← Chapters

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃ တွမ့်ဆန်းနျန်

"တွမ့်ဆန်းနျန်လား... ဝိညာဉ်အဖွဲ့အစည်းနဲ့ ငါ ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးသလို သူတို့အပေါ် နက်နက်ရှိုင်းရှိုင်း ရန်ငြိုးဖွဲ့ထားတာမျိုးလည်း မရှိဘူး... တွမ့်ဆန်းနျန် ငါ့လမ်းကို ပိတ်ထားတာ ဘာသဘောလဲ" အာရှူရာက မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်သည်။

"ဒီလမ်းက နင်ပိုင်တဲ့ လမ်းလည်း မဟုတ်ဘူးလေ…ပြီးတော့ ငါ နင့်ကို ​အတတ်က အကြောင်းအရာ တချို့ ပြောချင်လိုပါ ဟီးဟီးး…" တွမ့်ဆန်းနျန်က တခစ်ခစ် ရယ်မောကာ ပြောလိုက်လေ၏။

"ငါ မင်းကို သိပ်မသိပါဘူး ငါတို့ကြားမှာ ပြန်ပြောင်းပြောစရာ အတိတ်က အကြောင်းတွေ ဘာရှိလို့လဲ... မင်း ဖယ်မပေးဘူးဆိုရင် ငါ ကိုယ်ထိလက်ရောက် လုပ်တယ်လို့ အပြစ်မတင်နဲ့... မိန်းမတွေကို ငါ ဘယ်တော့မှ လက်မပါဘူးဆိုပေမဲ့ ဒီနေ့တော့ ချွင်းချက် လုပ်ရလိမ့်မယ်" အာရှူရာက အေးစက်စက် နှာမှုတ်လိုက်သည်။

"ထင်တဲ့အတိုင်းပဲ... နင်က မိန်းမတွေကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ မသိဘူးပဲ...ထားပါတော့ ငါ မမှားဘူးဆိုရင် နင်က အခု အဇူရာနန်းတော်သခင်ကို ဖြေရှင်းဖို့ ပြင်နေတာ မဟုတ်လား... အဲဒီကောင်လေးက မျိုးဆက်သစ်လေးလေ... နင်ကိုယ်တိုင် ဝင်လုပ်ရတာ မရှက်ဘူးလား... အက်ဒွပ်က နင့်ကို ဘာအကျိုးအမြတ်တွေ ပေးလို့ သူခိုင်းတာကို လုပ်ပေးချင်နေရတာလဲဆိုတာ ငါ တကယ် နားမလည်နိုင်တော့ဘူး" တွမ့်ဆန်းနျန်က သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်၏။

"မင်းနဲ့ မဆိုင်ပါဘူး... မင်း ဖယ်မပေးရင် ငါ ရိုင်းရလိမ့်မယ်"

အာရှူရာ၏ အရောင်အဝါများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။ သူက ရှေ့သို့ ရုတ်တရက် ခြေတစ်လှမ်း တိုးလိုက်ပြီးနောက် အော်ဟစ်လိုက်၏။

"စိတ်လှုပ်ရှားမနေပါနဲ့... ဒါက ငါနဲ့ တကယ် ပတ်သက်နေတယ်... အက်ဒွပ်က ငါ့ရဲ့ ဝိညာဉ်အဖွဲ့အစည်းက အဖြူအမည်းညီနောင်နဲ့ ပူးပေါင်းပြီး ဝိညာဉ်အဖွဲ့အစည်းကို ထိန်းချုပ်ဖို့ ငါ့ကို တိတ်တဆိတ် အဆိပ်ခတ်ခဲ့တယ်... ငါ သေတော့မလို့ပဲ... ဒီစာရင်းကို သူနဲ့ ငါ သေချာပေါက် ရှင်းရမယ်... ငါ သေဘေးကနေ လွတ်လာနိုင်ခဲ့တာ အဇူရာနန်းတော်သခင် ချန်ဖုန်း ရဲ့ ကူညီမှုတွေ ပါတယ်ဆိုတာ ငြင်းလို့မရဘူး... အခု နင်က သူ့ကို ဒုက္ခပေးမလို့ လုပ်နေတယ်ဆိုတော့ ငါ လက်ပိုက်ကြည့်နေလို့ မရဘူးလေ" တွမ့်ဆန်းနျန်က လုံးဝ နောက်မဆုတ်ဘဲ ပြောလိုက်သည်။

"ကြည့်ရတာ ငါတို့ တိုက်ခိုက်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးထင်တယ်"

အာရှူရာ၏ အရောင်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ လေစီးကြောင်းများမှာ အလွန်တရာ ကြီးမားလှပေ၏။

