အခန်း ၄၀၃
Vol. 41 Ch. 403
အခန်း (၄၀၃) ကြီးမားသော တိုက်ပွဲ စတင်ခြင်း
ချန်ဖုန်းက ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြောလိုက်၏။
"မမျှော်လင့်ထားတဲ့ အခြေအနေမှလား…"
"အက်ဒွပ်ရဲ့ စရိုက်အရဆိုရင် သူက မင်းကို ပြင်ဆင်ဖို့ အချိန်ပို လုံးဝ ပေးမှာမဟုတ်ဘူး… မင်းတို့နှစ်ယောက်က ပြတ်စဲသွားပြီလေ…"
"ဒါက မင်းပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေကို သူ ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ… အဲဒီလိုဆိုမှတော့ သူက မင်းကို အခုချက်ချင်း သတ်ပစ်လိုက်တာ ပိုကောင်းမယ်လေ…"
"သေချာတာပေါ့… သူက ဒါကို ပေါ်တင်ကြီး လုပ်မှာမဟုတ်ဘူး… မည်သို့ပင်ဆိုစေ မင်းက မဟာလင်းယုန်နိုင်ငံ ရဲ့ ဧကရီဘုရင်မလေ… ငါ မမှားဘူးဆိုရင် သူ့ရဲ့ ကျွမ်းကျင်သူတွေက အခုဆို စုဝေးနေလောက်ပြီ…"
အဲလစ်ဇဘက် လန့်သွားလေ၏။
"သူက အခုချက်ချင်း လှုပ်ရှားတော့မလို့လား…"
အဲလစ်ဇဘက်က ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်ပြီး သူမ၏ ထိပ်တန်း ကျွမ်းကျင်သူများကို ရေနံကုမ္ပဏီ သို့ အမြန်ဆုံး စုဝေးခိုင်းလိုက်သည်။
ချန်ဖုန်းဘက်တွင်တော့ အဇူရာနန်းတော် မှ လူများကို ကြိုတင် အသိပေးထားပြီးဖြစ်ရာ လူတိုင်းက အလွန် သတိထားနေကြပြီး မည်သည့်တိုက်ခိုက်မှုကိုမဆို အချိန်မရွေး တုံ့ပြန်ရန် အသင့်ရှိနေကြပေ၏။
ယခင် ရွိုင်ရယ်ဟိုတယ် တွင် အက်ဒွပ်ကို ကျွမ်းကျင်သူများက ကာကွယ်ပေးထားမည် ဖြစ်သဖြင့် ချန်ဖုန်းသည် လှုပ်ရှားရန် အလျင်မလိုခဲ့ချေ။ တစ်စိတ်တစ်ပိုင်းအားဖြင့် သူက အပြစ်မဲ့ပြည်သူများကို မထိခိုက်စေလိုသောကြောင့် ဖြစ်ပေသည်။
အက်ဒွပ်နှင့် သူ၏ အင်အားစုတစ်ခုလုံးကို လုံးလုံးလျားလျား ဖယ်ရှားပစ်မှသာ အဲလစ်ဇဘက်သည် ဘုရင်မအဖြစ် ထီးနန်းကို လုံခြုံစွာ တက်ရောက်နိုင်မည် ဖြစ်၏။
နာရီဝက်အကြာတွင် ချန်ဖုန်းနှင့် အဲလစ်ဇဘက်တို့သည် ရေနံကုမ္ပဏီ သို့ ရောက်ရှိလာကြသည်။
ကွင်းပြင်ကျယ်တစ်ခုထဲတွင် အဇူရာနန်းတော် အဖွဲ့ဝင် ၃၀၀၀ ကျော် စုဝေးနေကြပေ၏။
၎င်းတို့အထဲတွင် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ခြောက်ဦး ပါဝင်ပြီး ယခင် ကြီးမားသော တိုက်ပွဲအပြီးတွင် ဧကရာဇ်အဆင့် သို့ တက်လှမ်းသွားပြီဖြစ်သော အကြီးအကဲ သုံးဦးလည်း ပါဝင်လေသည်။
ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ရာနှင့်ချီ၍လည်း ကျန်ရှိနေသေးပေသည်။
