မီးစာကလေးကလန်နဲ့ ပထမဆုံးကြိမ် ဆုံခြင်း
Vol. 104 Ch. 1427
“သခင်…အနီးဆုံးပြိုလဲအကြီးအကဲဟာ ကိုးယောက်မြောက်အကြီးအကဲပဲ။ သူဟာ ချပ်ဝတ်နဂါးကလန်ရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်။ အဲ့နေရာမှာ ကျင့်ကြံသူအများကြီးရှိပြီး ဗရမ်းဗတာ ဖြစ်လွန်းတယ်…” ကင်းမြှီးကောက်နက်ကလန်မှ အဘိုးအိုသည် လမ်းပြနေရင်း ဝမ်လင်းကို ပြောပြနေ၏။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် စကားသိပ်မပြောပေ။ သူတို့နှစ်ယောက်သည် ကြယ်နယ်မြေကို မြန်ဆန်စွာ ဖြတ်သန်းနေကြသည်။
ဝမ်လင်း၏စိတ်ထဲတွင် သူ တွေ့မြင်ခဲ့ရသော ရုပ်သေး၏အတွင်းမှအရာဖြင့်သာ ပြည့်နေသည်။ သူသည် တစ်ခုခုကို သိလိုက်သည့်ပုံပင်။ သို့သော် မြူလွှာတစ်ခု ကာဆီးထားသည့်အလား သူ့အား အခြင်းအရာများကို ရှင်းလင်းစွာ မမြင်ရအောင် ပြုလုပ်ထားသည်။
“ချပ်ဝတ်နဂါးကလန်က ကလန်ငယ်တစ်ခု ဖြစ်ပေမယ့်လည်း သူတို့မှာ ကလန်ဝင်ထောင်ကျော် ရှိတယ်။ ကလန်ခေါင်းဆောင်ဟာ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ဖြစ်တယ်။ သူက သူ့ကလန်ရဲ့ နဂါးချပ်ဝတ်မန္တာန်ကို အသုံးပြုလိုက်ရင် သာမန်ကျင့်ကြံသူတွေဟာ သူ့အကာအကွယ်ကို ချိုးဖျက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ကိုးယောက်မြောက်အကြီးအကဲဟာ ပြိုလဲကောင်စီမှာလည်း ကျော်ကြားလှတယ်။ ငါ့ကင်းမြှီးကောက်နက်ကလန်လို ကလန်ငယ်လေးတစ်ခုဟာ သူတို့ကို မလေးမစား မပြုဝံ့ဘူး…”
ကင်းမြီးကောက်နက်အကြီးအကဲသည် ဝမ်လင်း ချပ်ဝတ်နဂါးကလန်နှင့် ပတ်သတ်၍ သူ သိထားသမျှကို ပြောပြနေသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ချပ်ဝတ်ကလန်ရဲ့ ပင်မဂြိုဟ်မှာ မီးတောက်သန္ဓေပြောင်းသလင်းကျောက် ရောင်းလား…”
ကင်းမြှီးကောက်နက်အကြီးအကဲသည် ခပ်သွက်သွက် ပြောပြလိုက်၏။ ရှိပါတယ်။ ဒါပေမဲ့ မီးစာကလေးကလန်ဟာ ဒီသလင်းကျောက်တွေကို အရူးအမူး စုဆောင်းကြတယ်။ ဒီသလင်းကျောက် ပေါ်လာတာနဲ့ သူတို့ဟာ ဘယ်လိုပဲကုန်ကျပါစေ ပေးဖို့ ဆန္ဒရှိကြတယ်။ ဒီတော့ သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲလွန်းတယ်။ ချပ်ဝတ်နဂါးကလန်ရဲ့ ပင်မဂြိုဟ်ပေါ်က ရောင်းဝယ်ရေးခန်းမကို သွားဖို့အတွက် ကျနော့်တို့ သလင်းကျောက်တွေနဲ့ ရုပ်သေးတွေ လိုအပ်တယ်…
သူတို့နှစ်ယောက်သည် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်၍ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေကြသည်။ ထို့အတွက် သည်ကြယ်နယ်မြေကို ဖြတ်သန်းလာဖို့ သူတို့အတွက် နာရီအနည်းငယ်သာ ကြာ၏။ ဝမ်လင်း၏ရှေ့တွင် အစိမ်းရောင်ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ပေါ်လာသည်။
