အခန်း ၄၁၉
Vol. 42 Ch. 419
အခန်း (၄၁၉) အမေ ရောက်လာပြီ
"စစ်သေနာပတိက ဘာကိုဆိုလိုတာလဲ..."
ခေါင်းဆောင်ဖြစ်သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူ့တာဝန်က စစ်သေနာပတိနှင့် ချန်ဖုန်းတို့ တွေ့ဆုံခြင်းကို တားဆီးရန် ဖြစ်သော်လည်း လက်ရှိအခြေအနေအရ စစ်သေနာပတိသည် ချန်ဖုန်း၏ လုံခြုံရေးအတွက် လုံးဝ စိုးရိမ်ပူပန်နေပုံ မရချေ။
‘ဒါတွေအကုန်လုံးက ဟန်ဆောင်နေခြင်းများလား’ဟု သူ တွေးမိသွား၏။
ချန်ဖုန်းသည် ဒုံးကျည်ကြောင့် သေဆုံးမသွားလျှင်တောင် အပြင်းအထန် ဒဏ်ရာရနေသင့်ပေသည်။ ‘အဇူရာနန်းတော်နှင့် အခြားသူများက အလွန် စိုးရိမ်ပူပန်နေသင့်သည် မဟုတ်ပါလော’ ဟု တွေးတောနေမိလေသည်။
"ငါဘာကို ဆိုလိုလဲဆိုတာ နင့်အပူ မပါဘူး...သေချာတာတစ်ခုကတော့ နင့်လူတွေက သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး... နောက်ပြီး အဲဒီ အမှိုက် ရွိုင်ရယ်ဟိုတယ်ကိုလည်း ငါ သွားမှာမဟုတ်ဘူး... နင်တို့က အဲဒီလောက် စွမ်းဆောင်နိုင်တယ်ဆိုရင် ဒီမှာပဲ ငါ့ကို စောင့်ကြည့်နေလိုက်..."
ရှန်ကွမ်ယွဲ့သည် ချန်ဖုန်းအကြောင်းကို ကောင်းစွာ သိရှိထားပေ၏။
တစ်ဖက်လူက သူ၏တည်နေရာကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ရာ သူ၏ဒဏ်ရာများ နီးပါး ပျောက်ကင်းသွားပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အက်ဒွပ်၏ လူများက အလွန်အင်အားကြီးမားလျှင်တောင် လွတ်မြောက်ရန် ပြဿနာမရှိနိုင်ချေ။
ထို့ပြင် အဲလစ်ဇဘက်နှင့် ဝမ်ဖေးတို့သည်လည်း သူတို့၏ လူများကို ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့ကြပြီ ဖြစ်ပေ၏။
အရေးကြီးဆုံးမှာ လွန်ခဲ့သော နှစ်ရက်က သူမသည် ချန်ဖုန်း၏ အဒေါ်ဖြစ်သူ အိုယန်နာလန်နှင့် အဆက်အသွယ် ရခဲ့ပြီး ချန်ဖုန်း၏ မိခင်နှင့်အတူ သူမသည် မဟာလင်းယုန်နိုင်ငံသို့ လာနေကြပြီ ဖြစ်လေသည်။
ဤကူညီမည့်သူများနှင့်ဆိုလျှင် သူမ ဝင်ရောက်စွက်ဖက်သည်ဖြစ်စေ၊ မစွက်ဖက်သည်ဖြစ်စေ အလုံးစုံသော အခြေအနေအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ချေ။
သူမက ရှေ့သို့ အေးစက်သော အမူအရာဖြင့် ကြည့်ကာ ထပ်မံ၍ ပြောဆိုလိုက်၏။
"အက်ဒွပ်ကို သွားပြောလိုက်... သူ့ရဲ့ ကောင်းမွန်တဲ့နေ့ရက်တွေ ကုန်ဆုံးတော့မယ်... ကျန်နေသေးတဲ့ အချိန်လေးကို တန်ဖိုးထားသင့်တယ်လို့..."
"မင်း..."