"နေဦး နေဦး... ငါက နင်နဲ့ လာတိုက်တာ မဟုတ်ပါဘူး... ငါက နင့်ကို စာရင်းတချို့ ရှင်းပေးဖို့ လာကူညီတာပါ" တွမ့်ဆန်းနျန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စာရင်းရှင်းမယ်"

"ဟုတ်တယ်... ဒီအဇူရာနန်းတော်သခင်ရဲ့ နောက်ခံအကြောင်း နင် ဘယ်လောက်သိလဲ... သူက တစ်နှစ်မပြည့်တဲ့ အချိန်အတွင်းမှာ သာမန်လူတစ်ယောက်ကနေ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတယ်ဆိုတာကို နင် မသိဘူးလို့ ငါထင်တယ်" တွမ့်ဆန်းနျန်က လေးနက်စွာ ပြောလိုက်လေ၏။

"သူ့နေရာမှာသာဆိုရင် နင်ဆိုရင်ရော အဲဒီလောက် ပါရမီ ရှိပါ့မလား တွေးကြည့်စမ်းပါ"

အာရှူရာ လုံးဝ အံ့အားသင့်သွားရပေသည်။ ‘ဖြစ်နိုင်ပါ့မလား လုံးဝ မဖြစ်နိုင်ဘူး’ သူ ဤသို့ တွေးတောလိုက်သော်လည်း ၎င်းကို အလေးအနက်မထားခဲ့ချေ။

"ဒါဆို ဘာဖြစ်လဲ... အနည်းဆုံးတော့ အခု သူ့ကို ငါ သတ်နိုင်တာပဲလေ... အဲဒါဆို လုံလောက်ပြီ... ဒဏ်ရာရထားတဲ့ မဟာဧကရာဇ်အဆင့်လောက်ကိုများ... အက်ဒွပ်က အထင်ကြီးလွန်းနေပြီလို့ ငါထင်တယ်"

"ဟီးဟီး... သူ့ရဲ့ တိုးတက်မှုနှုန်းအရဆိုရင် ဒီတစ်ကြိမ် နင် သူ့ကို မသတ်နိုင်ခဲ့ရင် နောက်တစ်နှစ်နေရင် သူ နင့်ကို ပြန်သတ်ဖို့ လာလိမ့်မယ်လို့ ငါ အာမခံတယ်... ဒါ့အပြင် သူ့အမေက တခြားသူမဟုတ်ဘူး... ငရဲမင်း အိုယန်ဖေး ပဲ... သူ့အဖေက အဲဒီတုန်းက ဟွာရှနိုင်ငံရဲ့ စစ်ဘုရင်လေ... အဇူရာနန်းတော်ကို တည်ထောင်ခဲ့တဲ့ စစ်ဘုရင် တည်း" တွမ့်ဆန်းနျန်က တခစ်ခစ် ရယ်မောလိုက်သည်။

"အိုယန်ဖေး... စစ်ဘုရင်... သူတို့ သေသွားတာ အနှစ်နှစ်ဆယ်ကျော်ပြီ မဟုတ်ဘူးလား" အာရှူရာ တုန်လှုပ်သွားလေ၏။

"သူ မသေပါဘူး ဟန်ဆောင်နေတာပါ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က သူတို့က နင့်ထက် ပိုသန်မာခဲ့ကြတယ်... အခုလည်း နင့်ထက် အားနည်းမှာ မဟုတ်တာ သေချာတယ်... ဒါ့အပြင် အိုယန်ဖေး က ပေါ်လာပြီလေ... နင် သူ့ကို တွေ့ရင် ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ မသေချာဘူး... ပိုဆိုးတာက ထွက်မလာသေးတဲ့ စစ်ဘုရင် လည်း ရှိနေသေးတယ်... စကားစပ်လို့ ပြောရရင်... နင်က ချန်ဖုန်း ကို ထိရဲတယ်ဆိုရင် အနာဂတ်မှာ နင်က ကျွမ်းကျင်သူ သုံးယောက်... အို... မဟုတ်ဘူး ငါအပါအဝင်ဆိုရင် ကျွမ်းကျင်သူ လေးယောက်ကို ရင်ဆိုင်ရလိမ့်မယ်" တွမ့်ဆန်းနျန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီးနောက် အာရှူရာကို အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ကြည့်လိုက်သည်။

"နင် နိုင်မယ်လို့ ထင်နေတာလား... ငါသာ နင့်နေရာမှာဆိုရင် ငါ့ရဲ့ သစ္စာရှိမှုကို ပြတဲ့အနေနဲ့ တစ်ဖက်လှည့်ပြီး အက်ဒွပ်ကို သတ်ပစ်လိုက်မှာပဲ... နင်လည်း အဲဒါကို သိသင့်ပါတယ်... အဲလစ်ဇဘက်က အခု အက်ဒွပ်နဲ့ အာဏာလုနေတာ... အက်ဒွပ် သေသွားရင် မယာလင်းယုန်နိုင်ငံ တစ်ခုလုံးက အဲလစ်ဇဘက် လက်ထဲ ရောက်သွားမှာ... အဲဒီအခါကျရင် နင် လိုချင်တာ မှန်သမျှကို အဲလစ်ဇဘက်က ပေးနိုင်တယ်... အက်ဒွပ်ကို သတ်တာနဲ့ ချန်ဖုန်း ကို သတ်တာ ဘယ်ဟာက ပိုလွယ်မယ်လို့ နင်ထင်လဲ"

"..."

