အခန်း ၄၂၂
Vol. 43 Ch. 422
အခန်း ၄၂၂ ငရဲမင်း၏ တစ္ဆေလက် အိုယန်ဖေး
"နင်ကများ ရဲတင်းလှချည်လား ငါ ဘာလုပ်ရမယ်ဆိုတာကို နင်က သင်ပေးဖို့ လိုသေးလို့လား... အက်ဒွပ်နဲ့ စာရင်းကို ငါ အနှေးနဲ့ အမြန် ရှင်းရမှာပဲ... ကောင်းပြီလေ နင်တို့က သူ့ဘက်မှာ ရှိနေတယ်ဆိုတော့ ငါ့ ဘက်က ရိုင်းတာကို အပြစ်မတင်နဲ့တော့"
အဲလစ်ဇဘက်၏ မျက်နှာသည် အလွန်တရာ မှုန်ကုပ်နေပေ၏။
"ငါ့လမ်းကို ပိတ်တဲ့ကောင်တွေ သေဖို့သာပြင်"
သူမက ခပ်တိုးတိုး အော်ဟစ်လိုက်လေသည်။
ထို့နောက် သူမ၏ ပုံရိပ်သည် ဝေဝါးသွားပြီးနောက် ရှေ့သို့ ချက်ချင်း ပြေးဝင်သွားတော့၏။
"သတ်"
"သတ်"
အဇူရာနန်းတော်မှ အကြီးအကဲ သုံးဦးသည်လည်း အဲလစ်ဇဘက်နှင့်အတူ ပြေးထွက်လာကြလေသည်။ သူတို့သည် ချန်ဖုန်း၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး တိုက်ခိုက်လိုစိတ်များ ပြင်းပြနေခဲ့ပေသည်။
"ဧကရီဘုရင်မက အဇူရာနန်းတော်နဲ့ ပူးပေါင်းဖို့ တင်းခံနေမှတော့ ကျွန်တော် ရိုင်းတယ်လို့ အပြစ်မတင်ပါနဲ့" အမျိုးသား၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရောင်အဝါများ လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။
အက်ဒွပ်သည် သူ့အား အဲလစ်ဇဘက်ကို ဖယ်ရှားရန် အခွင့်အရေးရှာစေလိုခဲ့ပြီး ယခုအခါ ထိုအခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။
သူက လက်ဝှေ့ယမ်းလိုက်သောအခါ သူနောက်မှ လူများသည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာကြတော့သည်။
"ထွက်သွားစမ်း"
အဲလစ်ဇဘက်သည် သူမ၏ လမ်းကို ပိတ်ဆို့နေသူအား ကန်ထုတ်လိုက်ပြီး သူမ၏ လက်သီးထဲတွင် အားများစုစည်းကာ ပြင်းထန်စွာ ထိုးချလိုက်လေသည်။
သူမ အံ့သြသွားရသည်မှာ ဤလက်သီးချက်သည် ရန်သူ၏ ရင်ဘတ်ကို ဖောက်ဝင်သွားပြီး အတွင်းရှိ နံရိုးများကို မြင်တွေ့နေရစေကာမူ တစ်ဖက်လူသည် မည်သည့်နာကျင်မှုကိုမျှ ခံစားရပုံမပေါ်ချေ။
ထိုသူကလည်း သူမဆီသို့ တစ်ချိန်တည်းမှာပင် လက်သီးဖြင့် ပြန်လည်ထိုးနှက်လာခဲ့ပေသည်။
"ဝုန်း"
အဲလစ်ဇဘက်သည် သူမ၏ ခန္ဓာကိုယ်ထဲတွင် သွေးနှင့် စွမ်းအင်များ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရကာ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေ၏။
"စမ်းသပ်ခံလူသားလား" သူမက မျက်မှောင်ကြုတ်လိုက်သည်။
မယာလင်းယုန်နိုင်ငံ၏ စမ်းသပ်ခံလူသားများဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ သူမ သိပ်မသိခဲ့ချေ။ အစပိုင်းတွင် ဤသုတေသနသည် အောင်မြင်မှုမရှိဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ကြီးမားသော တိုးတက်မှုများ ရရှိနေပုံပေါ်ပေသည်။ အနည်းဆုံးတော့ သူမရှေ့မှ စမ်းသပ်ခံလူသားသည် သူမအား ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပေ၏။
