အရှင်စစ်မို ရောက်လာပြီ…။
Vol. 104 Ch. 1246
အဘိုးအိုသည် မီးတောက်သန္ဓေပြောင်းသလင်းကျောက်ကို ထုတ်ယူလိုက်သည်နှင့် ဝမ်လင်းသည် ၎င်းကို သိရှိလိုက်သည်။ ဝမ်လင်းသည် အရင်ကတည်းက ၎င်းသလင်းကျောက်ကို မြင်ဖူးခဲ့ကာ ယင်းပေါ်တွင်ပင် သူသည် နှစ်များစွာ အချိန်ကုန်ဆုံးပြီး ဒဏ်ရာကုသခဲ့နဖူးသည်။
မဟာမိတ်ကြယ်အဖွဲ့အစည်းမှာတုန်းက ဟင်္သာငှက်နတ်ကလန်၏ လောင်ကျွမ်းဟင်းလင်းပြင်အတွင်းနက်ပိုင်းတွင် မြောလွင့်နေသော အဖြူရောင်ကျောက်တုံးကြီးတစ်တုံး ရှိလေ၏။ ထိုနေရာမှာ ဟင်္သာငှက်နတ်အင်ပါယာဟောင်း ကျင့်ကြံခဲ့သော နေရာပင်။
အခု ပြိုလဲကုန်းမြေ၏ မီးတောက်သန္ဓေပြောင်းသလင်းမှာလည်း ထိုအဖြူရောင်ကျောက်တုံးနှင့် ချွတ်ဆွတ်တူနေသည်။
“မဟာအင်ပါယာဟာ ဟင်္သာငှက်ကလန်နဲ့ ဆက်နွှယ်မှု ရှိနေတာများ ဖြစ်နိုင်မလား...”
ဝမ်လင်းသည် ဟင်္သာငှက်ကလန်အပေါ် သိပ်ပြီး ခံစားချက် မရှိပေ။ သို့ပေမည့် သူသည် ဟင်္သာငှက်နတ်အင်ပါယာဟောင်းကိုတော့ ကျေးဇူးကြွေးတင်နေ၏။ ယင်းကြင်နာမှုမှာ ဝမ်လင်း မေ့ပစ်လို့မရနိုင်သော အရာပင်။
ဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ စိတ်ဝိညာဉ်နှင့် သူ၏ နှစ်ပေါင်းသောင်းချီ စူးစိုက်မှုက ဝမ်လင်းကို လေးစားမှု ဖြစ်စေ၏။ ဝမ်လင်း၏အမြင်တွင် ဟင်္သာငှက်နတ်အင်ပါယာဟောင်းသည် ချိပ်ပိတ်နယ်မြေ၏အရှင်သခင်နှင့် အတူတူသာ ဖြစ်သည်။ ခြားနားသည်ဟူ၍ တစ်ယောက်က နတ်လေးပါးကလန်ကို စောင့်ရှောက်ကာ ကျန်တစ်ယောက်ကတော့ အတွင်းနယ်မြေတစ်ခုလုံးကို စောင့်ရှောက်ပေးနေခြင်းသာ။
ဝမ်လင်းကို အတော်လေး စိတ်လှုပ်ရှားစေခဲ့သည်က ထိုနတ်အင်ပါယာဟောင်း သူ့ကို ပြောခဲ့သော စကားပင်။
“ငါ့နာမည်ဟာ လုယွမ်။ ငါဟာ ရှေးဟောင်းချီကျင့်ကြံခြင်းကမ္ဘာမှာ မွေးဖွားခဲ့တာ။ ငါဟာ လေးဆက်မြောက် ဟင်္သာငှက်နတ်အင်ပါယာရဲ့ ဆေးဝါးအကူကောင်လေး ဖြစ်လာခဲ့တယ်။ ဒီလေးဆက်မြောက်နတ်အင်ပါယာဟာ ငါ့ကို မစွန့်ပစ်ဘဲ ချီကျင့်ကြံခြင်းနည်းလမ်းကို သင်ကြားပေးခဲ့တယ်။ ဒီ့အတွက်လည်း ငါ သူ့ကို ကျေးဇူးတင်မိရတယ်။ ငါ့အသက်(၁၃၂၇)ကို ရောက်တော့ ငါဟာ ချီသန့်စင်သူအဖြစ် အောင်မြင်မှုအချို့ ရလာခဲ့ပြီ။ ငါဟာ နတ်အင်ပါယာနောက်ကို လိုက်လံခဲ့ပြီး ငါတို့ ဟင်္သာငှက်နတ်ကလန်ရဲ့ အတိတ်တုန်းက တောက်ပမှုကို မျက်မြင်ကိုယ်တိုင် တွေ့ခဲ့ရတယ်...”
