အခန်း ၄၁၇
Vol. 42 Ch. 417
အခန်း (၄၁၇) သူ မသေသေးဘူး
ဆယ်မိနစ် အကြာတွင်။
သူမ အဝတ်လဲခန်းထဲမှ ထွက်လာချိန်တွင် ချန်ဖုန်း၏ မျက်လုံးများ လင်းလက်သွားခဲ့ပေ၏။
ချူရှီယိုသည် အရပ် ၁.၆၈ မီတာရှိပြီး ထိုဂါဝန်ရှည်က သူမ၏ ကောက်ကြောင်းအလှကို ပြီးပြည့်စုံစွာ ဖော်ပြနေကာ သူမကို နူးညံ့ပြီး ဆွဲဆောင်မှုရှိစေလေသည်။
ဝန်ထမ်းမလေးပင် အံ့အားသင့်သွားခဲ့၏။
ခနက တစ်ဖက်လူက အဝတ်အစားပွပွများ ဝတ်ဆင်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားကို လုံးဝ မသိနိုင်ခဲ့ချေ။
အခုတော့...သွယ်လျပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လည်တိုင်၊ နူးညံ့ပြီး ဖြူဝင်းသော အသားအရေနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစား...
အနည်းငယ် ရှက်ရွံ့နေသော အမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ ချူရှီယို၏ အရာအားလုံးက အလှအပနှင့် ဆွဲဆောင်မှုများကို ထုတ်လွှတ်နေပေသည်။
အဲဒါက ဖြူစင်တဲ့ အလှတရားမျိုးပဲ။
အကယ်၍ ဝန်ထမ်းမလေးက ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရပါက ယခင် ချူရှီယိုနှင့် ယခု သူမကို ဘယ်တော့မှ ဆက်စပ်တွေးမိမည် မဟုတ်ချေ။
သူမက ခေါင်းကိုမော့ပြီး အဝတ်အစား လဲလိုက်ရုံဖြင့်ပင် လုံးဝကို တစ်ခြားလူတစ်ယောက် ဖြစ်သွားသလိုပါပဲ။
"ဘာ... ဘာဖြစ်လို့လဲ..."
သူတို့၏ အကြည့်များကို သတိပြုမိသွားသဖြင့် ချူရှီယိုက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်၏။
ပုံမှန်ဆို သူမက ပွပွယောင်းယောင်း အဝတ်အစားများဖြင့် ဖုံးကွယ်ထားလေ့ရှိပြီး ဤဂါဝန်ရှည်က သိပ်မဖော်ပြထားသော်လည်း သူမ အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေဆဲပင်။
"ရပါတယ်... အရမ်းလှတယ်..."
ချန်ဖုန်းက အဝတ်လဲခန်းထဲသို့ ဝင်သွားပြီး အဝတ်ဟောင်းများကို အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။
"ငါ့အဝတ်အစားတွေ..."
ချူရှီယိုက သူ့ကို သနားစရာကောင်းစွာ ကြည့်လိုက်သော်လည်း တားဆီးရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
သူမက လက်ချောင်းနှစ်ချောင်းကို ပွတ်သပ်ကာ အဝတ်အစားများကို ပြန်ကောက်ယူသင့်မသင့် တွေးတောနေခဲ့သည်။
"မင်းရဲ့ အဝတ်အစားတွေကို လွှင့်ပစ်လိုက်ပြီလေ... အခုကစပြီး ဒီအဝတ်အစားကိုပဲ ဝတ်တော့... မင်းက ဒီလောက်လှနေတာကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားရမှာလဲ..."
