကို အလျင်အမြန် ခါချလိုက်ပြီး သူမကို စူးရှစွာ စိုက်ကြည့်လိုက်၏။
ဤမိန်းမ… သူမက သူ့ကို တမင်သက်သက် ဒုက္ခပေးနေခြင်းပင်။
ချန်ဖုန်းသည် သတိမထားမိနိုင်လောက်အောင် လျင်မြန်စွာပင် သူမ၏ တင်ပါးကို တစ်ချက် ရိုက်လိုက်လေသည်။ သူ၏ လှုပ်ရှားမှုမှာ အလွန် သိမ်မွေ့လှပေ၏။
သို့သော် ဝီလ်က အနောက်ဘက်မှ မြင်တွေ့သွားခဲ့သည်။ ‘ဘုရားရေ… သူက ဘုရင်မရဲ့ တင်ပါးကို တကယ်ကြီး ကိုင်လိုက်တာလား’
သူ့ကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည်မှာ အဲလစ်ဇဘက်က လုံးဝ ဒေါသမထွက်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုအဖြစ်က ဝီလ်ကို ရူးသွပ်သွားတော့မတတ် ဖြစ်သွားစေ၏။
‘သူမက မဟာလင်းယုန် ရဲ့ ဧကရီဘုရင်မလေ… အရင်တုန်းက ဘယ်ယောကျ်ားမှ သူမအနားကိုတောင် ကပ်လို့မရဘူးလို့ ကြားခဲ့တာ… ဧကရီက ယောကျ်ားတွေကို လုံးဝ စိတ်မဝင်စားတာများလားလို့တောင် တချို့က တွေးထင်ခဲ့ကြတာ… အခုတော့ တစ်ယောက်ယောက်ရဲ့ ကိုင်တာကို ခံလိုက်ရပြီပေါ့…’ ဟု ဝီလ် တစ်ယောက် တွေးကာ ဒေါသထွက်လာတော့၏။
ချန်ဖုန်းက အဲလစ်ဇဘက်အား မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ… ငါ့ကို သတ်ချင်နေတာလား…"
အဲလစ်ဇဘက် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူမနှင့် ချန်ဖုန်းတို့မှာ အတော်လေး ရင်းနှီးသော်လည်း အတိုင်းအတာတစ်ခုအထိ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လွန်ကျူးသွားပါက မသင့်တော်ချေ။
ချန်ဖုန်းက နှာမှုတ်ကာ ပြောလိုက်သည်။
"ဘယ်သူက မင်းကို ငါ့အပေါ် အသုံးချခိုင်းလိုက်တာလဲ… ငါ့အပေါ် လာပြီး ကစားဖို့ မကြိုးစားနဲ့…"
"ငါ မလုပ်ပါဘူး…"
အဲလစ်ဇဘက်က နှုတ်ခမ်းစူလိုက်၏။
သူတို့နှစ်ဦး၏ သိမ်မွေ့သော လုပ်ရပ်များသည် အခြားသူများ၏ အမြင်တွင် ပရောပရည်လုပ်နေသည်ဟု ထင်ရပြီး လူတိုင်း၏ မျက်လုံးများကို ထပ်မံပြူးကျယ်သွားစေခဲ့ပေသည်။
ချန်ဖုန်းတို့ လှေကားပေါ်သို့ တက်ရန် ပြင်လိုက်ချိန်မှာပင် လူအုပ်ကြီးကြားမှ နောက်ထပ် ဆူညံပွက်လောရိုက်မှုတစ်ခု ထွက်ပေါ်လာခဲ့၏။
ဤအချိန်တွင် အပြင်ဘက်မှ လူတစ်စု ဝင်ရောက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး အဲလစ်ဇဘက်၏ ဦးလေး အက်ဒွပ် ပင် ဖြစ်လေ၏။ သူသည် မဟာလင်းယုန်နိုင်ငံ ၏ အာဏာအများစုကို ထိန်းချုပ်ထားသူလည်း ဖြစ်ပေသည်။
အက်ဒွပ်၏ အနောက်တွင် မဟာလင်းယုန်နိုင်ငံ မှ အဆင့်မြင့်အရာရှိများ၊ တော်ဝင်မိသားစုဝင် အချို့နှင့် သူ့ကို ကာကွယ်ပေးသော အစွမ်းထက် ကျွမ်းကျင်သူ အများအပြား ပါဝင်လေသည်။
ထိုလူများထဲတွင် မိုက်ကယ် အမည်ရှိ အဆင့်မြင့်အရာရှိတစ်ဦးလည်း ပါဝင်ပေ၏။ နယ်စပ်စစ်ပွဲ ပြီးဆုံးပြီးနောက် ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနနှင့် စေ့စပ်ညှိနှိုင်းရာတွင် နိုင်ငံဆယ်ခု မဟာမိတ်တပ်ကို ကိုယ်စားပြုခဲ့သော အရာရှိပင် ဖြစ်သည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ရှိနေခဲ့သော်လည်း ပွဲခန်းမထဲ၌ အဲလစ်ဇဘက်၏ ဘေးတွင် ရပ်နေသော ချန်ဖုန်းကို မြင်လိုက်ရချိန်တွင်မူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့၏။
