အခန်း ၄၀၈
Vol. 41 Ch. 408
အခန်း (၄၀၈) သတိပေးချက်
ဤတစ်ကြိမ်တွင် အဇူရာနန်းတော်သည် အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ပေသည်။
ထိခိုက်သေဆုံးမှု အချို့ရှိခဲ့သော်လည်း မဟာလင်းယုန်နိုင်ငံမှ သေဆုံးသွားသူများနှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးမှုမှာ အလွန်နည်းပါးလှပြီး အများစုမှာ ဒဏ်ရာရရုံသာ ရှိခဲ့လေ၏။
တိုက်ပွဲ ပြီးဆုံးသွားသော်လည်း ၎င်းတို့မှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
‘အဇူရာနန်းတော်သခင်နဲ့ အတူတူ တိုက်ခိုက်ရတာ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ’ ဟု ၎င်းတို့ တွေးလိုက်ကြ၏။
၎င်းတို့သည် နယ်စပ်ပြင်ပ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း မည်သည့်တိုက်ပွဲတွင်မှ သေဆုံးသူ အရေအတွက်ကို ဂဏန်းတစ်လုံးတည်း တွင် ထိန်းထားနိုင်ခဲ့ခြင်း မရှိချေ။
ထိပ်တန်းအဆင့်ရှိ ထျန်ကျီ အဖွဲ့အစည်း ပင်လျှင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။
စစ်မြေပြင် ရှိနေသရွေ့ သေဆုံးမှုကတော့ ရှိနေမှာပဲလေ။
ဒါပေမဲ့ အခုတော့။
ချန်ဖုန်း၏ ဦးဆောင်မှုအောက်တွင် အဇူရာနန်းတော်သည် သေဆုံးသူ အရေအတွက်ကို ဂဏန်းတစ်လုံးတည်းတွင် အမှန်တကယ် ထိန်းထားနိုင်ခဲ့လေပြီ။
ထို့အချိန်တွင် ဝမ်ဖေးက ချန်ဖုန်း၏ အနားသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
ထို့နောက် သူမက ချန်ဖုန်းအား ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ချန်ဖုန်း... ဒီတစ်ကြိမ်သာ နင့်ရဲ့ အကူအညီ မပါခဲ့ရင် အဖြူအမည်းညီနောင် ကို ငါ သတ်နိုင်ခဲ့မှာ မဟုတ်ဘူး...ပြီးတော့ ငါတို့ ဝိညာဉ်အဖွဲ့အစည်းက အဇူရာနန်းတော်နဲ့ ရန်သူ မဖြစ်ချင်ပါဘူး..."
"အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ အဖြူအမည်းညီနောင် က သူတို့ဘာသာ သူတို့ လုပ်ခဲ့ကြတာပါ...ငါ့ဆရာက ဒီကိစ္စကို မသိခဲ့ပါဘူး... နင့်အနေနဲ့ သူ့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
"ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ငါ သိပါတယ်..."
ချန်ဖုန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
ချန်ဖုန်း၏ တွက်ချက်မှုများအရ ဝမ်ဖေးသည် ပြီးခဲ့သော နှစ်ရက်အတွင်းမှသာ သတိလစ်နေရာမှ နိုးလာခဲ့ခြင်း ဖြစ်ပေသည်။ ယနေ့ ဖြစ်ရပ်များတွင် သူမ ပါဝင်ပတ်သက်နေရန် မဖြစ်နိုင်ချေ။
ထိုသို့မဟုတ်ပါက သူမသည် သတိရရချင်း ဟွာရှနိုင်ငံ ကျန်းနန်မှ မဟာလင်းယုန်နိုင်ငံ သို့ ချက်ချင်း ခရီးထွက်လာခဲ့မည် မဟုတ်ပေ။
"ဒါနဲ့... မင်းရဲ့ ဆရာအတွက် ဖြေဆေးကရော..."
"ဖြေဆေးကို ငါ ရှာတွေ့ခဲ့ပါတယ်..."
