သင် ငါ့ကို တိုက်ခိုက်ရဲလား(၁)
Vol. 104 Ch. 1428
တတိယကောင်းကင်ဘုံဒုက္ခအဆင့်။
အတွင်းနယ်မြေနှင့်အပြင်နယ်မြေနှစ်ခုစလုံးတွင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သည် မည်သူမျှ မစော်ကားဝံ့သော စွမ်းအားထောက်တိုင်တစ်ခု ဖြစ်ချေ၏။ သူတို့သည် အလွန်မြင့်မားသောအဆင့်အတန်း ပိုင်ဆိုင်ကာ စွမ်းအားများစွာဖြင့် ပျော်မွေ့ကြသည်။
အတွင်းနယ်မြေ၌ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ အဆင့်ရှစ်ကလန်တစ်ခုတွင် တတိယကောင်းကင်ဘုံဒုက္ခအဆင့်တစ်ယောက် ရှိပါက ယင်းကလန်သည် အထွတ်အထိပ် ဖြစ်မည်သာ။ အဆင့်ကိုးဒေသတွင်ပင် တတိယအဆင့်ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူ များများစားစား ရှိမနေပေ။
အတွင်းနယ်မြေ၏ စွမ်းအားမှာ သည်ပြင်ပနယ်မြေ(ဝါ)ရှေးဟောင်းကြယ်အဖွဲ့အစည်းထက် များစွာ နိမ့်ကျနေ၏။ အခု ဝမ်လင်းရှေ့တွင် ပေါ်လာသော အဘိုးအိုမှာ တတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိသူပင်။ မီးစာကလေးကလန်မှာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ထိပ်တန်းကလန်များထဲမှ တစ်ခုလည်း ဖြစ်သည်။
သူတို့သည် ပြိုလဲကုန်းမြေ၏ မီးစာကလေးလန်အတွက် ခေါင်းဆောင် ဖြစ်လာရန် တတိယအဆင့်ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတစ်ယောက်ကိုပါ စေလွှတ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ဝမ်လင်းက ထိုလူ မဝင်လာခင်ကတည်းက မီးစာကလေးကလန်၏ အော်ရာကို သတိပြုမိပြီး ဖြစ်၏။ သူက ထိုအဘိုးအို ပေါ်လာချိန်တွင် တစ်စက်လေးပင် အံ့အားသင့်မသွားပေ။
ပြိုလဲကုန်းမြေ၌ မီးစာကလေးကလန်ကို တွေ့မြင်လိုက်ရသည့်နောက် ဝမ်လင်းက ပြုံးမိ၏။
မီးစာကလေးကလန်မှ အဘိုးအိုသည် ဒုတိယထပ်သို့ ဝင်ရောက်လာကာ ထိုင်ချလိုက်၏။ သူ၏မျက်လုံးသည် လင်းလက်ကာ ဝမ်လင်းကို သေချာစူးစမ်းသည်။ သူသည် တည်ငြိမ်ဟန်ရသော်လည်း အတော်လေး သတိထားနေ၏။
သူက ကင်းမြှီးကောက်နက်ခေါင်းဆောင်ကို သိထားသည်။ သို့သော် ထိုလူကဲ့သို့ လူမျိုးက ထိုင်ရန်ပင် အရည်အချင်း ရှိမနေဘဲ အစေခံတစ်ယောက်ကဲ့သို့ သည်နေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ ထိုအဖြစ်က သူ့အမြင်တွင် ဝမ်လင်းကို ဆန်းကြယ်အောင် ပြုလုပ်နေသည်။
ထို့အပြင် ပို၍အရေးကြီးသည်က သူသည် ဝမ်လင်း၏ကျင့်ကြံမှအဆင့်ကို ဖြတ်မမြင်နိုင်ခြင်းပင်။
သူ့နတ်ဘုရားအာရုံကို မည်မျှ ဖြန့်ကျက်ပါစေ သူသည် ဝမ်လင်းထံမှ မည်သည့်ကျင့်ကြံမှုအော်ရာကိုမှ မခံစားမိပေ။ ဝမ်လင်း မည်သည့်ကလန်မှ လာသည်ကိုလည်း ရှာမတွေ့နိုင် ဖြစ်ရ၏။
ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူများသည် သူတို့၏မျက်ခုံးနှစ်ခုကြား၌ အမြဲတမ်းလိုလို အမှတ်အသားများ ရှိနေကြသည် မဟုတ်ပေ။ အချို့အစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏ကလန်အမှတ်အသားကို ဖုံးကွယ်ထားကာ အခြားလူများ ထောက်လှမ်း၍ မဖြစ်နိုင်အောင် ရှိစေ၏။
“သင်က မီးတောက်သန္ဓေပြောင်းသလင်းကျောက်ကို ငါ သင့်ထံ လက်လွှဲပေးတာကို လိုချင်တာလား…”
ဝမ်လင်းသည် အပြုံးမမည်သောအပြုံးတစ်ခုကို ဆင်မြန်းကာ မီးစာကလေးကလန်မှ အဘိုးအိုကို ကြည့်သည်။
အဘိုးအို၏စိတ်သည် တုန်ယင်သွား၏။ သူသည် ဝမ်လင်းနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်လန့်မှုကိုပါ ခံစားရလုနီးနီး ဖြစ်မိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “မီးတောက်သန္ဓေပြောင်းသလင်းကျောက်ဟာ ငါတို့ မီးစာကလေးကလန်အတွက် တကယ့်ကို အသုံးဝင်လှပါတယ်။ ဒီအဘိုးအိုက…”
သူ့စကား ထိုနေရာ ရောက်သည့်အခါ ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
ထိုအေးစက်စက်နှာခေါင်းရှုံံ့သံသည် ဤအဆောက်အဦ၏ ဒုတိယထပ်တစ်ခုလုံးတွင် မိုးကြိုးတန်းသန်းချီ ပေါက်ကွဲသွားစေသည့်အလား ထင်ရ၏။ စွဲဆောင်မှုရှိသော အမျိုးသမီး၏မျက်နှာမှာ ချက်ခြင်း ပြောင်းလဲသွားသည်။ သူမသည် အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူမ၏မျက်နှာမှာ ချက်ခြင်း ဖြူရောသွားသည်။
မီးစာကလေးကလန်မှ အဘိုးအို၏စိတ်သည်လည်း အပြင်းအထန် တုန်ယင်မိသွား၏။ သူ၏မူလစိတ်ဝိညာဉ်ပါ တုန်ယင်သည်။ သူသည် သွေးအန်လိုက်ရ၏။
သူ့ခန္ဓာကိုယ်အတွင်းရှိ မီးသည် ထိန်းချုပ်မှု လွတ်သွားဟန်ပေါက်ကာ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ သူ့အောက်ရှိ ထိုင်ခုံသည်ပင် ပြာပုံဘဝ ရောက်သွားကာ မီးတောက်များ ပျံ့နှံ့ရန် ဟန်ပြင်သည်။ ဝမ်လင်းက သူ့လက်ကို ဝေ့ဘမ်းလိုက်ရာ မမြင်ရသောလေပြင်းသည် မီးစာကလေးကလန်မှ အဘိုးအိုထံသို့ ရိုက်ခတ်သွားသည်။
ထိုအဘိုးအိုပတ်လည်ရှိ ပျံ့နှံ့ခါစမီးသည် ထိုလေပြင်းကြောင့် ငြှိမ်းသေသွားသည်။ အချို့ကမူ အဘိုးအို၏ခန္ဓာကိုယ်အတွင်းသို့ အတင်းပြန်ကန်ဝင်ရောက်သွားသည်။
ထိုအခါ ယင်းအဘိုးအို၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားပြီး သူသည် ချက်ခြင်း နောက်ဆုတ်သည်။ သူက ခြေသုံးလှမ်း ဆက်တိုက်ဆုတ်လိုက်ရသည်။