ထိုဂြိုဟ်သည် အစိမ်းရောင်လွှမ်းကာ အားကောင်းသောအသက်ဓာတ်တို့ ပေးစွမ်းနေသည်။ ထို့အပြင် စိတ်ဝိညာဉ်စွမ်းအင်များနှင့်လည်း ပြည့်နှက်နေ၏။
သူတို့နှစ်ယောက် နီးကပ်လာခိုက်တွင် အလင်းတန်းသုံးခုသည် သူတို့ထံ ပျံသန်းလာကြ၏။ ယင်းအလင်းတန်းသုံးခုထဲမှ တစ်ခုအတွင်း၌ အဘိုးအိုတစ်ယောက် ရှိသည်။ သူက အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် ပြုံး၍ လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “အကြီးအကဲဟာ ကင်းမြှီးကောက်နက်ကလန်ရဲ့ ခေါင်းဆောင် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဒါ့ကြောင့် သူက ငါတို့သုံးယောက်ကို လာစောင့်ဖို့ ပြောထားပါတယ်။ ကင်းမြီးကောက်နက်ခေါင်းဆောင်…ကျေးဇူးပြုပြီး ငါတို့ သုံးယောက်နောက်က လိုက်လာပေးပါ…”
အဘိုးအိုနောက်မှ နှစ်ယောက်ကလည်း သူတို့၏လက်နှစ်ဖက်ကိုဆုပ်ကာ ယဉ်ကျေးသမှု ပြသသည်။
ကင်းမြှီးကောက်နက်ကလန်သည် ကလန်ငယ်ပေါင်း(၃၇၂)ခုထဲမှ တစ်ခုသာသ ဖြစ်၏။ ပြိုလဲအကြီးအကဲတစ်ယောက် မဟုတ်သော်လည်း ထိုကလန်၏ခေါင်းဆောင်သည် သာမန်ကလန်ဝင်များ မလေးမစား ပြုလုပ်၍ရသော လူမဟုတ်ပေ။ ကင်းမြှီးကောက်နက်ကလန်သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူသည် ဝမ်လင်းကို အရင်သွားခိုင်းပြီးမှ နောက်ကလိုက်သည်။ ချပ်ဝတ်နဂါးကလန်မှ လူသုံးယောက်သည် ဂြိုဟ်ထံသို့ ဦးဆောင်လမ်းပြသည်။
သူတို့သုံးယောက်သည် ကင်းမြှီးကောက်နက်ခေါင်းဆောင်၏ အပြုအမူကို တွေမြင်သည့်အခါ သူတို့သည် တုန်လှုပ်မိသွား၏။ အဘိုးအို၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူသည် ဝမ်လင်းကို သေချာကြည့်လိုက်သည်။ သူက မည်သည့်အရာကိုမျှ သတိမပြုမိသော်လည်း သူသည် အာရုံစိုက်မိလာသည်။
“ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်ကို ဒီလို ယဉ်ယဉ်ကျေးကျေး ပြုမူစေမှတော့ ဒီလူဟာ လျှော့တွက်လို့ မရနိုင်ဘူး…”
လူတိုင်းသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ဂြိုဟ်နှင့် နီးကပ်လာ၏။ သူတို့သည် လေထုအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းသည် တစ်ခုခုကို သတိပြုမိသွားကာ သူသည် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။
ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ပေါ်လာကာ သက်လတ်ပိုင်းလူတစ်ယောက် လှမ်းထွက်လာသည်။
ထိုသက်လတ်ပိုင်းလူသည် ဝမ်လင်းကို ကြည့်ကာ သုန်မှုန်စွာ ပြုံးသည်။
ဝမ်လင်းသည် တည်ငြိမ်စွာပင် ရှိသည်။ သူသည် ဂရုမစိုက်သည့်ပုံ ပေါက်၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ကျန်သည့်သူများနှင့်အတူ လေထဲအတွင်းသို့ လှမ်းကာ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် လေထုကို မြန်ဆန်စွာ ဖြတ်သန်းလာ၏။ သူ့စိတ်နှလုံးမှာ သုန်မှုန်နေသည်။ ထိုသက်လတ်ပိုင်းလူ သူ့ကို ကြည့်လိုက်သည့်အခါ သူ၏ သတိတရားသည် မြင့်တက်လာ၏။ ထို့ကြောင့် သူက နောက်ပြန်လှည့်ကာ ကြည့်လိုက်မိခြင်းပင်။
