မီးတောက်သန္ဓေပြောင်းသလင်းကျောက်(၂)
Vol. 104 Ch. 1425
ထိုအဘိုးအို၏စိတ်သည် တုန်ယင်သွား၏။ သူ့မျက်နှာထက်တွင် ပိုမိုနာကျင်ဟန် ပြသလာသည်။ သူသည် နောက်ထပ် သွေးအန်လိုက်ရပြီး နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ သူ၏မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေ၏။
“စတုတ္ထကောင်းကင်ဘုံဒုက္ခ…။ ဒါဟာ ဒီအဆင့်ကျင့်ကြံမှုရဲ့ စွမ်းအားပဲ။ သေစမ်း။ ငါ့ကင်းမြှီးကောက်နက်ကလန်ဟာ ဘယ်လိုလုပ် ဒီလိုမျိုး မွန်းစတားအိုတစ်ယောက်ကို သွားရန်စလိုက်ရတာလဲ…” ထိုအဘိုးအိုသည် နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာ ဝမ်လင်းက သူ့ထက်သို့ လက်ဆန့်တန်းလိုက်သည်။
အဘိုးအိုသည် ချက်ခြင်းပင် သူ့ပတ်လည်၌ မူလစွမ်းအင်များ မြင့်တက်လာသည်ကို သတိပြုမိသည်။ ထိုမူလစွမ်းအင်များက မမြင်ရသောလှောင်ချိုင့်တစ်ခုအလား သူ့ထံသို့ အဘက်ဘက်မှ တိုးဝင်လာချေ၏။
ထိုအခါ သူ၏အရိုးများ ကျိုးကြေသွားသည့်အလား သူ ပြင်းထန်စွာနာကျင်ရသည်။ သူ့ထံ၌ သေရေးရှင်ရေးအာရုံ ပြည့်နှက်လာသည်။ အဘိုးအိုသည် နောက်သို့ ထပ်မဆုတ်ဝံ့တော့ပေ။ သူက သူသာ နောက်ထပ်ဆုတ်ပါက သံသယမရှိ သေဆုံးရမည်ဟု ခံစားမိသည်။ ထိုအခိုက်အတန့်တွင် သူသည် သူ့ကလန်အမှတ်အသားကို တွေဝေခြင်းမရှိ ရိုက်ချလိုက်၏။ ၎င်းအမှတ်အသားသည် ထူးဆန်းစွာ စတင်ရွှေ့လျားသည်။
ချက်ခြင်းပင် ကင်းမြှီးကောက်၏ အမြှီးလေးခုသည် ချက်ခြင် ပျံသန်းထွက်လာကာ လေထဲသို့ လွင့်မြောသည်။ ၎င်းကင်းမြှီးကောက်သည် ပေတစ်ထောင်ထိ ကြီးမားလာ၏။ ထို့နောက် ၎င်း၏အမြှီးကို ဝေ့ယမ်းကာ ဟိန်းသံ ပြုသည်။
ထိုပေတစ်ထောင်ကင်းမြှီးကောက်သည် အလွန်ကြမ်းကြုတ်၏။ ၎င်းပေါ်လာသည့်အခါ စူးစူးရှရှ အသံပေးလျက် ဝမ်လင်းထံ တိုးဝင်လာ၏။ ထိုအဘိုးအိုသည် အံတင်းတင်းကြိတ်လျက် လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်သည်။ အလင်းတစ်ချက်လင်းလက်ကာ ရုပ်သေးရာချီ ထိုးထွက်လာ၏။
ရုပ်သေးတစ်ခုစီတိုင်းသည် ယင်နှင့်ယန်ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို ပေးစွမ်းလေ၏။ ယင်းတို့ ပေါ်လာသည့်နောက် ချက်ခြင်းပင် သူ့ကို ဝန်းရံသည်။