အဲလစ်ဇဘက်၏ လူများလည်း ဤနေရာသို့ ရောက်ရှိလာကြပြီ ဖြစ်၏။ ဧကရာဇ် နှစ်ဦးနှင့် ပင်မနတ်ဘုရား ငါးဦး ပါဝင်လေသည်။ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဒါဇင်နှင့်ချီ၍လည်း ကျန်ရှိနေသေးသည်။
တကယ်တမ်းတွင် အဇူရာနန်းတော် ၌ ဧကရာဇ်အဆင့် ကဲ့သို့သော အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားများ ပိုမိုရှိခဲ့ဖူးသော်လည်း ယခင်က တစ်စုတစ်ဖွဲ့ သေဆုံးသွားခဲ့သဖြင့် အလုံးစုံ တိုက်ခိုက်ရေးစွမ်းအားကို ကျဆင်းသွားစေခဲ့ခြင်း ဖြစ်ပေ၏။
ချန်ဖုန်းက ခန့်မှန်းကြည့်ဖူးသည်။ ဖခင်ဖြစ်သူက လွတ်မြောက်ရန်အတွက် သေချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်ရာ ယခင်က သေဆုံးသွားခဲ့သော အဆင့်မြင့် တိုက်ခိုက်ရေးသမား တစ်စုသည်လည်း လွတ်မြောက်ရန်အတွက် သေချင်ယောင်ဆောင်ခဲ့ခြင်းများ ဖြစ်နိုင်မည်လား။
အကယ်၍ ထိုသို့သာဆိုလျှင် ယခုအခါ ထိုလူစုသည် မည်သည့် စွမ်းရည်အဆင့်အထိ ရောက်ရှိနေပြီနည်း။
ယန်ရီက အလျင်အမြန် ပြောဆိုလိုက်၏။
"သခင်လေး… အပြင်ဘက်မှာ တစ်ယောက်ယောက်က တွေ့ချင်နေပါတယ်…"
“ဘယ်သူလဲ…”ချန်ဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
မဟာလင်းယုန်နိုင်ငံ တွင် သူ အဲလစ်ဇဘက်ကိုသာ သိပြီး အခြားမည်သူ့ကိုမျှ သိပုံမပေါ်ချေ။
"သူတို့ကို အရင် ခေါ်လာခဲ့…"
မကြာမီမှာပင် ယန်ရီက လူတစ်ယောက်ကို ခေါ်လာခဲ့၏။
မိန်ကလေးတစ်ဦးပင်။ အလွန် လှပသော မိန်းကလေးတစ်ဦး ဖြစ်လေသည်။
ထို မိန်းကလေးကို မြင်သောအခါ ချန်ဖုန်း အနည်းငယ် မှင်တက်သွား၏။
"မင်းလား…"
သူက ဤလူကို သိရုံသာမက သူမ၏ ခန္ဓာကိုယ်ကိုပင် မြင်ဖူးခဲ့လေသည်။
ဝမ်ဖေးက ဖျော့တော့စွာ ပြုံးလိုက်သည်။
"မစ္စတာချန် က တကယ်တော့ အဇူရာနန်းတော်သခင် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး ဒါက အရမ်း အံ့သြစရာကောင်းတာပဲ…"
မှန်ပေသည်။ သူမသည် ကျန်းနန်အချမ်းသာဆုံးသူဌေး ဝမ်ကျင်း ၏ သမီး ဖြစ်လေ၏။
ချန်ဖုန်းသည် ယခင်က သူမ၏ ရောဂါကိုပင် ကုသပေးခဲ့ဖူးပေသည်။
ချန်ဖုန်းက မျက်လုံးကို မှေးကာ တစ်ဝက်တစ်ပျက် ပြုံးလျက် ပြောဆိုလိုက်၏။
"မစ်ဝမ်ရဲ့ ကျောက အမာရွတ်ကို ပထမဆုံး မြင်လိုက်ရကတည်းက မင်းက သာမန်လူ မဟုတ်ဘူးဆိုတာ ငါ ခန့်မှန်းမိပြီးသားပါ…"
ယခုကြည့်ရသည်မှာ အမှန်တကယ်ပင် မှန်ကန်နေခဲ့လေပြီ။
"မစ်ဝမ် က ငါ့ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲဆိုတာ ပြောပါဦး…"
အနီးတွင် ရပ်နေသော အဲလစ်ဇဘက်က ရုတ်တရက် ပြောဆိုလိုက်သည်။
"ဝိညာဉ်အဖွဲ့အစည်း ရဲ့ ခေါင်းဆောင်မှာ တစ်ခါမှ လူလုံးမထွက်ဖူးတဲ့ တပည့်တစ်ယောက် ရှိတယ်လို့ ငါ ကြားဖူးတယ်… အမျိုးသမီးတစ်ဦးလို့ပဲ ကြားဖူးတာ… မစ်ဝမ် များ ဖြစ်နေမလား…"