ဝမ်ဖေးက မျက်တောင်ခတ်လျက် ပြောဆိုလိုက်၏။
"သတိမလစ်ခင်ကတည်းက ဖြေဆေးကို ရှာဖို့ လူတွေကို ငါ စေလွှတ်ထားခဲ့တာ... ကံကောင်းထောက်မစွာနဲ့ပဲ မြောင်ရွာက ကျွမ်းကျင်သူ တစ်ယောက်ကို သိတဲ့သူ ရှိနေခဲ့တယ်..."
"အခု အဖြူအမည်းညီနောင် လည်း သေသွားပြီဆိုတော့ ဝိညာဉ်အဖွဲ့အစည်းရဲ့ တိုကင်က ငါ့လက်ထဲမှာပဲ ရှိတယ်လေ..."
"ဝိညာဉ်အဖွဲ့အစည်းကို ငါ အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ... ဆရာလည်း အဆင်ပြေလောက်မှာပါ..."
"ဒါဆိုလည်း ကောင်းတာပေါ့..."
ချန်ဖုန်း ဘာမှ ထပ်မပြောတော့ချေ။
သူသည် ဝိညာဉ်အဖွဲ့အစည်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသလို ဤကဲ့သို့သော ကိစ္စများကိုလည်း ဂရုမစိုက်နိုင်ပေ။
ဝမ်ဖေးသည် ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်၏။
"ချန်ဖုန်း အခုကိစ္စတွေနဲ့ ပက်သက်ပြီး ငါ့ မိဘတွေကို ကျေးဇူးပြုပြီး နင် ပြန်မပြောပြပါနဲ့နော်..."
"စိတ်မပူပါနဲ့... ငါ သူတို့ကို မပြောပါဘူး..."
ချန်ဖုန်းက တစ်ဖက်လူကို နားလည်ပေးနိုင်ခဲ့လေသည်။
သူမတွင် ယခုအခါ နောက်ခံ လျို့ဝှက်ချက် တစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ လူတိုင်းတွင်လည်း ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြပေ၏။ ဝမ်ဖေးက သူမ၏ မိဘများကို သူမအတွက် စိုးရိမ်ပူပန်စေခြင်း မရှိစေလိုချေ။
ဘာပဲဖြစ်ဖြစ် ကျန်းနန်၏ အချမ်းသာဆုံးသူဌေးကြီး၏ သမီးတစ်ယောက်အနေဖြင့် ဝမ်ဖေးသည် စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘဲ ဇိမ်ကျကျ နေထိုင်နိုင်ပေသည်။
သို့သော် သူမက အမှောင်လောက၏ လမ်းကြောင်းကို ရွေးချယ်ခဲ့လေ၏။
"အရမ်း ကျေးဇူးတင်ပါတယ်...ငါ့ ဆရာ ပြန်ကောင်းလာတဲ့အခါ နင့်ဆီ လူကိုယ်တိုင် လာလည်ပါလိမ့်မယ်..."
ဝမ်ဖေးက ခေါင်းညိတ်လိုက်ပြီး သူ့ကို ဆက်လက်၍ အနှောင့်အယှက် မပေးတော့ချေ။
အဇူရာနန်းတော်နှင့် အဲလစ်ဇဘက် ဖက်မှ သူများလည်း တိုက်ပွဲနေရာကို ရှင်းလင်း ပြင်ဆင်ပြီးစီးသွားပြီးနောက် ၎င်းတို့သည် ရှေ့သို့ ဆက်မသွားကြတော့ဘဲ ရေနံကုမ္ပဏီ၏ စခန်းသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြလေသည်။
အဲလစ်ဇဘက်က နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး တစ်ခုခု ထပ်လိုချင်နေပုံရပေ၏။
"ချန်ဖုန်း... ငါတို့ ဒီအခွင့်အရေးကို ယူပြီး ငါ့ဦးလေးကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် မချေမှုန်းလိုက်ဘူးလား..."
"အက်ဒွပ်က မတုံးပါဘူး... ခုနက တိုက်ပွဲက အခုလောက်ဆိုရင် သူ့ကို သတိပေးလိုက်သလို ဖြစ်သွားလောက်ပြီ..."