“ငါ့အသက်(၁၁၄၆၃)နှစ်ကို ရောက်တော့ အပြင်ဘက်က တက်တူးကလန်ဟာ ကျူးကျော်လာခဲ့ပြီး လောကကို ဗြောင်းဆန်စေခဲ့တော့တယ်။ ငါ့ဟင်္သာငှက်နတ်ကလန်ဟာ တက်တူးကလန်နဲ့ တိုက်ပွဲမှာ ကောင်းကင်ဘုံနယ်မြေကို ကူညီပေးခဲ့တယ်။ အဲ့ဒီနောက် လေးဆက်မြောက်ဟင်္သာငှက်နတ်ကလန်ဟာ တခြားနတ်အင်ပါယာသုံးပါးနဲ့အတူ အပြင်ဘက်ကမ္ဘာရှိ ထွက်လာခဲ့ကြတယ်။ သူတို့ ထွက်မသွားခင် ငါ့ကို ငါးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာအဖြစ် သတ်မှတ်ခဲ့ကြတာ...”
ဝမ်လင်း၏အကြည့်သည် မီးတောက်သန္ဓေပြောင်းသလင်းအပိုင်းအစလေး ပေါ်သို့ ကျရောက်နေဆဲပင်။ သူ၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။
“နတ်အင်ပါယာဟောင်း ပြောခဲ့တာက လေးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာဟာ အခြားအင်ပါယာသုံးပါးနဲ့အတူ အပြင်ဘက်နယ်မြေရှိ ထွက်လာခဲ့ကြတဲ့နောက် သူဟာ သူတို့ရဲ့ သတင်းကို ဘာတစ်ခုမှ မကြားရတော့ဘူးတဲ့။ ဒီလိုဆို ပြိုလဲကုန်းမြေဟာ ဟင်္သာငှက်နတ်ကလန်က တစ်စုံတစ်ယောက်ကများ ပိုင်ဆိုင်တာ ဖြစ်နေနိုင်မလား။ အတိတ်တုန်းက လေးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာက ဒီပြိုလဲကုန်းမြေရှိ ရောက်လာခဲ့တာများ ဖြစ်နေနိုင်မလား...”