ဝမ်ဖေးက သက်ပြင်းချကာ ပြောဆိုလိုက်၏။
"မှန်ပါတယ်…ငါက ဒီမှာ ငယ်ငယ်ကတည်းက ကျောင်းတက်နေတာ… ဆရာနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက သူမက ငါ့ကို စောင့်ရှောက်ပေးခဲ့တာ…"
"ဒီနှစ်တွေအတွင်းမှာ ဘုရင်မက အဲလစ် ဆိုတဲ့ နာမည်ဝှက်ကို သုံးပြီး ဝိညာဉ်အဖွဲ့အစည်း ထဲ ဝင်ခဲ့တယ်လို့ ငါ ကြားဖူးတယ်… မူလက ငါ့ဆရာက အဲဒါကို အမြဲတမ်း မျက်ကွယ်ပြုထားခဲ့ပေမယ့်…"
"ဧကရီတစ်ယောက်အနေနဲ့ အဖွဲ့အစည်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေကို ဝိညာဉ်အဖွဲ့အစည်း ကနေ ထွက်လာဖို့ တိတ်တဆိတ် စည်းရုံးတာက နည်းနည်း ကျင့်ဝတ်နဲ့ မညီဘူး မဟုတ်ဘူးလား…"
"နင်က စာရင်းရှင်းဖို့ လာတာလား…"
ဤကောင်မလေးက သူမ၏ တံခါးဝသို့ ရောက်လာလိမ့်မည်ဟု အဲလစ်ဇဘက် ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။ တစ်ဖက်လူ၏ မိဘများက ချန်ဖုန်းနှင့် သိနေလေသည်။ အကယ်၍ တိုက်ပွဲဖြစ်ပွားခဲ့ပါက ကောင်းမည် မဟုတ်ချေ။
ဝမ်ဖေးက ဖျော့တော့စွာ ပြုံးလိုက်သည်။
"အတင်းအကျပ် လုပ်တဲ့ ပတ်သက်မှုတွေက ဘယ်တော့မှ မချိုမြိန်ပါဘူး… သူတို့က ဘုရင်မကို သစ္စာခံဖို့ ဆန္ဒရှိနေမှတော့ ငါလည်း ထပ်ပြောစရာ မရှိတော့ပါဘူး…"
တကယ်တော့ သူမလည်း နက်နက်ရှိုင်းရှိုင်း တုန်လှုပ်နေခဲ့၏။ လွန်ခဲ့သော နှစ်ရက်က သူမ နိုးလာပြီးနောက် သူမကို ကယ်တင်ခဲ့သူမှာ ချန်ဖုန်းဖြစ်ကြောင်း မိဘများက ပြောပြခဲ့ကြသည်။
၎င်းတို့က ချန်ဖုန်း၏ ဓာတ်ပုံကိုပင် တစ်ယောက်ယောက်အား ရှာဖွေခိုင်းခဲ့ကြ၏။ ထို့ကြောင့်သာ သူမက ချန်ဖုန်းကို မှတ်မိခြင်းနေပင်။ ထို့အပြင် တစ်ဖက်လူ၏ အခြားအမှတ်အသားမှာ အဇူရာနန်းတော်သခင် ဖြစ်နေလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
"ငါ ဒီကိုလာတာ တခြား ရည်ရွယ်ချက်တစ်ခုအတွက်ပါ… လက်ရှိ ဝိညာဉ်အဖွဲ့အစည်း က အဇူရာနန်းတော်သခင် နဲ့ ဧကရီကို ရင်ဆိုင်ဖို့ မဟာလင်းယုန်နိုင်ငံ က အက်ဒွပ်နဲ့ ပူးပေါင်းနေတယ်…"
"ဒါပေမဲ့ ဒါက ငါ့ဆရာရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး… ငါ့ဆရာက ဂူကျိန်စာ အဆိပ်မိနေတာ… အခု ဝိညာဉ်အဖွဲ့အစည်း တစ်ခုလုံးကို အဖြူအမည်းညီနောင် က ထိန်းချုပ်ထားတယ်…"
အဲလစ်ဇဘက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။
"ဘာ…"
အဖြူအမည်းညီနောင် သည် ဝိညာဉ်အဖွဲ့အစည်း တွင် ခေါင်းဆောင်ပြီးလျှင် ဒုတိယနေရာ၌ ရှိသော်လည်း ၎င်းတို့က ဝိညာဉ်အဖွဲ့အစည်း ကို မမျှော်လင့်ဘဲ ထိန်းချုပ်လိုက်သည်တဲ့လား။
