အခန်း ၄၂၄
Vol. 43 Ch. 424
အခန်း (၄၂၄) ကလဲ့စားချေဖို့ကို မနက်ဖြန်အထိ မစောင့်သင့်ပါ
အဝေးတစ်နေရာမှ။
ပုံရိပ်တစ်စုက ဤဘက်သို့ လျင်မြန်စွာ ပြေးဝင်လာကြပေ၏။ ထိုလူများ၏ အမြန်နှုန်းမှာ အလွန်လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာတစ်ရာခန့် ခရီးပေါက်လာခဲ့လေသည်။
"အဇူရာနန်းတော်က လူတွေပဲ… သူတို့ကို တားကြစမ်း"
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားပေ၏။
တစ်ခုခုတော့ မှားယွင်းနေချေပြီ။
သူက အဇူရာနန်းတော်မှ လူများကို တားဆီးရန် လူအချို့ကို စေလွှတ်ခဲ့သော်လည်း ယခုအခါ ထိုသူများမှာ အရိပ်အယောင်မျှပင် မတွေ့ရဘဲ ပျောက်ကွယ်နေခဲ့ကာ အာရှူရာ ပင်လျှင် လုံးဝ ပျောက်ကွယ်နေခဲ့လေ၏။
တစ်နေရာရာတွင် တစ်ခုခု လွဲချော်သွားခဲ့သည်မှာ သိသာထင်ရှားလှပေသည်။
အကယ်၍ အဇူရာနန်းတော်မှ လူများသာ ချန်ဖုန်းနှင့် ပြန်လည်ပူးပေါင်းသွားပါက တစ်ဖက်လူကို သတ်ဖြတ်ရန် လုံးလုံးလျားလျား မဖြစ်နိုင်တော့ချေ။
ထိုအချိန်၌။
သေနတ်သံများ ထပ်မံထွက်ပေါ်လာပြန်၏။
အထပ်မြင့် အဆောက်အအုံတစ်ခုပေါ်တွင် ပုန်းအောင်းနေသော စနိုက်ပါသမားမှာ ရုတ်တရက် အပစ်ခံလိုက်ရပြီး အထပ်ပေါင်းများစွာ မြင့်မားသော ခေါင်မိုးပေါ်မှ ပြုတ်ကျသွားလေသည်။
အဇူရာနန်းတော်မှ လူများကို တားဆီးရန် ပြေးလာသူများပင် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရပြီး နှစ်ဖက်စွမ်းအား ကွာဟချက်မှာ အလွန်အမင်း ကြီးမားလွန်းလှပေ၏။
"ချီးပဲ"
ခေါင်းဆောင်ဖြစ်သူ အမျိုးသား၏ မျက်နှာမှာ အလွန်အမင်း မှောင်မိုက်နေခဲ့လေသည်။
သူက အံကြိတ်လျက် ဘေးနားရှိ ဓားတစ်လက်ကို ဆွဲယူကာ ဆိုင်ထဲသို့ ပြေးဝင်သွားရင်း အော်ဟစ်လိုက်၏။
"သူ့ကို သတ်ကြ… ငါတို့မှာ ဆုတ်လမ်းမရှိတော့ဘူး… သေရမယ်ဆိုရင်တောင် ချန်ဖုန်းကို သေချာပေါက် သတ်ရမယ်"
သို့သော် ထိုအချိန်မှာပင်…
"ဘယ်လောက်တောင် ရဲတင်းနေတာလဲ… ငါ့သားကိုတောင် ထိရဲတယ်ပေါ့လေ"
ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
အိုယန်ဖေးသည် အဆုံးအစမဲ့သော ဒေါသများဖြင့် ရှေ့သို့ ပြေးဝင်လာပြီး လက်ကောက်ဝတ်ကို လှုပ်ခါကာ ဓားမြှောင်တစ်လက်ကို ထိုအမျိုးသားထံသို့ ပစ်လွှတ်လိုက်လေသည်။
"ချွင်"
ခေါင်းဆောင်ဖြစ်သူ အမျိုးသားက သူ၏ဓားဖြင့် ပြန်လည် ပိုင်းချလိုက်ပေ၏။
သူက ဓားမြှောင်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဓားမြှောင်၏ အင်အားကြောင့် သူ၏ လက်မောင်းမှာ ထုံကျဉ်သွားခဲ့ရသည်။