“အချိန်ရှုထောက်ကနေ ကြည့်ရင်တော့ ဒီအချက်ဟာ မမှန်တဲ့ပုံပေါက်နေတယ်...” ဝမ်လင်းသည် အစောပိုင်းကသူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ စစဉ်းစားသည်။ အချိန်အတန်ကြာပြီးနောက် သူသည် မသေချာမရေရာ ဖြစ်နေဆဲပင်။ သူသည် သက်ပြင်းရှည်သာ ချလိုက်မိ၏။
“ငါ ဒီကိစ္စကို အနှေးနဲ့အမြန်ဆိုသလို သိလာမှာပါ။ ဒီပြိုလဲကုန်းမြေမှာ အခုလိုမျိုး လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့မိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဒီနေရာဟာ လေးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာနဲ့ အမှန်တကယ် ပတ်သတ်နေခဲ့ရင် ငါ့လေးကြိမ်မြောက်ဟင်္သာငှက်နိုးထခြင်းကို ဒီမှာတင် လုပ်ဆောင်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်…။ အဲ့ကျရင် ငါ့မီးဟာ ငါ့ရန်သူတွေရဲ့ ဒေါသမီးကို ငြှိနိုင်တဲ့ သိမ်မွေ့လေးနက်တဲ့မီး ဖြစ်လာလိမ့်မယ်။ သူတို့ကို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းပစ်နိုင်စွမ်း ရှိလာမယ်…”
“အဲ့လိုသာဖြစ်လာခဲ့ရင် ငါ့မီးအနှစ်သာရဟာ မပြီးပြည့်စုံသေးရင်တောင်တ ဒီမီးဟာ ငါ့ခုလက်ရှိမီးစွမ်းအင်နဲ့ ယှဉ်ရင် ကောင်းကင်နဲ့မြေကြီးလို သိသွာကွာဟလာမှာပဲ။ အတိတ်တုန်းက ငါဟာ ဒီသလင်းကျောက်ကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ပေမယ့်။ အခု ငါ တတိယကြိမ်မြောက်နိုးထပြီးတဲ့နောက် ငါဟာ ဒီသလင်းကျောက်ကို အဖျက်အစီးအားတစ်ခုနဲ့အတူ ပေါက်ကွဲသွားအောင် လုပ်နိုင်ပြီ…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းကာ ထိုသလင်းကျောက်ကို သိုလှောင်နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
သူ့သိုလှောင်နေရာလွတ်ထဲ၌ ကျောက်ရုပ်တုတစ်ခုလည်း ရှိသေး၏။ ယင်းရုပ်တုမှာ ဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်ခဲ့သော အရာပင်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ထိုကျောက်ရုပ်တုကို ဝေ့ကြည့်လိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူ့အကြည့်က ရုပ်သေးထံသို့ ရွှေ့လျားလာသည်။