ထိုအဘိုးအိုသည် ကြမ်းကြုတ်သောအမူအရာ ဖြစ်ပေါ်နေ၏။ ချက်ခြင်းပင် သူသည် အော်ဟစ်လျက် နောက်သို့ ချက်ခြင်း ဆုတ်သည်။ “ရုပ်သေးအားလုံး…ငါ့အတွက် ပေါက်ကွဲလိုက်စမ်း…” ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ သူက ထိုကင်းမြှီးကောက်နှင့် ရုပ်သေးများကို လုံးလုံးလျာလျာ လစ်လျူရှုထားသည်။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူသည် ပျောက်ကွယ်သွားသည်။
အဘိုးအိုသည် အလျင်အမြန် နောက်ဆုတ်နေ၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သည်။ ဝမ်လင်း၏ပုံရိပ်သည် သူ့နောက် လေဟာနယ်အတွင်းမှ ပေါ်လာသည်။ သူ့လက်ညှိုးဖြင့် အဘိုးအို၏နဖူးထက်သို့ ညွှန်လိုက်သည်။
သေခြင်း၏အရိပ်သည် အဘိုးအို၏စိတ်နှလုံးထဲတွင် ပြည့်နှက်သည်။ သူ၏မျက်လုံးသည် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်၏။ သူသည် ရှောင်ချင်၏။ သို့သော် ခွန်အားကွာဟမှုက သူ့ကို ရှောင်ရန် မဖြစ်နိုင်စေတော့ပေ။ သူက ထိုလက်ချောင်း သူ့ထံ နီးကပ်လာသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်တော့၏။ ထိုလက်ချောင်းသည် သူ့ကို ထိပင်မထိသေး၊ သို့သော် ၎င်းလက်ချောင်းတွင် ပါဝင်သောအော်ရာဖြင့်ပင် ထိုအဘိုးအို၏ခန္ဓာကိုယ်အတွင်းကို တုန်ဟည်းလှုပ်ခါသွားစေသည်။
ဘန်း။
အဘိုးအို၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်ကာ သူ၏မူလစိတ်ဝိညာဉ်မှာလည်း သူ့ခန္ဓာကိုယ်ကနေ လွင့်ထွက်လာ၏။ သူ၏မူလစိတ်ဝိညာဉ်သည် နေရာတွင်ပင် လွင့်မြောကာ မလှုပ်ဝံ့ချေ။ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် အံ့မခန်းဖြစ်ကာ သူသည် ခွင့်လွှတ်ပေးရန် တောင်းပန်လိုသည့်ပုံ ရသည်။ အမြှီးလေးချောင်းကင်းမြှီးကောက်အမှတ်အသားမှာလည်း အဘိုးအိုထံသို့ ပြန်ဝင်ရောက်သွားကာ အမှတ်အသားအဖြစ် တဖန် ပြန်ဖြစ်လာသည်။
သူသည် သွေးအန်လျက် လွင့်စင်ထွက်သွားပြီးနောက် မြေပေါ်သို့ ပြုတ်ကျ၏။
ဝမ်လင်း၏လက်ညှိုးကမူ ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်၏ နဖူးကို ချိန်ရွယ်ထားကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း ထွက်ပြေးချင်သေးလား…”
