← Chapters

အခန်း ၄၀၂

Vol. 41 Ch. 402

အခန်း ၄၀၂

Vol. 41 Ch. 402

အခန်း (၄၀၂) လူသတ်ချင်စိတ်

ပွဲခန်းမထဲတွင် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့၏။

ဧကရီက တကယ်ကြီး ငြင်းပယ်လိုက်တာလား။

အဲလစ်ဇဘက်သည် မဟာလင်းယုန်နိုင်ငံ တွင် အလွန် နေရခက်သော အနေအထား၌ ရှိနေပေသည်။ ဧကရီတစ်ဦးအနေဖြင့် သူမတွင် အစစ်အမှန် အာဏာမရှိချေ။ အကယ်၍ ဝီလ်နှင့် လက်ထပ်လိုက်ပါက သူမ၏ ရန်သူ အက်ဒွပ်မှာ မဟာမိတ် ဖြစ်လာမည် ဖြစ်သည်။

သို့သော် ယခုအခါ သူမက ဟွာရှအမျိုးသားတစ်ဦးအတွက် ဤကမ်းလှမ်းမှုကို တကယ်ကြီး စွန့်လွှတ်လိုက်သည်တဲ့လား။

‘ပြိုင်ဘက်ကင်း သူရဲကောင်း ဟုတ်လား… အသားဝါမျောက်တစ်ကောင်က ဘယ်လို သူရဲကောင်းမျိုး ဖြစ်နိုင်မှာလဲ…’ဟု ၎င်းတို့ တွေးလိုက်သည်။

အက်ဒွပ်၏ မျက်နှာမှာ ပြာနှမ်းသွားလေ၏။

သူက ယဉ်ကျေးမှုအရ ပြောဆိုနေခြင်းဖြစ်သော်လည်း ဤဘုရင်မက သူ့ကို တကယ်ပင် အလေးမထားခဲ့ချေ။

"အဲလစ်ဇဘက်… မင်းက တော်ဝင်မိသားစုဝင် တစ်ယောက်လေ… ဘယ်လိုလုပ် ဒီလို အရမ်းကာရော ပြုမူနိုင်ရတာလဲ…"

"တော်ဝင်မိသားစုတွေမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်… တော်ဝင်သွေး ပါတဲ့သူနဲ့ပဲ လက်ထပ်ခွင့်ရှိတယ်… မစ္စတာချန် က ဘယ်လောက်ပဲ ထူးချွန်နေပါစေ မင်းရဲ့ အဆင့်အတန်းနဲ့ မထိုက်တန်ဘူး…"

"ဦးလေး…အဲ့ဒီကိစ္စကို ကျွန်မဘာသာ ဆုံးဖြတ်ချက် ချပါ့မယ်… ဦးလေး စိတ်ပူနေစရာ မလိုပါဘူး…"

အဲလစ်ဇဘက်ထံမှ အာဏာစက် အငွေ့အသက်များ ထွက်ပေါ်လာပြီး သူမ၏ အသံမှာလည်း ရေခဲတမျှ အေးစက်သွားပေ၏။

"ဦးလေးရဲ့ အတွေးတွေကို ကျွန်မ နားလည်ပါတယ်… ဒါကြောင့် သွယ်ဝိုက်ပြီး ပြောနေစရာ မလိုပါဘူး…"

"အားလုံးပဲ… ကျွန်မမှာ လုပ်စရာကိစ္စတွေ ရှိသေးလို့ ခွင့်ပြုပါဦး…" စကားပြောနေစဉ်မှာပင် သူမသည် ချန်ဖုန်းကို ဆွဲကာ တံခါးဆီသို့ ဦးတည်သွားလေသည်။

“မင်း…”

အက်ဒွပ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

လူကိုယ်တိုင် အတင်းအကျပ် လက်ထပ်ခိုင်းခြင်းက သူမကို အလျှော့ပေးသွားစေမည်ဟု သူ ထင်မှတ်ထားခဲ့ပြီး ဤသည်မှာ သူတို့ကြားရှိ ပဋိပက္ခကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ထားခဲ့ပေသည်။