ထိုရုပ်သေးသည် သက်လတ်ပိုင်းအရွယ်ရှိ၏။ သူသည် မင်သေသေဖြင့် မလှုပ်မယှက် နေရာတွင်ပင် ရပ်နေသည်။ ဝမ်လင်း၏နတ်ဘုရားအာရုံ တိုးဝင်လာပြီး ယင်းရုပ်သေးကို ဝန်းရံသည်။ သူ၏နတ်ဘုရားအာရုံသည် မရေမတွက်နိုင်သော အပ်များအလားပြောင်းလဲကာ ထိုရုပ်သေး၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်လေသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် တစ်လက်မချင်း ရုပ်တုအတွင်းသို့ ဝင်ရောက်နေရင်း သူက ထိုရုပ်သေး၏လျှို့ဝှက်ချက်များကို ဖြတ်မြင်နိုင်ရန် ကြိုးပမ်းနေသည်။ အချိန်ဖြည်းဖြည်းချင်း ကုန်လာ၏။ ဝမ်လင်း၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။
ထိုရုပ်သေးတွင် အသွေးအသားဟူ၍ မပါဝင်ပေ။ သို့သော် ၎င်းမှာ ထူးဆန်းသောသလင်းတစ်မျိုးကြောင့် ဖြစ်ပေါ်နေခြင်း မည်၏။ ယင်းသလင်းကျောက်မှာ နူးညံ့ကာ သေးငယ်ပေသည်။
၎င်းရုပ်သေး၏အရိုးများကိုလည်း သလင်းတစ်မျိုးဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် ယင်းသလင်းကမူ အလွန်အမင်းမာကျောကာ အားကောင်းသောမူလစွမ်းအင်ကို ထုတ်လွှတ်နေသည်။ ထိုရုပ်သေး၏အတွင်း၌ အလင်းလွှာတစ်ခုလည်း ရှိသေးသည်။ ၎င်းသည် အလွန်အမင်း ကြမ်းရှသည့်ပုံပင်။ ဝမ်လင်း၏နတ်ဘုရားအာရုံ ဝင်ရောက်ဖို့ ကြိုးစားလာသည့်အခါ သူသည် အတားခံရသည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက သူ့နတ်ဘုရားအာရုံကို အစွမ်းကုန်အသုံးချကာ ထိုရုပ်တုအတွင်းသို့ တရကြမ်း ဝင်ရောက်စေပြီး ထိုအကာအကွယ်အလွှာထံသို့ တိုးဝင်သည်။
ဘန်းခနဲ ပေါက်ကွဲ၏။ ရုပ်သေး၏ခန္ဓာကိုယ်မှာ တုန်ယင်သည်။ ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏နတ်ဘုရားအာရုံသည် ထိုရုပ်သေးကို ဖျက်စီးပစ်နိုင်၏။ သို့သော် သူသည် ထိုအကာအကွယ်အလွှာကိုမူ ချိုးဖျက်နိုင်ခြင်း မတတ်နိုင် ဖြစ်ရသည်။
ဤအခိုက်၌ သူသည် သူ့နတ်ဘုရားအာရုံကို လုံလောက်အောင် မြန်ဆန်စွာ ပြန်ရုတ်သိမ်းလိုက်နိုင်ခြင်း မရှိပါက ထိုအလင်းလွှာသည် ရုပ်သေးအတွင်းရှိ လျှို့ဝှက်ချက်အားလုံးကို တခြားလူများ မသိနိုင်အောင် ဖျက်စီးပြီး ဖြစ်ပေလိမ့်မည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူသည် စဉ်းစားနေသည်။
“ ဒီရုပ်သေးဟာ စိတ်ဝင်စားစရာပဲ…” ဝမ်လင်းသည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်၏။ ရုပ်သေးသည် သူ့ထံသို့ ပျံသန်းလာကာ သူနှင့် လက်တစ်ကမ်းအကွာတွင် ရပ်သွားသည်။ ထို့အတွက် ဝမ်လင်းသည် ထိုရုပ်သေး၏ရင်ဘက်ကို အလွယ်တကူ လက်လှမ်းကာ ဖိနှိပ်နိုင်စေသည်။