ခြေသုံးလှမ်း ပြီးသည့်နောက် အဘိုးအိုသည် မာန်သွင်းကာ သူ့ခန္ဓာကိုယ်အတွင်းမှ မီးဓာတ်အားလုံးကို ပေါက်ကွဲစေပြီး နောက်ဆုတ်ရခြင်းကနေ သူ့ကိုယ်သူ ရပ်တန့်စေသည်။ သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏အေးစက်စက်အကြည့်က အဘိုးအိုထံသို့ ရောက်လာ၏။ ဝမ်လင်း၏အကြည့်က မမြင်ရသောဓားသွားအလား သူ၏မူလစိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လာသည့်အလား။ အဘိုးအို၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည်ပင် ထိုမမြင်ရသောဓားကို ရပ်တန့်နိုင်ဖို့ငှာ မစွမ်းသာပေ။
သူသည် နောက်သို့ ထပ်ဆုတ်ရ၏။ အံ့မခန်းကြောက်ရွှံ့မှု သူ့မျက်လုံးထဲတွင် ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အတွင်း၌ မမြင်ရသောဓားက နီးကပ်လာသည်။ သို့သော် ၎င်းက သူ၏မူလစိတ်ဝိညာဉ်ကို မထွင်းဖောက်သွားပေ။ ထိုအစား သူ၏မူလစိတ်ဝိညာဉ်နားတွင် လှည့်ပတ်ပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အဖြစ်အပျက်များမှာ မြန်လွန်း၏။ သို့သော် မီးစာကလေးကလန်မှ အဘိုးအိုအတွက်မူ အိပ်မက်ဆိုးတစ်ခုအလား။ သူသည် ခုမျှအချိန်လေးအတွင်း သေခြင်းရှင်ခြင်းကြားကို လျှောက်လှမ်းလိုက်ရ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း ငါ့ရှေ့မှာ မင်းကိုယ်မင်း အခုလိုမျိုး လာပြောခွင့် မရှိဘူး…”
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွား၏။ စွဲဆောင်မှုရှိသောအမျိုးသမီးသည်ပင် အသက်ဝဝရှုသွင်းမိသည်။ ဝမ်လင်းထံ ကြည့်နေသော သူမ၏အကြည့်ထဲ၌ လေးစားမှု ပြည့်နှက်နေသည်။ သူ၏မျက်လုံးအတွင်းနက်ပိုင်းတွင်မူ ကွယ်ဝှက်ထားသော ထိတ်လန့်မှု ရှိနေ၏။
“အို…ဂျူနီယာက အဆင်အခြင်မဲ့သွားခဲ့ပါတယ်။ စီနီယာ ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ဂျူနီယာ မှားသွားမှန်း သိပါပြီ…” မီးစာကလေးကလန်မှ အဘိုးအိုသည် ချွေးပြန်ကာ သူ့စိတ်မှာ လှိုင်းထန်နေမိပေပြီ။ သူသည် ထိုလူကသာ သူ့ကို သတ်လိုပါက လွယ်လင့်တကူ သတ်ပစ်နိုင်သည်ကို သဘောပေါက်သည်။
သူက ဝင်လာတုန်းကကဲ့သို့ မောက်မာမှုမျိုး တစ်စက်မှ မရှိတော့ပေ။ သူသည် ဘေးတစ်ဖက်တွင်သာ မတ်တပ်ရပ်နေပြီး ထိုင်ခုံပေါ်တွင် မထိုင်ဝံ့တော့ချေ။ ကြည့်ရသည်မှာ သည်လူငယ်(ဝမ်လင်း)၏ရှေ့၌ မည်သူမျှ ထိုင်နေဖို့ အရည်အချင်း မပြည့်မှီသည့်အလား။
ဝမ်လင်းက ထိုအဘိုးအိုကို လစ်လျူရှုကာ ပြောလိုက်၏။ “နင့်ရဲ့ မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေ ငါ့ရှိ ယူလာပေး…”
စွဲဆောင်မှုရှိသောအမျိုးသမီးက လေးစားစွာ ဦးညွတ်လိုက်ပြီးနောက် သူမသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ချေမွလိုက်၏။ ထိုကျောက်စိမ်းပြားသည် တောက်ပလာပြီး အမျိုးသမီးက လက်ဝေ့ယမ်းလိုက်သည်။ ကျောက်စိမ်းပြားသည် ဝမ်လင်းရှေ့ရှိ နံရံထက်သို့ ပျံသန်းသွားကာ ၎င်းနှင့် ပေါင်းစပ်သည်။