သို့သော် ရလဒ်မှာ အနည်းငယ် မမျှော်လင့်ထားဘဲ ဖြစ်သွားခဲ့၏။

အက်ဒွပ်သည် သူမဘေးရှိ ချန်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲရှိ ဒေါသများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။

သို့သော် ဝီလ်ကမူ သူ့လောက် သည်းခံနိုင်စွမ်း မရှိခဲ့ချေ။

"နေဦး…"

ဝီလ်သည် နာကြည်းနေသော အမူအရာဖြင့် အဲလစ်ဇဘက်၏ ရှေ့တွင် ရပ်ကာ ချန်ဖုန်းကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်လေ၏။

"ဘာလို့လဲ… ဘာလို့ ငါ့အစား သူ့ကို ရွေးရတာလဲ…ငါက တော်ဝင်သွေး ပါတဲ့သူလေ… သူကရော ဘာလဲ… ရုပ်ဖြောင့်ရုံသက်သက်ပဲ… ငါ မသိဘူးလို့ မထင်နဲ့… မင်းက သူ့ကို ရေနံကုမ္ပဏီ ပေးလိုက်တဲ့သူပဲ…"

အဲလစ်ဇဘက်၏ မျက်နှာမှာ အေးစက်သွားပေ၏။

သူမ ပြန်မဖြေမီမှာပင် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဖြောင်း…”

ချန်ဖုန်းက ဝီလ်ကို ကန်ထုတ်လိုက်ရာ ဝီလ်သည် မီတာနှစ်ဆယ်ကျော် လွင့်စင်သွားပြီး နံရံနှင့် ရိုက်မိကာ အက်ကွဲကြောင်းများပင် ဖြစ်ပေါ်သွားစေတော့၏။

ချန်ဖုန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ဒီတစ်ချက်က မင်းကို ​သတိပေးလိုက်တာပဲ… ငါ့ကို လက်ညှိုးလာမထိုးနဲ့… ငါက မိန်းမကျွေးတာ စားတဲ့ကောင် ဖြစ်နေရင်တောင် ဘာဖြစ်လဲ… လူတိုင်းက အဲဒီလို ဖြစ်နိုင်တာမှ မဟုတ်တာ…"

သူသည် အဲလစ်ဇဘက်၏ သေးသွယ်သော ခါးလေးကို ဖက်ကာ ဟိုတယ်ထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်သွားလေသည်။

လူတိုင်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားကြပေ၏။

“ဘာတွေဖြစ်သွားတာလဲ…”

ထိုကောင်လေးက အက်ဒွပ်၏ သားကို ကန်ထုတ်လိုက်ခြင်းပင်။

အရေးအကြီးဆုံးအချက်မှာ အက်ဒွပ်က ထိုကောင်လေးကို တကယ်ကြီး ထွက်သွားခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုနေရာရှိ လူများသည် အက်ဒွပ်၏ စရိုက်ကို ကောင်းစွာ သိရှိကြလေ၏။

မဟာလင်းယုန်နိုင်ငံ ၏ သြဇာအာဏာအကြီးဆုံး လူတစ်ယောက်အနေဖြင့် အက်ဒွပ်သည် လူသိရှင်ကြား အရှက်ခွဲခံရဖူးခြင်းမျိုး မည်သည့်အချိန်က ရှိခဲ့ဖူးသနည်း။

တစ်ဖက်လူက ဧကရီ ဖြစ်နေလျှင်ပင် သူက မျက်နှာပန်းလှအောင် အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်ပေသည်။

သို့သော် ယနေ့တွင် အက်ဒွပ်သည် သူ၏ ဒေါသကို ဖုံးကွယ်ထားရုံမှလွဲ၍ ဘာမျှ မလုပ်ခဲ့ချေ။ ထို့ကြောင့် မည်သူကမျှ စကားတစ်ခွန်း မပြောရဲသလို မှတ်ချက်လည်း မပေးရဲကြပေ။

"အဖေ…"

