← Chapters

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း (၄၀၄) ရန်သူကို သတ်ဖြတ်ရန် အစပြုတိုက်ခိုက်ခြင်း

အခြားတစ်ဖက်တွင်။

မိုက်ကယ်နှင့် ဝီလ်တို့သည် ရေနံကုမ္ပဏီသို့ လျင်မြန်စွာ မောင်းနှင်သွားကြလေ၏။

သူ ထွက်ခွာလာချိန်တွင် ကျွမ်းကျင်သူ ထောင်ပေါင်းများစွာမှာ သူ၏ရှေ့၌ ရောက်ရှိနေနှင့်ပြီး ဖြစ်ပေသည်။

ဝီလ်က အားရပါးရ ရယ်မောကာ ပြောလိုက်၏။

"ဦးလေးမိုက်ကယ်... အဖေက ချန်ဖုန်းကို သတ်ဖို့ အစကတည်းက စီစဉ်နေခဲ့တာပဲ... အရင်က ကျွန်တော် နားလည်မှုလွဲပြီး အဖေက သူ့ကို ကြောက်နေတယ်လို့ ထင်ခဲ့တာ..."

"ဝီလ်... ပေါ့ပေါ့ဆဆ မနေနဲ့..."

မိုက်ကယ်က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"ချန်ဖုန်းက ဘာတွေဖြစ်နေလဲဆိုတာကို ရိပ်မိပြီး ကြိုတင်ပြင်ဆင်ထားမှာကို ကြောက်လို့ အရင်က ဘာသတင်းအချက်အလက်ကိုမှ ငါတို့ ထုတ်မပြခဲ့တာ..."

"ဘာကြောက်စရာရှိလို့လဲ... ဒါက မဟာလင်းယုန်နိုင်ငံ အင်ပါယာလေ... အဖေက ဒီမှာ ဘုရင်ပဲ... သူသေစေချင်တဲ့သူ ဘယ်သူကများ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာလဲ..."

ဝီလ်က လုံးဝ ဂရုမစိုက်ခဲ့ချေ။

"ကျွန်တော့်အမြင်တော့ အဲဒီကောင်ကို ရွိုင်ရယ်ဟိုတယ်မှာကတည်းက အပြတ်ရှင်းခဲ့သင့်တာ... သူက ကျွန်တော့်ကိုတောင် လက်ပါရဲသေးတယ်..."

မိုက်ကယ်က သူ့ကို ထူးဆန်းစွာ ကြည့်ကာ မေးလိုက်၏။

"အဲဒါက သေချာပေါက် အလုပ်ဖြစ်မှာ မဟုတ်ဘူး... ချန်ဖုန်းက ဘယ်သူလဲဆိုတာ မင်း သိလို့လား..."

"သူက ရေနံကုမ္ပဏီရဲ့ ပိုင်ရှင်အသစ် မဟုတ်ဘူးလား... သူ ဘယ်အချိန်ကတည်းက အဲလစ်ဇဘက်နဲ့ ပတ်သက်နေခဲ့တာလဲဆိုတာ ကျွန်တော် သိချင်နေတာ..."

“ချီးပဲ... အဲလစ်ဇဘက်လို အလှလေးက

ကျွန်တော့်ကုတင်ပေါ်မှာ လှဲနေပြီး ကျွန်တော့်ရဲ့ စိတ်ကြိုက်ပြုမူတာကို ခံရမှာ... အဲဒီမိန်းမကို ဖမ်းမိရင် ချက်ချင်း မသတ်သေးနဲ့ဦး... ကျွန်တော် အရင် ပျော်ပါးလိုက်ဦးမယ်... ဘုရင်မတဲ့လား... ဘယ်သူက သူနဲ့ မနီးစပ်ချင်ဘဲ နေမှာလဲ…”

ဝီလ်မှာ စကားပြောရင်း ပိုပို၍ စိတ်လှုပ်ရှားလာခဲ့ပေ၏။ ထိုမြင်ကွင်းကိုပင် သူ မြင်ယောင်နေမိလေသည်။

"ဒါနဲ့ ချန်ဖုန်းရဲ့ အမှတ်အသားက ဘာလို့ ဦးလေး ပြောခဲ့တာလဲ..."