နံရံသည် ချက်ခြင်းပင် ရွှေ့လျားလာကာ ၎င်းပေါ်၌ လှိုင်းဂယက်များ ပေါ်လာသည်။ သိပ်မကြာခင်တွင် နံရံသည် ကြည်လင်ပြတ်သားလာကာ အတွင်းရှိအရာကို ရှင်းလင်းစွာ မြင်လာရသည်။
ထိုနံရံအတွင်း၌ လက်သီးစုပ်ခန့်အဖြူရောင်ကျောက်တုံး သုံးလုံး ဖြည်းဖြည်းချင်း လှည့်ပတ်လျက် ရှိသည်။
အမျိုးသမီးက ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “စီနီယာ…ကျမရဲ့ ချပ်ဝတ်နဂါးကလန်ဟာ ဒီမီးတောက်သန္ဓေပြောင်းသလင်းကျောက်ကို အများကြီး ရောင်းချဖို့ မရှိပါဘူး။ အပိုင်းအစသုံးခုပဲ ရှိပါတယ်။ မူလတုန်းက ရောင်းရင်းဟူက ဒါတွေကို ဝယ်ယူဖို့ အရင်လာခဲ့ပါတယ်။ ဒါပေမဲ့ စီနီယာလိုချင်မှတော့ ဒါက ဂျူနီယာအတွက် ခက်ခဲစေပြီ…”
မီးစာကလေးကလန်မှ အဘိုးအိုသည် ထိုအဖြူရောင်ကျောက်တုံးသုံးတုံးကို ကြည့်ကာ သက်ပြင်းကြိတ်ချမိသည်။ သူသည် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “စီနီယာ ဒါတွေကို လိုချင်မှတော့ ဂျူနီယာ မယှဉ်ပြိုင်ဝံ့တော့ပါဘူး…”
ဝမ်လင်း၏အကြည့်သည် နံရံကို ဖြတ်သန်းသွားသည်။ နံရံထဲတွင် သလင်းကျောက် လုံးဝ ရှိမနေပေ။ ယင်းက လူများ ကြည့်နိုင်ရန်သာ မန္တာန်တစ်ခုအသုံးပြုပြီး ထုတ်လွှတ်ပြသထားခြင်းမျှသာ။
သူ့ညာလက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ သူ့လက်ကြားထဲ၌ ဆေးလုံးသုံးလုံး ပေါ်လာ၏။ ထိုဆေးလုံးများ ပေါ်လာသည်နှင့် မီးစွမ်းအားပါ ပေါ်လာသည်။ ဝမ်လင်းသည် ယင်းဆေးလုံးများကို စွဲဆောင်မှုရှိသောအမျိုးသမီးထံသို့ ပစ်ပေးလိုက်သည်။
ထိုအမျိုးသမီးသည် သည်ဆေးလုံးသုံးလုံးကို တွေ့မြင်သည့်အခါ သူမ၏မျက်လုံးသည် တောက်ပသွားပြီး ဖမ်းယူလိုက်သည်။ အနီးကပ်သေချာ ကြည့်လိုက်သည့်နောက် သူမက ရှင်းပြလိုက်၏။ “ထိပ်တန်းမီးစိတ်ဝိညာဉ်သားရဲ စိတ်ဝိညာဉ်တွေကနေ ပြုလုပ်ထားတဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေ…”
ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒါက သလင်းကျောက်တွေအတွက် လုံလောက်လား…”
စွဲဆောင်မှုရှိသောအမျိုးသမီးက အသက်ခပ်ဝဝရှုသွင်း၏။ ထို့နောက် သူမသည် ဆေးလုံးများကို သေချာကြည့်သည်။ သည့်နောက် သူမက ခေါင်းညိတ်ပြလိုက်၏။ “လုံလောက်ပါတယ်…”