လူတချို့က ဝီလ်ကို မြေပြင်ပေါ်မှ ဆွဲထူပေးလိုက်ကြ၏။ သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးနီးပါးမှာလည်း ကျိုးသွားခဲ့လေပြီ။ အကယ်၍ သူသာ ငယ်စဉ်ကတည်းက လေ့ကျင့်မှုများ မလုပ်ခဲ့ပါက ထနိုင်မည်ပင် မဟုတ်ချေ။

သူ၏ မျက်လုံးများတွင် ပြင်းထန်သော ဒေါသများ ပြည့်နှက်နေခဲ့သည်။

ယနေ့သည် မိန်းမကျွေးတာစားခြင်းကို ဤမျှ သပ်ရပ်ပြေပြစ်စွာ ဖော်ပြသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်၏။

လူရှေ့သူရှေ့တွင် ကန်ထုတ်ခံရခြင်းက ပထမဆုံးအကြိမ် ဖြစ်သလို သူ၏ မိန်းကလေး အလုခံရခြင်းကလည်း ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။

အက်ဒွပ်က သူ့ကို ဆက်မပြောရန် လက်ဟန်ပြလိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်၏။

"မိုက်ကယ် ကို သွားရှာလိုက်… သူက နောက်ထပ် ဘာလုပ်ရမယ်ဆိုတာ ပြောပြလိမ့်မယ်…"

"ကျွန်တော်…"

"ငါ သွားဆို သွားလိုက်စမ်းပါ…"

အက်ဒွပ်၏ ရေခဲတမျှ အေးစက်သော အကြည့်က ရုတ်တရက် ရောက်ရှိလာသဖြင့် ဝီလ် အလန့်တကြားဖြစ်ကာ နောက်သို့ တွန့်ဆုတ်သွားလေ၏။ ထို့နောက် သူသည် ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။

ပွဲခန်းမထဲရှိ လေထုမှာ ဖိနှိပ်မှုများ ရှိနေဆဲဖြစ်ပြီး အက်ဒွပ် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း လူတိုင်း ရှင်းလင်းစွာ သိရှိကြပေသည်။

တော်ဝင်မိသားစုဝင် တစ်ဦးက ၎င်းတို့နှစ်ဦးကြားရှိ တင်းမာမှုကို လျှော့ချလိုသဖြင့် သက်ပြင်းချကာ ပြောဆိုလိုက်၏။

"အဲလစ်ဇဘက် က ငယ်သေးတော့ သူမ နားမလည်တဲ့ အရာတချို့ ရှိနေသေးတာပါ…"

"သူမအတွက် ဆင်ခြေပေးဖို့ မကြိုးစားပါနဲ့… ဧကရီတစ်ယောက်အနေနဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ထမ်းဆောင်ရမှာပဲ… ငါ မေးမယ်… ငါနဲ့ သူမကြားမှာ ပြေလည်အောင် ဖြေရှင်းလို့မရတဲ့ ပဋိပက္ခရှိလာရင် မင်းတို့က ဘယ်သူ့ဘက်က ရပ်တည်မှာလဲ…"

"ဘယ်သူ့ဘက်က ရပ်တည်ကြမှာလဲ…"

နောက်ဆုံးစကားကြောင်းမှာ ထိုနေရာရှိ လူတိုင်းကို ရည်ရွယ်၍ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

ထိုလူများထဲတွင် အဆင့်မြင့်အရာရှိများနှင့် သြဇာကြီးမားသူ အချို့က အဲလစ်ဇဘက်ဘက်မှ ရပ်တည်နေဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေ အဲလစ်ဇဘက်က တရားဝင် ခေါင်းဆောင် ဖြစ်လေသည်။

အက်ဒွပ်၏ စကားများကို ကြားချိန်တွင် သူတို့၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားကြပေသည်။ ဘက်ရွေးရမည့် အချိန်ရောက်လာပြီပင်။

အကယ်၍ ယနေ့ ၎င်းတို့၏ အဖြေက အက်ဒွပ်ကို မကျေနပ်စေပါက ဤရွိုင်ရယ်ဟိုတယ်ထဲမှပင် အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ချေ။