ခေါင်းဆောင်ဖြစ်သူ အမျိုးသားမှာ အနည်းငယ် မကျေနပ်ပုံပေါ်သွားပေသည်။
"မစ်ရှန်ကွမ်... သူ့အပေါ် အရမ်း ယုံကြည်လွန်းနေတာ မဟုတ်ဘူးလား..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်သော အငွေ့အသက်တစ်ခုက လွှမ်းခြုံသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြီးမားလှသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရကာ ကြက်သီးမွေးညင်းများပင် ချက်ချင်း ထသွားစေခဲ့၏။
သူ့နောက်ရှိ လူအုပ်ကြီးမှာလည်း တုန်ရီသွားကြလေသည်။
ထိုခဏ၌ ပုံရိပ်တစ်ခုက လျှပ်စီးတန်းအလား လျင်မြန်စွာ ပြေးဝင်လာခဲ့ပေ၏။
မည်သူကမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ထိုပုံရိပ်က ခေါင်းဆောင်ဖြစ်သူ အမျိုးသား၏ ဘေးတွင် ပေါ်လာခဲ့သည်။
"ဟက်ဟက်... ငါ့သားကိုတောင် လက်ဖျားနဲ့ ထိရဲတယ်ပေါ့လေ... နင်တို့အားလုံး သေဖို့သာ ပြင်ထားကြတော့..."
ချက်ချင်းဆိုသလိုပင် ဓားမြှောင်တစ်လက်က အမျိုးသား၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့၏။ ထို့နောက် သွေးများ နေရာအနှံ့ ပန်းထွက်သွားလေတော့သည်။
"ဘယ်သူ... မင်းက ဘယ်သူလဲ..."
ခေါင်းဆောင်ဖြစ်သူ အမျိုးသားက ထိတ်လန့်စွာဖြင့် ပြောလိုက်၏။
ထိုသူမှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ပေသည်။
သူသည် ဧကရာဇ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး မဟာဧကရာဇ်အဆင့်သို့ပင် ရောက်ရှိရန် နီးစပ်နေသူဖြစ်သော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တစ်စက္ကန့်မျှပင် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ချေ။
ဤအမျိုးသမီးက တကယ်တော့ ဘယ်သူများနည်း။
သူမ၏ စွမ်းအားက မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးထက်ပင် သေချာပေါက် သာလွန်နေပေလိမ့်မည်။
"ငါက ဘယ်သူလဲဆိုတာ သိပိုင်ခွင့် နင်တို့မှာ မရှိဘူး... နင်တို့ သိဖို့လိုတာက နင်တို့ အားလုံး သေရတော့မယ် ဆိုတာပဲ..."
အိုယန်ဖေး၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် လျှပ်တစ်ပြက် လှုပ်ရှားသွားပြန်၏။
သူမ မူလနေရာသို့ ပြန်ရောက်လာချိန်တွင် အခြားသူများ၏ လည်ပင်းများတွင်လည်း ဒဏ်ရာတစ်ခုစီ ရှိနေပြီး တောက်ပသော သွေးနီရဲရဲများ အဆက်မပြတ် ပန်းထွက်နေခဲ့ပေသည်။
ဘုန်း...
ဘုန်း...
ရုပ်အလောင်းများ တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
မူလက ဤနေရာသည် မဟာလင်းယုန်နိုင်ငံ ဖြစ်ပြီး ၎င်းတို့က အရင်စတင်ခြင်း မရှိသရွေ့ စစ်သေနာပတိနှင့် သူမ၏ လူများက မည်သူ့ကိုမျှ သတ်ရဲမည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ယခုအခါတွင်မူ ၎င်းတို့ မှားယွင်းသွားခဲ့ပေပြီ။
၎င်းတို့က သတ်ဖြတ်ရန် ရဲဝံ့ရုံသာမက အတွင်းထဲတွင် မဟာဧကရာဇ်အဆင့်ထက် ပင်သာလွန်နိုင်သူ တစ်ယောက်ကို ဖုံးကွယ်ထားခဲ့လေသည်။
အဇူရာနန်းတော်သခင်ထက်ပင် မလျော့နည်းသော စွမ်းအားရှိသည့် စူပါကျွမ်းကျင်သူတစ်ဦး ဖြစ်ပေ၏။
ရှန်ကွမ်ယွဲ့ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဤကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာမည်ဟု သူမ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။ ရုတ်တရက် ပေါ်လာသော ဤအမျိုးသမီးကို သူမ မမှတ်မိသလို ယခင်ကလည်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
အိုယန်နာလန် ပေါ်လာချိန်မှသာ တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်းကို ရှန်ကွမ်ယွဲ့ နောက်ဆုံးတွင် သဘောပေါက်သွားလေ၏။
သူမသည် ချန်ဖုန်း၏ မိခင် အိုယန်ဖေး ဖြစ်ပေသည်။
"ရှောင်ယွဲ့... အခု ရှောင်ဖုန်း အခြေအနေ ဘယ်လိုရှိလဲ..."