ချန်ဖုန်းက သူမကို ငြင်းဆန်ရန် အခွင့်အရေး လုံးဝမပေးခဲ့ချေ။
အပြုံးတစ်ခုနှင့်အတူ နောက်ထပ် အဝတ်အစား အနည်းငယ် ထပ်ရွေးပေးရန် စားပွဲထိုးကို တောင်းဆိုလိုက်၏။
ချူရှီယိုက အဲဒီတော့မှ သဘောပေါက်သွားသည်။
တစ်ဖက်လူက သူငယ်ချင်းအတွက် အဝတ်အစား ဝယ်နေတာ လုံးဝမဟုတ်ဘဲ ဒီအဝတ်အစားတွေက သူမအတွက် မူလကတည်းက ရည်ရွယ်ထားတာပဲ။
ထိုအချိန်မှာပဲ...သူမ၏ ဖုန်းဆီသို့ ရုတ်တရက် စာတိုတစ်စောင် ဝင်လာခဲ့တာကြောင့်
ဖွင့်ပြီး ကြည့်လိုက်သည်နှင့်
သူမ ထပ်မံ အေးခဲသွားပြန်သည်။
၎င်းမှာ ဘဏ်ငွေလွှဲ အသိပေးချက် ဖြစ်ပေသည်။ သူမက အကြိမ်ကြိမ် ရေတွက်ကြည့်လိုက်ရာ အံ့မခန်း ယွမ် ငါးသန်း ဖြစ်နေလေ၏။
‘အို ဘုရားရေ...ဒီလောက် ပိုက်ဆံအများကြီး…’
သူမ တစ်သက်လုံး အလုပ်လုပ်လျှင်တောင် ဒီလောက် ပိုက်ဆံအများကြီး ဘယ်တော့မှ မရှာနိုင်ချေ။
ချူရှီယိုက ချန်ဖုန်းကို အမှတ်တမဲ့ ကြည့်လိုက်၏။ သူမ၏ မျက်လုံးဝိုင်းကြီးများက သူမ အိမ်မက်မက်နေသကဲ့သို့ အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့သည်။
"ဘာကြည့်နေတာလဲ... ခုနက မင်းရဲ့ အဝတ်အစားတွေကို ငါ လွှင့်ပစ်လိုက်လို့ မင်းကို ပိုက်ဆံနည်းနည်း ပြန်လျော်ပေးတာ ဘာမှားနေလို့လဲ..."
"မလိုပါဘူး... မလိုပါဘူး... အဲဒီအဝတ်အစားတွေက သိပ်တန်ဖိုးမရှိပါဘူး..."
ချူရှီယိုက ပိုက်ဆံ ပြန်ပေးလိုသဖြင့် လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။
ချန်ဖုန်းက သူမ၏ ဖုန်းကို လုယူကာ သူ၏ အိတ်ကပ်ထဲ ထည့်သိမ်းလိုက်ရင်း ပြောလိုက်သည်။ "ကဲပါ... မင်း စမ်းဝတ်ဖို့ အဝတ်အစားတချို့ ကျန်သေးတယ်... မင်းဖုန်းကို ငါ သေချာ သိမ်းထားပေးပါ့မယ်..."
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ မရှိဘူး... မြန်မြန်သွား..."
ချန်ဖုန်းက သူမကို အဝတ်လဲခန်းထဲသို့ နောက်တစ်ကြိမ် တွန်းပို့လိုက်လေ၏။
ထို့နောက် သူက သူ၏ဖုန်းကို ထုတ်ယူကာ စာတိုတစ်စောင် ပို့လိုက်သည်။
...
တစ်ချိန်တည်းမှာပင်။
မဟာလင်းယုန်နိုင်ငံ၏ ရဲတိုက်ထဲတွင်။
အက်ဒွပ်၏ မျက်နှာအမူအရာမှာ အလွန် တည်ကြည်လေးနက်နေခဲ့ပေ၏။
အဘယ်ကြောင့်ဆိုသော် မကြာခင်အချိန်က အဇူရာနန်းတော်သခင် အသက်ရှင်နေသေးကြောင်း သတင်းရရှိခဲ့သောကြောင့် ဖြစ်သည်။
"အဇူရာနန်းတော်သခင်ဆိုတာ တကယ်ပါပဲလား... ဒုံးကျည်တွေတောင် မင်းကို မသတ်နိုင်ဘူးပေါ့..."