"ဟုတ်တယ်... လောလောဆယ် ငါတို့ သုတေသနလုပ်နေတဲ့ စမ်းသပ်ခံလူသားတွေ အားလုံးက ဧကရာဇ်အဆင့်ကို ရောက်နေပြီ... ဒါ့အပြင် သူတို့က သာမန် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေထက် အများကြီး ပိုအားကောင်းတယ်" ဦးဆောင်လာသော အမျိုးသားက ရယ်မောလိုက်ပြီးနောက် ဝင်ပြောလေသည်။
အချို့သော စမ်းသပ်ခံလူသားများသည် မဟာဧကရာဇ်အဆင့် စွမ်းရည်များကိုပင် ပိုင်ဆိုင်ထားကြချေပြီ။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ အချို့သောလူများသည် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိရန် တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှု လိုအပ်ပြီး အချို့သောသူများမှာမူ သူတို့၏ ဘဝတစ်သက်တာလုံးတွင် ထိုအဆင့်သို့ ဘယ်သောအခါမျှ ရောက်ရှိနိုင်မည် မဟုတ်ချေ။
ယခုအခါ၌မူ မယာလင်းယုန်နိုင်ငံ၏ ဤစမ်းသပ်ခံလူသားများသည် ဆေးထိုးသွင်းမှုများကို အသုံးပြု၍ သာမန်ကျွမ်းကျင်သူတစ်ဦးအား အချိန်တိုအတွင်း ဧကရာဇ်အဆင့် သို့မဟုတ် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူအဖြစ်သို့ပင် ပြောင်းလဲပေးနိုင်နေပေပြီ။
၎င်းသည် ကုန်ပစ္စည်းများကို အမြောက်အမြား ထုတ်လုပ်နိုင်သော ထုတ်လုပ်ရေးလိုင်းတစ်ခုနှင့် တူနေတော့သည်။ သေချာသည်မှာ ဤအရာသည် အဆုံးအစမရှိနိုင်ချေ။ အောင်မြင်မှုနှုန်းမှာ မမြင့်မားသောကြောင့် လူအများစုသည် ဘေးထွက်ဆိုးကျိုး အမျိုးမျိုးကို ခံစားရမည် သို့မဟုတ် ဆေးဝါးများ၏ သက်ရောက်မှုကို မခံနိုင်ဘဲ သေဆုံးသွားနိုင်ပေသည်။
အဲလစ်ဇဘက်က ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ အဇူရာနန်းတော်အား တားဆီးရန် ကြိုးစားနေသူများအနက် အနည်းဆုံး ဆယ်ဦးခန့်မှာ စမ်းသပ်ခံလူသားများ ဖြစ်နေကြ၏။ နှစ်ဖက်စလုံး အင်အားညီမျှနေချိန်တွင် စမ်းသပ်ခံလူသားများသည် အပြည့်အဝ အသာစီးရနိုင်စွမ်းရှိပြီး အကြီးအကဲ သုံးဦးပင်လျှင် ယာယီအားဖြင့် အကျပ်ရိုက်နေကြလေသည်။
ကျက်သရေမရှိလိုက်လေခြင်း။ အဲလစ်ဇဘက်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ထို့နောက် သူမအတွင်းရှိ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး
"ငါ့လမ်းကို ပိတ်တဲ့ကောင်တွေ သေဖို့သာပြင်" ဟု ပြောကာ…
သူမက နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။
လမ်းခုလတ်တွင် လက်သီး၏ စွမ်းအားသည် ရုတ်တရက် ပြောင်းပြန်လှည့်သွားကာ ရန်သူ၏ လည်ပင်းကို တည့်မတ်စွာ ထိုးနှက်လိုက်လေ၏။
"ခွပ်"
