အခန်း ၄၀၇
Vol. 41 Ch. 407
အခန်း (၄၀၇) ပြတ်သားသော တိုက်ခိုက်မှု... အကျပ်အတည်း
ချဉ်းကပ်လာခြင်း
ဧကရာဇ်အဆင့် ကျွမ်းကျင်သူသည် ချန်ဖုန်းက သူ၏စကားများကြောင့် ခြောက်လှန့်ခံလိုက်ရပြီဟု ထင်မှတ်သွားပြီး
သူ ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်သည်။
အကယ်၍ ဤတိုက်ပွဲ ဆက်ဖြစ်နေပါက သူ ဤကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထို့နောက် သူက ပြောဆိုလိုက်၏။
"အဇူရာနန်းတော်သခင်... ကျွန်တော်တို့ တီရှား အဖွဲ့အစည်း က ခင်ဗျားရဲ့ ရန်သူ မဖြစ်ချင်ပါဘူး... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... ကျွန်တော့်လူတွေကို ခေါ်ပြီး အခုပဲ ထွက်သွားပေးမယ်..."
"ကျွန်တော်တို့ ဒီမှာ တစ်ခါမှ မရှိခဲ့ဖူးဘူးလို့ပဲ သဘောထားလိုက်ပါ..."
"ဒီ မဟာလင်းယုန်နိုင်ငံက လူတွေကို ခင်ဗျား သတ်သတ် လွှတ်လွှတ် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး..."
"မမေ့ပါနဲ့... ကျွန်တော်တို့ရဲ့ တီရှား ခေါင်းဆောင်ကြီးကလည်း လွယ်လွယ်နဲ့ ရန်စလို့ရတဲ့သူ မဟုတ်ဘူးနော်...တကယ်လို့ တိုက်ပွဲဖြစ်ခဲ့ရင် ဘယ်သူမှ အကျိုးအမြတ် ရမှာမဟုတ်ဘူး..."
"ပါးစပ်ပိတ်ထားစမ်း..."
ချန်ဖုန်းသည် သူ့ကို စကားဆုံးသည်အထိ စောင့်မနေခဲ့ချေ။
သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားလေ၏။
ထို့နောက် ပြင်းထန်သော ပါးရိုက်ချက်တစ်ခုက ပြိုင်ဘက်၏ မျက်နှာပေါ်သို့ မည်သည့် သနားညှာတာမှုမျှမပါဘဲ ကျရောက်သွားတော့သည်။
ဤပါးရိုက်ချက်ကို ချန်ဖုန်းက ဒေါသတကြီးဖြင့် ရိုက်ချလိုက်ခြင်းပင်။
ချန်ဖုန်း၏ ပြိုင်ဘက်ကင်းသော စွမ်းအားများကြောင့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူမှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ထိုအစွမ်းထက်သော အင်အားအောက်တွင် သူ၏လည်ပင်းမှာ သုံးပတ်တိတိ လည်ထွက်သွားခဲ့ပေ၏။
နောက်တစ်စက္ကန့်၌ သူ၏ ခေါင်းက တွဲလောင်းကျသွားလေသည်။
ချန်ဖုန်းက ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို ပါးတစ်ချက်ရိုက်ရုံဖြင့် သတ်ဖြတ်လိုက်ခြင်းပင်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံစဖူး မကြားစဖူး ဖြစ်လောက်ပေ၏။
သို့သော် လူတိုင်း၏ မျက်စိရှေ့မှောက်တွင် တကယ်ပင် ဖြစ်ပျက်သွားခဲ့လေပြီ။
“ပါးတစ်ချက်တည်းပဲ...သေသွားပြီ…”
လူအုပ်ကြီးမှာ အကြောက်တရားများဖြင့် ထပ်မံ ပြည့်နှက်သွားကြပြန်တော့၏။
ချန်ဖုန်းက ဟိန်းဟောက်လိုက်သည်။
"သူတို့ကို သတ်..."
"ဒီနေ့ ငါ့ အဇူရာနန်းတော်ကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို ငါ့ရဲ့ လက်စားချေမှုကို ခံဖို့ ပြင်ထားရမယ်ဆိုတာ လူတိုင်းကို သိအောင် လုပ်ပြမယ်..."
