အခန်း ၄၀၉
Vol. 41 Ch. 409
အခန်း (၄၀၉) ချန်ဖုန်း၏ သေဆုံးခြင်း
“ဘုန်း…”
ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လေလှိုင်းများက လေထုထဲတွင် လှိမ့်ဝင်လာပြီး မှိုပွင့်ပုံစံ တိမ်တိုက်များက အလွှာလိုက် ထွက်ပေါ်လာတော့၏။
မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။
ဒုံးကျည်သည် မြေပြင်သို့ မရောက်မီ လေထဲတွင် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ပေ၏။
သို့တိုင်အောင် ပေါက်ကွဲမှု၏ အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏ ပြတင်းပေါက်များအားလုံး ကွဲအက်သွားပြီး ပူလောင်သော လှိုင်းလုံးကြီးတစ်ခု လိမ့်ဝင်လာကာ လူတိုင်း၏ သွေးများကို ဆူပွက်သွားစေခဲ့သည်။
လူတိုင်းသည် ကောင်းကင်ယံရှိ ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြ၏။
လွန်ခဲ့သော ခဏလေးကမှ
၎င်းတို့ မြင်တွေ့လိုက်ရသည်မှာ ချန်ဖုန်းသည် မီတာတစ်ရာနီးပါး မြင့်သော ကောင်းကင်ယံသို့ အမြောက်ဆံတစ်ခုအလား ပျံတက်သွားပြီး သူ၏ ဓားကြီးကို ချက်ချင်း ထိုးစိုက်လိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုဓားကြီးက ဒုံးကျည်ကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။
သို့တည်းမဟုတ် ချန်ဖုန်း၏ ခန္ဓာကိုယ်က ဒုံးကျည်ကို ဖျက်ဆီးပစ်ခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။
၎င်းတို့ ကယ်တင်ခံလိုက်ရလေပြီ။
ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်၏။
ဒါပေမဲ့ ချန်ဖုန်းကရော…
အဲလစ်ဇဘက် ချက်ချင်း တုံ့ပြန်လိုက်ပြီး အနီးအနား ဧရိယာသို့ ပြေးသွားခဲ့သော်လည်း မြေပြင်ပေါ်တွင် ကျန်ရစ်နေသည်မှာ လုံးဝလောင်ကျွမ်းခြင်း မရှိသေးသော ကျည်ဆန်အပိုင်းအစများသာ ဖြစ်ပေသည်။
သို့သော် ချန်ဖုန်းကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။
"ချီးပဲ..."
ယန်ရိ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။
သူသည် ချန်ဖုန်း၏ စွမ်းရည်များကို အလွန် အသိအမှတ်ပြုထားသော်လည်း ထိုသို့ အသိအမှတ်ပြုထားသည့်တိုင် တစ်ဖက်လူက ဒုံးကျည်တစ်စင်းကို တောင့်ခံနိုင်မည်ဟု သူ မယုံကြည်နိုင်ခဲ့ချေ။
အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ရဲ့ ကာကွယ်မှု ရှိနေရင်တောင်မှ လုံးဝမဖြစ်နိုင်ဘူးလေ။
…
မဟာလင်းယုန်နိုင်ငံရှိ ရဲတိုက်တစ်ခုအတွင်း၌။
လက်အောက်ငယ်သားသည် ပြေးလာပြီး ပြာယာခတ်လျက် ပြောဆိုလိုက်၏။
"အရှင်မင်းကြီး... ဒုံးကျည်က သတ်မှတ်ထားတဲ့ နေရာမှာ မပေါက်ကွဲခဲ့ပါဘူး... မြေပြင်ကိုတောင် မရောက်ခင် လေထဲမှာ မီတာတစ်ရာအကွာမှာတင် ပေါက်ကွဲသွားခဲ့ပါတယ်..."
"ပတ်ဝန်းကျင် ဧရိယာက ထိခိုက်သေဆုံးမှု စာရင်းဇယားတွေတော့ မရှိသေးပါဘူး... ပိုမြင့်တဲ့ အဆောက်အအုံတွေလောက်ပဲ ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့တာပါ..."
"သိပြီ..."
အက်ဒွပ်က စိတ်ရှုပ်ထွေးစွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
သူသည် ယခုလေးတင် ဖုန်းကော ဆယ်ခုနီးပါးကို လက်ခံရရှိခဲ့လေ၏။
လူသူကင်းမဲ့သော ဆင်ခြေဖုံးရပ်ကွက်တွင် ဖြစ်သော်လည်း မဟာလင်းယုန်နိုင်ငံ၏ အကြောင်းပြချက်မရှိသော ဒုံးကျည်ပစ်လွှတ်မှုက ကျယ်ပြန့်သော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေခဲ့ဆဲပင်။
သူသည် မဟာလင်းယုန်နိုင်ငံတွင် အကြီးမားဆုံး အာဏာကို ကိုင်စွဲထားသော်လည်း...