အိုယန်နာလန်လည်း အလျင်အမြန် လျှောက်လာကာ မေးလိုက်၏။
သူမနှင့် အိုယန်ဖေးတို့သည် နောက်ဆုံးတွင် မဟာလင်းယုန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ ချန်ဖုန်း၏ မတော်တဆမှုအကြောင်းကို ပထမဆုံး သိလိုက်ရချိန်တွင် သူတို့မှာ လုံးလုံးလျားလျား ကြေကွဲသွားလုနီးပါး ဖြစ်ခဲ့ကြပေသည်။
ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သောဆယ်မိနစ်က ချန်ဖုန်း အသက်ရှင်နေသေးကြောင်း သတင်းရရှိခဲ့သဖြင့် စိတ်အေးသွားခဲ့ရလေ၏။
"ကျွန်မတို့ လူတွေ အဲဒီကို သွားနေကြပါပြီ... ဒါပေမဲ့ မဟာလင်းယုန်နိုင်ငံက ကျွမ်းကျင်သူတွေလည်း အဲဒီကို သွားနေကြတယ်... အက်ဒွပ်က ချန်ဖုန်းကို ဒီတစ်ကြိမ်မှာ အလွတ်ပေးမှာ မဟုတ်လောက်ဘူး..."
ရှန်ကွမ်ယွဲ့မှာ အလွန် စိုးရိမ်နေဆဲ ဖြစ်ပေသည်။ ယခင်က သူမ အလျင်စလိုမဖြစ်ကြောင်း ပြောဆိုမှုမှာ ရန်သူများကို ဟန်ဆောင်ပြသရုံသာ ဖြစ်လေ၏။
"စိတ်မပူပါနဲ့... ငါ ဒီမှာ ရှိနေတာပဲ... ရှောင်ဖုန်း အဆင်ပြေမှာပါ..."
အိုယန်ဖေးက ဖြည်းညင်းစွာ လျှောက်လာရင်း ပြောလိုက်သည်။
"သမီးက ရှောင်ယွဲ့ ဖြစ်ရမယ်... သမီး ငယ်ငယ်တုန်းက အန်တီ ချီခဲ့ဖူးတယ်... နှစ်ပေါင်း ၂၀ ကျော် ကြာသွားတော့ သမီးက ဒီလောက်တောင် ကြီးလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
သူမသည်လည်း စိတ်ခံစားမှုများ ပြည့်နှက်နေခဲ့ပေ၏။
သို့သော်လည်း အိုယန်ဖေးသည် သူမ၏ ချွေးမလေးကို အလွန် သဘောကျနေဆဲ ဖြစ်လေသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ တစ်ဖက်လူတွင် ကိုယ်ဝန်ရှိနေပုံ ရခြင်းပင်။
ထိုအရာက သူမ၏ သားဖြစ်သူနှင့် သေချာပေါက် သက်ဆိုင်နေပေမည်။
"အန်တီ အိုယန်..."
ရှန်ကွမ်ယွဲ့၏ မျက်နှာလေး နီမြန်းသွားခဲ့၏။
တစ်ဖက်လူ၏ အကြည့်များက သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် စူးစိုက်ကြည့် နေသည်ကို မြင်သောအခါ သူမ၏ အနာဂတ် ယောက္ခမရှေ့တွင် ဖြစ်စေကာမူ သူမ အနည်းငယ် ရှက်ရွံ့နေဆဲ ဖြစ်ပေသည်။
"ရှောင်ယွဲ့... သူ့အတွက် စိတ်မပူပါနဲ့... သမီးရဲ့ ကိုယ်ဝန်ကိုပဲ ဂရုစိုက်ပါ... နောက်ကျရင် သူ့ကို အန္တရာယ်ကင်းကင်း ပြန်ခေါ်လာခဲ့မယ်လို့ အန်တီ ကတိပေးပါတယ်..."
အိုယန်ဖေးက ရှန်ကွမ်ယွဲ့ကို နှစ်သိမ့်ပေးလိုက်၏။
နောက်ကွယ်ရှိ ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို တစ်ချက်ကြည့်လိုက်ရာ တွင်လည်း သူမ အတော်လေး ကျေနပ်သွားပုံရပေသည်။
‘ငါ့သားက သူ့အဖေနဲ့ တစ်ထေရာတည်းပဲ... အမြဲတမ်း မိန်းကလေးတွေနဲ့ ဝိုင်းရံနေတာ…’ဟု သူမ တွေးလိုက်၏။
"ယန်းယန်း၊ ရှောင်ယွင်... သမီးတို့လည်း သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး..."