"တီရှား အဖွဲ့အစည်း ဆိုရင်ရော ဘာဖြစ်လဲ..."
"ငါ သတ်မယ်... ဘယ်သူက ငါ့ကို တားရဲလဲ... နတ်ဘုရားဖြစ်ဖြစ် ဗုဒ္ဓဖြစ်ဖြစ် အကုန်သတ်ပစ်မယ်..."
စကားတစ်ခွန်းချင်းစီတိုင်းက မိုးကြိုးပစ်ချလိုက်သည့်အလား ဖြစ်နေပေကာ တိမ်တိုက်များကိုပင် ထိုးဖောက်သွားလေသည်။
ထိုအသံသည် လူတိုင်း၏ နားထဲတွင် အချိန်အကြာကြီး ပဲ့တင်ထပ်နေခဲ့ချေ၏။
အဇူရာနန်းတော်၏ အဖွဲ့ဝင်များမှာ ပိုမို စိတ်လှုပ်ရှားလာကြပြီး ပြိုင်ဘက်များကို အစွမ်းကုန်ချေမှုန်းကာ လွတ်မြောက်ရန် အခွင့်အရေး လုံးဝမပေးတော့ချေ။
ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ
အဇူရာနန်းတော်သခင်က ကြီးကြပ်နေပြီလေ။
ရန်သူတွေ အနေနဲ့ အကယ်၍ ထွက်ပြေးရန် ကြိုးစားပါက ပို၍မြန်မြန် သေရလောက်ပေသည်။
မထွက်ပြေးဘဲ အသေအလဲ တိုက်ခိုက်မည်ဆိုပါက အသက်နည်းနည်း ပိုရှည်နိုင်သေး၏။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာတော့ သေရမှာပင်။
ထိုအချိန်၌ ချန်ဖုန်း၏ အကြည့်က အဝေးမှ သူတို့ဆီသို့ ဖြည်းညင်းစွာ မောင်းနှင်လာသော ကားတစ်စီးထံသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။
ထူးဆန်းသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ဖြတ်ပြေးသွားပြီး ထိုဦးတည်ရာသို့ ချက်ချင်း ပြေးထွက်သွားတော့၏။
တစ်ချိန်တည်းမှာပင်
ဝီလ်သည် ကားထဲတွင် မျက်လုံးများပိတ်၍ အနားယူနေခဲ့သည်။
သို့သော် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသော အသံတစ်ခုကြောင့် သူ ရုတ်တရက် နိုးထလာခဲ့ပေ၏။
"ဦးလေးမိုက်ကယ်..ဘာဖြစ်တာလဲ."
"ဒုက္ခပဲ..."
မိုက်ကယ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားကာ ပြောလိုက်သည်။
"မြန်မြန်... ကားလှည့်..."
သူ တကယ်ကို မှင်တက်သွားခဲ့ရပေ၏။
သူ၏ စီစဉ်ထားမှုများက နောက်ဆုံးတွင် အောင်ပွဲဆီသို့ ဦးတည်သွားစေမည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် လူအုပ်ထဲတွင် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို သူ ဖုံးကွယ်ထားခဲ့သည် မဟုတ်လော။
နယ်စပ်စစ်ပွဲများ ပြင်းထန်နေချိန်က
ချန်ဖုန်းသည် အလွန် အစွမ်းထက်သော်လည်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦး သို့မဟုတ် ငါးဦးခန့်က သူ့ကို ဝိုင်းတိုက်မည်ဆိုပါက သူ ယှဉ်နိုင်မည် မဟုတ်ချေ။
ဒါကြောင့် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်နဲ့ ရင်ဆိုင်ရရင်ရော
အလစ်အငိုက် တိုက်ခိုက်မယ်ဆိုရင် ဘာပြဿနာမှ မရှိလောက်ဘူးလေ။
ဤသည်မှာ သူ၏ ခန့်မှန်းချက်သာ ဖြစ်ပေသည်။
သို့သော် ယခုအခါ ထိုခန့်မှန်းချက်မှာ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး အစီအစဉ်များအားလုံး ကျရှုံးသွားခဲ့လေပြီ။
ယခုလေးတင် သူ ကြားလိုက်ရသော အသံမှာ ချန်ဖုန်း၏ အသံဖြစ်ကြောင်း ရှင်းလင်းနေပေ၏။
မဝေးလှသော နေရာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကိုပင် မိုက်ကယ် မြင်တွေ့နေရသည်။ သူ၏ လူများမှာ တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်နေပြီး အဇူရာနန်းတော်ကို မယှဉ်နိုင်ကြောင်း သက်သေပြနေခဲ့ပေသည်။
"ကျစ်... မြန်မြန်... ဒီကနေ ထွက်သွားကြစမ်း..."