အက်ဒွပ်က လေကို ပြင်းပြင်းရှူသွင်းလိုက်၏။
သူက လက်အောက်ငယ်သားတစ်ဦးကို ကြည့်လိုက်ပြီး သတင်းအချက်အလက်များကို ထပ်မံအတည်ပြုလိုပုံ ရပေသည်။
"အဲဒီလူက အဇူရာနန်းတော်သခင် ချန်ဖုန်း ဆိုတာ မင်း သေချာရဲ့လား... သူ တကယ် မသေသေးဘူးလား..."
"ပြန်ရလာတဲ့ သတင်းတွေအရ ကျွန်တော်တို့ လူတွေလည်း တစ်ဖက်ကို မမြင်တွေ့ခဲ့ရပါဘူး..."
လက်အောက်ငယ်သားက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။
"ကင်းလှည့်နေတုန်း ဟွာရှအမျိုးသမီးတစ်ယောက်က သူမ အဇူရာနန်းတော်သခင်ကို မြင်ခဲ့ရတယ်လို့ ပြောတယ်... သူမရဲ့ ဖော်ပြချက်အရ အဲဒီလူက ချန်ဖုန်း ပဲ..."
"သူ အခု အပြင်းအထန် ဒဏ်ရာရထားတာ သေချာတယ်... ကျွန်တော်တို့ လူတွေက အဲဒီနေရာကို သွားနေကြပါပြီ..."
"ငါတို့ လုံးဝ ပေါ့ဆလို့ မရဘူး..."
အက်ဒွပ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒီတစ်ခါ ဘာပဲဖြစ်ဖြစ် အဇူရာနန်းတော်သခင်ကို သတ်ရမယ်... သူ မသေသရွေ့ ငါ အေးအေးဆေးဆေး အိပ်လို့ စားလို့ ရမှာမဟုတ်ဘူး... သူ့ကို ဝိုင်းရံသတ်ဖြတ်ဖို့ ကျွမ်းကျင်သူတွေ ထပ်လွှတ်လိုက်..."
အကယ်၍ ချန်ဖုန်း မသေပါက သူ့ကို နှိမ်နင်းရန် နောက်ဆုံးတွင် ပြန်လာမည်ကို သူ နားလည်ထားပေ၏။
မဟာလင်းယုန်နိုင်ငံတွင် ကျွမ်းကျင်သူများစွာ ရှိသော်လည်း ၎င်းတို့က သူ့ကို တစ်နှစ်ပတ်လုံး နေ့တိုင်း လိုက်ပါစောင့်ရှောက်ပေးနိုင်မည် မဟုတ်ချေ။
အကယ်၍ အက်ဒွပ်က သူ့ရဲ့ သတိထားမှုကို အနည်းငယ်မျှ လျှော့ချလိုက်ပါက သူအသက်အန္တရာယ် ရှိလာမည် ဖြစ်သည်။
"နားလည်ပါပြီ..."
လက်အောက်ငယ်သားက ထပ်မံမေးမြန်းလိုက်၏။ "ဒီကာလအတွင်း ဟွာရှစစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိလည်း ပေါ်လာတယ်... သူမက အဇူရာနန်းတော်က လူတွေနဲ့ အတူရှိနေတာ..."
"ပြီးတော့ အဲလစ်ဇဘက် ဘုရင်မကြီးကလည်း မကြာသေးခင်က အဇူရာနန်းတော်က လူတွေနဲ့ အချိန်ဖြုန်းနေပါတယ်..."
"အဲလစ်ဇဘက်ကို ခဏ ဘေးဖယ်ထားလိုက်..."
အက်ဒွပ်က လက်ယမ်းပြလိုက်၏။
သူက အဲလစ်ဇဘက်ကို နှိမ်နင်းချင်လျှင်တောင် သီးသန့်သာ လုပ်ဆောင်မည် ဖြစ်သည်။
"စစ်ဘက်ဆိုင်ရာဌာန စစ်သေနာပတိနဲ့ ပတ်သက်ရင် သူမက ဘာပဲဖြစ်ဖြစ် ဟွာရှအစိုးရကို ကိုယ်စားပြုနေတာလေ..."