"သေချာပေါက် ကျွန်တော်တို့က အရှင်မင်းကြီးဘက်က ရပ်တည်မှာပါ…"

"မဟာလင်းယုန်နိုင်ငံ ရဲ့ လက်ရှိ ကြီးပွားတိုးတက်မှုက အရှင်မင်းကြီးရဲ့ ကျေးဇူးတွေကြောင့်ပါ… ဧကရီက ငယ်သေးတော့ ကိစ္စတော်တော်များများမှာ ဝင်ပြောခွင့် မရှိပါဘူး…"

"ကောင်းပြီ…"

လူတိုင်း၏ အဖြေများကို ကြားပြီးနောက် အက်ဒွပ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

အဲလစ်ဇဘက်နှင့် သူမ၏ စီးပွားရေးလုပ်ငန်းများကို မထိန်းချုပ်နိုင်မှတော့ သူမကို ဖျက်ဆီးပစ်ရန်သာ ရွေးချယ်စရာ ရှိတော့ပေသည်။

လမ်းတစ်လျှောက်တွင် ချန်ဖုန်းနှင့် အဲလစ်ဇဘက်တို့သည် ရေနံကုမ္ပဏီ သို့သွားရာ လမ်းပေါ်ရှိ ကားထဲတွင် ရှိနေကြသည်။

ချန်ဖုန်းက ရုတ်တရက် ပြောလိုက်၏။

"ငါ့ရဲ့ အမှတ်အသား ဖော်ထုတ်ခံလိုက်ရပြီ ထင်တယ်…"

အဲလစ်ဇဘက်သည် သူ ဆိုလိုသည့်အရာကို နားမလည်ခဲ့ချေ။

"ဟင်…”

ချန်ဖုန်းက ဆက်ပြောလိုက်သည်။

"တကယ်တော့ ငါ့အမှတ်အသားကို ဖုံးကွယ်ထားဖို့ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး… တကယ်လို့ အက်ဒွပ်သာ စုံစမ်းချင်ရင် ငါက အဇူရာနန်းတော်သခင် ဆိုတာကို သူ သိသွားနိုင်တယ်လေ…"

"စောစောက သူ့ဘေးမှာရှိတဲ့ အရာရှိ မိုက်ကယ် လေ… သူက နယ်စပ်စစ်ပွဲ ပြီးသွားတဲ့အခါ ဟွာရှနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းခဲ့တဲ့သူပဲ…"

"အခုချိန်မှာ မိုက်ကယ်က ငါ့ကို ရင်ဆိုင်ဖို့ အခွင့်အရေးရှာရင်း သူ့ရဲ့ အကောင်းဆုံးလူတွေကို တိတ်တဆိတ် စုဆောင်းနေလောက်ပြီ… ပြီးတော့ မင်းရဲ့ ဦးလေးကလည်း မင်းကို မထိန်းချုပ်နိုင်တော့ဘူးဆိုတော့ မင်းကို သတ်ဖို့ ကြံစည်နေလောက်ပြီ…"

ဤသည်မှာ အက်ဒွပ်၏ စရိုက်နှင့် ကိုက်ညီနေသဖြင့် အဲလစ်ဇဘက် လုံးဝ အံ့အားမသင့်ခဲ့ချေ။

"အဲဒါက သူ့စရိုက်နဲ့ ကိုက်ညီပါတယ်…"

သူမက ချန်ဖုန်းအား ပြုံးပြကာ ပြောဆိုလိုက်၏။

"ဒါကြောင့် နင့်ကို ဒီခေါ်လာရတဲ့ အကြောင်းရင်းက တော်ဝင်မိသားစုဆီကနေ လွတ်မြောက်ဖို့ ဒီအခွင့်အရေးကို အသုံးချချင်လို့ပါ… အဲဒီလိုမှ မဟုတ်ရင် သူက ငါ့ကို အနှေးနဲ့အမြန် သတ်ပစ်လိမ့်မယ်…"