ကားမှာ အဆင့်မြင့် ကျည်ကာကား ဖြစ်သော်လည်း သူ လုံးဝ လုံခြုံမှုမရှိဟု ခံစားနေရဆဲ ဖြစ်လေ၏။
ယာဉ်မောင်းမှာ အလွန် ကျွမ်းကျင်လှပေသည်။
ကားကို လျှပ်တစ်ပြက် လှည့်ကာ လီဗာကို အဆုံးထိ နင်းချလိုက်တော့၏။
ဘုန်း…
၎င်းမှာ လီဗာနင်းလိုက်သော အသံ မဟုတ်ချေ။ ထို့အစား အရာဝတ္ထုတစ်ခုက ကားအမိုးပေါ်သို့ အပေါ်မှ ရုတ်တရက် ပြုတ်ကျလာပြီး ကားတစ်စီးလုံးကို ချက်ချင်း ပုံပျက်သွားစေကာ ကားခေါင်းဖုံးကို ပြားချပ်သွားစေခဲ့လေသည်။
"ဒုက္ခပဲ..."
မိုက်ကယ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။
သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။
ယခုအခါ ချန်ဖုန်းသည် လုံးဝ ပျက်စီးသွားပြီဖြစ်သော ကားခေါင်းဖုံးပေါ်တွင် ရပ်နေခဲ့ပေ၏။
"မြန်မြန်... သွားကြမယ်..."
မိုက်ကယ်သည် သူ၏ ယခင် ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်များကို စွန့်လွှတ်လိုက်ပြီး သူ၏ စွမ်းအားများကို ချက်ချင်း ပေါက်ကွဲထုတ်လိုက်လေသည်။ ထို့နောက် သူက ကားတံခါးကို ကန်ဖွင့်ကာ ဝီလ်ကို ဆွဲယူပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
"ချီးပဲ..."
ဝီလ်၏ ကြက်သီးမွေးညင်းများပင် ထသွားလေတော့သည်။
ချန်ဖုန်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ချန်ဖုန်းကို နှိမ်နင်းရန်ပင် သူ တွေးတောခဲ့သေးသော်လည်း ၎င်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
"ငတုံးအိုကြီး... မင်း ဖြစ်နေတာကိုး... အဲဒီတုန်းကတည်းက မင်းကို သတ်ပစ်ခဲ့သင့်တာ..."
ချန်ဖုန်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူက သူ၏ ဓားကြီးကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်၏။
ဘုန်း…
အဆင့်မြင့် ကျည်ကာကားကြီးမှာ ချန်ဖုန်း၏ ဧရာမခွန်အားကြောင့် အလွယ်တကူပင် နှစ်ပိုင်းပြတ်သွားခဲ့ပြီး အတွင်းရှိ ဝီလ်နှင့် ယာဉ်မောင်းတို့မှာလည်း ခါးမှနေ၍ နှစ်ပိုင်းပြတ်ကာ သေဆုံးသွားကြတော့သည်။
မိုက်ကယ်မှာမူ ကံကောင်းသွားခဲ့၏။ သူက ပို၍ မြန်မြန် ပြေးနိုင်ခဲ့သောကြောင့်
ချန်ဖုန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပေသည်။
"နည်းပြချုပ်ချန်... အဇူရာနန်းတော်သခင်... ရပ်ပါတော့..."