ချန်ဖုန်းက စကားပြောစရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"ငါတို့ရဲ့ လက်ရှိ ပစ်မှတ်က အရမ်းကြီးလွန်းတယ်... အုပ်စုဖွဲ့ တိုက်ခိုက်ဖို့က သေချာပေါက် မသင့်တော်ဘူးလေ...ဒါကြောင့် ဒီည သူ့ကို ရှင်းပစ်ဖို့ အခွင့်အရေး တစ်ခု ရှာလိုက်မယ်..."
"ဟင်..."
အဲလစ်ဇဘက် အံ့အားသင့်သွားခဲ့၏။
သူမနှင့် အက်ဒွပ်တို့သည် ကာလကြာရှည်စွာ ပြန်လည်သင့်မြတ်၍မရသော ရန်သူများ ဖြစ်ခဲ့ကြသော်လည်း တစ်ဖက်လူကို အမှန်တကယ် ရှင်းလင်းရမည့်အချိန် ရောက်လာသောအခါ သူမ မလုပ်ရက်သကဲ့သို့ ဖြစ်နေပေသည်။
ချန်ဖုန်းက သူမကို ဂရုမစိုက်စွာဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"ဘာလဲ... မင်းက သူ့ကို မခွဲခွာရက်ဘူးလား... ခုနကသာ ငါမရှိခဲ့ရင် မင်း သေနေလောက်ပြီ... သူ့သား သေသွားတာကိုတောင် မပြောနဲ့ဦး..."
"မင်းတို့နှစ်ယောက်က အခု သေမလောက် ရန်သူတွေ ဖြစ်နေပြီ... မင်းက သူ့အသက်ကို မယူရင် သူက မင်းအသက်ကို ယူလိမ့်မယ်..."
"ငါ သိပါတယ်..."
အဲလစ်ဇဘက်၏ မျက်လုံးများတွင် ပြတ်သားသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
တော်ဝင်မိသားစုအတွင်း ခြေကုပ်ယူနိုင်ရန်အတွက် တကယ်တော့ ဘယ်သူက ပိုရက်စက်သလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တာပဲလေ။
ရုတ်တရက် ချန်ဖုန်းသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
[၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှာ မဟာလင်းယုန်နိုင်ငံ ရဲ့ ဆင်ခြေဖုံးရပ်ကွက်ကို ဒုံးကျည်တစ်စင်း ကျရောက်ခဲ့တယ်…]
ကြိုတင်ခန့်မှန်း ဗီဒီယို။
ချန်ဖုန်းသည် ဗီဒီယိုထဲရှိ မြင်ကွင်းများကို အလွန် ရင်းနှီးနေခဲ့ပေ၏။
ဘာကြောင့်လဲဆိုတော့ ၎င်းက သူ လက်ရှိ ရောက်ရှိနေသော နေရာဖြစ်ပြီး ယနေ့လည်း ဖြစ်ကာ ဗီဒီယိုထဲတွင် ပြသထားသော အချိန်နှင့် စက္ကန့် ၅၀ သာ ကွာဝေးတော့ပုံရသောကြောင့် ဖြစ်ပေသည်။
"မဟာလင်းယုန်နိုင်ငံ... ဒုံးကျည်..."