ဆန့်ကျင်မည့်သူများ ရှိနေဦးမည်သာ ဖြစ်ပေသည်။
အက်ဒွပ်က သက်ပြင်းရှည်ကြီးတစ်ခုချကာ အေးစက်စွာ ပြောဆိုလိုက်၏။
"ဒါဆို အဇူရာနန်းတော်သခင်နဲ့ အဲလစ်ဇဘက် က မသေသေးဘူးပေါ့လေ..."
"ဒါက..."
လက်အောက်ငယ်သားက သတိထား၍ ပြောဆိုလိုက်သည်။
"တစ်ယောက်ယောက်က ကောင်းကင်ယံကို ပျံတက်သွားပြီး ရှင်းပြလို့မရနိုင်အောင် လေထဲကို မီတာတစ်ရာလောက် ခုန်တက်သွားသလိုပဲ..."
"ဒုံးကျည်က ဖျက်ဆီးခံလိုက်ရတာပါ...တကယ်လို့ အဲဒါက အဇူရာနန်းတော်သခင်သာ ဆိုရင်... သူ သေလောက်ပါပြီ..."
"ဘာ..."
အက်ဒွပ်က မျက်မှောင်ကို ပြင်းပြင်းထန်ထန် တွန့်ချိုးလိုက်၏။
လေထဲကို မီတာ ၁၀၀ အမြင့်ထိ ပျံတက်သွားတယ် ဟုတ်လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အက်ဒွပ်သည် ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရသဖြင့် ထိုအချိန်က ခံစားခဲ့ရသော တုန်လှုပ်မှုကို သူ လုံးဝ နားလည်နိုင်မည် မဟုတ်ချေ။
‘အဇူရာနန်းတော်သခင် သေသွားတာပဲ ကောင်းပါတယ်လေ…’ဟု အက်ဒွပ် တွေးလိုက်၏။
အကယ်၍ သူသာ မသေခဲ့ပါက ဤရန်ငြိုးမှာ သိသိသာသာ ကြီးထွားလာလောက်ပေသည်။
"အဇူရာနန်းတော်သခင် အသက်ရှင်နေသေးလား၊ သေသွားပြီလားဆိုတာကို အခုချက်ချင်း စုံစမ်း... သိသိချင်း ငါ့ကို အကြောင်းကြား..."
"ဒုံးကျည်တွေနဲ့ ပတ်သက်ပြီးတော့..."
"ငါတို့ရဲ့ စနစ်ကို ဥပမာပေးလိုက်... အဲဒါက ဟက်ခံလိုက်ရတာဖြစ်ပြီး ဒုံးကျည်ကိုလည်း ဟက်ကာတွေက ပစ်လွှတ်လိုက်တာလို့... ဒါပေမဲ့ အခုတော့ ငါတို့ ပြန်ထိန်းချုပ်နိုင်သွားပြီလို့ ပြောလိုက်..."
အက်ဒွပ်က ပေါ့ပေါ့ဆဆပင် အဖြေပေးလိုက်၏။
အရပ်သားများကို ဖြစ်ကတတ်ဆန်း ရှင်းပြလိုက်ရုံပင်။ ဘာပဲဖြစ်ဖြစ် မဟာလင်းယုန်နိုင်ငံ၏ ပြည်သူများထဲတွင် သေဆုံးသူ မရှိခဲ့ချေ။
"ပြီးတော့ အဇူရာနန်းတော်က လူတွေ တန်ပြန်တိုက်ခိုက်လာမှာကို ကာကွယ်ဖို့ အရပ်မျက်နှာ အသီးသီးက ကျွမ်းကျင်သူတွေကို ဆက်လက်စုဆောင်းထား... ဒီတစ်ကြိမ်တော့ နှမြောစရာပဲ... သူတို့ အကုန်လုံး အမြစ်ပြတ် သေသွားသင့်တာ..."
"နားလည်ပါပြီ..."
ထို့နောက် လက်အောက်ငယ်သားမှာ ထွက်ခွာသွားလေ၏။
အက်ဒွပ်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် မဟာလင်းယုန်နိုင်ငံသည် ဤကိစ္စကို ဆက်လက်ဆွေးနွေးခြင်းမှ ရပ်တန့်သွားခဲ့သည်။
သို့သော် အဇူရာနန်းတော်ဘက်တွင်မူ...
လူတိုင်းသည် ချန်ဖုန်းအား ရှာဖွေနေကြပေ၏။ ၎င်းတို့သည် တစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ ဧရိယာတစ်ခုလုံးကို ရှာဖွေခဲ့ကြသော်လည်း သူ့ကို မတွေ့ရှိခဲ့ကြချေ။
ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း သို့မဟုတ် အသားစ အရိပ်အယောင်မျှပင် မတွေ့ရပေ။
အဲလစ်ဇဘက်၏ မျက်နှာမှာ မျက်ရည်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
"ချန်ဖုန်း... နင် မသေသေးဘူး မဟုတ်လား... နင် သေလို့ မရဘူးလေ... ငါ့ကိုတောင် အပိုင်မသိမ်းရသေးပဲနဲ့ နင်က ဘယ်လိုလုပ် သေသွားနိုင်မှာလဲ..."
"ဒါတွေအကုန်လုံး ငါ့အမှားပါ... နင့်ကို ဒီလာခွင့် မပြုခဲ့သင့်ဘူး... ပြီးတော့ အက်ဒွပ် ကို နင့်ကို ကိုင်တွယ်ခိုင်းဖို့ ခွင့်မပြုခဲ့သင့်ဘူး..."
"အဟင့် အဟင့်... အကုန်လုံး ငါ့အမှားတွေချည်းပါပဲ..."
"ချန်ဖုန်း...မစ္စတာချန်"
ဝမ်ဖေး၏ မျက်နှာမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံစဖူး လေးလံမှုများဖြင့် ဖုံးလွှမ်းနေခဲ့ပေ၏။
သူမနှင့် ချန်ဖုန်းမှာ ရင်းနှီးသူများလည်း မဟုတ်သလို သူစိမ်းများလည်း မဟုတ်ကြချေ။
တစ်ဖက်လူက သူမတို့ကို ကယ်တင်ဖို့ ကြိုးစားရင်း ဒုက္ခရောက်သွားခဲ့ရတာပဲ။
‘ကျွန်မ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်…’
အကြီးအကဲ သုံးဦးမှာလည်း ဝမ်းနည်းပူဆွေးနေပုံရပေ၏။
"ဆရာ... ဆရာကတော်... ကျွန်တော်တို့ တောင်းပန်ပါတယ်... သခင်လေးကို သေချာ ဂရုမစိုက်နိုင်ခဲ့လို့ ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်မိပြီ..."
ချန်ဖုန်း အသက်ရှင်နိုင်ခြေ အလွန်နည်းပါးကြောင်း သိရှိထားသော်လည်း ၎င်းတို့က ရှာဖွေမှုကို လက်လျှော့ရန် ငြင်းဆန်နေကြဆဲ ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင်။
နိုင်ငံတစ်နိုင်ငံ၏ နယ်စပ်နေရာတစ်ခုတွင်။
SUV ကားတစ်စီးသည် အိုယန်နာလန် ၏ မောင်းနှင်မှုဖြင့် ရူးသွပ်စွာ ရှေ့သို့ အရှိန်ပြင်းပြင်း မောင်းနှင်လာခဲ့၏။
ဤအချိန်၌ SUV ၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၈၀ အထိ ရောက်ရှိနေလေပြီ။
သူမက ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် တွန့်ချိုးလိုက်သည်။
"အစ်မ... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ..."
"ရပါတယ်..."
အိုယန်ဖေးက ခေါင်းခါကာ ပြောလိုက်၏။
"ငါ့နောက်က ကောင်က ငါ့ထက် နည်းနည်း ပိုသန်မာပေမဲ့ ငါ့ကို သတ်နိုင်ဖို့ အဝေးကြီး လိုပါသေးတယ်..."
"လောလောဆယ် သူနဲ့ သွားမရှုပ်နဲ့ဦး... သူ့ကို အရင် ရှောင်ထွက်သွားရအောင်..."
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်
ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူရသည်ပင် ခက်ခဲလာခဲ့လေ၏။
"ဘာဖြစ်လို့လဲ အစ်မ..."
အိုယန်နာလန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ဘာမှမဖြစ်ပါဘူး..."
အိုယန်ဖေးက သူမ၏ ရင်ဘတ်တစ်ဝိုက်ကို ကိုင်လိုက်၏။
သူမ၏ မျက်မှောင်များ ပိုမို ပြင်းထန်စွာ တွန့်ချိုးသွားလေသည်။
သူမ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ ‘သူမ၏ သားလေး အန္တရာယ်ကြုံတွေ့နေရတာများလား…’
…
ဟွာရှနိုင်ငံ၊ ကျိုတိုမြို့။
ရှောင်လန်သည် သူမ၏ လက်ထဲတွင် ဂူကျန်း တစ်ခုကို ကိုင်ဆောင်ထားလေ၏။
အပြုံးတစ်ခုဖြင့် သူမသည် ရှန်ကွမ်ယွဲ့ထံသို့ လျှောက်သွားကာ ပြောဆိုလိုက်သည်။
"အစ်မ ရှောင်ယွဲ့... ချန်ဖုန်း က ပေ့ဟူတက္ကသိုလ်မှာ ရှိနေတုန်းက 'တောင်မြင့်ရေအေး' တေးသွားကို တီးခတ်ဖို့ ဒီ ဂူကျန်း ကိုပဲ အသုံးပြုခဲ့တယ်ဆိုတာ အစ်မ သိလား..."