သူမက ဤလက်သီးကို ဒေါသတကြီးဖြင့် ထိုးချလိုက်ခြင်းဖြစ်ပြီး အလွန်အမင်း မြန်ဆန်လှပေသည်။ တစ်ဖက်မှ စမ်းသပ်ခံလူသားသည် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူ၏ လည်ပင်းသည် ကြီးမားလှသော အင်အားဖြင့် ရိုက်ချိုးခံလိုက်ရလေသည်။
ပွဲချင်းပြီး သေဆုံးသွားခြင်းပင်။
အဇူရာနန်းတော်မှ အခြားသူများသည် မည်သို့ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားကြသည်။ လည်ပင်းသည် အားနည်းသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေ၏။ စမ်းသပ်ခံလူသားသည် နာကျင်မှုကို မကြောက်ရွံ့လျှင်ပင် လည်ပင်းနှင့် ဦးခေါင်းကို ဖောက်ထွင်းခံလိုက်ရပါက မည်မျှပင် အစွမ်းထက်သော စမ်းသပ်ခံလူသားဖြစ်စေကာမူ သေဆုံးသွားမည်သာ ဖြစ်သည်။
"သူတို့ကို တားထားစမ်း" ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာသည် အလွန်တရာ မှုန်ကုပ်နေပေ၏။
သူကိုယ်တိုင် ဝင်ရောက်လုပ်ဆောင်ရန် ပြင်နေဆဲမှာပင် အခြားပုံရိပ်တစ်ခုသည် အဝေးမှ ပြေးဝင်လာခဲ့သည်။
ထိုပုံရိပ်သည် အလွန်မြန်ဆန်လှ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် သူ၏ရှေ့သို့ ရောက်ရှိလာပြီး အသက်လေးဆယ်ခန့်ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရပေသည်။
"သခင်မ... သခင်မ"
အကြီးအကဲ သုံးဦးသည် တုန်ရီသွားကြလေ၏။ သူတို့သည် တိုက်ပွဲအလယ်တွင် ရောက်နေကြောင်းကိုပင် မေ့သွားကြကာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိကြတော့သည်။
တစ်ဖက်လူ အသက်ရှင်နေဆဲဖြစ်ကြောင်း ချန်ဖုန်း ပြောသည်ကို သူတို့ ကြားခဲ့ရသော်လည်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရချိန်တွင်မူ ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်ကာ ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ရင်ထဲတွင် ပေါ်ပေါက်လာတော့သည်။
နှစ်ဆယ့်နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။
သူတို့၏ သခင် မတော်တဆ ဖြစ်ပြီးကတည်းက သခင်မကို ဘယ်သောအခါမျှ မမြင်တွေ့ခဲ့ရချေ။
လူတိုင်းက စစ်ဘုရင်ကိုသာ သိကြသော်လည်း ငရဲမင်း၏ တစ္ဆေလက် အိုယန်ဖေး အကြောင်းကိုမူ သိသူအလွန်နည်းပါးလှပေသည်။
စစ်ဘုရင်မှာ အဇူရာနန်းတော်ကို တည်ထောင်သူဖြစ်ပြီး စစ်ဘက်ဆိုင်ရာဌာန၏ စစ်ဘုရင်အဖြစ် သူ၏ ဂုဏ်သတင်းနှင့် စွမ်းအားကြောင့် လူသိများလှ၏။ စစ်ဘုရင်၏ ဇနီးဖြစ်သူ အိုယန်ဖေး သည်လည်း တကယ်တမ်းတွင် အလွန် အစွမ်းထက်ပေသည်။ သို့ရာတွင် ဤအကြောင်းကို သိရှိသူ အလွန်နည်းပါးလှပေ၏။
"မြန်မြန်... သူ့ကို တားထား"
အိုယန်ဖေး ပေါ်လာသည့် အခိုက်အတန့်တွင် ခေါင်းဆောင်ဖြစ်သူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အာရုံခံမိသွား၏။ သူက အဲလစ်ဇဘက်ကို လျစ်လျူရှုကာ အိုယန်ဖေး ဆီသို့ ပြေးဝင်သွားတော့သည်။