"သူ… သူက…"
မိုက်ကယ်က တုန်ရီစွာ ပြောလိုက်သည်။
တစ်ဖက်လူ၏ တည်ငြိမ်မှု ပျောက်ဆုံးသွားခြင်းကို အက်ဒွပ်လည်း သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ…"
မိုက်ကယ်က လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
"ဧကရီရဲ့ ဘေးမှာ ရပ်နေတဲ့သူက… ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနက စစ်သေနာပတိ ဖြစ်ပုံရတယ်… ပြီးတော့ အဇူရာနန်းတော်သခင် ဆိုလည်း ဟုတ်တယ်…"
အက်ဒွပ်၏ မျက်နှာအမူအရာလည်း ပျက်ယွင်းသွားခဲ့သည်။ အဲလစ်ဇဘက်က ဤလူနှင့် ပတ်သက်နေလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ယခင်က အဇူရာနန်းတော်သခင်သည် နယ်စပ်တွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရလေ၏။ ယခု ဤသူက ပွဲခန်းမထဲသို့ တိတ်တဆိတ် ဝင်ရောက်လာနိုင်ခဲ့ခြင်းက သူ့အတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပေသည်။ သို့သော် မေးခွန်းမှာ ယခု ချန်ဖုန်းကို သူတို့ အနိုင်ယူနိုင်ခြေ မည်မျှရှိသနည်း ဆိုခြင်းပင်။
ထို့ကြောင့် အက်ဒွပ်က မေးမြန်းလိုက်သည်။
“ငါတို့ တိုက်ခိုက်မယ်ဆိုရင် သူ့ကို အနိုင်ရနိုင်ချေ ရှိလား…”
မိုက်ကယ်က သက်ပြင်းချကာ ပြောလိုက်၏။
"အနိုင်ရနိုင်ခြေ လုံးဝ မရှိပါဘူး… လွန်ခဲ့တဲ့ လအနည်းငယ်က ဟွာရှနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတာဆိုတော့ ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ကို ရင်ဆိုင်ဖို့ စစ်တပ်ကို အသုံးပြုတာက သေချာပေါက် မသင့်တော်ဘူးလေ…"
ထို့အပြင် ပွဲခန်းမထဲတွင် လူများပြားပြီး အာရုံလွှဲစရာများ ရှိနေသဖြင့် အကယ်၍ တိုက်ပွဲအစစ်အမှန်သာ ဖြစ်ပွားခဲ့ပါက ၎င်းတို့ သေချာပေါက် အရှုံးပေါ်မည် ဖြစ်ပေသည်။
ဤကိစ္စ၏ အားသာချက်နှင့် အားနည်းချက်များကို သိရှိထားသော အက်ဒွပ်က တိုးတိတ်စွာ ပြောဆိုလိုက်၏။
"သိပြီ… မင်း ဟိုဘက်ကို မသွားတာ ကောင်းမယ်… ငါတို့ သူ့ကို မမှတ်မိသလို ဟန်ဆောင်ပြီး လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ကြတာပေါ့… သွားပြီး စီစဉ်လိုက်တော့… မင်း ဘာလုပ်ရမယ်ဆိုတာ သိပါတယ်…"
မိုက်ကယ်က ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ…"
ထို့နောက် မိုက်ကယ်သည် လူအုပ်ထဲမှ အလျင်အမြန် ဆုတ်ခွာသွားလေ၏။
ဤအချိန်၌ အက်ဒွပ်သည် ပွဲခန်းမ၏ အလယ်တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လှေကားဆီသို့ ချဉ်းကပ်သွားသော အဲလစ်ဇဘက်ကို ကြည့်ကာ လက်ယပ်ခေါ်လိုက်သည်။
"အဲလစ်ဇဘက်… အောက်ဆင်းခဲ့ဦး… ဦးလေး ကြေညာစရာ တစ်ခုရှိတယ်…"
အခြားသူများက အဲလစ်ဇဘက်ကို ဘုရင်မဟု ခေါ်ဆိုနိုင်သော်လည်း အက်ဒွပ်မှာ သူမ၏ ဦးလေးဖြစ်ရာ တစ်ခါတစ်ရံ အမည်တပ်ခေါ်ခြင်းက ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ထင်ရစေပေသည်။
တစ်ဖက်လူက ဤပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်ကို အဲလစ်ဇဘက်လည်း သိချင်နေခဲ့သဖြင့် လှေကားပေါ်တွင် မလှုပ်မယှက် ရပ်နေလိုက်၏။