ထိုသို့ အာရုံလွင့်သွားသော ခဏလေးအတွင်းမှာပင် အိုယန်ဖေးသည် သူ၏ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။
သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရ၏။
အရမ်းကို မြန်ဆန်လွန်းလှပေသည်။
"သေစမ်း"
အိုယန်ဖေးက ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
သူမ၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်ပေသည်။
ထို့နောက် သူမ၏ လက်က ရုတ်တရက် လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်လူ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်လေသည်။
"ဖျစ်"
ရှင်းလင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ခေါင်းဆောင်ဖြစ်သူမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ လည်ပင်းချိုးခံလိုက်ရလေသည်။
ချက်ချင်းဆိုသလိုပင်။
သူမ၏ ခန္ဓာကိုယ်က ဆိုင်ထဲသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြီး အော်ဟစ်လိုက်ပေ၏။
"သူတို့ အကုန်လုံးကို သတ်ပစ်… တစ်ယောက်မှ အရှင်မထားနဲ့"
အဲလစ်ဇဘက်နှင့် အဇူရာနန်းတော်မှ အဖွဲ့သားများလည်း ပြေးထွက်လာကြလေသည်။
"ဘုန်း… ဘုန်း"
ထိုလူများ ရောက်ရှိလာမှုက အခြေအနေကို ချက်ချင်း ပြောင်းလဲသွားစေခဲ့၏။
အိုယန်ဖေး၊ အဲလစ်ဇဘက် သို့မဟုတ် အဇူရာနန်းတော်မှ အကြီးအကဲ သုံးဦးစလုံးသည် ရန်သူများ၏ အသက်များကို အဆက်မပြတ် ရိတ်သိမ်းနေကြပေသည်။
ဆိုင်ထဲရှိ စမ်းသပ်ခံလူသားများ ဒါဇင်ပေါင်းများစွာသည် နာကျင်မှုကို မကြောက်ရွံ့ကြသော်လည်း ပြီးပြည့်စုံသော စွမ်းအားရှေ့တွင် အားလုံးမှာ အချည်းနှီးသာ ဖြစ်ပေ၏။
အိုယန်ဖေး၏ ဓားမြှောင်က အဆက်မပြတ် တောက်ပနေပြီး ရုပ်အလောင်းများ တစ်ခုပြီးတစ်ခု သူမ၏ဘေးတွင် လဲကျသွားလေသည်။
တစ်ချိန်တည်းမှာပင်။
ချန်ဖုန်း၏ တိုက်ခိုက်မှုများမှာ လျှပ်စီးတန်းအလား မြန်ဆန်နေပြီး လက်သီးချက်တိုင်းက ကြောက်မက်ဖွယ်ကောင်းသော အင်အားများကို သယ်ဆောင်ထားပေသည်။
ငါးမိနစ်ပင် မကြာလိုက်ချေ။
သူတို့က ရန်သူအားလုံးကို သတ်ဖြတ်ပြီးစီးသွားခဲ့လေပြီ။
"အမေ… ဒီကို ဘာလာလုပ်တာလဲ"
ချန်ဖုန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူက ရှန်ကွမ်ယွဲ့နှင့် အဇူရာနန်းတော်ကိုသာ အကြောင်းကြားခဲ့ခြင်းဖြစ်သော်လည်း သူ၏ မိခင်ဖြစ်သူပါ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ငါ့သားလေး ဒုက္ခရောက်နေတာကို ငါက ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ"