“သူ့လက်ချောင်းထိပ်က အော်ရာနဲ့တောင် ငါ့မူလစိတ်ဝိညာဉ်ဟာ ငါ့ခန္ဓာကိုယ်ကနေ လွင့်ထွက်လာရပြီး ငါ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်။ ငါသာ သူ့လက်ချောင်းနဲ့ တိုက်ရိုက် ထိမှန်သွားခဲ့ရင် ချက်ခြင်း အသတ်ခံလိုက်ရမှာ…။ ဒီလူဟာ ဒီလူဟာ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်တောင် ဟုတ်ချင်မှဟုတ်မှာ…” ထိုအဘိုးအိုသည် တုန်ယင်ကာ ခေါင်းယမ်းလိုက်၏။ သူသည် စဉ်းစားဉာဏ်လွတ်ကင်းလုနီးနီး ဖြစ်နေ၏။ ထိုလက်ချောင်းမှ အော်ရာက သူ့ကို ခုခံချင်စိတ်ကိုပါ ပျောက်စေသည်။
“အခုကစပြီး မင်းရဲ့ ကင်းမြှီးကောက်နက်ကလန်ဟာ ငါ့အပိုင်ပဲ။ မင်းတို့အားလုံးဟာ ငါ့အမိန့်ကို နာခံရမယ်။ မဟုတ်ရင် မင်းတို့ကလန်တစ်ခုလုံး အမြစ်ဖြုတ်ခံရမယ်…”
ဝမ်လင်းက သူ့လက်ညှိုးကို ပြန်ရုတ်သိမ်းကာ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို အေးစက်စက် ကြည့်လိုက်သည်။
ထိုအဘိုးအိုသည် တုန်ယင်ကာ ခေါင်းညိတ်လိုက်၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ ပြိုလဲကုန်းမြေဟာ အမြဲတမ်း သန်မာမှုကို နာခံရတယ်။ “သင့်လို သန်မာတဲ့သခင်တစ်ယောက် ရှိတာဟာ ကျနော့်ကလန်ရဲ့ အနာဂတ်အတွက် ပိုကောင်းပါတယ်။ ကျနော့်ကင်းမြှီးကောက်နက်ကလန်ဝင် (၁၇၆)ယောက်လုံးဟာ သခင့်ကို နာခံပါလိမ့်မယ်။ ဘယ်သူကမှ မနာခံဘဲ နေဝံ့မှာ မဟုတ်ဘူး…”
ကျုံးသဟုန်သည် မျက်လုံးကစားကာ ခပ်သွက်သွက် ပြောလိုက်၏။ “သခင်…သင် သူတို့စကားကို အကြွင်းမဲ့ယုံလို့ မရဘူး။ သူတို့ရဲ့ကလန်အမှတ်အသားနဲ့ ကျိန်ဆိုမှုတစ်ခု ပြုလုပ်ခိုင်းပါ။ သူတို့က ဒီကျိန်ဆိုမှုကို ဖောက်ဖျက်ရင် ဒီကင်းမြှီးကောက်နက်ကလန်တစ်ခုလုံး သေဆုံးရလိမ့်မယ်…”
ထိုအဘိုးအိုသည် ကျုံးသဟုန်၏စကားများကို ကြားလိုက်ရသည့်နောက် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူသည် ကျုံးသဟုန်ကို ရန်လိုစွာ ကြည့်လိုက်သည်။ သို့ပေမည့် သူ့ရန်လိုမှုမှာ ခဏသာခံကာ သူသည် ခါးသီးသောဟန်ပန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။ ဒီအဘိုးအိုက သင့်ကို ငါတို့ရဲ့သခင်တစ်ယောက်အဖြစ် ကျိန်ဆိုမှု ပြုပါ့မယ်။ ငါတို့က သင့်ကို သစ္စာဖောက်ခဲ့ရင် ငါတို့အားလုံး သေချင်းဆိုးနဲ့သေပါစေ…”
သူ ထိုသို့ ပြောလိုက်သည့်နောက် သူ၏ကလန်အမှတ်အသားသည် တစ္ဆေအလင်းတစ်ခုကို ပေးစွမ်းလာသည်။ အမြှီးလေးချောင်းကင်းမြှီးကောက်သည် အလွန်နာကျင်သည့်ဟန် ပေါက်ကာ အသံတိတ်ဟိန်းမြည်လိုက်၏။ သိပ်မကြာခင်တွင် ထိုအလင်းသည် လွင့်ပျောက်သွားပြီးနောက် ယင်းကင်းမြှီးကောက်အမှတ်အသားပေါ်၌ ခပ်နှိပ်ရာတစ်ခု ပေါ်လာလေ၏။