ချန်ဖုန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။
ထို့နောက် အဆုံးမရှိသော ဒေါသများက ချက်ချင်းပင် ဆူပွက်လာခဲ့လေသည်။
ဗီဒီယိုထဲတွင် ဒုံးကျည်တစ်စင်းက ဤနေရာသို့ ကျရောက်လာပြီး ကောင်းကင်ယံတွင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခုကို ဖန်တီးသွားခဲ့၏။ ရေနံကုမ္ပဏီမှာ ဤနေရာနှင့် မဝေးလှချေ။
၎င်းက အနီးအနားရှိ ရေနံကန်များကို ချက်ချင်း မီးလောင်သွားစေခဲ့သည်…
ချန်ဖုန်းသည် ကြိုတင်ခန့်မှန်း ဗီဒီယိုကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားခဲ့ပေ၏။
‘အက်ဒွပ်...ဒီခွေးကောင်က သူ့ကို လက်စားချေဖို့ ဒုံးကျည်ကို တိုက်ရိုက် အသုံးပြုခဲ့တာ သေချာတယ်…’ဟု ချန်ဖုန်း တွေးလိုက်သည်။
ရိုးရိုး ပေါက်ကွဲစေတတ်သော ပစ္စည်းများသာ ပါဝင်သည်ဆိုလျှင်ပင် ပမာဏ လုံလောက်ပါက ဤနေရာကို ပြာအဖြစ်သို့ ပြောင်းလဲပစ်ရန် လုံလောက်ပေလိမ့်မည်။
ယခုအချိန်၌ ချန်ဖုန်းသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အကျပ်အတည်း ခံစားချက်ကြီးကိုပင် ခံစားလိုက်ရလေ၏။
သူက အဝေးရှိ ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်လိုက်ရာ တောက်ပသော အစက်အပြောက်တစ်ခုက သူ့ထံသို့ ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရပုံရပေသည်။
"ဘာဖြစ်လို့လဲ..."
အဲလစ်ဇဘက်က ကောင်းကင်သို့ အလိုအလျောက် မော့ကြည့်လိုက်၏။
"ဒုံးကျည်ပဲ..."
ချန်ဖုန်း၏ မျက်လုံးများမှာ ဓားများအလား စုရှနေခဲ့သည်။
သူ၏ ဦးနှောက်မှာ ရူးသွပ်စွာ အလုပ်လုပ်နေပြီး ဒုံးကျည်ကို ကြားဖြတ်ဟန့်တားရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားရှာဖွေနေခဲ့၏။
"လက်ရှိ အမြန်နှုန်းအရဆိုရင် နောက် စက္ကန့် ၄၀ နေရင် ဒီကို ရောက်လာတော့မယ်...ထွက်ပြေးဖို့က အချိန်နှောင်းသွားပြီလေ...
ငါတို့ ပြေးနိုင်ရင်တောင် တခြားသူတွေအတွက် အဲဒီလောက် အချိန်ရမှာ မဟုတ်ဘူး…”
"ဒါက..."
အဲလစ်ဇဘက်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။
ဤအခိုက်အတန့်၌ သူမ ပြာယာခတ်သွားလေသည်။
"ဘယ်လိုလုပ်ရမလဲ... ငါတို့
ဘယ်လိုလုပ်ရမလဲ..."
"အချိန်မမီတော့ဘူး... မင်းတို့အတွက် အချိန်နည်းနည်း ရအောင် ငါ လုပ်ပေးမယ်... မင်း လူတွေကို ခေါ်ပြီး ဆုတ်ခွာတော့... ဒါက ဘာပဲဖြစ်ဖြစ် မဟာလင်းယုန်နိုင်ငံပဲ... အက်ဒွပ်က မြို့တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ မဖြစ်နိုင်ဘူးလေ..."
ချန်ဖုန်းက အော်ဟစ်လိုက်သည်။
"ဒုံးကျည် လာနေပြီ... အားလုံး အခုချက်ချင်း ဆုတ်ခွာကြ..."
"ဘာ..."
"ချီးပဲ…အကုန် ပြီးသွားပြီ... ဒီနေရာက မြေကြီးနဲ့ တစ်ပြေးတည်း ဖြစ်သွားတော့မှာပဲ..."
"မြန်မြန်... ဆုတ်ကြ..."
လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြပေ၏။
ဘာပဲဖြစ်ဖြစ် ၎င်းတို့သည် အဇူရာနန်းတော်မှ ကောင်းစွာ လေ့ကျင့်ထားသော အဖွဲ့ဝင်များဖြစ်ကြရာ အရပ်မျက်နှာ အသီးသီးသို့ တတ်နိုင်သမျှ မြန်မြန် ဆုတ်ခွာသွားကြလေသည်။
"ချန်ဖုန်း..."