အိုယန်ဖေးက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပေ၏။
သူမက ချန်ဖုန်း၏ ပတ်လည်တွင် အခေါက်ခေါက်အခါခါ လှည့်ပတ်သွားလာကာ ဒဏ်ရာရထားမည်ကို စိုးရိမ်သဖြင့် ထပ်ခါတလဲလဲ စစ်ဆေးနေခဲ့လေသည်။
သူမ၏ သားဖြစ်သူ မတော်တဆမှုဖြစ်ကြောင်း ပထမဆုံး သိလိုက်ရချိန်တွင် သူမမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ နေ့ရောညပါ ဤနေရာသို့ ပြေးလာခဲ့ခြင်း ဖြစ်ပေ၏။
ချန်ဖုန်းတွင် အပေါ်ယံ ဒဏ်ရာအနည်းငယ်သာ ရှိသည်ကို မြင်တွေ့ရချိန်မှသာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေသည်။
သူမက သူ၏နားရွက်ကို ဆွဲလိမ်ကာ ဆူပူလိုက်၏။
"နောက်နောင် ဒီလို မဆင်မခြင် မလုပ်နဲ့နော် သိလား… မင်းက အဖေဖြစ်တော့မှာ"
"တကယ်လို့ မင်းကို တစ်ခုခု ဖြစ်သွားရင် ရှောင်ယွဲ့ ဘယ်လိုလုပ်မလဲ… သူမဗိုက်ထဲက ကလေးလေးကရော ဘယ်လိုလုပ်မလဲ"
"အား… အမေ… မျက်နှာလေးတော့ နည်းနည်း ပေးပါဦး"
ချန်ဖုန်းက သူ့ပတ်လည်ရှိ အဇူရာနန်းတော် အဖွဲ့ဝင်များကို ညွှန်ပြလိုက်ပေ၏။
"ကျွန်တော်က ဘာပဲဖြစ်ဖြစ် အဇူရာနန်းတော်သခင်လေ… အမေက ရိုက်ချင်ဆူချင်တယ်ဆိုရင်လည်း အိမ်အရင်ပြန်ကြတာပေါ့"
"ကောင်းပြီလေ အိမ်ရောက်မှ အမေ့အကြောင်း မင်း သိမယ်"
ထို့နောက်မှသာ အိုယန်ဖေးက လက်လျှော့လိုက်တော့သည်။
ချန်ဖုန်းက တစ်ခုခုကို ရုတ်တရက် သတိရသွားကာ နံရံထောင့်သို့ အလျင်အမြန် လျှောက်သွားပြီး ချူရှီယို၏ ပခုံးကို ပုတ်လျက် ရယ်မောကာ ပြောလိုက်၏။
"မင်း မျက်လုံးဖွင့်လို့ ရပါပြီ"
"ဟင်"
ချူရှီယိုမှာ အလွန် ကြောက်ရွံ့နေခဲ့သော်လည်း သူမ မျက်လုံးများကို အချိန်တစ်လျှောက်လုံး မှိတ်ထားခဲ့ပေသည်။
မျက်လုံးဖွင့်လိုက်ချိန်တွင် သူမ၏ရှေ့၌ သူစိမ်းတစ်စုကို မြင်တွေ့လိုက်ရပြီး အလိုအလျောက်ပင် ချန်ဖုန်း၏ အနောက်သို့ ဝင်ပုန်းလိုက်လေ၏။
"ဒါက ဘယ်သူလဲ"
အိုယန်ဖေးက မျက်တောင်ခတ်လိုက်ပေ၏။
“တကယ်ကို ရှက်တတ်တဲ့ ကောင်မလေးပါလား…”
"အမေ… ချူရှီယိုက ကျွန်တော့်ကို ကယ်ခဲ့လို့သာ အမေ့ရှေ့မှာ အန္တရာယ်ကင်းကင်းနဲ့ ရပ်နေနိုင်တာပါ… ဒီတစ်ခေါက် ဟွာရှနိုင်ငံကို ပြန်ရင် သူမကိုပါ ခေါ်သွားမလို့"
"သူမက ဒီမှာ ဆွေမျိုးတွေ သူငယ်ချင်းတွေလည်း မရှိဘူး… တကယ်လို့ သူမ ဟွာရှကို ပြန်သွားရင် ကျွန်တော်လည်း စောင့်ရှောက်ပေးမယ့်သူ ရှာပေးလို့ ရတာပေါ့"