သူ့နတ်ဘုရားအာရုံ ထပ်မံ ထွက်ပေါ်လာကာ ညာလက်တစ်လျှောက် စီးဆင်းသွားသည်။ ထိုနတ်ဘုရားအာရုံသည် ရုပ်သေးထံသို့ ချဲ့ကားသွားမည့်အချိန်မှာပင် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူသည် အံ့အားတသင့်အသံ ထုတ်ဖော်မိလိုက်သည်။
“ဒီရုပ်သေးအတွင်းမှာ သွေးကြောတွေ ရှိနေတယ်…” ရုပ်သေးနှင့် နီးကပ်စွာ ရှိနေခြင်း၊ လက်ဖြင့် ထိထားခြင်းတို့ကြောင့် ဝမ်လင်းသည် အစောပိုင်းက သူ သတိမပြုမိခဲ့သော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။
သူက ထိုပုန်းကွယ်နေသော သွေးကြောများသည် ခြောက်ခမ်းလုနီးနီးဖြစ်နေသည်ကို မြင်သည်။
“ဒါက…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားပြီး လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူသည် အသေအချာ ကြည့်ကာ တုန်လှုပ်မိသွား၏။
“ဒါဟာ ရုပ်သေးတစ်ရုပ် မဟုတ်ဘူး။ ကျင့်ကြံသူတစ်ယောက်ပဲ…။ ဒီရုပ်သေးဟာ ကျင့်ကြံသူတစ်ယောက်ကို အမည်မသိနည်းလမ်းတစ်ခုခု အသုံးပြုပြီး သန့်စင်မွန်းမံထားတာသာ ဖြစ်တယ်…” ဝမ်လင်းသည် အနှီရုပ်သေးကို ငြိမ်သက်စွာ ကြည့်နေ၏။
ထိုရုပ်သေးမှာ မထုံတက်တေးအမူအရာဖြင့်သာ ရှိနေ၏။ ၎င်း၏ မျက်လုံးက ဟောက်ပက်ဖြစ်နေပြီး အသက်ဓာတ်၊ ဉာဏ်ရည်စသည့်လက္ခဏာများ တစ်စွန်းတစ်စပင် ရှိမနေပေ။
“ရုပ်သေးရဲ့ အသွေးအသားနေရာမှာ အစားထိုးထားတဲ့ သလင်းကျောက်။ ငါ ဒါကို ရင်းနှီးသလို၊သိသလို ခံစားမိတယ်။ အရင်တုန်းက မြင်ခဲ့ဖူးသလိုလိုပဲ…” ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်လာသည်။
“ဒီရုပ်သေးရဲ့ လျှို့ဝှက်ချက်ဟာ အကာအကွယ်အလင်းလွှာအတွင်းမှာ ရှိနေမှာ။ ဒီအတွင်းကို ကြည့်နိုင်မှ ငါ ဒီရုပ်သေးရဲ့ လျှို့ဝှက်ချက်ကို မြင်နိုင်မယ်…” ဝမ်လင်း၏နတ်ဘုရားအာရုံသည် ရွှေ့လျားလာ၏။ သူ၏ ညာမျက်လုံးရှိ မိုးကြိုးအမှတ်အသားသည် တလက်လက်ဖြစ်ကာ ပျံသန်းထွက်လာသည်။
လှိုဏ်ဂူတစ်ခုလုံး မိုးကြိုးနှင့် ဖုံးအုပ်သွားသည်။ တုန်ဟည်းသံ ထွက်ပေါ်လာကာ မိုးကြိုးသည် ပျံ့နှံ့သည်။ မိုးကြိုးသည် လှိုဏ်ဂူအတွင်းမှ ပျံ့နှံ့လာကာ ကင်းမြှီးကောက်နက်ကလန်ဝင်များ၏ မျက်နှာကို ဖြူရောသွားစေပြီး သူတို့အားလုံးသည် လှိုဏ်ဂူကို ကြည့်လိုက်ကြ၏။
မိုးကြိုးအမှတ်အသားကို အသက်သွင်းလိုက်ခြင်းက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို များစွာ တိုးတက်သွားစေ၏။ သူ၏နတ်ဘုရားအာရုံသည်ပင် မိုးကြိုးမုန်တိုင်းအလား ဖြစ်လာကာ ၎င်းသည် ရုပ်သေးအတွင်းရှိ အကာအကွယ်အလွှာထံ တိုးဝင်သည်။