မိုက်ကယ်မှာ အလွန်အမင်း ထိတ်လန့်နေခဲ့ပြီး
သူ၏ ခြေထောက်များမှာ အလွန်တုန်ရီနေသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ချေ။
"မင်းက အက်ဒွပ်ရဲ့သား... သူ့ရဲ့ သားအရင်းကို သတ်လိုက်ပြီ... တကယ်လို့ မင်းသာ ဒီလို ဆက်သတ်နေမယ်ဆိုရင် မဟာလင်းယုန်နိုင်ငံ ကနေ မင်း ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး..."
"ငါ မယုံဘူး…”
ချန်ဖုန်းက ခေါင်းခါကာ ပြောလိုက်၏။
"ဘာလို့ မင်းတို့က ငါ့ကို သတ်လို့ရပြီး ငါက မင်းတို့ကို သတ်လို့ မရရမှာလဲ... ဒီစည်းမျဉ်းကို ဘယ်သူက သတ်မှတ်ထားတာလဲ..."
"ဒါကြောင့်မလို့…မိုက်ကယ်... မင်း အရင် သွားနှင့်လိုက်... အက်ဒွပ်လည်း မင်းနောက်ကို လိုက်လာလိမ့်မယ်...သူ သေသွားရင် မဟာလင်းယုန်နိုင်ငံ တစ်ခုလုံး အဲလစ်ဇဘက်ရဲ့ အပိုင်ဖြစ်သွားပြီလေ..."
"စဉ်းစားကြည့်စမ်း... အဲလစ်ဇဘက်က ငါ့ရဲ့ လူတွေထဲက တစ်ယောက်ပဲ...ဒါကြောင့် ငါက အက်ဒွပ်ကို သတ်လိုက်ရုံနဲ့ နိုင်ငံတစ်ခုကို ရမှာဆိုတော့… ဒါက အရမ်း တန်တဲ့ အရောင်းအဝယ်ပဲလေ..."
"မင်း..."
မိုက်ကယ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။
"အချိန်ဖြုန်းမနေနဲ့တော့... မင်းကို လာကယ်မယ့်သူ ဘယ်သူမှ မရှိဘူး... သေလိုက်တော့..."
ချန်ဖုန်းက ပြောရင်း ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
မိုက်ကယ်မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ဓားချက်အောက်တွင် ချက်ချင်း သေဆုံးသွားခဲ့ပေ၏။
စစ်မြေပြင်ကို ချန်ဖုန်း ပြန်ကြည့်လိုက်ချိန်တွင်။
မဟာလင်းယုန်နိုင်ငံ၏ တပ်ဖွဲ့ဝင် သုံးပုံနှစ်ပုံခန့်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအထက်ဆုံး စစ်သည်များအားလုံး သေဆုံးသွားပြီဖြစ်ရာ ၎င်းတို့အတွက် အောင်ပွဲရရန် အခွင့်အရေး မရှိတော့ချေ။
အချိန်နည်းနည်း ထပ်ဆွဲထားနိုင်ရင်တောင် ဘာများ ထူးခြားသွားမှာလဲ
နောက်ဆုံးကျရင် သေရမှာပဲလေ။
အဇူရာနန်းတော်မှ အဖွဲ့ဝင်များသည် အစွမ်းထက်သော သေစေနိုင်သည့် လှုပ်ရှားမှုများကို ထုတ်လွှတ်လိုက်ကြ၏။ ဤကဲ့သို့ လေ့ကျင့်ရန် အခွင့်အရေးမှာ ရှားပါးလှသဖြင့် ၎င်းတို့က ဤအခွင့်အရေးကို တန်ဖိုးထားကြပေသည်။
အချို့လူများတွင် လက်နက်ကြီးများ ကိုင်ဆောင်ခွင့် ရှိကြောင်း ရှင်းလင်းနေပေ၏။
သို့သော် ထိုလက်နက်ကြီးများကို ချထားခဲ့ပြီး ၎င်းတို့၏ စွမ်းရည်များကို သွေးရန်အတွက် ဓားများ၊ လှံများနှင့် တုတ်များကို အသုံးပြုခဲ့ကြလေသည်။
ပစ်ခတ်နိုင်သော လက်နက်များကို အစောပိုင်း အဆင့်များတွင်သာ ပိုမို အသုံးပြုလေ့ရှိပြီး နိုင်ငံတစ်နိုင်ငံ ပိုမို အစွမ်းထက်လာလေလေ ထိုလက်နက်များကို အသုံးပြုမှု နည်းပါးလေလေ ဖြစ်ပေသည်။
နောက်ထပ် နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့၏။
နောက်ဆုံးတွင် တိုက်ပွဲ ပြီးဆုံးသွားခဲ့လေပြီ။
အဇူရာနန်းတော်သည် အနည်းဆုံးသော ထိခိုက်ဆုံးရှုံးမှုဖြင့် တန်ပြန်တိုက်ခိုက်မှုကို အောင်မြင်နိုင်ခဲ့ပြီး လူအများစုမှာ ဤတိုက်ပွဲမှ တစ်စုံတစ်ရာ ရရှိခဲ့ကြပေသည်။
…….