ပတ်ဝန်းကျင်ရှိ ကင်းမြှီးကောက်နက်ကလန်ဝင်အားလုံးကိုလည်း ဝမ်လင်းက ချိပ်ပိတ်ထားရာကနေ လွှတ်ပေးလိုက်၏။ လူငယ်သခင် ဟူသော လူအပါအဝင် သူတို့သည် ဖြစ်ပျက်ခဲ့သမျှကို ကိုယ်တိုင်မျက်မြင် ကြုံခဲ့ရ၏။ ထို့အတွက် သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေ၏။
သူတို့အားလုံးသည် သူတို့၏ကလန်အမှတ်အသားဖြင့် ကျိန်ဆိုမှု ပြုလိုက်ကြ၏။ ထို့အတွက် ကင်းမြှီးကောက်နက်ကလန်သည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ဝမ်လင်း သိမ်းပိုက်လိုက်သော ပထမဆုံးကလန်တစ်ခု ဖြစ်လာတော့သည်။
ဝမ်လင်း၏လှိုဏ်ဂူမှာ ဒီကင်းမြှီးကောက်နက်ကလန်၏ တော်ဝင်ကုန်းမြေတစ်ခု ဖြစ်လာခဲ့လေပြီ။ ကင်းမြှီးကောက်နက်ကလန်၏ မန္တာန်ကို အသုံးကို အသုံးပြုကာ သူတို့သည် ဒီလှိုဏ်ဂူပတ်လည်ကို လူသူကင်းမဲ့သောနေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်၏။ ယင်းနေရာမှာ ကင်းမြှီးကောက်ကလန်၏ အသစ်နေထိုင်ရာနေရာ ဖြစ်လာလေသည်။
ကျန့်ဟူသော ပိန်ပါးပါးအဘိုးအိုကလည်း ဝမ်လင်း၏ခွန်အားကို တွေ့မြင်ပြီးနောက် သူ့စိတ်မှာ လှုပ်ခါမိ၏။ သူသည် သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ ကျုံးသဟုန်နောက်သို့ လိုက်လံတော့မည်။
ကျုံးသဟုန်မှာ ပို၍ တက်ကြွလာခဲ့ပြီး သူသည် သူ၏စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ဖြင့် သည်ကင်းမြှီးကောက်နက်ကလန်ကို အမိန့်ပေးနိုင်စွမ်း ရှိလာခဲ့ပေပြီ။
“ဒီပြိုလဲကုန်းမြေမှာ ကလန်ငယ်ပေါင်း (၃၇၂)ခု ရှိတယ်။ ငါ့ ကင်းမြှီးကောက်နက်ကလန်ဟာ အောက်ဆုံးမှာပဲ။ ငါတို့ဟာ အပယ်ခံနီးနီးဂြိုဟ်တစ်ခုကိုပဲ ထိန်းချုပ်နိုင်ပြီး ကလန်ဝင်လည်း အနည်းငယ်ပဲ ရှိတယ်…”
“ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ အုပ်စိုးသူကောင်စီဆိုတာ ရှိသလိုပဲ ဒီပြိုလဲကုန်းမြေမှာလည်း ပြိုလဲကောင်စီက အုပ်ချုပ်တယ်။ ဒီပြိုလဲကုန်းမြေမှာ တာဝန်ရှိတဲ့ အကြီးအကဲဆယ့်သုံးယောက်တိတိ ရှိတယ်။ ပြိုလဲကုန်းမြေရဲ့ အင်ပါယာကတော့ သူဟာ ပြိုလဲကောင်စီကို ထိန်းချုပ်ထားတယ်။ သူဟာ အလွန်ထူးခြားဆန်းကြယ်ပြီး ပြောကြတာက သူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်တဲ့။ ဒါ့ကြောင့်လည်း ဒီကုန်းမြေကို အုပ်စိုးသူကောင်စီက မထိန်းချုပ်နိုင်တာလို့ ဆိုကြတယ်…”