အိုယန်ဖေးက သူမတို့နှစ်ဦးကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။
လမ်းညွှန်ချက် အချို့ပေးပြီးနောက် အိုယန်ဖေးသည် သူမသား ရှိရာနေရာသို့ အလျင်အမြန် ဦးတည်သွားလေသည်။
အိုယန်နာလန်ကမူ ဤနေရာတွင် ကျန်ရစ်ခဲ့၏။
ထို့နောက် သူမက မြေပြင်ပေါ်ရှိ ရုပ်အလောင်းများကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"ရှောင်ယွဲ့... ဒီလူတွေ သေသွားတာက သမီးကို ထိခိုက်မှု မရှိနိုင်ဘူး မဟုတ်လား..."
"ရပါတယ်..."
ရှန်ကွမ်ယွဲ့က ခေါင်းခါလျက် နှာမှုတ်လိုက်၏။
"စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ကို သူတို့က တိုက်ခိုက်ရဲတယ်... ပြီးတော့ စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိဖြစ်တဲ့ သမီးကိုတောင် တိုက်ခိုက်ရဲသေးတယ်... သူတို့ သေသင့်ပါတယ်... အဆိုးဆုံးဖြစ်လာရင်တော့ ဟွာရှနိုင်ငံက မဟာလင်းယုန်နိုင်ငံ နဲ့ နောက်ထပ် စစ်ပွဲတစ်ခု ထပ်ဆင်နွှဲရုံပေါ့..."
သို့သော် ဤတစ်ကြိမ်တွင် အန်တီအိုယန်၏ အကူအညီဖြင့်ဆိုလျှင်...
အက်ဒွပ်က မကြာမီ ရာထူးမှ ဆင်းပေးရမည်ဖြစ်ပြီး အဲလစ်ဇဘက်က အာဏာရယူမည်ဖြစ်ရာ မိမိတို့အတွက် အလွန် အကျိုးရှိပေလိမ့်မည်။
"အဲဒီလို ဖြစ်ဖို့ မျှော်လင့်ပါတယ်..."
အိုယန်နာလန်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲ ဖြစ်လေ၏။
...
အခြားတစ်ဖက်တွင်။
ချူရှီယိုက အဝတ်အစား သုံးစုံကို ဆက်တိုက် စမ်းဝတ်ကြည့်ခဲ့ရာ တစ်စုံချင်းစီတိုင်းက လှပနေခဲ့ပေသည်။
ချန်ဖုန်းက သူမအတွက် ကျသင့်ငွေကို တိုက်ရိုက် ရှင်းပေးလိုက်၏။
အဝတ်အထည်ဆိုင်မှ ထွက်ခွာလာချိန်တွင် ချူရှီယိုက ထိုယွမ်ငါးသန်းကို ပြန်ပေးချင်နေသေးသော်လည်း ကံမကောင်းစွာဖြင့် ဖုန်းက ချန်ဖုန်း၏ လက်ထဲတွင် ရှိနေသဖြင့် နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာရုံသာ တတ်နိုင်ပေသည်။
"ဘာဖြစ်လို့လဲ..."
ချန်ဖုန်းက ရပ်တန့်ကာ မေးလိုက်၏။
တစ်ဖက်လူ၏ မျက်နှာမှာ မှုန်ကုပ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
အသစ်စက်စက် အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း အဘယ်ကြောင့် သိပ်ပျော်ရွှင်ပုံ မရသည်ကို သူ အလွန် သိချင်နေခဲ့ပေ၏။
"ရှင်... ကျွန်မရဲ့ ဖုန်းလေး ပြန်ပေးလို့ ရမလား..."
ချူရှီယိုက သူမ၏ ခေါင်းကို တိတ်တဆိတ် မော့ကြည့်လိုက်ရာ မျက်နှာလေးတွင် နာကြည်းမှု အရိပ်အယောင်လေး ရှိနေပုံရပေသည်။
"ရတာပေါ့..."
ချန်ဖုန်းက ပေါ့ပေါ့ပါးပါးဖြင့် ဆဲလ်ဖုန်းတစ်လုံးကို ကမ်းပေးလိုက်၏။
ချူရှီယိုမှာ မှင်တက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူမ၏ ဖုန်း လုံးဝမဟုတ်ဘဲ ယွမ် ခြောက်ထောင် ခုနစ်ထောင်ခန့် တန်ဖိုးရှိသည့် ဖုန်းအသစ်တစ်လုံး ဖြစ်နေသောကြောင့်ပင်။
"မင်းဖုန်းက အရမ်း ဟောင်းနေတာကို သတိထားမိလို့ မင်း အဝတ်စမ်းဝတ်နေတုန်း အသစ်တစ်လုံး လဲပေးလိုက်တာ... စိတ်မပူပါနဲ့... ဆင်းမ်ကတ်လည်း ထည့်ပြီးပါပြီ..."