"ဒီကာလအတွင်းမှာ ငါလည်း ကျွမ်းကျင်သူ အများကြီးကို စုဆောင်းထားပြီးပြီ… ဧကရာဇ်အဆင့် နှစ်ယောက်ရှိပြီး ကျန်တဲ့သူတွေက ပင်မနတ်ဘုရားအဆင့် တွေချည်းပဲ… ကောင်းကင်ဘုရင်အဆင့် တွေလည်း အများကြီး ရှိသေးတယ်…"

"နင့်ရဲ့ အဇူရာနန်းတော် က လူတွေပါ ပေါင်းလိုက်ရင် ငါ့ဦးလေးကို ရင်ဆိုင်နိုင်လောက်ပြီ… သူကလည်း ငါ့ကို သေစေချင်သေလို ငါကလည်း သူ့ကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး…"

ချန်ဖုန်းက ခေါင်းခါကာ ပြောလိုက်သည်။

"တော်ဝင်မိသားစုရဲ့ အာဏာလုပွဲတွေက ဒီလိုမျိုးလား…"

အက်ဒွပ် သေဆုံးမှသာ အဲလစ်ဇဘက်အနေဖြင့် မဟာလင်းယုန်နိုင်ငံ ကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။ ထိုသို့ဖြစ်မှသာ သူမလည်း ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။

အဲလစ်ဇဘက်က ပြောလိုက်သည်။

"ဒါက တန်တဲ့ အပေးအယူ မဟုတ်ဘူးလား… ဒီကိစ္စကို ကူညီပေးပါ…မဟာလင်းယုန်နိုင်ငံ ရဲ့ ဧကရီဘုရင်မက နင့်ကို ဘာတာဝန်မှ ယူစရာမလိုဘဲ သူမကိုယ်သူမ အလကား ပေးမှာနော်… တကယ်ကို တန်တဲ့ အပေးအယူပဲ…"

အဲလစ်ဇဘက်သည် သူမ၏ မေးစေ့ကို လက်ပေါ်တင်ကာ အနီးသို့ တိုးကပ်လာခဲ့၏။ သူမ၏ အသက်ရှူငွေ့များက သူ၏ နားထဲတွင် သစ်ခွပန်းအလား မွှေးပျံ့နေပေသည်။

အဲလစ်ဇဘက်သည် ရင်ဟိုက် ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားပြီးသားဖြစ်ရာ သူမ၏ ပြည့်ဖြိုးသော ကောက်ကြောင်းများကို ချက်ချင်း မြင်တွေ့စေခဲ့ပြီး သူမ၏ ထူးခြားသော ရနံ့များကလည်း ပတ်ဝန်းကျင်တွင် လွင့်ပျံနေခဲ့လေသည်။

ချန်ဖုန်းသည် နှုတ်ခမ်းတွန့်ကွေးခြင်းကို မတားဆီးနိုင်ခဲ့ချေ။ သူက သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ကာ အနီးသို့ ဆွဲယူလိုက်၏။

"အာ…"

အဲလစ်ဇဘက်က အလန့်တကြား အော်လိုက်သည်။

"ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာမစမ်းသပ်နဲ့… တကယ်လို့ မီးလောင်သွားရင် မင်းကိုယ်တိုင် ငြှိမ်းသတ်ရမှာနော်…"

"ဖွီး…"

အဲလစ်ဇဘက်က အလျင်အမြန် ရုန်းထွက်လိုက်၏။ ခေါင်းငုံ့ထားပြီး သူမ၏ မျက်နှာမှာလည်း အလွန်အမင်း နီရဲနေခဲ့ပေသည်။

သူမက စကားလမ်းကြောင်း အလျင်အမြန် ပြောင်းလိုက်သည်။

"ရှေ့လာမယ့် ရက်အနည်းငယ်အတွင်း နင်နဲ့ အတူနေမယ်… ငါ့လူတွေကိုလည်း ဒီကို ရွှေ့ပြောင်းထားပြီးပြီဆိုတော့ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်လာရင် အချင်းချင်း စောင့်ရှောက်လို့ ရတာပေါ့…"

All Chapters