ယင်းအဖြစ်အပျက်က သူ့စိတ်အခြေအနေကို သုန်မှုန်သွားစေ၏။ သူသည် ထိုလူ့ကို အရင်က ခဏ မြင်ဖူးခဲ့၏။ သူသည် ထာဆန်နောက်သို့ လိုက်လံခဲ့သော တတိယအဆင့်ကျင့်ကြံသူ သုံးယောက်ထဲမှ တစ်ယောက် ဖြစ်နေ၏။
အခု သည်လူ့ကို ထပ်တွေ့ရသည့်အခါ ဝမ်လင်းသည် ချက်ခြင်းပင် ဤလူမှာ ပြိုလဲကုန်းမြေမှ လူမဟုတ်၊ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှလူသာ ဖြစ်ကြောင်းကို သဘောပေါက်သည်။
သည်နေရာသို့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရောက်လာခြင်းအရ ထိုသူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနေရန်ပင် မလိုပေ။ ဝမ်လင်းသည် ထိုသူ ဘာကြောင့် ဒီနေရာတွင် ရှိနေသည်ကို သေချာ သိပေ၏။
“သူဟာ ငါ့ကို သတ်ဖို့လာခဲ့တာပဲ။ ဒါပေမဲ့ သူဟာ သူ့မူလခန္ဓာကိုယ်နဲ့ လာခဲ့တာ မဟုတ်ဘူး။ မဟုတ်ရင် သူ့ရှိမှာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အော်ရာကိုပဲ ပိုင်ဆိုင်ထားမှာ မဟုတ်ဘူး။ တကယ်တော့ သူဟာ သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်။ သူဟာ ဒီနေရာကို လန့်နေတဲ့ပုံပဲ။ မဟုတ်ရင် သူ ငါ့ကို တိုက်ခိုက်ပြီးနောက်လောက်ပြီ…”
“အုပ်စိုးသူကောင်စီက မြန်သားပဲ။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူ…” ဝမ်လင်း၏မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဆန္ဒ ဖြစ်ပေါ်လာ၏။ သူသည် နှာခေါင်းရှုံ့လိုက်ကာ သည်ဂြိုဟ်၏ လေထုကို ဖြတ်သန်းလာသည်။
ချပ်ဝတ်နဂါးကလန်၏ဂြိုဟ်၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် အရှင်စစ်မိုသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ပြုံးလိုက်သည်။ သူသည် သူ ရှာနေသောသူကို အခုလောက်မြန်မြန် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ သူ့ပစ်မှတ်၏ အော်ရာနှင့် ရုပ်သွင်ကို သူသည် ဆရာသခင်ယွင်လော၏ မှတ်တမ်းထဲ၌ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်လင်းကို မည်သူမှန်း ချက်ခြင်း သိလိုက်သည်။
“ကံမကောင်းစွာနဲ့…ငါဟာ ဒီမှာ လှုပ်ရှားလို့ မရတာ။ မဟုတ်ရင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်စေလိမ့်မယ်…။ မဟာအင်ပါယာပါ ဝင်ပါလာရင် ငါ့အတွက် မလွယ်တော့ဘူး။ ဒါပေမဲ့လည်း သူသာ ဒီဂြိုဟ်ပေါ်မှာဆိုရင် သူ ထွက်ပြေးနိုင်ဖို့ ခက်ပြီ။ ငါက သူ့ကို ဖမ်းဖို့ အကြောင်းအရင်းတစ်ခုလောက် ရှာလိုက်ရုံပဲ လိုတယ်…”