ချန်ဖုန်းက ရယ်မောကာ ပြောလိုက်၏။
ထို့နောက် မလှမ်းမကမ်းရှိ အမှိုက်ပုံးတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
"ဟောင်းနေတဲ့ တစ်လုံးကိုလည်း လွှင့်ပစ်လိုက်ပြီ... တကယ်လို့ မင်း ဒါကို မသုံးရင် မင်းမှာ သုံးစရာဖုန်း ရှိတော့မှာ မဟုတ်ဘူး..."
"ကျွန်မ..."
ချူရှီယိုမှာ ရယ်ရခက် ငိုရခက်ဖြစ်ကာ အနည်းငယ် စကားပြောစရာမဲ့သွားခဲ့ပေ၏။
"ရှီယို... ရှီယို..."
ထိုအချိန်၌ ပုံရိပ်တစ်ခုက ၎င်းတို့ဆီသို့ လျင်မြန်စွာ ပြေးလာခဲ့သည်။
ရှာရွှယ်မှာ အမောတကောဖြင့် အသက်ကို ပြင်းပြင်းရှူနေခဲ့၏။
ချူရှီယို၏ လုံခြုံရေးအတွက် သူမ၏ ခွန်အားအားလုံးကို အသုံးချကာ ပြေးလာခဲ့ခြင်း ဖြစ်ပေသည်။
သူမက ချူရှီယိုနှင့် ချန်ဖုန်း ကြားတွင် ဝင်ရပ်ကာ စိုးရိမ်တကြီး ပြောဆိုလိုက်သည်။
"ရှီယို... နင် သွားမှဖြစ်မယ်... သူက အကြမ်းဖက်သမားဖြစ်ပြီး လူတွေအများကြီးကို သတ်ခဲ့တယ်လို့ ငါ ခုနလေးတင် ကြားခဲ့ရတယ်..."
"အကြမ်းဖက်သမားလား..."
ချန်ဖုန်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ဖြာသွားလေ၏။
"အဲဒါ အမှန်ပဲ မဟုတ်ဘူးလား... လွန်ခဲ့တဲ့ တစ်ပတ်က ဒုံးကျည်ပေါက်ကွဲမှုနဲ့ ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့ ရှင် ပြောရဲလား... ရှင် လူတွေအများကြီးကို မသတ်ခဲ့ဘူးလို့ ရှင် ပြောရဲလား..."
"ရှင့်ရဲ့ နောက်ခံကို ကျွန်မ စုံစမ်းပြီးပြီ... ရှင့်နာမည်က ချန်ဖုန်း မဟုတ်လား..."
"ရှီယိုသာ ရှင့်ကို မကယ်ခဲ့ရင် ရှင် အခုချိန်လောက်ဆို သေနေလောက်ပြီ..."
"ကျွန်မ ရှင့်ကို ပြောမယ်... ရှင်... ရှင် ကျွန်မ သူငယ်ချင်းကို မထိနဲ့နော်..."
ရှာရွှယ်က ပြောရင်း ချူရှီယိုကို သူမ၏ အနောက်တွင် ကာကွယ်ထားကာ ခြေလှမ်းတစ်လှမ်းချင်း နောက်ဆုတ်သွားခဲ့ပေ၏။
မဟာလင်းယုန်နိုင်ငံ စစ်တပ်က မကြာမီ ရောက်လာတော့မည်ဖြစ်ကြောင်း သူမ သိထားပြီး ဤအကြမ်းဖက်သမားကို ထိန်းချုပ်ထားရန် လိုအပ်ပေသည်။
"ဟက်ဟက်..."
ချန်ဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
ချူရှီယိုက သူမ၏ အကောင်းဆုံးသူငယ်ချင်း၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိတ်စွာ ပြောလိုက်သည်။
"ရှာရွှယ်... သူ... သူက လူဆိုးမဟုတ်ပါဘူး... သူက ငါ့ကို အဝတ်အစား ထွက်ဝယ်ပေးရုံပါ..."
"လူဆိုးမဟုတ်ဘူးလား..."
ရှာရွှယ်မှာ နောက်တစ်ကြိမ် မှင်တက်သွားလေ၏။
စစ်တပ်က လူတွေက တစ်ဖက်လူဟာ အကြမ်းဖက်သမားလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။
ဘာလို့ အချက်အလက် တချို့က မကိုက်ညီရတာလဲ။
အကယ်၍ တစ်ဖက်လူကသာ ချူရှီယိုကို တကယ် ဒုက္ခပေးချင်ခဲ့ပါက အခွင့်အရေး ရနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူမအနေဖြင့် ချူရှီယိုကို ယခု မြင်တွေ့နိုင်မည် မဟုတ်ချေ။
---