“ပြိုလဲကောင်စီရဲ့ အကြီးအကဲတွေဟာ အတည်တကျ မဟုတ်ဘူး။ နှစ်တစ်ရာတိုင်းမှာသူတို့ဟာ စိန်ခေါ်ခံရပြီး အနိုင်ရသူဟာ အကြီးအကဲသစ်ဖြစ်လာကြတယ်။ ပြောကြတာက ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အုပ်စိုးသူကောင်စီဟာ ဒီအကြီးအကဲနေရာကို ရဖို့အတွက် ဒီနေရာကို လူအများအပြား လျှို့ဝှက်စေလွှတ်ခဲ့ကြတယ်တဲ့။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ မအောင်မြင်ခဲ့ဘဲ စိန်ခေါ်တဲ့အတော်အတွင်း သေဆုံးသွားကြတယ်…”
“သင်ဟာ ပြိုလဲအကြီးအကဲတစ်ယောက် ဖြစ်လာဖို့ စိတ်ကူးမရှိရင်တော့ သင့်အသက်အန္တရာယ်နဲ့ ပတ်သတ်လို့ စိုးရိမ်နေစရာ မလိုတော့ပါဘူး…” ကင်းမြှီးကောက်နက်ကလန်မှ အဘိုးအိုသည် ဝမ်လင်းကို ကြည့်လိုက်၏။
ဤအခိုက်အတန့်တွင် သူသည် ဝမ်လင်း၏လှိုဏ်ဂူအတွင်း၌ တရိုတသေ ရပ်နေရင်း သူ သိထားသမျှအားလုံးကို ဝမ်လင်းအား ပြောပြနေခြင်းပင်။
“ရုပ်သေးတွေအတွက်ကတော့ ပြိုလဲအကြီးအကဲတစ်ယောက် ထိန်းချုပ်ထားတဲ့ ကျင့်ကြံခြင်းဂြိုဟ်ကနေ ဝယ်လို့ရတယ်။ ကျနော့်ကင်းမြှီးကောက်နက်ကလန်ကတောင် အဲ့နေရာကနေပဲ ရုပ်သေးတွေ ဝယ်ခဲ့တာပါ…”
“ဒါပေမဲ့ ရုပ်သေးရဲ့ ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ ဝယ်ဖို့ ပိုခက်ခဲလေပဲ။ သာမန်ကျင့်ကြံသူတွေဆို ဒီရုပ်သေးတွေကို မဝယ်နိုင်ဘူး။ ပြိုလဲကုန်းမြေရဲ့ ကလန်တွေကသာ ဒီရုပ်သေးတွေကို ဝယ်ဖို့ အရည်အချင်း ပြည့်မှီကြတယ်…”
“ပြောကြတာကတော့ ဒီရုပ်သေး ပြုလုပ်တဲ့ နည်းလမ်းဟာ မဟာအင်ပါယာကနေ လက်ဆင့်ကမ်းပေးခဲ့တာတဲ့။ ရုပ်သေးပြုလုပ်တဲ့နည်းလမ်းကိုတော့ အကြီးအကဲဆယ့်သုံးယောက်ပဲ သိထားကြတယ်…”
“ကင်းမြှီးကောက်နက်ကလန်ရဲ့ ရုပ်သေးအားလုံးထဲမှာ အစွမ်းထက်ဆုံးက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ရုပ်သေးပဲ…” အဘိုးအိုသည် ထိုသို့ပြောလိုက်ရင်း သူ့ကလန်အမှတ်အသားကို ထိလိုက်၏။ အလင်းတစ်ချက်လင်းလက်ကာ သက်လတ်ပိုင်းအရွယ်ရုပ်သေးတစ်ရုပ် ပေါ်လာလေ၏။