အာရှူရာသည် နက်ရှိုင်းသော အတွေးထဲသို့ နစ်မြုပ်သွားလေ၏။ တစ်ဖက်လူ ပြောသည့်စကားများက အဓိပ္ပာယ်ရှိပေသည်။ ချန်ဖုန်းသည် သာမန်အားဖြင့် လျှော့တွက်၍ ရမည့်သူမျိုး မဟုတ်ချေ။ သူ၏ အသက်ကိုပင် ဆုံးရှုံးသွားနိုင်ခြေ ရှိပေသည်။

"ဘယ်လိုလဲ... အက်ဒွပ်က အခု နင့်ကို သတိထားနေတာ မဟုတ်ဘူး... ငါ နင်နဲ့ လိုက်ခဲ့ပြီး အက်ဒွပ်ကို သတ်ဖို့ အခွင့်အရေး ယူလိုက်ရင်ကော ဘယ်လိုလဲ... အက်ဒွပ်က နင့်ကို တောအောင်းနေရာကနေ ထွက်လာအောင် ဆွဲဆောင်ဖို့ ပေးခဲ့တဲ့ အခြေအနေတွေကို အဲလစ်ဇဘက်ကလည်း ပေးနိုင်လိမ့်မယ်လို့ ငါထင်တယ်...နင် သဘောတူတယ်ဆိုရင် အခုပဲ ထွက်သွားကြရအောင်" တွမ့်ဆန်းနျန်က ဆက်လက် တိုက်တွန်းနေ၏။

"ပါးစပ်ပိတ်ထားစမ်း... တွမ့်ဆန်းနျန်... ဒီလောက်နဲ့ပဲ ထားလိုက်ရအောင်... ငါ မင်းကို အရင်က မမြင်ခဲ့ဖူးသလို မင်းလည်း ငါ့ကို မမြင်ခဲ့ဖူးဘူးလို့ သဘောထားလိုက်"

အာရှူရာသည် သူမ၏ လှည့်ကွက်ထဲသို့ ကျွံဝင်လုနီးပါး ဖြစ်သွားခဲ့လေသည်။ တစ်ဖက်လူ ထုတ်ဖော်ပြောကြားခဲ့သော အချက်အလက်များသာ မှန်ကန်ပါက ချန်ဖုန်းအား အမှန်တကယ်ပင် အန္တရာယ်ပြု၍ မရနိုင်ချေ။ အခြားတစ်ဖက်တွင်မူ သူသည် အက်ဒွပ်အတွက် ပြဿနာဖြစ်စေရန် မလိုလားခဲ့ပေ။ ထို့ကြောင့် သူက လှည့်ကာ ထွက်သွားတော့သည်။

"ဟေး... တကယ်ပဲ ထပ်မစဉ်းစားတော့ဘူးလား... နင် ကြောက်နေတာတော့ မဟုတ်ပါဘူးနော်" တွမ့်ဆန်းနျန်က နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးလိုက်လေ၏။

"အဲဒီတုန်းက မင်း စစ်ဘုရင် ကို အရမ်းချစ်ခဲ့တယ်ဆိုတာ ငါ မသိဘူးလို့ မထင်နဲ့... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့မှာ အိုယန်ဖေး ရှိနေတော့ မင်းကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူးလေ... ဒါကြောင့် သူ အဇူရာနန်းတော်ကို တည်ထောင်ပြီးတဲ့နောက် မင်းရဲ့ အရည်အချင်းကို သက်သေပြဖို့ ဝိညာဉ်အဖွဲ့အစည်းကို တည်ထောင်ခဲ့တာ မဟုတ်လား... သနားစရာကောင်းလိုက်တာ ဟားဟား..." အာရှူရာက အနည်းငယ် ရပ်တန့်သွားပြီးနောက် အေးစက်စက် ပြန်ပြောလိုက်သည်။

"နင် ဘာမှမသိပါဘူး... အစ်ကိုချန် ငါ့ကို ဘယ်လိုဆက်ဆံလဲဆိုတာ နင် ဝေဖန်ဖို့ မလိုဘူး" တွမ့်ဆန်းနျန် အနည်းငယ် ဒေါသထွက်သွား၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဝေဝါးသွားပြီး အာရှူရာ ရှိရာနေရာဆီသို့ ပြေးဝင်သွားတော့သည်။