ဝမ်ဖေးက သက်ပြင်းချလိုက်သည်။
"ငါ့ဆရာကို ကယ်တင်ချင်လို့ နိုးနိုးချင်းပဲ ဒီကို အပြေးအလွှား လာခဲ့တာ… ငါက အဖြူအမည်းညီနောင် ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… နင်တို့ရဲ့ အကူအညီကို တောင်းခံဖို့ ဒီကို လာခဲ့တာပါ… ငါတို့မှာ တူညီတဲ့ ရန်သူရှိနေမှတော့ ငါလည်း ပူးပေါင်းချင်ပါတယ်…"
ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"မစ်ဝမ်… ငါတို့က မင်းရဲ့ လုံခြုံရေးကို အာမမခံနိုင်ဘူးနော်…"
ဝမ်ဖေးက မောက်မာသော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"ငါ့ကို ကာကွယ်ပေးဖို့ ဘယ်သူ့ကိုမှ မလိုအပ်ပါဘူး… ငါကိုယ်တိုင် ရန်သူကို သတ်နိုင်တယ်…"
"ငါ့ရဲ့ ခွန်အားက စစ်ဘက်ဆိုင်ရာဌာန ရဲ့ စစ်သေနာပတိလောက် မကောင်းပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်နိုင်ပါတယ်…"
"ဒါ့အပြင် နင်တို့မှာ လူအင်အား အများကြီး ရှိပေမဲ့ အက်ဒွပ်ကို ရင်ဆိုင်ဖို့ အဲဒါက လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်…"
"သူ့မှာ ဝိညာဉ်အဖွဲ့အစည်း ရဲ့ အကူအညီ ရှိရုံသာမကဘဲ မဟာလင်းယုန်နိုင်ငံ ရဲ့ နေရာအနှံ့က ကျွမ်းကျင်သူတွေကိုလည်း စုဆောင်းထားပြီး ပြင်ပကမ္ဘာက အဖွဲ့အစည်းဖြစ်တဲ့ တီရှား အဖွဲ့အစည်း (မြေကမ္ဘာမိစ္ဆာများ) တောင် သူ့ဘက်မှာ ပူးပေါင်းနေပြီ…"
ဤအချိန်၌ ချန်ဖုန်း၏ မျက်နှာအမူအရာလည်း လေးနက်သွားပေ၏။ ‘တီရှား အဖွဲ့အစည်း…’
၎င်းသည် ပြင်ပအင်အားစုများအကြားတွင် အဇူရာနန်းတော် ထက်ပင် အဆင့်တစ်ဆင့် ပိုမြင့်နေသေးသည်။
တီရှား အဖွဲ့အစည်း နှင့် အက်ဒွပ်တို့အကြား မည်သို့သော အပေးအယူများ ရှိနေသည်ကို သူ မသိသော်လည်း ၎င်းက အဇူရာနန်းတော် အတွက် သေချာပေါက် သတင်းကောင်း မဟုတ်ချေ။
ချန်ဖုန်းက ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ… ပြီးတော့ ငါက ဆေးပညာကို သိပေမဲ့ မင်းဆရာ ကိုယ်ထဲက အဆိပ်ကိုတော့ မကုသပေးနိုင်ဘူး… ဒီအတွက် ငါ့ကို မျှော်လင့်မနေနဲ့…"
ဝမ်ဖေးက မျက်တောင်ခတ်လိုက်၏။
"ငါ နည်းလမ်းရှာတွေ့ထားပါတယ်…"
မည်သို့ပင်ဆိုစေ သူမသည် ဆရာဖြစ်သူနှင့်အတူ မြေအောက်လောကတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ကိုယ်ပိုင် အဆက်အသွယ်များ ရှိနေပေသည်။
ထိုအခိုက်တွင် ချန်ဖုန်း၏ အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ အရိုင်းအစိုင်းအလား မြင့်တက်လာခဲ့၏။
"အဲဒီလိုဆိုမှတော့ အားလုံးပဲ အခုချက်ချင်း ထွက်ခွာကြရအောင်…"