"ဘာမှမဟုတ်ပါဘူး..."

မိုက်ကယ်က ခေါင်းခါကာ ပြောလိုက်သည်။

"အရေးမကြီးတော့ပါဘူး... ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ သူ သေရတော့မှာပဲ..."

သူ စေလွှတ်လိုက်သော ကျွမ်းကျင်သူများထဲတွင်...

ဝိညာဉ်အဖွဲ့အစည်းနှင့် တီရှား အဖွဲ့အစည်းမှ အဖွဲ့ဝင်များသာမက အခြား အင်အားစုအသီးသီးမှ စုဆောင်းထားသော ကျွမ်းကျင်သူများပါ ပါဝင်ပြီး စစ်ဘက်ဆိုင်ရာမှ ကျွမ်းကျင်သူအချို့ပင် တိတ်တဆိတ် ပါဝင်နေခဲ့ပေ၏။

တပ်ဖွဲ့များကို ပေါ်ပေါ်ထင်ထင် စေလွှတ်ရန်မှာ မသင့်တော်ချေ။

သို့သော် တိတ်တဆိတ် အသုံးပြု၍ ရနိုင်ပေသည်။ ထို့အပြင် သူတို့က ဟွာရှစစ်ဘက်ဆိုင်ရာဌာနကို မဟုတ်ဘဲ အဇူရာနန်းတော်မှ လူများကို သတ်ဖြတ်မည် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အချက်အလက်များကို လိမ်လည်လှည့်စားရန် သူတို့ ကြိုးစားခဲ့သည်မှာ ပထမဆုံးအကြိမ် သို့မဟုတ် ဒုတိယအကြိမ် မဟုတ်တော့ချေ။

"မှန်တာပေါ့... ဒီတစ်ကြိမ်တော့ သူ သေရတော့မှာပဲ..."

ဝီလ်က ပြောရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြန်သည်။

"ရေနံကုမ္ပဏီ အပြင်ဘက်မှာ ပုန်းနေတဲ့ လူတွေကို ကျွန်တော် ခုလေးတင် ဖုန်းဆက်လိုက်ပေမဲ့ ဘယ်သူမှ မကိုင်ဘူး... သူတို့ တစ်ခုခုများ ဖြစ်သွားလို့လား..."

"အမှားအယွင်း ရှိတာက ပုံမှန်ပါပဲ..."

မိုက်ကယ်က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"ချန်ဖုန်းဘက်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်လေ... အနှေးနဲ့အမြန် သူတို့ ရှာတွေ့သွားမှာပဲ... အဲဒီလူတွေ သေသွားလည်း ကိစ္စမရှိပါဘူး... ငါတို့ သူတို့ကို မလိုအပ်တော့ဘူး..."

"ဒါလည်း ဟုတ်တာပဲ..."

ဝီလ်က သိပ်အရေးမကြီးဟု သဘောထားကာ မျက်လုံးများပိတ်၍ အနားယူနေလိုက်တော့သည်။

၎င်းတို့၏ ရှေ့တွင်။

ကျွမ်းကျင်သူ ထောင်ပေါင်းများစွာသည် ရေနံကုမ္ပဏီသို့ ပြေးလွှားသွားကြလေ၏။

ရေနံကုမ္ပဏီသည် ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး လမ်းဘေးတွင် လူသူကင်းမဲ့နေသဖြင့် တိုက်ပွဲဆင်နွှဲရန် အလွန် သင့်တော်သော နေရာတစ်ခု ဖြစ်ပေသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ ဝိညာဉ်အဖွဲ့အစည်းမှ အဖြူအမည်းညီနောင်ပင် ဖြစ်၏။

၎င်းတို့နှစ်ဦးစလုံးမှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။

ထို့အပြင် ၎င်းတို့မှာ ထိပ်တန်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူများထဲတွင် ပါဝင်လေ၏။