အခြားတစ်ဖက်တွင်မူ။
မဟာလင်းယုန်နိုင်ငံရှိ ရဲတိုက်တစ်ခုအတွင်း၌။
အက်ဒွပ်က ဖုန်းချလိုက်ပြီး သူ၏ စိတ်ခံစားချက်မှာ အလွန် ဆိုးရွားနေခဲ့၏။
“ပြင်ဆင်မှုတွေက အရမ်း လောလွန်းသွားလို့များလား…”
“ဒါမှမဟုတ် အဇူရာနန်းတော်သခင် အကြောင်းကို ငါ တကယ် နားမလည်လို့များလား...သွားပြီ
ဒီစစ်ဆင်ရေး ကျရှုံးသွားပြီ…”
ကျရှုံးရုံသက်သက် မဟုတ်ချေ။
သူ၏ သားအရင်းပင် ဤတိုက်ပွဲတွင် သေဆုံးသွားခဲ့ရလေပြီ။
မူလက သူသည် ဝီလ်ကို ဤကိစ္စတွင် ပါဝင်စေရန် မရည်ရွယ်ခဲ့ဘဲ ရလဒ်ကိုသာ စောင့်ကြည့်စေချင်ခဲ့ခြင်း ဖြစ်၏။ သို့သော် သားဖြစ်သူက နားမထောင်ခဲ့ချေ။
“အခုတော့ အကုန် ပြီးသွားပြီ...
သေသွားပြီ…”
သူကိုယ်တိုင်ပင် ပြင်းထန်သော အကျပ်အတည်း ခံစားချက်ကြီးတစ်ခုကို ခံစားနေရပေသည်။
"အရှင်မင်းကြီး... အဇူရာနန်းတော်က ဒီတစ်ကြိမ်မှာ သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... ပြီးတော့ ဘုရင်မကလည်း ပူနေတုန်း သံကို ထုလိမ့်မယ်... ကျွန်တော်တို့ နောက်ထပ် ကျွမ်းကျင်သူတွေ ထပ်လွှတ်သင့်လား..." ဟု လက်အောက်ငယ်သား တစ်ယောက်က မေးလိုက်၏။
သို့သော်လည်း အက်ဒွပ်က ပြန်မေးလိုက်လေသည်။
"ကျွမ်းကျင်သူတွေ ဘယ်လောက်ပဲ များများ အဇူရာနန်းတော်သခင်ကို သတ်နိုင်မှာတဲ့လား..."
"ဒါက..."
"မဖြစ်နိုင်မှတော့ ဘာတွေများ ဆက်ပြောနေစရာ အကြောင်းရှိလို့လဲ..."
အက်ဒွပ်၏ မျက်လုံးများမှာ ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး ချန်ဖုန်းအား ပြာကျသည်အထိ မီးရှို့ပစ်ချင်နေခဲ့ပေ၏။
"အဲဒီအရာကို သုံးလိုက်... သူနဲ့ အဲလစ်ဇဘက် မသေသရွေ့ ငါ ကောင်းကောင်း အိပ်နိုင် စားနိုင်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့..."
လက်အောက်ငယ်သား၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ဒါပေမဲ့တွေ လုပ်မနေနဲ့... ငါ အကုန်လုံး တာဝန်ယူတယ်... နှစ်မိနစ်အတွင်း အဲဒီစွမ်းအားကို ထုတ်လွှတ်လိုက်စမ်း..." ဟု အက်ဒွပ် က ရေခဲတမျှ အေးသက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။