"ကောင်းတာပေါ့… ကောင်းတာပေါ့"
အိုယန်ဖေးမှာ အလွန် ဝမ်းသာသွားခဲ့လေသည်။
သူမက ရှေ့သို့ အလျင်အမြန် လှမ်းသွားကာ ချူရှီယို၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြောလိုက်၏။
"ရှီယို… အန်တီ့သားကို ကယ်ပေးခဲ့တဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်ကွယ်… အချိန်တစ်လျှောက်လုံး သူက သမီးဆီမှာ နေနေခဲ့တာလား… သမီးကို ဒုက္ခမပေးခဲ့ဘူးလို့တော့ မျှော်လင့်ပါတယ်"
"မဟုတ်ပါဘူး… ဒုက္ခမပေးခဲ့ပါဘူး"
ချူရှီယိုသည် တစ်ဖက်လူ၏ စိတ်အားထက်သန်မှုနှင့် အနည်းငယ် အစိမ်းသက်သက် ဖြစ်နေပုံရပေ၏။
သူမက ခေါင်းငုံ့ကာ တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ကျွန်မရဲ့ သူငယ်ချင်းကို ရှာပေးလို့ ရမလား… သူမကို တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ…"
ယခင်က ချန်ဖုန်းသည် ချူရှီယိုနှင့်အတူ ထွက်ပြေးချိန်တွင် ရှာရွှယ်ကို ချန်ရစ်ခဲ့ခြင်း ဖြစ်လေ၏။
"စိတ်မပူပါနဲ့… သူမ အဆင်ပြေမှာပါ"
ချန်ဖုန်းက အိုယန်ဖေးအား ပြောလိုက်သည်။
"အမေ… သူမကို ခေါ်ပြီး သွားရှာပေးလိုက်ပါလား… ကျွန်တော် ဖြေရှင်းစရာ ကိစ္စလေး ရှိသေးလို့"
အိုယန်ဖေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပေ၏။
"အကူအညီ လိုသေးလား"
"မလိုပါဘူး"
ချန်ဖုန်းက ခေါင်းခါကာ ပြောလိုက်လေသည်။
"အက်ဒွပ်ရဲ့ ဘေးမှာ ကျွမ်းကျင်သူတွေ ရှိလောက်တော့မှာ မဟုတ်ဘူး… ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်… အမေ သူတို့ကို အရင် ပြန်ခေါ်သွားလိုက်ပါ… ဒီကိစ္စ ရှင်းပြီးသွားရင် အမေ့ဆီကို လိုက်ခဲ့မယ်"
"ဂရုစိုက်နော်"
ခဏတာ တွေးတောပြီးနောက် အိုယန်ဖေးက ပြောလိုက်၏။
"မဟာလင်းယုန်နိုင်ငံ ဘက်ကနေ ကျွမ်းကျင်သူတွေ ထပ်ပေါ်လာရင် အမေ မင်းကို ကူညီပြီး တားပေးမယ်"
"အမေ ရောက်လာတုန်းက အာရှူရာ က တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီလို့ ကြားတယ်… ဒါပေမဲ့ တစ်ဖက်လူက အခုထိ ပေါ်မလာသေးဘူးဆိုတော့ သူ့ကို တစ်ယောက်ယောက်က တားထားလို့ ဖြစ်ရမယ်"
"အာရှူရာ ဟုတ်လား"
ချန်ဖုန်းသည် ထိုသူ၏ နာမည်ကို ကြားဖူးထားလေ၏။ သူက အလွန် စွမ်းအားကြီးမားသော ကျွမ်းကျင်သူတစ်ဦးဟု ဆိုကြပေသည်။
၎င်း၏ စွမ်းအားက မဟာဧကရာဇ်အဆင့် ကိုပင် ကျော်လွန်နေလေပြီ။
"ကောင်းပြီ"
အိုယန်ဖေး၏ လေသံတွင် သဝန်တိုမှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့၏။