"ပွင့်ပွင့်လင်းလင်း အရေးယူဖို့က အချိန်မကောင်းသေးဘူး..."
"ချန်ဖုန်း အကူအညီ မတောင်းနိုင်အောင် သူတို့ကို အရင် တားဆီးဖို့ လူလွှတ်ထားသင့်တယ်..."
"နောက်ပြီး အဇူရာနန်းတော်က လူတွေ အားလုံးက လက်ရှိမှာ မဟာလင်းယုန်နိုင်ငံမှာ စုဝေးနေကြတယ်... သူတို့ကို သေချာ စောင့်ကြည့်ထားပြီး ပြဿနာ မရှာနိုင်အောင် လုပ်ထား..."
"ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်..."
လက်အောက်ငယ်သားက အခန်းထဲမှ အလျင်အမြန် ထွက်သွားလေ၏။
...
ရေနံကုမ္ပဏီ၌။
ရေနံကုမ္ပဏီ တစ်ခုလုံး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားပြီး ဝန်ထမ်းအားလုံးကို ခွင့်ပေးထားပေသည်။
ဤနေရာက အဇူရာနန်းတော်၏ ယာယီစခန်း ဖြစ်လာခဲ့၏။
အဇူရာနန်းတော် အဖွဲ့ဝင် ထောင်ပေါင်းများစွာသည် ချန်ဖုန်း၏ ခြေရာများကို နေ့ရောညပါ ရှာဖွေခဲ့ကြပြီး သူ၏ လမ်းကြောင်းကို မြစ်အောက်ပိုင်းအထိ တဖြည်းဖြည်း ခြေရာခံခဲ့ကြသည်။
ယခုအခါ ဝိညာဉ်အဖွဲ့အစည်းမှ လူများပင် ပူးပေါင်းပါဝင်လာခဲ့လေပြီ။
ဝမ်ဖေးသည် သူမ၏ဆရာကို ကုသပေးခဲ့ပြီးနောက် ဂူအဆိပ်ကို ဖယ်ရှားနိုင်ခဲ့ကာ ဝိညာဉ်အဖွဲ့အစည်းသည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
ချန်ဖုန်း၏ ယခင်က ကျေးဇူးကို ဆပ်ရန်အတွက် ဝမ်ဖေးသည် ဝိညာဉ်အဖွဲ့အစည်း အဖွဲ့ဝင် အားလုံးနီးပါးကို ခေါ်ဆောင်ကာ ချန်ဖုန်း၏ ခြေရာများကို ရှာဖွေရန် ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
အခန်းထဲ၌။
တစ်ပတ်ကြာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရမှုက ရှန်ကွမ်ယွဲ့၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
လွန်ခဲ့သည့် တစ်ပတ်လုံး သူမ ကောင်းကောင်း မအိပ်ရသေးချေ။
သူမတစ်ယောက်တည်း မဟုတ်ပေ။
ရှန်ယန်းယန်း၊ ယွင်ထင်၊ အဲလစ်ဇဘက် နှင့် အခြားသူများလည်း ကောင်းစွာ စားသောက် အိပ်စက်နိုင်ခြင်း မရှိခဲ့ကြချေ။
ရှာဖွေမှုက ပိုမိုကြာမြင့်လေလေ သူတို့တွင် မျှော်လင့်ချက် နည်းပါးလေလေ ဖြစ်သည်။
"အစ်မယွဲ့... ဒီနေ့ တစ်ရက်လောက် နားပြီး မြစ်ကမ်းဘေးကို မသွားဘဲနေပါလား..."