"ဟမ့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
အိုယန်ဖေး ထံမှ ကျောချမ်းဖွယ်ကောင်းသော အရောင်အဝါများ ထွက်ပေါ်လာပြီးနောက် သူမ၏ လက်သည် ရုတ်တရက် လက်သည်းပုံစံ ပြောင်းလဲသွားလေ၏။ ထို့နောက် သူမသည် ခေါင်းဆောင် အမျိုးသား၏ လက်မောင်းကို ချက်ချင်း ဖမ်းဆုပ်လိုက်တော့သည်။
ထိုအခိုက်အတန့်၌ပင် ခေါင်းဆောင်ဖြစ်သူသည် သူ၏ လက်မောင်းမှတစ်ဆင့် ကိုယ်တွင်းအင်္ဂါများဆီသို့ အေးစက်သော စွမ်းအားများ ရိုက်ခတ်ဝင်ရောက်လာသည်ကို ခံစားလိုက်ရပေသည်။ သူ နောက်ဆုတ်ရန် ပြင်လိုက်ချိန်တွင်မူ သူ လုံးဝ ရုန်းထွက်၍ မရနိုင်ကြောင်း တွေ့လိုက်ရ၏။ သူ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရချေပြီ။
"ဒုက္ခပဲ" သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူ၏ ရင်ဘတ်ကို တည့်မတ်စွာ ရိုက်ခတ်သွားလေ၏။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ရင်ဘတ်တစ်ခုလုံးသည် လက်သီးချက်ကြောင့် ဖောက်ထွင်းခံလိုက်ရတော့သည်။
အိုယန်ဖေးက လက်ကို ခါထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း လွင့်စင်သွားတော့၏။
ဤအရာအားလုံးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေသည်။
အိုယန်ဖေး၏ ခန္ဓာကိုယ်သည် မည်သည့်ရပ်တန့်မှုမျှ မရှိဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားသွားပုံပေါ်ပြီး သူမအား တားဆီးရန် ကြိုးစားသူများသည် မြေပြင်ပေါ်သို့ လဲကျသွားကာ လုံးဝ ခုခံနိုင်စွမ်း မရှိကြတော့ချေ။
ဤမြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိုယန်ဖေး လှုပ်ရှားလိုက်တိုင်း သူမသည် အလွန်တည်ငြိမ်အေးဆေးနေပြီး သူမ၏ အစွမ်းအစ အပြည့်အဝကို အသုံးမပြုထားသကဲ့သို့ ဖြစ်နေသည်ကို သူတို့ သတိပြုမိလိုက်သောကြောင့်ပင်။
ထို့အပြင် သူမက သင့်လက်ကို ဖမ်းဆုပ်လိုက်သည်နှင့် ရုန်းထွက်ရန် အခွင့်အရေး မရှိတော့ချေ။ တစ်ခုတည်းသော ရလဒ်မှာ သေဆုံးခြင်းသာ ဖြစ်ပေသည်။
"ဒါက ငရဲမင်းရဲ့ တစ္ဆေလက်လား"
ခေါင်းဆောင်ဖြစ်သူသည် မြေပြင်ပေါ်တွင် လဲကျနေကာ သွေးများကို အဆက်မပြတ် အန်ထုတ်နေပေ၏။ သူ၏ မျက်နှာအမူအရာသည် အကြောက်တရားနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်နေတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က အလွန်တရာ အစွမ်းထက်လှသော ငရဲမင်း၏ တစ္ဆေလက် တစ်ဦးရှိခဲ့ကြောင်းကို သူ ဝိုးတဝါး မှတ်မိနေ၏။ ယခု နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက်တွင်မူ တစ်ဖက်လူ၏ စွမ်းရည်များသည် ပို၍ပင် အစွမ်းထက်နေချေပြီ။