ထိုအခိုက်တွင် မီးစာကလေးကလန်မှ အဘိုးအိုသည် ပြောလာ၏။ “ရောင်းရင်းကျောက်…ဒီအဘိုးအိုကော ဒီဆေးလုံးတွေကို ကြည့်လို့ရနိုင်မလား…” ထိုအဘိုးအို၏အမူအရာသည် တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်မူ ယောက်ယက်ခတ်နေမိသည်။ သူသည် ထိုဆေးလုံးများကို မြင်သည်နှင့် သူ့စိတ်နှလုံးကို တုန်လှုပ်စေသောအော်ရာတစ်ခုကို ခံစားမိလိုက်ရ၏။
စွဲဆောင်မှုရှိသောအမျိုးသမီးသည် မီးစာကလေးကလန်မှ အဘိုးအိုကို ချီတုံချတုန်ဟန်ဖြင့် ကြည့်သည်။ သို့ပေမည့် ဝမ်လင်းက ဘာတစ်ခွန်းမှ မဆိုဘဲ ဂရုမစိုက်သည့်အလား မျက်လုံးမှိတ်ထားသည်ကို တွေ့မြင်သည့်အခါ သူမသည် ခေါင်းညိတ်လိုက်၏။ သူမသည် ဆေးလုံးကို ထိုအဘိုးအိုထံသို့ ကမ်းပေးလိုက်၏။
အဘိုးအိုသည် အသက်ဝဝရှုသွင်းကာ သူ၏နတ်ဘုရားအာရုံကို ဆေးလုံးများထဲမှတစ်ခုထဲသို့ ထည့်သွင်းလိုက်လေ၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ ထို့နောက် သူက အနီးကပ်သေချာထပ်ကြည့်ပြီးနောက် မျက်လုံးမှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာပြီး ဆေးလုံးများကို ပြန်ပေးလိုက်သည်။
သူ၏အမူအရာသည် မပြောင်းလဲသွားသော်လည်း သူ့စိတ်ထဲတွင်မူ လှိုင်းထန်နေပေပြီ။
“အနှစ်သာရ…ဒါက မီးအနှစ်သာရပဲ။ ဒီဆေးမှာ မီးအနှစ်သာရ အရိပ်အမြွက် ပါဝင်နေတယ်။ ဒီဆေးဟာ တခြားလူတွေအတွက် အများကြီး အသုံးမဝင်ပေမယ့်လည်း ငါ့မီးစာကလေးကလန်အတွက်တော့ အရမ်းအသုံးဝင်တယ်။ ဒါပေမဲ့ ဒီအနှစ်သာရက ဘယ်ကနေ ထွက်ပေါ်လာခဲ့တာလဲ…”
ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူက မီးစာကလေးကလန်မှ အဘိုးအိုကို ကြည့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီသလင်းကျောက်သုံးခုကို ယူလာခဲ့တော့…”
စွဲဆောင်မှုရှိသောအမျိုးသမီးက ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။ သူသည် ဆေးလုံးသုံးလုံးကိုယူကာ အောက်ထက်သို့ အလျင်အမြန်ဆင်းသွား၏။ ဤအဆောက်အဦသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။ မီးစာကလေးကလန်မှ အဘိုးအိုသည် စဉ်းစားနေ၏။ မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။
ဝမ်လင်းက အလျင်မလိုပေ။ ခဏအကြာ၌ ခြေလှမ်းသံများ ကြားရ၏။ စွဲဆောင်မှုရှိသောအမျိုးသမီးက အလျင်စလို တက်လာ၏။ သို့ပေမည့် သူမ၏ရှေ့တွင် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရပ်နေသည်။ ထိုသူက တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ဖိအားတစ်ခုကို ပေးစွမ်းလေသည်။
ထိုစွဲဆောင်မှုရှိသောအမျိုးသမီးက သူ့နောက်သို့ အလွန်လေးစားသည့်ဟန်ပန်ဖြင့် လိုက်ပါလာခြင်းပင်။