အရှင်စစ်မိုသည် ပြုံး၏။ သူသည် အကွာအဝေးတစ်ခုသို့ ကြည့်ကာ သူ၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ အကွာအဝေးမှ ပုံရိပ်တစ်ခုသည် ကျယ်လောင်စွာရယ်မော၍ ပျံသန်းထွက်လာ၏။ ထိုပုံရိပ်သည် ချပ်ဝတ်နဂါးဂြိုဟ်မှ ပျံသန်းထွက်လာခြင်းပင်။ သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဆံဖြူအဘိုးအိုတစ်ယောက်ပင်။
“စီနီယာစစ်မို…ငါတို့ မတွေ့တာ နှစ်အတော်ကြာခဲ့ပြီ။ သင်ဟာ အမြဲတမ်း ကြည့်ကောင်းနေဆဲပဲ…” ထိုအဘိုးအိုသည် ရယ်မောကာ ပြောလိုက်၏။ သူ့ထံမှ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် အော်ရာကို ပေးစွမ်းနေသည်။
အရှင်စစ်မိုသည် ရယ်မောကာ ပြန်ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူစွန်…ငါတို့မတွေ့ရတာ နှစ်ရာချီ ရှိခဲ့ပြီ။ ငါဒီကို ရောက်လာပြီး သင့်ကို စိတ်ဒုက္ခပေးမိပြန်ပြီ…”
“စီနီယာရောက်လာတာက ဘာကြောင့်များ စိတ်ဒုက္ခဖြစ်ရမှာလဲ။ သင်နဲ့ငါဟာ တစ်ယောက်နဲ့တစ်ယောက် သိတာ ကြာလှပြီ။ စီနီယာစစ်မိုရဲ့ လမ်းညွှန်မှုသာ မရှိရင် ငါဟာ တတိယကောင်းကင်ဘုံဒုက္ခအဆင့်မှာတင် သေနေခဲ့လောက်ပြီ။ စီနီယာစစ်မို…ကျေးဇူးပြုပြီး ငါ့လှိုဏ်ဂူရှိ သွားကြမယ်…” ထိုအဘိုးအိုသည် ရယ်မောပြောဆိုသည်။ သူသည် ကိုးယောက်မြောက်ပြိုလဲအကြီးအကဲ ဖြစ်သည်။ ပုံမှန်ဆို သူသည် တံခါးပိတ်ကျင့်ကြံနေသည်သာ။ သို့သော် အရှင်စစ်မို၏ သတင်းပို့ချက် ရသည့်နောက် သူသည် ချက်ခြင်း ထွက်လာခဲ့ခြင်းပင်။
သူတို့နှစ်ယောက်သည် စကားပြောရင်းဖြင့် ဂြိုဟ်ထံသို့ လျှောက်လှမ်းလာကြသည်။ သူတို့၏ပုံရိပ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
ဝမ်လင်းနှင့် ကင်းမြှီးကောက်နက်ခေါင်းဆောင်တို့ ဂြိုဟ်အတွင်းသို့ ဝင်လာချိန်တွင် ချပ်ဝတ်နဂါးကလန်မှ သုံးယောက်သည် အရိုအသေးပေးကာ ထွက်သွားကြသည်။ သူတို့ထွက်သွားသည့်နောက် ကင်းမြှီးကောက်နက်ခေါင်းဆောင်သည် ဝမ်လင်းကို ဂြိုဟ်၏ အရှေ့ဘက်ခြမ်းရှိ မြို့တစ်မြို့ထံ ဦးဆောင်ခေါ်သွားသည်။
ကင်းမြှီးကောက်နက်ခေါင်းဆောင်သည် ခပ်နိပ်နိပ်ပြောလိုက်၏။ “သခင်…သင် ရုပ်သေးတွေ၊ ဒါမှမဟုတ် မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေကို ဝယ်ချင်ရင် သင် မြို့အရှေ့ဘက်ခြမ်းကို သွားရလိမ့်မယ်။ အဲ့နေရာမှာ ချပ်ဝတ်နဂါးကလန်က ထိန်းချုပ်ထားတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။ ကျနော်ဆိုလည်း လေလံပွဲကြီးတစ်ခုခုအတွက် လာတာ မဟုတ်ရင် အမြဲတမ်းအဲ့ကိုပဲ သွားတယ်…”
ဝမ်လင်းသည် ခေါင်းညိတ်ပြလိုက်၏။ သူ့စိတ်ထဲတွင်မူ သတ်ဖြတ်လိုစိတ် ပေါ်နေသည်။ သူသည် မူလတုန်းက အဆင့်မြင့်ရုပ်သေးများကို လေ့လာဖို့ ဝယ်မည်ဟု စိတ်ကူးထားခဲ့၏။ အကယ်၍ သူသည် မီးတောက်သန္ဓေပြောင်းသလင်းကျောက်အချို့ကို ကြုံလျှင်လည်း ဝယ်မည်ဟု တွေးထားခဲ့သည်။