ရှောင်လန်က ရှန်ကွမ်ယွဲ့အား စိုးရိမ်ပူပန်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။
အကယ်၍ အစ်မယွဲ့သာ ကိုယ်ဝန်မရှိခဲ့ပါက ချန်ဖုန်း၏ ခြေရာများကို ရှာဖွေရန် သူမကိုယ်တိုင် မြစ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားနိုင်ပေသည်။
"ငါ အဆင်ပြေပါတယ်... သွားရအောင်..."
ရှန်ကွမ်ယွဲ့၏ အမူအရာမှာ ပြတ်သားနေခဲ့၏။
လက်ရှိအချိန်တွင် သူမအတွက် အချိန်က အလွန် အဖိုးတန်လှပေသည်။
ထိုအချိန်မှာပဲ...သူမဆီသို့ ရုတ်တရက် မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။
သူမ ဖုန်းကို ဖွင့်လိုက်ချိန်တွင် ထိုင်ခုံပေါ်မှ လန့်ဖျပ်ကာ ခုန်ထလိုက်မိ၏။
လှုပ်ရှားမှုက အရမ်း ကြီးမားသွားလို့ ဖြစ်နိုင်ပေသည်။
စားပွဲပေါ်ရှိ ပန်းကန်လုံးက မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားပြီး ကျယ်လောင်သော အသံနှင့်အတူ အပိုင်းပိုင်း အစစ ကွဲကြေသွားလေ၏။
"အစ်မယွဲ့... အဆင်ပြေရဲ့လား..."
ရှောင်လန်က အလျင်အမြန် ပြေးလာပြီး ရှန်ကွမ်ယွဲ့၏ လက်များနှင့် ခန္ဓာကိုယ်ကို စိုးရိမ်တကြီး စစ်ဆေးလိုက်သည်။
သို့သော် ဤအချိန်၌...ရှန်ကွမ်ယွဲ့က ရုတ်တရက် ရယ်မောလိုက်သော်လည်း ထို့နောက် ငိုချလာတော့၏။
"ဘာဖြစ်လို့လဲ အစ်မယွဲ့... ဘာဖြစ်လို့လဲ... ကျွန်မကို လန့်အောင် မလုပ်ပါနဲ့..."
ရှောင်လန်မှာ အလွန် ထိတ်လန့်သွားသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ချေ။
အစ်မယွဲ့သည် ချန်ဖုန်း သေဆုံးသွားသောကြောင့် အလွန်အမင်း ဝမ်းနည်းကြေကွဲနေခြင်း ဖြစ်ရမည်။ သူမက အချိန်အတန်ကြာ အောင့်ထားခဲ့ပြီး ယခုတော့ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ငိုချလိုက်ခြင်း ဖြစ်နိုင်ပေသည်။
သူမ ဗိုက်ထဲက သနားစရာ ကလေးလေးဟာ ဖခင်မပါဘဲ မွေးဖွားလာရတော့မှာများလား။
"ရပါတယ်... ငါ အဆင်ပြေပါတယ်..."
ရှန်ကွမ်ယွဲ့က မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ တင်းမာနေသော အာရုံကြောများ နောက်ဆုံးတွင် ပြေလျော့သွားခဲ့လေ၏။ "သူ... သူ မသေသေးဘူး... သူ မသေဘူးဆိုတာ ငါ သိတယ်..."
"သူ ခုနလေးတင် ငါ့ဆီ မက်ဆေ့ချ် ပို့လာတယ်..."
"ဘယ်သူ မသေသေးတာလဲ..."
"ချန်ဖုန်း..."
"ဟင်..."
ရှောင်လန် တုံ့ပြန်နိုင်ရန် အချိန်အတန်ကြာ ယူလိုက်ရ၏။
ထို့နောက် ချက်ချင်း ဆိုသလိုပင် သူမ သက်ပြင်းချကာ ပြောလိုက်သည်။ "အစ်မယွဲ့... သူ အဆင်ပြေမှာပါလို့ ကျွန်မ ပြောသားပဲ... မြန်မြန် တခြားသူတွေကို သွားပြောပြရအောင်..."
---