ထိုရုပ်သေးသည် မထုံတတ်သေးအမူအရာ ရှိသည်။ ၎င်းသည် အစစ်အမှန်လူတစ်ယောက်နှင့် အတော်လေး ဆင်တူ၏။ သို့ပေမည့် အနီးကပ်စူးစမ်းကြည့်ပါက ယင်းရုပ်သေးတွင် အသက်ဓာတ်လုံးဝ မရှိဘဲ ချိပ်ပိတ်မှုများ ဖုံးလွှမ်းနေပြီး ရုပ်သေး၏အတွင်းဘက်သို့ ကြည့်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဝမ်လင်း၏မျက်လုံးသည် လင်းလက်၏။ သူက ရုပ်သေးကို သေချာကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ပြိုလဲကုန်းမြေမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ရုပ်သေးတွေရော ရှိလား…”
အဘိုးအိုသညည် အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် ခပ်တိုးတိုး ပြောလိုက်၏။ “ရှိပါတယ်…”
ဝမ်လင်းသည် စိတ်လှုပ်ရှားသွားသည်။ သို့သော် သူက တည်ငြိမ်နေမြဲသာ။ သူသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အို…ဒါဆို ကောင်းကင်ဘုံဒုက္ခအဆင့် ရုပ်သေးတွေရော ရှိလား…”
အဘိုးအိုသည် အတော်ကြာကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကျနော် သေချာတော့ မသိဘူး။ ဒါပေမဲ့ အချို့လူတွေကတော့ ကောင်းကင်ဘုံဒုက္ခအဆင့်ရုပ်သေးတွေကို မြင်ဖူးကြတယ်။ ဒါမှန်လား၊မှားလားတော့ ကျနော်လည်း မသိပါဘူး…”
ဝမ်လင်း၏မျက်လုံးသည် တောက်ပ၏။ သူသည် ပြိုလဲကုန်းမြေ၌ ထိုကဲ့သို့အံ့မခန်းအရာများကို တွေ့ရှိရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကောင်းကင်ဘုံဒုက္ခရုပ်သေးတစ်ရုပ်သညည် အမှန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းနေ၏။
“ကောင်းကင်ဘုံဒုက္ခအဆင့် ရုပ်သေးတွေ ရှိမှတော့ ဒါဆို တတိယအဆင့်ရုပ်သေးရော ရှိနေနိုင်မလား…” ဝမ်လင်းသည် ထိုအကြောင်းကိုတော့ မေးမကြည့်ပေ။
ခဏအကြာတွင် ဝမ်လင်းက မေးလိုက်၏။ “ဒီမှာ မီးစာကလေးကလန်ရဲ့ လွှမ်းမိုးမှုကရော…”
မီးစာကလေးကလန်ဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ ကလန်ကြီးတွေထဲက တစ်ခုပဲ။ သူတို့ဟာ ဒီနေရာကို နှစ်ပေါင်းများစွာကတည်းက လူတွေ စေလွတ်ခဲ့ကြတယ်။ သူတို့က ရာချီတော့ ရှိနိုင်တယ်။ လူတိုင်းက သူတို့ကို မီးစာကလေးကလန်က လွှတ်လိုက်တဲ့သူတွေမှန်း သိပေမယ့် သူတို့က အကြီးအကဲနေရာကို စိန်ခေါ်တဲ့ကိစ္စမှာ မပါဝင်တဲ့အတွက် ဘေးကင်းကင်းနေနိုင်ကြတယ်။ သူတို့ဟာ ကလန်အမျိုးမျိုးနဲ့လည်း အသိအကျွမ်းလုပ်ထားပြီး ရုပ်သေးကူးသန်းရောင်းဝယ်မှုမှာတော့ ပါဝင်ကြတယ်။ သူတို့က မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေကို ကြိတ်ပြီး စုဆောင်းကြတယ်။ “အခုကော နောင်ကော သူတို့ဟာ ဒီသလင်းကျောက်တွေကို မီးစာကလေးကလန်ရှိ ပြန်ပို့ပေးလေ့ရှိတယ်…”