“မဟာဧကရာဇ်အဆင့်လား…”
“ဟားဟား မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေတောင် သူမနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး…”
သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် သူ၏ အရောင်အဝါများသည် တဖြည်းဖြည်း အားနည်းလာတော့သည်။ အက်ဒွပ်၏ ဘက်တွင် ရပ်တည်ခဲ့မိသည်ကို သူ နောင်တရနေပုံပေါ်ပေ၏။
“အဲလစ်ဇဘက်ကိုသာ ထောက်ခံခဲ့ရင် ငါ သေဘေးကနေ လွတ်နိုင်မလား
အက်ဒွပ်တော့... ပြီးသွားပြီပဲ…”
“အက်ဒွပ်အနေနဲ့ အဲဒီကျွမ်းကျင်သူဆီက အကူအညီမရနိုင်ဘူးဆိုရင် သူက ဒီအမျိုးသမီးကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး…” ဟု တီးတိုးရေရွတ်ရင်း
သူ၏ မျက်လုံးများက တိတ်ဆိတ်စွာ မှိတ်သွားတော့သည်။ ယခုအခါ ဤအရာအားလုံးသည် သူ့အတွက် မည်သို့မျှ သက်ဆိုင်မှု မရှိတော့ပေ။
"အဇူရာနန်းတော် ငါ့အမိန့်ကို နာခံကြ... ငါ့သားကို ကယ်ဖို့ ငါ့နောက်က လိုက်ခဲ့"
မည်သည့်စကားမှ မဆိုဘဲ အိုယန်ဖေးသည် ရန်သူကို ချက်ချင်း သတ်ဖြတ်လိုက်ပြီး အဇူရာနန်းတော်မှ အဖွဲ့ဝင်များကို ဦးဆောင်ကာ ချန်ဖုန်း ရှိရာနေရာသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
အဲလစ်ဇဘက်သည် စူးစမ်းလိုသော မျက်နှာအမူအရာဖြင့် အနောက်မှ လိုက်ပါသွားလေ၏။ အကြီးအကဲကြီးထံမှ တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူမ သိရှိထားပြီးဖြစ်သော်လည်း ချန်ဖုန်း၏ မိခင်သည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
တစ်ချိန်တည်းမှာပင်။
အခြား ဦးတည်ရာ တစ်ခု၌။
လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ချန်ဖုန်းဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာနေပြီး တစ်သီးတည်းသော ဦးတည်ရာသို့ သွားနေခြင်းဖြစ်ပေသည်။
ထိုအမျိုးသားသည် ပိတ်ကြမ်းအဝတ်များကို ဝတ်ဆင်ထား၏။ သူ၏ ဆံပင်များမှာ အလွန်တိုပြီး အနည်းငယ် ဖိုသီဖတ်သီ ဖြစ်နေပုံပေါ်ပေသည်။
သူ၏ အမည်မှာ အာရှူရာ ဖြစ်လေသည်။
မယာလင်းယုန်နိုင်ငံမှ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အက်ဒွပ်က တောအောင်းနေရာမှ ထွက်လာစေရန် အလွန်အမင်း ကြိုးပမ်းဖျောင်းဖျခဲ့ရသော အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးပင်တည်း။
ဤသူသည် မူလက ချန်ဖုန်းအား ဖြေရှင်းရန် ရည်ရွယ်ထားသူ ဖြစ်သည်။ လမ်းကြောင်းအရဆိုလျှင် သူသည် ယခုအချိန်တွင် ချန်ဖုန်း၏ နေရာသို့ ရောက်ရှိနေသင့်ပြီဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် အာရှူရာကို တစ်စုံတစ်ဦးက တားဆီးထားလေ၏။
၎င်းမှာ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
---