"သူ့ကို တားထားတဲ့သူက မင်းအဖေရဲ့ အဆက်ဟောင်းကြီး ဖြစ်တဲ့ ဝိညာဉ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တွမ့်ဆန်းနျန် ဖြစ်လောက်တယ်"
"ဖွီး"
ချန်ဖုန်းမှာ သွေးများပင် ပန်းထွက်သွားလုနီးပါး ဖြစ်သွားခဲ့လေသည်။
‘အဆက်ဟောင်းကြီး ဟုတ်လား…’
ဤအထဲတွင် သတင်းအချက်အလက်များစွာ ရှိနေပုံရပေ၏။
"ကောင်းပြီ… အမေ အခု သွားတော့မယ်… မြန်မြန် ပြန်လာဖို့ မမေ့နဲ့နော်… ရှောင်ယွဲ့နဲ့ တခြားသူတွေ မင်းကို စောင့်နေကြတယ်"
အိုယန်ဖေးသည် အချိန်မဖြုန်းတော့ဘဲ ချူရှီယိုနှင့်အတူ အလျင်အမြန် ထွက်ခွာသွားကြလေတော့သည်။
သူတို့ ထွက်သွားပြီးနောက် အဲလစ်ဇဘက်က လျှောက်လာပြီး ချန်ဖုန်း၏ ရင်ခွင်ထဲသို့ ဝင်ရောက်သွားပေ၏။
ထို့နောက် သူမက ငိုကြွေးလျက် ပြောဆိုလိုက်သည်။
"တောင်းပန်ပါတယ်… အကုန်လုံးက ငါ့အမှားပါ… အက်ဒွပ်က ဒုံးကျည်သုံးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး… တကယ်လို့များ သိခဲ့မယ်ဆိုရင် နင့်ကို ဒီလောက် အန္တရာယ်များတဲ့ ကိစ္စမျိုး ဘယ်တော့မှ အလုပ်ခိုင်းမှာ မဟုတ်ဘူး"
ချန်ဖုန်းက ပြုံးလျက် ပြောလိုက်၏။
"မင်းက မဟာလင်းယုန်နိုင်ငံရဲ့ ဧကရီဘုရင်မလေ… ဒီလိုမျိုး ရှိုက်ကြီးတငင် ငိုကြွေးနေတာက ဘယ်လို အပြုအမူမျိုးလဲ"
"ငါ အခု အဆင်ပြေနေပြီပဲ… မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုပါဘူး… မင်း မပါဝင်ရင်တောင်မှ အက်ဒွပ်က ငါ့ကို နှိမ်နင်းမှာပဲလေ"
"ဒီတစ်ခါတော့ ဒီပြဿနာကို အပြီးတိုင် ဖြေရှင်းပစ်ချင်တယ်"
ဤအချက်သို့ ရောက်ရှိလာချိန်တွင်…
ချန်ဖုန်း၏ မျက်နှာပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု ဖြတ်သန်းသွားခဲ့ပေသည်။
"နင် ဆိုလိုတာက…"
အဲလစ်ဇဘက်သည် သူ၏ရင်ခွင်ထဲမှ မထလာမီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"မင်း အာဏာရလာအောင် ကူညီပေးပြီး မဟာလင်းယုန်နိုင်ငံကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်အောင် ငါ လုပ်ပေးမယ်"
ချန်ဖုန်းက မျက်လုံးကို ကျဉ်းမြောင်းကာ ပြောဆိုလိုက်သည်။
"အက်ဒွပ် သေချာပေါက် သေရမယ်… ဒီတစ်ခါတော့ သူ့ကို အသက်ရှူဖို့ အခွင့်အရေး လုံးဝ ပေးလို့မရဘူး… ငါက ဘယ်တော့မှ ကလဲ့စားချေဖို့ကို တစ်ညတောင် အချိန်မဆွဲတတ်ဘူး"
"ကောင်းပြီ"
အဲလစ်ဇဘက်က လုံးဝ ပြတ်သားစွာဖြင့် ပြောဆိုလိုက်ပေ၏။