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ “မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေ…”
“ဒါဟာ ဒီပြိုလဲကုန်းမြေရဲ့ သီးသန့်အရာတစ်ခု ဖြစ်တယ်။ ပြောကြတာကတော့ ဒီမီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေကို မဟာအင်ပါယာက ယူလာပေးခဲ့ပြီး ရုပ်သေးတွေ ပြုလုပ်ဖို့အတွက် အသုံးပြုတာတဲ့။ ဒါပေမဲ့ ဒီသလင်းကျောက်တွေဟာ ရှားပါးလွန်းတယ်။ ငါ့မှာတော့ အစိတ်အပိုင်းအနည်းငယ်လေး ပိုင်ဆိုင်ထားတယ်။ ငါ သခင့်ကို ပြပါ့မယ်…” ထိုအဘိုးအိုသည် ဆန်စေ့အရွယ်အဖြူရောင်သဲကျောက်တစ်ခုကို ထုတ်ယူလိုက်၏။
ဝမ်လင်းက ထိုအဖြူရောင်သဲကျောက်ကို လှမ်းယူကာ သေချာ ကြည့်သည်။ သူ့မျက်လုံးသူငယ်အိမ်မှာ အလျင်အမြန် ကြုံ့သွား၏။ သို့သော် သိပ်မကြာခင်တွင် ပုံမှန်ပြန်ဖြစ်သွားသည်။
“မင်း ထွက်သွားပြီး မီးစာကလေးကလန်နဲ့ ပတ်သတ်တဲ့သတင်းအားလုံးကို စုဆောင်းလာခဲ့။ ပြီးရင် ငါ့ကို အသေးစိတ် ပြန်တင်ပြ….” ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်၏။ အဘိုးအိုသည်လည်း ခပ်သွက်သွက် ထွက်သွားတော့သည်။
သူ ထွက်သွားသည့်နောက် လှိုဏ်ဂူတံခါးသည် ပိတ်သွားကာ ဝမ်လင်းသည် အတားအဆီးများကို နေရာချလိုက်၏။ သူက ချက်ခြင်းပင် အောက်သို့ငုံ့ကာ သူ့လက်ထဲရှိ အဖြူရောင်သဲကျောက်တို့ကို ကြည့်သည်။ သူ့မျက်လုံးသည် တောက်ပသထက်တောက်ပလာပြီး တုန်လှုပ်မှုအရိပ်အမြွက်သန်းလာသည်။
“မီးတောက်သန္ဓေပြောင်းသလင်းကျောက်။ ဒီတော့ ဒါကို မီးတောက်သန္ဓေပြောင်းသလင်းကျောက်လို့ ခေါ်တာပေါ့။ အတိတ်တုန်းက ဟင်္သာငှက်နတ်အင်ပါယာ ငါ့ကို ပြောခဲ့ဖူးတာက နတ်လေးပါးကလန်ရဲ့ ဇာစ်မြစ်ဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကတဲ့။ အဲ့ဒီ့နောက် သူတို့ဟာ အတွင်းနယ်မြေကို ဝင်ရောက်လာခဲ့ကြတာလို့ ပြောခဲ့ဖူးတယ်။ ဒါက တကယ့်ကို အမှန် ဖြစ်နေတာပဲ...”
“ဒီမီးတောက်သန္ဓေပြောင်းသလင်းကျောက်ကို ပြိုလဲကုန်းမြေရဲ့ ဆန်းကြယ်တဲ့အင်ပါယာက ဒီနေရာကို ယူဆောင်လာခဲ့တာလို့ ဆိုတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီသလင်းကျောက်ဟာ ဒီမှာ မရှိရတာလဲ။ မဟုတ်မှလွဲရော...မဟုတ်မှလွဲရော...”
***