သူတို့နှစ်ဦးစလုံးသည် ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။ တွမ့်ဆန်းနျန် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် အာရှူရာ၏ ခန္ဓာကိုယ်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အမြန်နှုန်းဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့ကာ သူသည် သူမ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။

"ဘာလဲ ငါက အမှန်ကို ပြောလိုက်မိလို့ ဒေါသထွက်သွားတာလား" သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ" တွမ့်ဆန်းနျန်က အေးစက်စက် ပြောလိုက်သည်။

"ဟားးဟားးး"

အာရှူရာက ဆက်လက် ငြင်းခုံမနေတော့ချေ။ တစ်ဖက်လူ ပြောဆိုခဲ့သော စကားများကြောင့် သူ အလွန် မကျေမနပ် ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် လက်စားချေနိုင်ခဲ့ပြီဖြစ်ရာ တွမ့်ဆန်းနျန်၏ ဒေါသထွက်နေသော မျက်နှာအမူအရာကို ကြည့်ကာ တဟာဟား ရယ်မောပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

"အဘိုးကြီး"

တွမ့်ဆန်းနျန်က အာရှုရာ ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက ခေါင်းခါလိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူမ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အာရှူရာကို တားဆီးရန်သာ ဖြစ်ပေသည်။

မူလက ချန်ဖုန်း၏ နေရာသို့ သွားရန် ရည်ရွယ်ခဲ့သော်လည်း အိုယန်ဖေး ထိုနေရာသို့ သွားနေကြောင်း ကြားလိုက်ရသောအခါ တွမ့်ဆန်းနျန်သည် သူမအား မတွေ့လိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမတို့နှစ်ဦးသည် အချစ်ရေးတွင် ပြိုင်ဘက်များ ဖြစ်ခဲ့ကြသောကြောင့်ပင်။

သူမ သိချင်နေသည်က တစ်ခုတည်းသာ။ အိုယန်ဖေး က ပေါ်လာပြီဆိုတော့ ဘာလို့ စစ်ဘုရင် က ပေါ်မလာသေးတာလဲ။

‘သူ သေသွားလောက်မှာ မဟုတ်ပါဘူးနော်…’ဟု သူမ တွေးရင်း ထွက်ခွာသွားတော့သည်။

…….

ဤအချိန်တွင် ထိုဆိုင်လေးအတွင်း၌။

ဆိုင်တစ်ဆိုင်လုံးကို လူတစ်စုက ဝိုင်းရံထားကြပြီး အတွင်းဘက်တွင် စမ်းသပ်ခံလူသား လေးဆယ် သို့မဟုတ် ငါးဆယ်ခန့်ရှိကာ အပြင်ဘက်တွင်မူ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ ရှိနေကြပေသည်။

ချန်ဖုန်း၏ ဒဏ်ရာများသည် အပြည့်အဝ သက်သာပျောက်ကင်းခြင်း မရှိသေးသော်လည်း ဤလူများ၏ ဝိုင်းရံထားခြင်းကို ခံရချိန်တွင်ပင် အချိန်တိုလေးအတွင်း အသာစီး ရယူထားနိုင်ဆဲ ဖြစ်ပေ၏။ သူသည် ရန်သူကို ထိပ်တိုက် မရင်ဆိုင်ခဲ့ချေ။ ယင်းအစား ချန်ဖုန်းသည် ရန်သူများကို ဉာဏ်ရည်ထက်မြက်သော နည်းလမ်းဖြင့် နောက်ဆုတ်သွားစေခဲ့သည်။

အပြင်ဘက်ဆုံး အဝန်းအဝိုင်းရှိ အသန်မာဆုံး ပုဂ္ဂိုလ်များသည် မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေကြ၏။ သူတို့သည် ဤတစ်ကြိမ်တွင် လျှို့ဝှက်လက်နက်များစွာကို အသုံးပြုခဲ့ကြပြီး ဖြစ်နိုင်ချေများစွာကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြပေသည်။ သို့ရာတွင် တစ်စုံတစ်ရာကမူ လွဲချော်နေသကဲ့သို့ ခံစားနေရဆဲပင်။

"ဘာလို့ မစ္စတာ အာရှူရာ မရောက်လာသေးတာလဲ"

"ကျွန်တော်လည်း မသိဘူး... သူ မကြာခင် ရောက်လာသင့်ပါတယ် ခေါင်းဆောင်... မစ္စတာ အာရှူရာ ရဲ့ အကူအညီ မပါဘဲနဲ့တောင် ကျွန်တော်တို့ လူတွေက သူ့ကို သတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

"ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်" ဦးဆောင်လာသော ကျွမ်းကျင်သူသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်လေ၏။ ထို့နောက် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်။

"ဒုက္ခပဲ"

All Chapters