အက်ဒွပ်က သူ၏ လက်ဝါးကို အောက်သို့ဖိချကာ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"အားလုံးပဲ… ခဏလောက် တိတ်တိတ်နေပေးကြပါ… မကြာသေးမီက အဲလစ်ဇဘက်နဲ့ ငါ့ကြားမှာ ပဋိပက္ခတချို့ ရှိခဲ့တယ်ဆိုတာ လူတိုင်း သိကြမှာပါ…"
"ဒီနေ့ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ငါတို့ကြားက နားလည်မှုလွဲတာတွေကို ရှင်းလင်းဖို့ပါပဲ… အဲဒီလိုလုပ်ရင်းနဲ့ ငါ့ရဲ့ အသုံးမကျတဲ့ တူလေးအတွက်လည်း အိမ်ထောင်ဖက် ရှာပေးဖို့ ရည်ရွယ်ပါတယ်…"
"ဘုရင်မက လှပရုံတင်မကဘဲ အထူး အရည်အချင်းရှိတယ်ဆိုတာ လူတိုင်း သိကြပါတယ်… ငါက ဒီတူလေးကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့တာ… သူက နည်းနည်း အသုံးမကျပေမဲ့ ကြီးမားတဲ့ အလားအလာတော့ ရှိနေသေးတယ်…"
"အကယ်၍ ဘုရင်မက သဘောမတူစရာ မရှိဘူးဆိုရင် ငါ့ တူလေး ရဲ့ ကိုယ်စား ဒီအိမ်ထောင်ရေးကို ကမ်းလှမ်းချင်ပါတယ်… အဲဒါဆို ငါတို့ ပိုပြီး ရင်းနှီးတဲ့ ဆွေမျိုးတွေ ဖြစ်လာနိုင်တာပေါ့… ဘယ်လိုထင်လဲ…"
ဤစကားများ ထွက်ပေါ်လာချိန်တွင် ပွဲခန်းမသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားတော့၏။
အက်ဒွပ်၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်ကြပေသည်။ သူသည် ယခုအခါ ကြီးမားသော အာဏာကို ချုပ်ကိုင်ထားပြီး အဲလစ်ဇဘက်ကမူ စက်မှုလုပ်ငန်း အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားကာ တရားဝင် ဧကရီဘုရင်မလည်း ဖြစ်လေသည်။
အကယ်၍ ဤသူနှစ်ဦးသာ ပေါင်းစည်းသွားပါက အက်ဒွပ်သည် အကြီးမားဆုံး အကျိုးအမြတ်ခံစားရသူ ဖြစ်လာမည်ဖြစ်ပြီး အာဏာနှင့် အရင်းအမြစ်အားလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်ပေ၏။
ထိုသို့ဖြစ်လာပါက နှစ်ဖက်ကြားတွင် အာဏာလုပွဲ ရှိလာတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အက်ဒွပ်က အရာအားလုံးကို သူ့ဘာသာသူ ထိန်းချုပ်သွားမည်ဖြစ်သောကြောင့်ပင်။
"သခင်လေးဝီလ်နဲ့ ဘုရင်မက ဖူးစာဖက်တွေလို့ ထင်ပါတယ်…"
"အမှန်ပါပဲ… သူတို့ရဲ့ နောက်ခံတွေက ဆင်တူပြီး နှစ်ယောက်စလုံးက တော်ဝင်သွေးတွေလေ… သူတို့ပေါင်းစပ်တာက အကောင်းဆုံးပဲ…"
"ဒီကမ်းလှမ်းမှုကို ကျွန်တော် ထောက်ခံပါတယ်…"
"ကျွန်တော်လည်း ထောက်ခံပါတယ်…"
သဘောတူကြောင်း ဖော်ပြသည့် အသံများကို တစ်သံပြီးတစ်သံ ကြားလိုက်ရသဖြင့် ဝီလ် လုံးလုံးလျားလျား စိတ်လှုပ်ရှားသွားတော့၏။
သူ ဤသို့ လုံးဝ မထင်မှတ်ထားခဲ့ချေ။ ဖခင်ဖြစ်သူက သူ့ကို တကယ် ကူညီနေခြင်းပင်။
အဲလစ်ဇဘက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ‘တကယ်ကို ယုတ်မာတဲ့ နည်းလမ်းပဲ… သူတို့က ဒီလိုနည်းလမ်းနဲ့ ငါပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေနဲ့ လုပ်ငန်းတွေကို တကယ်ပဲ သိမ်းပိုက်ချင်နေကြတာပဲ…’ဟု သူမတွေးလိုက်၏။
အဲလစ်ဇဘက်က သူ့ကို မျက်နှာသာမပေးဘဲ ပြတ်သားစွာ ပြောဆိုလိုက်၏။
"တောင်းပန်ပါတယ် ဦးလေး… ကျွန်မ ငြင်းပါတယ်… ဝီလ်က အသုံးမကျမှန်း သိနေရက်နဲ့ ဘာလို့ သူ့ကို ကျွန်မနဲ့ လာမိတ်ဆက်ပေးနေရတာလဲ…"
"တကယ်လို့ ကျွန်မ အိမ်ထောင်ဖက် ရှာမယ်ဆိုရင်တောင် မစ္စတာချန်လို တကယ့် သူရဲကောင်းမျိုးပဲ ဖြစ်ရမယ်…"