သူ၏နတ်ဘုရားအာရုံသည် ၎င်းအလွှာနှင့် ထိပ်တိုက်တွေ့သည့်အခါ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် အလင်းလွှာသည် စတင်ပြိုပျက်တော့၏။ အလားတူပင် အတွင်းရှိ အရာအားလုံးမှာလည်း တစ်ချိန်တည်းမှာ ပျက်စီးလေသည်။ ယင်းအကာအကွယ်အလွှာအတွင်းရှိ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မြင်ခွင့်မပြုသည့်အလား။
သို့ပေမည့် ချက်ခြင်း ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်ကာ သူသည် အော်ပြောလိုက်၏။ “ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် သူသည် ကောင်းကင်နှင့်မြေကြီး၏ လှုပ်ရှားမှုကို ရပ်တန့်ပစ်၏။ ရုပ်သေးအတွင်းရှိ အရာအားလုံးမှာလည်း ရပ်တန့်သွားသည်။ သို့သော် ထိုအလင်းက တခဏသာ ရပ်တန့်သွားပြီးနောက် ပုံမှန်ပြန်ဖြစ်ကာ ဆက်လက် ပျက်စီးသည်။
ရုပ်သေးသည်လည်း ရပ်တန့်ခြင်းခံထားရာကနေ ဆက်လက် ပျက်စီးသည်။ ရုပ်သေးသည် ပေါက်ကွဲထွက်ကာ တုန်ခါလှိုင်းသည် တောင်အနှံ့ ပျံ့နှံ့ပြီး မိုးကြိုးတုန်ဟည်းသံများ မြည်ဟိန်း၏။
တောင်သည် အပြင်းအထန် လှုပ်ခါလေ၏။ ဝမ်လင်းသာ အတားအဆီးများ ချမှတ်မထားပါက ယင်းတောင်သည် အပျက်အစီးပုံ ဖြစ်သွားလောက်၏။
ပတ်ဝန်းကျင်ရှိ ကင်းမြှီးကောက်နက်ကလန်ဝင်များသည် ထိုလှိုဏ်ဂူသို့ ထိတ်လန့်တကြား ကြည့်ကြ၏။ ကင်းမြှီးကောက်နက်ကလန်၏ အဘိုးအိုသည် ခါးသီးစွာ ပြုံးမိသည်။ သူသည် ထိုတုန်ခါလှိုင်းမှ ရင်းနှီးသော အော်ရာတစ်ခုကို ခံစားမိ၏။ ထို့ကြောင့် သူသည် သူ၏ရုပ်သေးမှာ ဖျက်စီးခံလိုက်ရပြီကို သိလိုက်ပေ၏။
လှိုဏ်ဂူသည် ဖုန့်မှုန်သဲမှုန့်များဖြင့် ပြည့်နှက်နေသည်။ သို့သော် တဖြည်းဖြည်း အထိုင်ကျသွား၏။ ဝမ်လင်းသည် နေရာတွင်ပင် ရပ်နေသည်။ သူ၏မျက်လုံးက တောက်ပနေ၏။ ရပ်တန့်ခြင်းမန္တာန်သည် ပျက်စီးမှုကို တစ်ခဏသာ ရပ်တန့်စေလိုက်နိုင်သော်လည်း ၎င်းအချိန်လေးကပင် သူ့ကို ရုပ်သေးအတွင်းရှိ လျှို့ဝှက်ချက်အား မြင်တွေ့သွားစေပေသည်။
သူက အတွင်းရှိ မြောလွင့်နေသော မူလစိတ်ဝိညာဉ်တစ်ခုကို မြင်သည်။ ထိုမူလစိတ်ဝိညာဉ်သည် ရုပ်သေး၏ပုံပန်းအသွင်နှင့် ချွတ်ဆွတ်တူသည်။ ထိုတွေ့ရှိမှုက ဝမ်လင်းကို ယင်းရုပ်သေးမှာ ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းအား ပိုသေချာစေသည်။
ထိုရုပ်သေးပျက်စီးသွားချိန်၌ အသွေးအသားနေရာတွင် အစားထိုးထားသော သလင်းအမှုန့်အမွှားများသည်လည်း တစစီဖြစ်၏။ ထိုအခါ သူသည် ယင်းသလင်းအမှုန့်ကို ဘာကြောင့် သိရှိသလို ခံစားနေရမှန်းကို မှတ်မိသွားတော့သည်။
အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခေါင်းပြတ်ကို တွေ့မြင်ခဲ့ဖူး၏။ ယင်းခေါင်းပြတ်ဒဏ်ရာတွင် သလင်းအမှုန့်အချို့ ကျန်ရစ်ခဲ့ပြီး ယင်းတို့သည် အခုရုပ်သေးအား ဖွဲ့စည်းထားသော သလင်းအမှုန့်နှင့် အလွန်အမင်းနှင့် တူညီနေပေသည်။
ဝမ်လင်းထံ၌ ထိုရှေးဟောင်းနတ်ဘုရား၏ဦးခေါင်းပေါ်မှ သလင်းအမှုန့်များကို စုဆောင်းခဲ့သော ပုလင်းငယ်ပင် အခုထိ ရှိနေသေးသည်။
ဝမ်လင်းသည် သဲလွန်စအချို့ကို ခပ်ရေးရေး ဖမ်းဆုပ်မိသည်။ သို့သော် ယင်းသဲလွန်စများမှာ ရှုပ်ထွေးလှကာ သူသည် တစ်ခုနှင်တစ်ခုကို ချိတ်ဆက်မကြည့်နိုင် ဖြစ်ရ၏။
“ပြိုလဲကုန်းမြေရဲ့ မဟာအင်ပါယာ။ သူက ဘယ်သူများလဲ…” ဝမ်လင်းသည် စဉ်းစားနေရင်း လှိုဏ်ဂူတံခါး ပွင်ဟသွားပြီး သူ လှမ်းထွက်လာ၏။
“ကင်းမြှီးကောက်အကြီးအကဲ…။ ငါ့ကို ပြိုလဲအကြီးအကဲတစ်ယောက်ရှိတဲ့ အနီးဆုံးကျင့်ကြံခြင်းဂြိုဟ်ရှိ လမ်းပြ…” ကင်းမြှီးကောက်ကလန်မှ အဘိုးအိုက ခပ်သွက်သွက် ခေါင်းညိတ်ပြ၏။ ထို့နောက် သူသည် ရှေ့ကနေ ထွက်သွား၏။
ဤအခိုက်အတန့်တွင် ပြိုလဲကုန်းမြေ၏ အပြင်ဘက်ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ပေါ်လာပြီး သက်လတ်ပိုင်းလူတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ ထိုလူသည် ဝမ်လင်းနောက်သို့ လိုက်လာသော အရှင်စစ်မိုပင်။ သူ့မျက်လုံးတို့မှာ သုန်မှုန်နေ၏။ သူသည် အုပ်စိုးသူကောင်စီ ထိန်းချုပ်မှုအောက်တွင် မရှိသော သူ့ရှေ့တည့်တည့်ရှိ ကြယ်နယ်မြေကို စိုက်ကြည့်နေသည်။
“ဆရာသခင်ယွင်လောက သူ ဒီပြိုလဲကုန်းမြေမှာ ပုန်းနေတယ်လို့ ကြည့်မြင်ခဲ့တယ်။ ဒီနေရာဟာ တကယ့်ကို ဗရမ်းဗတာ နိုင်တယ်။ ဒါ့ကြောင့် ငါ အတော်လေး ဂရုစိုက်ရမယ်။ ကောင်းတာတစ်ခုကတော့ အရင်တုန်းက ငါ ဒီကို ရောက်လာခဲ့တုန်းက ချပ်ဝတ်နဂါးကလန်ရဲ့ ခေါင်းဆောင် ကိုးယောက်မြောက်ပြိုလဲအကြီးအကဲကို ငါ ကယ်တင်ပေးခဲ့ဖူးတာပဲ။ သူ့ရဲ့ အဆင့်အတန်းကို ငှားယမ်းလိုက်ရင် ငါ့အတွက် ပြဿနာ မရှိလောက်တော့ပါဘူး…”
အရှင်စစ်မိုသည် စဉ်းစားနေရင်း သူသည် ပြိုလဲကုန်းမြေထံသို့ ဦးတည်လာလေ၏။
“အန္တရာယ်ကို ထည့်မတွက်ဘဲ ငါ သူ့ကို တတ်နိုင်သမျှ အမြန် ရှာရမယ်။ ပြီးရင် အပူဇော်ခံမီးတောက် မပါဘဲ လေဟာနယ်ဂိတ်တံခါးကို ဆွဲဆောင်နိုင်တဲ့ လျှို့ဝှက်ချက်ကို သူ့စိတ်ဝိညာဉ်ထဲမှာ ရှာဖွေရမယ်…”
***