ထိုတိုက်ခိုက်လိုစိတ်က ထိုနေရာရှိ အဇူရာနန်းတော်မှ လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့သည်။ နယ်စပ်တွင် ရန်သူများကို တိုက်ခိုက်ခဲ့သော မြင်ကွင်းကို ပြန်လည်မြင်တွေ့လိုက်ရသည့်အလားပင်။
အဇူရာနန်းတော်သခင် ချန်ဖုန်း
ပြန်လည်ရောက်ရှိလာပြီးကတည်းက ၎င်းတို့သည် ချန်ဖုန်းနောက်သို့ လိုက်ကာ တိုက်ပွဲဝင်ခဲ့ကြပြီး တစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးပုံ မပေါ်ချေ။
၎င်းတို့သည် အဇူရာနန်းတော်သခင် ၏ အမိန့်များကို မေးခွန်းထုတ်ခြင်းမရှိဘဲ လိုက်နာခဲ့ကြပေသည်။
လူတစ်စုသည် ရေနံကုမ္ပဏီ ထဲမှ အပြေးအလွှား ထွက်လာခဲ့ကြ၏။
အက်ဒွပ်က ၎င်းတို့ကို ရင်ဆိုင်ချင်နေကြောင်း သိရှိထားပြီးဖြစ်ရာ ၎င်းတို့သည် လက်ယှက်ကာ အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေမည် မဟုတ်ချေ။ ၎င်းတို့က ဦးဆောင်လှုပ်ရှားရမည် ဖြစ်သည်။
ရေနံကုမ္ပဏီ အပြင်ဘက်တွင် ပုန်းအောင်းနေသူများကိုမူ အဇူရာနန်းတော် မှ လူများက ဖြေရှင်းပြီးဖြစ်လေသည်။
ရေနံကုမ္ပဏီ မှ အလုပ်ထုတ်ခံခဲ့ရသော လူတစ်ဒါဇင်ခန့်သည် ရစ်ချတ် ပျောက်ကွယ်သွားပြီးနောက် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို နောင်တရကာ ကုမ္ပဏီတွင် ဆက်နေခွင့်ရရန် မျှော်လင့်ချက်ဖြင့် သက်ညှာပေးရန် လာရောက်တောင်းဆိုရန် ဆုံးဖြတ်လိုက်ကြ၏။
သို့သော် ၎င်းတို့ အနီးသို့ မရောက်သေးမီမှာပင် လူတစ်စုက ကုမ္ပဏီထဲမှ အပြေးအလွှား ထွက်လာသည်ကို မြင်တွေ့လိုက်ရပြီး ဤလူများတွင် ခြိမ်းခြောက်နိုင်သော အငွေ့အသက်များ ပြည့်နှက်နေပေသည်။
ထိုလူစုအထဲမှ အချို့မှာ ဒုံးပျံများကဲ့သို့သော လက်နက်ကြီးများကိုပင် ကိုင်ဆောင်ထားကြလေသည်။
ဤသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့ အလွန် ထိတ်လန့်သွားသဖြင့် လည်ပင်းကို ကျုံ့ထားလိုက်၏။ မည်သူကမျှ အနီးသို့ မကပ်ရဲကြချေ။
"မြန်မြန်… သွားကြစို့…"
"ဒီလူတွေက ရန်စလို့ရတဲ့ သူတွေ မဟုတ်ဘူး… အဲဒီသူဌေးက သေချာပေါက် လူကြီးတစ်ယောက် ဖြစ်ရမယ်…"
"အသံတိုးတိုးလုပ်ပြီး ဒီကနေ ထွက်သွားကြစမ်းပါ ဟ…"
၎င်းတို့ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် လည်ပင်းတွင် ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်း လဲကျသွားကြတော့၏။
မြေပြင်ပေါ်တွင် လဲကျနေသော လူတစ်ဒါဇင်ခန့်ကို ယန်ရီက တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က လင်းလက်သွားပြီးနောက် သူ့နောက်မှ ပါလာသူများလည်း ထိုနေရာမှ အလျင်အမြန် ပျောက်ကွယ်သွားကြလေသည်။