တစ်ဦးက အနက်ရောင် ဝတ်ဆင်ထားပြီး အခြားတစ်ဦးက အဖြူရောင် ဝတ်ဆင်ထားသဖြင့် ၎င်းတို့ကို အလွယ်တကူ ခွဲခြားနိုင်ပေသည်။

၎င်းတို့နှစ်ဦး၏ ဘေးတွင်မူ

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ခြောက်ဦးနီးပါးပင် ရှိနေခဲ့ချေသည်။

၎င်းတို့အနက် အချို့မှာ စစ်တပ်မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အချို့မှာ တီရှား အဖွဲ့အစည်းမှ ဖြစ်ပေ၏။

စုစုပေါင်း ဧကရာဇ်အဆင့် ရှစ်ဦး ရှိလေသည်။

ပင်မနတ်ဘုရားအဆင့် ရှိသူများလည်း အတော်လေး များပြားပေသည်။

"နေဦး..."

ထိုအချိန်၌ အဖြူအမည်းညီနောင် သည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အဝေးမှ ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွား၏။

ထို့နောက် ချက်ချင်းပင်

သူတို့၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

"ဒုက္ခပဲ... လမ်းဖယ်ကြ..."

ထိုအချိန်မှာပင်…ဒုံးကျည်တစ်စင်း ရုတ်တရက် ပျံသန်းလာပြီး လူအုပ်ထဲတွင် ပေါက်ကွဲသွားလေ၏။

“ဘုန်း…”

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး တိတ်ဆိတ်မှုများ ချက်ချင်းပင် ပျက်စီးသွားရတော့၏။

အများစုမှာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြပြီး အသံကြားသည်နှင့် တစ်ပြိုင်နက် အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွားကြပေသည်။

လူအနည်းငယ်ကမူ ဘာတွေဖြစ်နေမှန်း မသိလိုက်ကြချေ။

အပိုင်းပိုင်းအစစ ပေါက်ကွဲလွင့်စင်သွားကြတော့၏။

"ချုံခိုတိုက်ခိုက်ခံရပြီ... ရန်သူတွေကို သတ်... အကုန်လုံးကို သတ်ပစ်ကြ..."

၎င်းတို့သည် မူလက အဇူရာနန်းတော် သတိမထားမိချိန်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့သော်လည်း တစ်ဖက်လူက ဤမျှ မြန်ဆန်စွာ တုံ့ပြန်နိုင်ပြီး ကြိုတင်ပြင်ဆင်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

"ကျစ်... သတင်းအချက်အလက်တွေ မှားနေတယ်..."

"အဲဒီ ငတုံး မိုက်ကယ်..."

အဖြူအမည်းညီနောင်မှာ အလွန် ဒေါသထွက်နေခဲ့ပေ၏။

ဆက်လက်၍ တွေးတောနေရန် အချိန်မရှိတော့သဖြင့် ၎င်းတို့သည် ရှေ့သို့ လျင်မြန်စွာ ပြေးဝင်သွားကြလေသည်။

ဤအချိန်၌...အဇူရာနန်းတော်မှ လူများသည် အရပ်မျက်နှာ အသီးသီးမှ ပြေးဝင်လာကြပေသည်။

၎င်းတို့က ပစ်ခတ်မှုများဖြင့် တိုက်ရိုက် ဖိနှိပ်လိုက်ကြ၏။

ဤကဲ့သို့သော အဖွဲ့လိုက်တိုက်ပွဲများတွင် လက်နက်ကြီးများသည် ကျွမ်းကျင်သူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု မဖြစ်နိုင်သော်လည်း ကောင်းကင်ဘုရင်အဆင့်အောက် ရှိသူများကိုမူ အတိုင်းအတာတစ်ခုအထိ ဒဏ်ရာရစေနိုင်ဆဲ ဖြစ်ပေသည်။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ပြင်းထန်သော ပစ်ခတ်မှုများအောက်တွင် ၎င်းတို့၏ စွမ်းရည်များကို အပြည့်အဝ အသုံးပြုရန် ခက်ခဲပေလိမ့်မည်။

"တကယ် အံ့သြဖို့ကောင်းတဲ့ အဇူရာနန်းတော်ပဲ..."

ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ မျက်လုံးများတွင် အလွန် အေးစက်သော အကြည့်များ ရှိနေခဲ့၏။

သူသည် မဟာလင်းယုန်နိုင်ငံ၏ စစ်တပ်မှ ပြောင်းရွှေ့လာခြင်း ဖြစ်ပေသည်။

သူသည် ပြီးခဲ့သော နယ်စပ်တိုက်ပွဲတွင် မပါဝင်ခဲ့သော်လည်း စစ်မြေပြင်မှ ပြန်လည်ပို့ဆောင်လာသော ဗီဒီယိုများကို သူ မြင်တွေ့ခဲ့ရသည်။

ထိုအချိန်က သူ လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့ရ၏။

ယခုအခါ သူ၏ဘက်တွင် အဇူရာနန်းတော်ထက် ပိုမို အစွမ်းထက်သော စစ်သည်များ ရှိနေသော်လည်း သူ အနည်းငယ်မျှပင် မပေါ့ဆရဲသေးချေ။

အဘယ်ကြောင့်ဆိုသော်

အဇူရာနန်းတော်သခင်ကို မတွေ့ရသေးသောကြောင့်ပင်။

အဇူရာနန်းတော်၏ အကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ပင်မနတ်ဘုရားဆယ်ပါး မဟုတ်သလို ယခုအခါ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်လာကြပြီဖြစ်သော အကြီးအကဲသုံးဦးလည်း မဟုတ်ချေ။

အမှန်တကယ် အကြောက်ရဆုံးမှာ ခန့်မှန်း၍မရနိုင်လောက်အောင် အစွမ်းထက်သော အဇူရာနန်းတော်သခင်ပင် ဖြစ်ပေသည်။

"အဟက်… မဟာလင်းယုန်နိုင်ငံပဲ... သူတို့က ငါတို့ အဇူရာနန်းတော်ကို တကယ် ဖျက်ဆီးချင်နေပုံရတယ်..."

အကြီးအကဲသုံးဦးသည် ရုတ်တရက် ပြေးထွက်လာကြလေ၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ချန်လှပ်ထားခြင်းမရှိဘဲ ထုတ်လွှတ်လိုက်ရာ တစ်ဖက်ရှိ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးကို ချက်ချင်းပင် ရစ်ပတ်သွားတော့သည်။

ဤအခိုက်အတန့်၌...၎င်းတို့သည် နယ်စပ်စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပေသည်။

သေနတ်သံများ၊ ဒုံးကျည်ပစ်လောင်ချာသံများနှင့် နေရာအနှံ့မှ တိုက်ခိုက်သံများကြားတွင် လူများမှာ အဆက်မပြတ် ဒဏ်ရာရရှိနေကြလေ၏။

အံ့သြစရာကောင်းသည်မှာ

ဤနေရာသည် ဆင်ခြေဖုံးရပ်ကွက် ဖြစ်သော်လည်း လူထောင်ပေါင်းများစွာ ပါဝင်သော ဤတိုက်ပွဲသည် မဟာလင်းယုန်နိုင်ငံ တရားဝင် စစ်တပ်ကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ချေ။

ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားခဲ့ကြောင်း ရှင်းလင်းနေပေသည်။

ယခုအချိန်တွင် မြေပြင်ပေါ်ရှိ မြေကြီးများမှာ သွေးများဖြင့် နီရဲနေခဲ့လေပြီ။

ဘုန်း…

ပင်မနတ်ဘုရား ယန်ရိနှင့် ယိုဟွန်းကလည်း တိုက်ပွဲသို့ ဝင်ရောက်လာကြ၏။

သူတို့သည် အသက်များကို ရိတ်သိမ်းသည့် စက်ရုပ်များအလား ဖြစ်နေကြပေ၏။ သူတို့၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူတို့ကို ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများအကြား ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်စေခဲ့သည်။