အဲလစ်ဇဘက်သည် ချန်ဖုန်း၏ဘေးတွင် မလှုပ်မယှက် ရပ်နေခဲ့၏။
သူမလည်း ယခုအခါ အလွန် စိုးရိမ်နေခဲ့ကာ
အလွန် အပြစ်ရှိသလိုလည်း ခံစားနေရ၏။
အက်ဒွပ်က ဤကဲ့သို့သော အဆုံးစွန် လက်နက်မျိုးကို အသုံးပြုလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
"နန်းတော်သခင်..."
"နန်းတော်သခင်..."
"နန်းတော်သခင်..."
အဇူရာနန်းတော်မှ အကြီးအကဲသုံးဦးက ပြေးလာကြလေ၏။
လူတိုင်း လွတ်မြောက်ရန် လုံလောက်သော အချိန်ရရှိစေရန်အတွက် တစ်စုံတစ်ယောက်က ဒုံးကျည်ကို လေထဲတွင် ဖျက်ဆီးပစ်ရမည် ဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်ထားကြပေသည်။
သို့သော် ဤတာဝန်ကို အဇူရာနန်းတော်သခင်အား လုံးဝ ပေးအပ်၍မရနိုင်ချေ။
"ခင်ဗျားတို့ လုပ်လို့မရဘူး... ကျုပ်ပဲ လုပ်နိုင်မှာ..."
ချန်ဖုန်း၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ကြည်လေးနက်နေခဲ့၏။
ဒုံးကျည်တစ်စင်း၏ စွမ်းအားသည် ထိပ်ဖူး၏ ပါဝင်ဖွဲ့စည်းမှုနှင့် ပမာဏအပေါ်တွင် မူတည်ပြီး အက်ဒွပ်က မည်သည့် ဖွဲ့စည်းမှုကို အသုံးပြုထားသည်ကို သူ မသိခဲ့ချေ။
ချန်ဖုန်းက သူ၏ အင်္ကျီကို ပေါ့ပေါ့ပါးပါး ဆွဲဖြဲလိုက်သည်နှင့် သူ၏ အဝတ်အစားများ ပြဲထွက်သွားပြီး အတွင်း၌ ဝတ်ဆင်ထားသော အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ကို ဖော်ပြလိုက်လေ၏။
ထိုအချိန်၌ ရှည်လျားသော မီးတောက်အမြီးတန်းကြီး ပါဝင်သည့် ဒုံးကျည်တစ်စင်း ကောင်းကင်ယံမှ ၎င်းတို့ထံ ပျံသန်းလာနေသည်ကို လူတိုင်း မြင်တွေ့နိုင်နေပြီ ဖြစ်ပေသည်။
“ဝီ... ဝီ... ဝီ…”
လေထု တုန်ခါသံများက ပိုမို၍ ကျယ်လောင်လာခဲ့၏။
"ယန်ရီ..."
ချန်ဖုန်းက တိုးတိတ်စွာ အော်ဟစ်လိုက်သည်။
ယန်ရီသည် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ အစုံထဲမှ ဦးထုပ်တစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်လေ၏။
ကျိုတိုကို ပြန်ရောက်ချိန်က ဘုန်းကြီးတစ်ပါးက သူ့ကို ဗေဒင်ဟောပေးခဲ့ပြီးနောက် သူသည် ဦးထုပ်အပါအဝင် သူ့အတွက် မဟာမိတ်တိုက်ခိုက်ရေး သံချပ်ကာတစ်စုံကို ချက်ချင်း မှာယူခဲ့ခြင်း ဖြစ်ပေသည်။
ဦးထုပ်ကို ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ဖြင့် ဖုံးအုပ်သွားမည် ဖြစ်သည်။
ရုပ်ရှင်ထဲက Iron Man လိုမျိုးပဲလေ…
"မင်းတို့ အကုန်လုံး ဒီကနေ ထွက်သွားကြတော့..."
ချန်ဖုန်းသည် ဓားကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဒူးကိုကွေးကာ မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်သည်နှင့် တစ်ပြိုင်နက်
မြေပြင်မှာ ချက်ချင်းပင် ချိုင့်ဝင်သွားတော့သည်။
နောက်အခိုက်အတန့်၌ သူသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေပြီ။