အခန်း ၄၁၀
Vol. 41 Ch. 410
အခန်း (၄၁၀) အမျိုးသမီးနှစ်ဦး၏ ဒုတိယအကြိမ် တွေ့ဆုံခြင်း
"ငါ သူ့ဆီ ဖုန်းဆက်ကြည့်လိုက်မယ်..."
ရှန်ယန်းယန်းသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမ၏ ဖုန်းကို ထုတ်ကာ ချန်ဖုန်းထံသို့ ဖုန်းခေါ်ဆိုလိုက်၏။ သို့သော် မည်သူမျှ ဖုန်းမကိုင်ခဲ့ချေ။ သူမက သုံးကြိမ်ဆက်တိုက် ခေါ်ဆိုခဲ့သော်လည်း ဖုန်းဖြေဆိုခြင်း မရှိခဲ့ပေ။
ယွင်ထင်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"သူ အလုပ်များနေတာ ဖြစ်နိုင်တယ်... နောက်မှ ပြန်ခေါ်ကြည့်လိုက်ပါလား..."
"အင်း..."
ရှန်ယန်းယန်းက ခေါင်းညိတ်လိုက်၏။
ယခင်ကလည်း ချန်ဖုန်း အလုပ်များနေချိန်တွင် ဖုန်းမကိုင်တတ်သည့် အကျင့်ရှိသောကြောင့် သူမက သိပ်ပြီး အရေးမထားခဲ့ချေ။
နောက်ထပ် တစ်နာရီ ထပ်မံ ကုန်ဆုံးသွားခဲ့သည်။ ရှန်ယန်းယန်း နောက်တစ်ကြိမ် ဖုန်းဆက်ကြည့်သော်လည်း မည်သူမျှ မကိုင်ခဲ့ပေ။ ဤသည်က တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သူမကို ခံစားလိုက်ရစေ၏။ သူမ၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများက ပို၍ပို၍ ပြင်းထန်လာခဲ့လေသည်။
ထို့နောက် သူမက ဆရာမကု(မျက်နှာတစ်ထောင်မြေခွေး)ထံသို့ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်၏။
"ဆရာမကု... ငါ ချန်ဖုန်း နဲ့ အဆက်အသွယ် မရဘူးဖြစ်နေတယ်... သူ့ကို အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပေမဲ့ ဘယ်သူမှ မကိုင်ဘူး... သူ အခု ဘယ်မှာလဲဆိုတာကို အဇူရာနန်းတော် က လူတစ်ယောက်ယောက်ကို မေးကြည့်ပေးလို့ ရမလား..."
"ယန်းယန်း... စိတ်မပူပါနဲ့..."
ဆရာမကုသည် အဇူရာနန်းတော်မှ ယန်ရီထံသို့ အလျင်အမြန် ဆက်သွယ်လိုက်ပေသည်။
ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ ကြားရလွယ်ကူစေရန် သူမ၏ ဖုန်းကို စပီကာ ဖွင့်ထားခဲ့သော်လည်း ဖုန်း၏ အခြားတစ်ဖက်မှ ယန်ရီ ပြောလိုက်သော စကားကို ကြားလိုက်ရချိန်တွင်မူ လူတိုင်း၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ရီသွားကြတော့၏။
"သခင်လေး ချန်ဖုန်းက... အသက်ရှင်သလား သေသွားပြီလားဆိုတာ မသိရသေးဘူး..."
ရှန်ယန်းယန်း လုံးလုံးလျားလျား အေးခဲသွားခဲ့ပေသည်။ သတင်းကို ပထမဆုံး မြင်လိုက်ရချိန်ကတည်းက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမ ခံစားခဲ့ရပြီး ဖြစ်၏။ ၎င်းမှာ ချန်ဖုန်းနှင့် အမှန်တကယ် ပတ်သက်နေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ချေ။ ဤသတင်းကို သူမ လက်မခံနိုင်ခဲ့ပေ။
"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ငါ မယုံဘူး..."
သူမ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ရုတ်တရက် ခွေကျသွားလေ၏။ သူမ မယုံကြည်လျှင်လည်း ဘာများ တတ်နိုင်မည်နည်း။
အဇူရာနန်းတော်မှ လူပေါင်း ၃၀၀၀ ကျော်သည် မဟာလင်းယုန်နိုင်ငံ အတွင်း နာရီပေါင်းများစွာကြာအောင် အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း ချန်ဖုန်း၏ ရုပ်အလောင်းကို မတွေ့ရှိခဲ့ရသလို အသားစ သို့မဟုတ် သွေးစက်လေး တစ်စက်ကိုပင် မတွေ့ခဲ့ရချေ။
ရှန်ယန်းယန်းသည် ယွင်ထင်၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ သည်းထန်စွာ ငိုကြွေးတော့သည်။ ယွင်ထင်နှင့် ဆရာမကုတို့၏ စိတ်ခံစားချက်များမှာလည်း အလွန် ရှုပ်ထွေးနေခဲ့ပေ၏။ သူမတို့သည် ရှန်ယန်းယန်းထက် အသက်ပိုကြီးကြပြီး သူမတို့သည်လည်း တူညီစွာ နှလုံးကွဲကြေနေရသော်လည်း သူမတို့၏ စိတ်ခံစားချက်များကို ထုတ်ဖော်ပြသမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် သူမတို့၏ ရင်ထဲ၌ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုလည်း ကျန်ရစ်နေသေး၏။ အသက်ရှင်သလား သေသွားပြီလား မသေချာလျှင်တောင် အသက်ရှင်နေနိုင်သေးသည့် ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းတော့ ရှိနေသေးသည် မဟုတ်လော။ မျှော်လင့်ချက်က သေးငယ်လွန်းလှသော်လည်း သူမတို့က အလွယ်တကူ အရှုံးမပေးလိုကြချေ။
ရှန်ယန်းယန်းသည် နာရီဝက်ခန့် ငိုကြွေးနေခဲ့သည်။ ထို့နောက် သူမက နှုတ်ခမ်းကို ကိုက်ကာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ပြောဆိုလိုက်၏။
"အစ်မယွင်... ဆရာမကု... ငါ သူ့ကိုရှာဖို့ မဟာလင်းယုန်နိုင်ငံ ကို သွားတော့မယ်..."
"ငါလည်း နင်နဲ့ လိုက်ခဲ့မယ်..."
ယွင်ထင်က ပြတ်သားစွာ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ငါတို့ မသွားခင် လူတစ်ယောက်ကို သွားတွေ့ဖို့ လိုတယ်..."
"ဘယ်သူ့ကိုလဲ..."
"ရှန်ကွမ်ယွဲ့ ကိုလေ..."
...
"အစ်မရှောင်ယွဲ့... ကျွန်မ အခုလေးတင် ဘယ်သူ့ကို တွေ့လိုက်လဲ အစ်မ သိလား..."
ရှောင်လန်သည် အပြင်ဘက်မှ အလျင်အမြန် လျှောက်ဝင်လာပြီး ပြုံးလျက် ပြောဆိုလိုက်၏။
"ကျွန်မ ရှောင်ချူနန် ကို အခုလေးတင် တွေ့လိုက်တာ... အရင်က သူ အစ်မကို လိုက်နေခဲ့တာ မဟုတ်ဘူးလား... နယ်စပ်စစ်မြေပြင်မှာ ပင်မနတ်ဘုရားမ ရွှမ်ယွီ နဲ့ တွေ့ပြီးကတည်းက... အခု သူက ရွှမ်ယွီ ရဲ့ အနောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေတော့တာပဲ..."
"အဲဒါ အရမ်း မကောင်းဘူးလား..."
ရှန်ကွမ်ယွဲ့က ဖျော့တော့စွာ ပြုံးလိုက်သည်။
ပြီးခဲ့သည့် နယ်စပ်တိုက်ပွဲအပြီးတွင် ရှောင်ချူနန်သည် ရွှမ်ယွီအား အနားယူကုသရန် သူမ၏ ဇာတိရွာသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပေ၏။ ၎င်းတို့၏ တိုးတက်မှုအခြေအနေအရ ယခုနှစ်အတွင်း လက်ထပ်သွားနိုင်ချေ ရှိပေသည်။
"အစ်မရှောင်ယွဲ့... နောက်ဆုံးတော့ အစ်မ ပြုံးပြီပဲ..."
ရှောင်လန်က သူမ၏ လက်မောင်းကို ချိတ်တွယ်လိုက်၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှန်ကွမ်ယွဲ့၏ စိတ်ခံစားချက်များ မကောင်းမွန်သည်ကို သတိပြုမိသဖြင့် သူမကို အာရုံလွှဲပေးချင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအချိန်၌ အပြင်ဘက်မှ ပုံရိပ်အချို့ ရုတ်တရက် လျှောက်ဝင်လာခဲ့ကြ၏။
“ဟင်…” ရှောင်လန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“သူတို့က ဘာလို့ ဒီကို ရောက်လာကြတာလဲ…”
"မစ္စရှန်... မစ္စယွင် လား..."
ရှန်ကွမ်ယွဲ့မှာလည်း ခဏတာ အံ့အားသင့်သွားခဲ့ပေ၏။ သူမသည် ဤအမျိုးသမီးနှစ်ဦးနှင့် အိုယန်မိသားစုအိမ်တွင် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခဲ့ဖူးပြီး ယနေ့သည် ၎င်းတို့၏ ဒုတိယအကြိမ် တရားဝင် တွေ့ဆုံခြင်းပင် ဖြစ်လေသည်။ မူလက ၎င်းတို့ကြားတွင် မည်သည့် ဆက်သွယ်မှု သို့မဟုတ် အပြန်အလှန် ပတ်သက်မှုမျှ မရှိခဲ့ချေ။
ရှန်ကွမ်ယွဲ့လည်း နားလည်ထားပေသည်။ ချန်ဖုန်း သူမနှင့် မတွေ့ဆုံမီ သူ ပထမဆုံး သိကျွမ်းခဲ့သူများမှာ ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ပင် ဖြစ်ပေ၏။
ထိုအခိုက်တွက် လဲ့ယန်က လျှပ်တစ်ပြက် ပေါ်လာခဲ့၏။ သူသည် ရှန်ကွမ်ယွဲ့နှင့် ရှောင်လန်တို့၏ လုံခြုံရေးကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့သူဖြစ်သောကြောင့် အပြင်ဘက်ရှိ အသံများကြောင့် သူက ခြံဝင်းထဲတွင် အလျင်အမြန် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အနောက်ဆုံးတွင် ရှိနေသော ဆရာမကုကို ကြည့်ရင်း လဲ့ယန်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"ပြဿနာကြီး တက်နေပြီ..."
ဆရာမကု၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်နေပြီး သူမ၏ မျက်လုံးများမှာလည်း နီရဲနေခဲ့ပေ၏။
ဤအမူအရာက လဲ့ယန်၏ မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
"မစ္စရှန်ကွမ်... ကျွန်မ အစ်မကို လာတွေ့တာပါ..."
ရှန်ယန်းယန်းက ငိုမချမိစေရန် ကြိုးစားထိန်းချုပ်ရင်း သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်၏။ ရှန်ကွမ်ယွဲ့သည် ယခုအခါ ချန်ဖုန်း၏ တရားဝင် စေ့စပ်ထားသူ ဖြစ်နေပြီဖြစ်ရာ သူမ ဤကိစ္စကို သိရှိရန် လိုအပ်ပေသည်။
"ချန်ဖုန်းလေ... သူ... သူ ဒုက္ခရောက်နေပြီ..."
ထိုစကားများကို ပြောလိုက်ချိန်တွင် သူမ၏ စိတ်ခံစားချက်များကို ထပ်မံ၍ မထိန်းချုပ်နိုင်တော့ချေ။ မျက်ရည်များ ချက်ချင်း ကျဆင်းလာခဲ့တော့၏။
"လွန်ခဲ့တဲ့ နာရီအနည်းငယ်က မဟာလက်းယုန်နိုင်ငံ မှာ ချန်ဖုန်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံလိုက်ရတယ်... အခု သူ ပျောက်ဆုံးနေပြီး အသက်ရှင်သလား သေသွားပြီလားဆိုတာကိုတောင် မသိရသေးဘူး..."
"ဘာ..."
ရှန်ကွမ်ယွဲ့၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့လေ၏။
ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတာတဲ့လား။
အသက်ရှင်သလား သေသွားပြီလား မသိရဘူးတဲ့လား။
စကားလုံးတိုင်းသည် ဆူးတစ်ချောင်းအလား သူမ၏ နှလုံးသားကို နက်ရှိုင်းစွာ ထိုးစိုက်သွားလေသည်။
ရှောင်လန်က သူမကို အလျင်အမြန် တွဲထူပေးလိုက်၏။
"အစ်မရှောင်ယွဲ့... အစ်မ စိတ်လှုပ်ရှားလို့ မဖြစ်ဘူးနော်... ဗိုက်ထဲက ကလေးလေးကို သတိထားပါဦး..."
‘ကလေးတဲ့လား’ ရှန်ယန်းယန်းက ခေါင်းကို ရုတ်တရက် မော့ကာ ရှန်ကွမ်ယွဲ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ပေ၏။ ‘သူမက ချန်ဖုန်းရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားတာလား။ အင်း သူမက ချန်ဖုန်းရဲ့ စေ့စပ်ထားသူပဲလေ... ကိုယ်ဝန်ရှိနေတာက ပုံမှန်ပဲ မဟုတ်ဘူးလား’ ဟု သူမ တွေးလိုက်၏။
"သူ သေလို့မရဘူး... ငါ လုံးဝ မယုံဘူး..."
ရှန်ကွမ်ယွဲ့သည် အမြဲတမ်း အလွန် သန်မာသူတစ်ဦး ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ တစ်ဦးအနေဖြင့် သူမသည် သေကွဲရှင်ကွဲ ခွဲခွာရမှုများကို အများအပြား မြင်တွေ့ခဲ့ဖူးလေ၏။ သို့သော် တစ်နေ့နေ့တွင် မိမိကိုယ်တိုင် ဤသို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ရှန်ကွမ်ယွဲ့က သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ သူမ၏ စိတ်ခံစားချက်များမှာ ပို၍ပို၍ ပြင်းထန်လှုပ်ရှားလာပြီး သူမ ငိုပင် ငိုချင်နေခဲ့သော်လည်း ဝမ်းဗိုက်ထဲရှိ ကလေးလေးအတွက် သူမ၏ ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရပေ၏။
ထို့နောက် သူမ၏ မျက်နှာကို နောက်တစ်ကြိမ် ကြည့်လိုက်ချိန်တွင် ရေခဲသဖွယ် အေးစက်နေခဲ့ပြီ ဖြစ်လေသည်။
"ရှောင်လန်... ပြင်ဆင်ထားတော့... ငါတို့ အခုချက်ချင်း မဟာလင်းယုန်နိုင်ငံ ကို သွားမယ်... ချန်ဖုန်း ရဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့..."
"ငါတို့လည်း လိုက်ချင်တယ်..."
ရှန်ယန်းယန်းက နှုတ်ခမ်းကို ကိုက်ကာ ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့၏။
ရှန်ကွမ်ယွဲ့က အစပိုင်းတွင် ငြင်းဆန်ချင်ခဲ့သော်လည်း ငိုထားသဖြင့် ရောင်အစ်နေသော သူမ၏ မျက်လုံးများကို မြင်လိုက်ရချိန်တွင် သူမ၏ နှာခေါင်းဝမှာလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်လာခဲ့ပေသည်။
"ပြင်ဆင်ထားကြ... ငါ အခင်းဖြစ်ပွားရာ နေရာကို သွားဖို့ လိုတယ်..."
တစ်ချိန်တည်းမှာပင်။
ကျိုတိုရှိ နန်ကုန်းမိသားစု။
ဤအချိန်၌ နန်ကုန်းရှုံသည် သူ့ပတ်လည်တွင် ထိုင်နေကြသော လူများကို ကြည့်ကာ ပြောဆိုလိုက်၏။
"အားလုံးပဲ... သတင်းကောင်းတစ်ခု ရထားတယ်... စစ်ဘက်ဆိုင်ရာဌာန ရဲ့ လေ့ကျင့်ရေးမှူးချုပ်... ချန်ဖုန်း ဟာ မဟာလင်းယုန်နိုင်ငံ မှာ တိုက်ခိုက်ခံလိုက်ရပြီး အခုချိန်ထိ အသက်ရှင်သလား သေသွားပြီလားဆိုတာကို မသိရသေးဘူးတဲ့..."
"အစ်ကိုနန်ကုန်း... ဘာကို ဆိုလိုချင်တာလဲ..."
ရှားဟောက်ကျွင်းက နားမလည်ဟန်ဆောင်ကာ မေးမြန်းလိုက်ပေသည်။
လွန်ခဲ့သော ဆယ်မိနစ်က နန်ကုန်းရှုံသည် ကျိုတိုရှိ အင်အားကြီး မိသားစုအချို့မှ လူများကို ဖိတ်ကြားခဲ့ခြင်း ဖြစ်၏။
ယခုအခါ ၎င်းတို့အား ဤကဲ့သို့ ပေါက်ကွဲစေတတ်သော သတင်းမျိုးကို ရုတ်တရက် ပြောပြလာခြင်းက ၎င်းတို့အား ဤရှုပ်ထွေးမှုထဲသို့ ဆွဲသွင်းရန် ကြိုးစားနေကြောင်း ရှင်းလင်းလှပေသည်။
ဤအင်အားကြီး မိသားစုများထဲတွင် ကျီမိသားစုမှာ သဘာဝကျကျပင် မပါဝင်ခဲ့ချေ။
"အားလုံးပဲ... အမှန်တရားကို သိနေရက်နဲ့ ဘာလို့ မသိချင်ယောင် ဆောင်နေကြတာလဲ..."
နန်ကုန်းရှုံက ဖျော့တော့စွာ ပြုံးကာ ပြောလိုက်သည်။
"အားလုံး သိကြတဲ့အတိုင်းပဲ ချန်ဖုန်း ရဲ့ ဆေးဝါးကုမ္ပဏီက ဈေးကွက်အများစုကို ဖမ်းဆုပ်ထားပြီး ဆေးဝါးဈေးကွက်ကို လက်ဝါးကြီးအုပ်လုနီးပါး ဖြစ်နေပြီ... သူက ရေနံကုမ္ပဏီ၊ နည်းပညာကုမ္ပဏီနဲ့ အိမ်ခြံမြေကုမ္ပဏီတွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်..."
"အခုလောလောဆယ် ခံစားနေရတာက ငါ့ရဲ့ နန်ကုန်းမိသားစု ပဲ... အနှေးနဲ့အမြန်ဆိုသလို သူက မင်းတို့ရဲ့ စီးပွားရေးတွေကိုပါ လက်လှမ်းလာမှာပဲ..."
ဤနေရာသို့ ရောက်ချိန်တွင်... သူက လူတိုင်းကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
"ချန်ဖုန်း အသက်ရှင်နေတာပဲဖြစ်ဖြစ် သေသွားတာပဲဖြစ်ဖြစ်... အခုအချိန်က ငါတို့အတွက် အခွင့်အရေးပဲလို့ မထင်ကြဘူးလား... သူအခု ဟွာရှနိုင်ငံ မှာ မရှိတုန်း ဒီအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ငါတို့ လုယူနိုင်တယ်လေ..."
"အစ်ကိုနန်ကုန်း... သူ့ရဲ့ စီးပွားရေးကို လုယူဖို့ဆိုတာက နေ့ချင်းညချင်း လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ထျန်ဖုန်းလုပ်ငန်းစု က အခုဆိုရင် ဘီလီယံရာချီ တန်ကြေးရှိနေပြီ... ဒါက ရေရှည်စီမံကိန်းတစ်ခုပဲ... ဒါ့အပြင် သူ ဟွာရှနိုင်ငံ မှာ မရှိရင်တောင် စစ်ဘက်ဆိုင်ရာဌာန က အဆင့်မြင့်အရာရှိ တချို့က သူ့ကို ကူညီပေးနေဦးမှာပဲ... ဒီကိစ္စကို ဒီတိုင်း မေ့ထားလိုက်ကြတာပေါ့..."
ထို့သို့ပြောရင်း ရှားဟောက်ကျွင်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပေသည်။
"အစ်ကိုနန်ကုန်း... ငါ့မှာ တခြား လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့... ငါ ပြန်ခွင့်ပြုပါဦး..."
"အစ်ကိုနန်ကုန်း... ဒီကိစ္စက သင့်တော်မယ်လို့ မထင်ဘူး... ငါတို့ နောက်မှ ပြန်ဆွေးနွေးကြတာပေါ့..."
"ဟုတ်တယ်... ငါတို့က ချန်ဖုန်း ကို ကြောက်နေလို့ မဟုတ်ပါဘူး... သူနဲ့ ပတ်သက်ဖို့ မတန်လို့ပါ..."
လူအုပ်ကြီး မတ်တပ်ရပ်လိုက်ကြလေ၏။
…