ထိုသလင်းကျောက်များသည် သူ၏ဟင်္သာငှက်စတုတ္ထကြိမ်မြောက်နိုးထခြင်းကို ကူညီပေးနိုင်ပေသည်။ သူသာ ယင်းသလင်းအတော်များများကို စုပ်ယူနိုင်ပါက သူ့အတွက် အကျိုးများစွာ ရှိစေပေလိမ့်မည်။ ထို့အပြင် ယင်းသလင်းကျောက်များစွာကို ပိုင်ဆိုငခြင်းက သူ မီးစာကလေးကလန်၏ အနှစ်သာရကို မည်သို့မည်ပုံ ယူဆောင်မည့်နည်းလမ်းနှင့်လည်း ပတ်သတ်နေသည်။
သို့ပေမည့် အရှင်စစ်မိုကို တွေ့လိုက်ရသည့်နောက် ဝမ်လင်းသည် စိတ်ပြောင်းသွားသည်။ တစ်ဖက်လူသည် သူ့နောက်ကို ဒီအထိ လိုက်လာမှတော့ သူ ရှောင်ရန် ခက်ခဲနေပေပြီ။ သို့ပေမည့် ဝမ်လင်းထံ၌လည်း ထွက်ပြေးရန် စိတ်ကူးမရှိပေ။ သူက သည်နေရာတွင် တိုက်ခိုက်နိုင်ရန် စီစဉ်ထားသည်။
“ငါ့နောက်ကို လိုက်လာတဲ့သူဟာ တစ်ခုခုကို စိုးရိမ်နေလို့ မတိုက်ခိုက်သေးတာပဲ။ သူဟာ ဒီကို ရောက်လာရင် ငါ့ကို သတ်ဖို့ အကြောင်းပြချက်တစ်ခု ကျိန်းသေ ရှာလိမ့်မယ်။ သူက ဒီလိုစိုးရိမ်နေတာဟာ အကောင်းဆုံးပဲ။ သူက ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို ထုတ်ဖော်ထားမှတော့ ဆိုလိုတာက သူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် သူ့ကိုယ်သူ မထုတ်ဖော်လိုတာ သိသာနေတယ်။ ဒါမှမဟုတ် သူ့ကိုယ်ပွားနဲ့ပဲ ဒီအထိ အမှန်တကယ် ရောက်လာခဲ့တာလည်း ဖြစ်နိုင်တယ်…”
“ငါ့နောက်ကို လိုက်လာတာက ကိုယ်ပွားသာ အမှန်ဖြစ်မယ်ဆိုရင် ငါဟာ ဥပမာပေးတဲ့အနေနဲ့ ဒီကိုယ်ပွားကို ဖျက်စီးပစ်မယ်။ ဒါက ကိုယ်ပွားတစ်ယောက် ဆိုပေမယ့်လည်း ငါ ပြင်ဆင်ထားဖို့တော့ လိုသေးတယ်။ တကယ်တော့ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ရန်သူဟာ လွယ်လွယ်ရင်ဆိုင်လို့ မရနိုင်ဘူး။ ငါ့မိုးကြိုးအနှစ်သာရဟာ ပြီးပြည့်စုံသွားပေမယ့်လည်း ငါ သတိထားဖို့ လိုသေးတယ်…”
ဝမ်လင်း၏အမူအရာသည် အေးစက်နေ၏။ သူသည် မည်သည့်နေရာသို့ သွားရမည်ကို သိသွားသည့်နောက် ကင်းမြှီးကောက်နက်အဘိုးအိုကို ဆွဲခေါ်ကာ အရှိန်မြင့်လိုက်၏။ သူတို့သည် အလင်းတန်းအဖြစ်ပြောင်းကာ မြို့ထံသို့ တဟုန်ထိုး ဦးတည်လာသည်။
ဝမ်လင်းသည် ထိုအဘိုးအိုက ပြန်ချပေးကာ ပြောလိုက်၏။ “မြန်မြန် လမ်းပြချေ…”
ထိုအဘိုးအိုသည် ဝမ်လင်းထံမှ သတ်ဖြတ်လိုစိတ်ကို မြင်၏။ သူ့စိတ်သည် တုန်ယင်မိပေသည်။ သူသည် မြို့ထဲသို့ ဖြတ်သန်းလာရင်း ဝမ်လင်းကို အလျင်အမြန် လမ်းပြခေါ်ဆောင်လာပြီးနောက် သိပ်မကြာခင်တွင် အဆောက်အဦကြီးတစ်ခုရှေ့သို့ ရောက်လာသည်။
ထိုအဆောက်အဦမှာ အလွန်ရှေးကျ၏။ သူ လှမ်းဝင်လိုက်ရုံ ရှိသေး လူတစ်ယောက် လှမ်းထွက်လာသည်။ ထိုသူမှာ အသက်သုံးဆယ်ခန့်အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမ လျှောက်လှမ်းလာသည့်အခါ မွှေးရနံ့တစ်ခုက သူတို့ထံ လှိုက်တက်လာလေ၏။