မည်သို့ပင်ဖြစ်စေ ဤဦးလေးဖြစ်သူက သူမကို ဖယ်ရှားရန် ကြိုးပမ်းနေခြင်းဖြစ်ရာ သူက ရက်စက်နေမှတော့ သူမကိုယ်တိုင် ရက်စက်မည်ဆိုလျှင်လည်း သူမကိုယ်သူမ အပြစ်တင်နေစရာ မလိုတော့ချေ။
ချန်ဖုန်းက အပြင်ဘက်သို့ လက်ယမ်းပြကာ ပြောလိုက်၏။
"ဆရာမကု… ငါတို့လူတွေကို မဟာလင်းယုန်နိုင်ငံ ရဲ့ စစ်တပ်ဝန်ထမ်းတွေအဖြစ် ရုပ်ဖျက်ခိုင်းလိုက်… ငါးမိနစ်နေရင် အက်ဒွပ်ကို သတ်ဖို့ ငါ့နောက်က လိုက်ခဲ့"
"နားလည်ပါပြီ"
ဆရာမကု သည် ရုပ်ဖျက်စွမ်းရည် ကို ကျွမ်းကျင်သူ ဖြစ်ပေသည်။
ဤသည်မှာ သူမအတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ချေ။
အက်ဒွပ်၏ ပတ်ပတ်လည်တွင် လက်ရှိအချိန်၌ သူ့ကို ကာကွယ်ပေးနေသူ အများအပြား ရှိနေသည်မှာ သေချာလှသည်။ အကယ်၍ တစ်ဖက်လူကို သတ်ချင်ပါက တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ဘဲ အခြားနည်းလမ်းများကို အသုံးပြုရမည် ဖြစ်လေ၏။
"ချန်ဖုန်း… အက်ဒွပ်ရဲ့ ယုံကြည်ရတဲ့ လူတွေကလွဲရင် တခြားသူတွေကို တတ်နိုင်သမျှ အနည်းဆုံးပဲ သတ်ပေးလို့ ရမလား"
အဲလစ်ဇဘက်က ခဏတာ တုံ့ဆိုင်းနေပြီးမှ ပြောဆိုလိုက်သည်။
"အဲဒီလူတွေ အကုန်လုံးက မဟာလင်းယုန်နိုင်ငံက အရင်းအမြစ်တွေ အများကြီး သုံးပြီး မွေးထုတ်ထားရတာလေ"
"လူတွေ အရမ်းအများကြီး သေသွားရင် ငါ အာဏာရလာတဲ့အခါ ထိခိုက်နစ်နာမှု ရှိနိုင်တယ်…"
"ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
ချန်ဖုန်းက လက်ယမ်းပြလိုက်ပေ၏။
အချို့သောအရာများကို သူ အာမခံနိုင်ခြင်း မရှိချေ။
...
အခြားတစ်ဖက်တွင်။
တာဝန်ကျရှုံးသည့် သတင်းက အက်ဒွပ်ထံသို့ ရောက်ရှိသွားခဲ့လေပြီ။
အက်ဒွပ်မှာ အလွန်အမင်း ဒေါသထွက်နေခဲ့၏။
"အသုံးမကျတဲ့ အမှိုက်ကောင်တွေ… ချန်ဖုန်းက အပြင်းအထန် ဒဏ်ရာရနေတာ မဟုတ်ဘူးလား… ဘာလို့ မင်းတို့ အကုန်လုံး သူ့ကို မသတ်နိုင်ခဲ့ရတာလဲ"
"ပြီးတော့ အာရှူရာ ကရော ဘာကို ဆိုလိုတာလဲ… သူက ချန်ဖုန်းကို ရှင်းပေးမယ်လို့ ကတိပေးထားပြီးတော့ ဘာလို့ နောက်ဆုံးမိနစ်ကျမှ စကားကို ပြန်ရုပ်သိမ်းသွားရတာလဲ"
"ကျွန်တော်… ကျွန်တော်လည်း မသိဘူး"
လက်အောက်ငယ်သားတစ်ဦးက တုန်ရီစွာဖြင့် ပြောဆိုလိုက်သည်။
"လောလောဆယ် အဲဒီနေရာက လူတွေအကုန်လုံး အသတ်ခံလိုက်ရပြီ
ဆိုတော့ အသေးစိတ်ကို မသိရသေးပါဘူး"
"စိတ်မပူပါနဲ့… ကျွန်တော့်ကို နောက်ထပ် နာရီဝက်လောက် အချိန်ပေးပါ… အဲဒီဘက်က အသေးစိတ် အချက်အလက်တွေကို သေချာပေါက် ရှာဖွေပေးပါ့မယ်"
"အခုချက်ချင်း သွားစုံစမ်းစမ်း"