"ရလဒ်အနေနဲ့ကတော့ ကောင်မလေးတွေ အကုန်လုံးရဲ့ အာရုံစိုက်မှုကို ချက်ချင်း ရသွားခဲ့တာပေါ့...သူ့ရဲ့ ဖြားယောင်းသွေးဆောင်တဲ့ စွမ်းရည်ကတော့ ထိပ်တန်းပဲ..."
"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ..."
ရှန်ကွမ်ယွဲ့က ထိုသို့ပြောလိုက်သော်လည်း သူမ၏ အကြည့်များက စာရွက်စာတမ်းဆီသို့ အလိုအလျောက် ရောက်ရှိသွားခဲ့ပေ၏။
"နင် ဒါကို ဘာလုပ်မလို့လဲ..."
"ကျွန်မ သင်ပေးမယ်လေ..."
ရှောင်လန်က ပြုံးလျက် ပြောဆိုလိုက်သည်။
"ဒီခေတ်မှာ ကလေးတွေက အမိဝမ်းဗိုက်ထဲကနေစပြီး အရာရာကို သင်ယူနေရပြီလေ... အစ်မ ဘာလို့ မစမ်းကြည့်ရမှာလဲ..."
ရှန်ကွမ်ယွဲ့က ဂူကျန်းကို စားပွဲပေါ်တင်လိုက်ပြီး ကြိုးများကို အကြိမ်အနည်းငယ် စမ်းသပ် တီးခတ်ကြည့်လိုက်၏။
ဤအချိန်၌ ကြိုးတစ်ချောင်းက ရုတ်တရက် ပြတ်တောက်သွားလေသည်။
ဤသည်က သူမ၏ မျက်နှာအမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့၏။
"ဒါက..."
ရှောင်လန်မှာလည်း ခဏတာ မှင်တက်သွားခဲ့ပေသည်။
ထို့နောက် သူမက အလျင်အမြန် ရှင်းပြလိုက်၏။
"ဂူကျန်း အရည်အသွေး ညံ့လို့ ဖြစ်မှာပါ... အစ်မ ရှောင်ယွဲ့... စိတ်မပူပါနဲ့... ဒါကို ဆက်မတီးနဲ့တော့..."
"ကျွန်မ အစ်မကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားပေးရမလား..."
"ဟင့်အင်း..."
ရှန်ကွမ်ယွဲ့ ရုတ်တရက် စိုးရိမ်ပူပန်လာခဲ့သည်။
သူမက သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကိုင်လိုက်၏။
‘ငါ ဘာတွေ စိတ်ပူနေမိတာလဲ မသိတော့ဘူး…’
သူမ တစ်ယောက်တည်း မဟုတ်ချေ။
တစ်ချိန်တည်းမှာပင်။
ကျိုတိုရှိ ရှန်ယန်းယန်းမှာလည်း ဂနာမငြိမ်ဖြစ်နေပြီး မည်သည့်အရာကိုမျှ အာရုံစိုက်၍ မရနိုင်ဖြစ်နေလေ၏။
သူမသည် လက်ပ်တော့ကို ပိတ်လိုက်ပြီး သူမ၏ အလုပ်များကို ချထားလိုက်ကာ
ယွင်ထင်၏ ဘေးသို့ ရောက်လာခဲ့၏။
ရှန်ယန်းယန်းက ယွင်ထင်၏ လက်မောင်းကို ကိုင်လျက် သူမက ပြောဆိုလိုက်သည်။
"အစ်မ ယွင်... ရေနံကုမ္ပဏီ အနီးမှာ ဒုံးကျည်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ မဟာလင်းယုန်နိုင်ငံက သတင်းတစ်ခုကို ငါ ခုလေးတင် တွေ့လိုက်တယ်..."
"ထူးဆန်းတာက အဲဒီသတင်းက ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဖျက်ခံလိုက်ရတယ်..."
"ဒီကိစ္စက ချန်ဖုန်းနဲ့ ပတ်သက်နေမယ်လို့ အစ်မ ထင်လား... ဘာပဲဖြစ်ဖြစ် အဲဒီ ရေနံကုမ္ပဏီ က သူ့အပိုင်ပဲလေ..."
"ဒါက..."
ယွင်ထင် အနည်းငယ် မှင်တက်သွားခဲ့ပေ၏။
ချန်ဖုန်း မဟာလင်းယုန်နိုင်ငံ သို့ သွားကတည်းက သူမတို့သည် ထိုနေရာတွင် ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
“ဒီလောက် တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူးလေ…”