ထိုလူပေါ်လာသည်နှင့် ကင်းမြှီးကောက်နက်ခေါင်းဆောင်မှာ ခါးကိုင်းကာ ဝမ်လင်းကို ခပ်တိုးတိုး ပြောလိုက်သည်။ “ချပ်ဝတ်နဂါးကလန်ရဲ့ လူငယ်သခင်။ ထူးဆန်းတယ်။ သူဟာ အဆင့်အတန်းမြင့်မားလှပြီး ဒီကို ရောက်လာခဲတယ်…”
ထိုသူက ဒုတိယထပ်သို့ ရောက်လာသည့်နောက် သူက ရယ်ကာမောကာ ပြောလိုက်၏။ သူသည် မီးစာကလေးကလန်မှ အဘိုးအိုကို ကြည့်ပင်မကြည့်ဘဲ ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ငါ စီနီယာရဲ့ဆေးလုံးတွေကို ယူသွားပါ့မယ်။ ဒီမှာ စီနီယာ့အတွက် မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေပါ…"
သူ ထိုသို့ပြောလိုက်ရင်း သူ့လက်ကို ဝေ့ယမ်း၏။ အဖြူရောင်ကျောက်တုံးသုံးခုသည် သူ့လက်ထဲတွင် ပေါ်လာပြီးနောက် ဝမ်လင်းထံသို့ လွင့်မြောလာ၏။ ဝမ်လင်းက ယင်းတို့ကို သိမ်းဆည်းလိုက်သည်အား တွေ့မြင်လိုက်သည့်နောက် ထိုသူသည် ရယ်မောကာ ပြောလာသည်။ “စီနီယာရှိမှာ နောက်ထပ်ဆေးလုံးတွေ ရှိပါသေးသလား။ ဒါမှမဟုတ် သင် ရောင်းဝယ်ချင်တဲ့ တခြားတစ်ခုခုများ ရှိသေးပါသလား…”
“ငါ့မှာ ဆေးလုံးတွေအများကြီး ရှိတယ်။ မင်းအနေနဲ့ ရောင်းဝယ်ဖို့ ဘာတွေ ထုတ်ပေးနိုင်မလဲ ငါ မသိရပါလား…” ဝမ်လင်းသည် ပြုံး၍ ထိုသက်လတ်ပိုင်းလူကို ကြည့်သည်။
ထိုသို့ တန်ပြန်မေးခွန်းအမေးခံလိုက်ရသည့်အခါ ထိုလူသည် တဒင်္ဂကြောင်သွားပြီးနောက် ပြောလာ၏။ “ပြိုလဲအကြီးအကဲတစ်ယောက်ရှိတဲ့ ဘယ်ဂြိုဟ်မှာမဆို ရုပ်သေးတွေနဲ့ မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေကို ရောင်းချကြပါတယ်။ ဒါပေမဲ့ ငါတို့ ချပ်ဝတ်နဂါးကလန်မှာ ရတနာသုံးခု ရှိပါတယ်။ သင် ဒီရတနာသုံးခုကို ချပ်ဝတ်နဂါးကလန်ကနေပဲ ရနိုင်လိမ့်မယ်။ ပထမဆုံးရတနာက နဂါးကြေးခွံပေါင်း(၃၉၈၂)ခုပါဝင်တဲ့ အစုံတစ်ခု၊ ဒီအထဲမှာ ငါ့ကလန်ရဲ့ သွေးပါဝင်ပါတယ်။ ဒီကြေးခွံတွေကို မန္တာန်တစ်ခုအနေနဲ့ အသုံးချရင် ဒါဟာ အကာအကွယ်အလွှာများစွာကို ဖြစ်ပေါ်စေနိုင်တယ်။ သာမန်ရတနာလက်နက်တွေဟာ ဒီအကာအကွယ်ကို မချိုးဖျက်နိုင်ပါဘူး။ ဒါဟာ တချို့မန္တာန်တွေကိုတောင် ပိတ်ဆို့တားဆီးပေးနိုင်တယ်…”
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “ဒုတိယရတနာလည်း ရှိသေးတယ်။ အဲ့ဒါကတော့ အဖြူရောင်အရိုးနဂါးပါ။ ဒီနဂါးကို ချပ်ဝတ်နဂါးကလန်ရဲ့ သေဆုံးသွားခဲ့တဲ့ကလန်ဝင်တွေရဲ့ အရိုးစုနဲ့ ပြုလုပ်ထားတာပါ။ ဒါက သိပ်အများကြီးမရှိဘူး။ ဒါပေမဲ့ ဒီအဖြူရောင်အရိုးနဂါးတစ်ခုစီဟာ မြေကမ္ဘာတစစီဖြစ်စေနိုင်တဲ့အားကို ပိုင်ဆိုင်ကြတယ်။ ဒါ့အပြင် ဒီနဂါးဟာ သေပြီးသား ဖြစ်တဲ့အတွက် ထာဝရအထိ ရှင်သန်နိုင်တယ်….”
“အို…တတိယမြောက်ရတနာကရော…” ဝမ်လင်းသည် ပြုံး၏။
***