အက်ဒွပ်က တစ်ဖက်လူကို ကန်ထုတ်လိုက်ပေ၏။
သူသည် ယခုအခါ လုံးဝ ရူးသွပ်လုနီးပါး ဖြစ်နေတော့သည်။
ချန်ဖုန်းကို မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး သူ ဘယ်သောအခါမှ အေးချမ်းနိုင်မည် မဟုတ်ချေ။
သူ၏ စီစဉ်မှုများကြားမှ တစ်ဖက်လူက အကြိမ်ကြိမ် လွတ်မြောက်သွားနိုင်ခဲ့ခြင်းက သူသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အက်ဒွပ်က နေမထိထိုင်မသာဖြစ်နေဟန်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။
ဘာတွေများ အတိအကျ မှားယွင်းသွားခဲ့သနည်းဟု သူကိုယ်တိုင်လည်း စဉ်းစားနေမိပေသည်။
အာရှူရာ သည် ချန်ဖုန်းထက်ပင် ပိုမိုစွမ်းအားကြီးမားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။ သူ့ကို နှိမ်နင်းရန် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာစေရန်အတွက် ဖြောင်းဖျရာတွင် အလွန်ကြီးမားသော အားထုတ်မှုများစွာ လိုအပ်ခဲ့ပေ၏။
ယခုအခါတွင်မူ တစ်ဖက်လူက စကားတစ်ခွန်းမျှ မဆိုဘဲ ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။
အသိအမှတ်ပြုစကားပင် မပြောခဲ့ချေ။
တစ်ခုခုတော့ မှားယွင်းနေပြီ။
တစ်ခုခုတော့ မှားယွင်းနေချေပြီ။
ထိုအချိန်၌ လက်အောက်ငယ်သားတစ်ဦးက ပြာယာခတ်လျက် ပြေးဝင်လာခဲ့၏။
"ပြဿနာတက်ပြီ… ပြဿနာတက်ပြီ… အပြင်ဘက်မှာ…"
"အပြင်ဘက်မှာ ဘာဖြစ်နေတာလဲ"
အက်ဒွပ်မှာ အနည်းငယ် ဂနာမငြိမ်ဖြစ်နေပြီး သူ၏ အေးစက်သော အကြည့်များက လက်အောက်ငယ်သားအား ရုတ်တရက် စိုက်ကြည့်ကာ မေးလိုက်လေသည်။
လက်အောက်ငယ်သားမှာ တွန့်ဆုတ်သွားခဲ့သော်လည်း သူက သတိထားကာ ပြောဆိုလိုက်သည်။
"အရှင်… အပြင်ထွက်ပြီး ကြည့်လိုက်သင့်တယ်…"
အက်ဒွပ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပေ၏။
လက်အောက်ငယ်သားမှာ အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေပြီး သူ့ကို မပြောဘဲ ကိုယ်တိုင် ထွက်ကြည့်ရန် အတင်းအကျပ် ပြောဆိုနေရသနည်းဆိုသည်ကို သူ အလွန် သိချင်နေခဲ့သည်။
အက်ဒွပ်က အေးစက်စွာ နှာမှုတ်လိုက်၏။
ထို့နောက် အပြင်ဘက်သို့ အလျင်အမြန် လျှောက်သွားလေသည်။
အပြင်သို့ ရောက်သွားချိန်တွင် ကွက်လပ်တစ်ခု၌ ချထားသော အနက်ရောင် ခေါင်းတလားတစ်လုံးကို သူ မြင်တွေ့လိုက်ရပေသည်။
ခေါင်းတလားပေါ်တွင် စာရွက်တစ်ရွက်ကို ကပ်ထား၏။
၎င်းပေါ်တွင် "အက်ဒွပ်" ဟူ၍ စာလုံးကြီးများဖြင့် ရေးသားထားလေတော့သည်။
—