အဲလစ်ဇဘက် ပင်လျှင် တိုက်ပွဲသို့ ဝင်ရောက်လာခဲ့လေပြီ။

လက်ရှိတွင် သူမက အဝတ်အစားများ လဲလှယ်ထားပြီး ဖြစ်၏။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် အဲလစ်ဇဘက်သည် သေချာပေါက် ရုပ်လှရုံသက်သက် မဟုတ်ချေ။ သူမ၏ အကြည့်နှင့် အပြုံးတိုင်းတွင် အစွမ်းထက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေပေသည်။

"ဟွန့်... မဟာလင်းယုန်နိုင်ငံရဲ့ ဘုရင်မက ဒီလောက် စွမ်းရည်ရှိမယ်လို့ ငါတို့ မထင်ထားခဲ့ဘူး..."

အဖြူအမည်းညီနောင်က အဲလစ်ဇဘက်အား တိုက်ရိုက် တိုက်ခိုက်လိုက်လေ၏။

ဝိညာဉ်အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အင်အားနှင့် အဆင့်အတန်းမှာ ခေါင်းဆောင်ပြီးလျှင် ဒုတိယလိုက်ပေသည်။

သူတို့နှစ်ဦးကိုထား... သူတို့ထဲမှ တစ်ဦးတည်းနှင့်ပင် အဲလစ်ဇဘက် ကိုင်တွယ်နိုင်မည့်သူ မဟုတ်ချေ။

လှုပ်ရှားမှု အနည်းငယ်အကြာတွင်...

အဲလစ်ဇဘက်သည် အရေးနိမ့်နေသည့် အရိပ်အယောင်များ အမှန်တကယ် ပေါ်လာခဲ့ပေသည်။

ထိုစဉ်မှာပင် လှပသော ပုံရိပ်တစ်ခုက ရုတ်တရက် လျှပ်တစ်ပြက် ဝင်ရောက်လာပြီး အေးစက်သော ဓားမြှောင်တစ်လက်က အဖြူအမည်းညီနောက် နှစ်ယောက်ထဲက တစ်ယောက်၏ ရင်ဘတ်ကို ပစ်သွင်းလိုက်လေ၏။ အကယ်၍ တစ်ဖက်လူသာ လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါက ဤတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်ပေသည်။

"မိန်းကလေးဝမ်..."

အဲလစ်ဇဘက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

မှန်ပေသည် တစ်ဖက်လူက ဝမ်ဖေး ပင်။

"မင်းပဲ..."

အဖြူအမည်းညီနောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။

၎င်းတို့သည် ဝမ်ဖေးကို သိရှိနေသည်မှာ ရှင်းလင်းနေပေသည်။

"နင်တို့က ငါ့ဆရာကို အဆိပ်သုံးပြီး အန္တရာယ်ပြုခဲ့တယ်... ဒီအကြွေးကို အနှေးနဲ့အမြန် ရှင်းရမှာပဲ..."

ဝမ်ဖေး၏ မျက်နှာတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

"အဲလစ်ဇဘက်... ငါတို့ ပူးပေါင်းပြီး သူတို့ကို သတ်ကြရအောင်..."

"ဟွန့်... မင်းဆရာ လာရင်တောင် ငါနဲ့ ငါ့ညီက နည်းနည်းတော့ သတိထားနေရဦးမယ်... ဒါပေမဲ့ မင်းကတော့ အဲဒီစွမ်းရည်ရှိမယ် မထင်ဘူး..."

အဖြူအမည်းညီနောင်က လုံးဝ ဂရုမစိုက်ခဲ့ချေ။

အဲလစ်ဇဘက်ကို တိုက်ခိုက်နေစဉ်မှာပင် ၎င်းတို့၏ အာရုံသည် အရပ်မျက်နှာ အသီးသီးကို စောင့်ကြည့်ရန် အာရုံစိုက်ထားဆဲ ဖြစ်ပေ၏။

“အဇူရာနန်းတော်သခင် မပေါ်လာသေးဘူးပဲ…”

All Chapters