“အို..ဒါက ကင်းမြီးကောက်နက်အရှင်မဟုတ်လား။ သင်က ငါ ရတနာအချို့ကို ရခဲ့တာ သိခဲ့လို့ ဒီကို လာကြည့်တဲ့ပုံပဲ…” ထိုအမျိုးသမီး၏အသံမှာ နူးညံ့၏။ သူမသည် နှစ်လိုဖွယ်စွဲဆောင်မှုရှိစွာ ပြုံးသည်။
သူမ၏အကြည့်က ဝမ်လင်းထံ ဖြတ်သန်းသွားသည့်အခါ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုအရိပ်အယောင် ဖြစ်ပေါ်သည်။
ကင်းမြှီးကောက်နက်ခေါင်းဆောင်က ပြုံး၍ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ “ဒီနေ့ ငါ ဒီကို ဒီရောင်းရင်းနဲ့အတူ လာခဲ့တာပါ…”
ထိုအမျိုးသမီးသည် ပြုံးကာ ဝမ်လင်းကို သေချာကြည့်သည်။ သူမသည် ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး အပေါ်ထပ် ငါ့နောက် လိုက်ခဲ့ပေးပါ။ သင် တစ်ခုခုလိုချင်တာ ရှိရင် ကျမကို မေးပါ…”
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်ပင်။ သူသည် လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီးနောက် ထိုအမျိုးသမီးနောက်သို့ တက်လိုက်သွားသည်။ ဒုတိယအထပ်မှာ သိပ်မကြီးမားလှ။ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ ဝမ်လင်းသည် ထိုင်ချကာ ထိုအမျိုးသမီးကို ကြည့်သည်။
ကင်းမြှီးကောက်နက်ခေါင်းဆောင်က ဝမ်လင်းနောက်တွင် မတ်တပ်ရပ်နေပြီး မထိုင်ပေ။
အမျိုးသမီးသည် ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူမ၏မျက်လုံးထဲမှ ထူးဆန်းသောအလင်း ဖြစ်ပေါ်၏။ သူမသည် ခေါင်းငုံ့ကာ နူးညံ့စွာ ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ ဘာများလိုချင်လဲ ငါ သိပါရစေ…”
“မီးတောက်သန္ဓေပြောင်းသလင်းကျောက်…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်ပြီး သူ့အကြည့်ကို ဒုတိယထပ်ဝင်ပေါက်ထံသို့ ရွှေ့လိုက်၏။ သူ၏မျက်လုံးထဲတွင် အလင်းတစ်ချက် လင်းလက်သွားသည်။
“ဒီအဘိုးအိုကလည်း မီးတောက်သန္ဓေပြောင်းသလင်းကို လိုချင်တယ်…” ဝမ်လင်း ပြောလိုက်ရုံ ရှိသေး အေးစက်စက်အသံတစ်ခု ဝင်ပေါက်ကနေ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် လူတစ်ယောက် လှမ်းဝင်လာသည်။
ထိုလူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ဆံပင်များမှာ ဖြူနေသည်။ သို့ပေမည့် သူ ဝင်လာသည်နှင့် အခန်းအတွင်းရှိ အပူချိန်မှာ ချက်ခြင်း မြင့်တက်လာသည်။
သူ့ခြေလှမ်းတိုင်းတွင်ပင် မီးခြေရာကျန်ခဲ့၏။ သို့သော် ထိုမီးက လှေကားထစ်များကို မလောင်ကျွမ်းပါ။
သူ၏မျက်ခုံးနှစ်ခုကြားတွင်လည်း မီးအမှတ်အသားတစ်ခု ရှိလေ၏။ ယင်းမီးအမှတ်အသားက အသက်ဝင်လှသည်။ သူသည် ဒုတိယထပ်သို့ ရောက်လာသည်နှင့် သူ့အကြည့်မှာ ဝမ်လင်း၏အကြည့်နှင့် ဆုံ၏။
“ရောင်းရင်းကျင့်ကြံသူ…ဒီအဘိုးအိုကို မီးတောက်သန္ဓေပြောင်းသလင်းကျောက် ပိုင်ဆိုင်ခွင့်ပြုလိုက်ပါ…”
ဝမ်လင်းသည် ပြုံးလိုက်၏။
***