← Chapters

သင် ငါ့ကို တိုက်ခိုက်ရဲလား…(၂)

Vol. 104 Ch. 1429

သင် ငါ့ကို တိုက်ခိုက်ရဲလား…(၂)

Vol. 104 Ch. 1429

ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်သည် ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ချပ်ဝတ်နဂါးကလန်ရဲ့ တတိယမြောက်ရတနာဟာ အသန်မာဆုံး ဖြစ်တယ်။ အဲ့ရတနာကို နဂါးပျက်စီးခြင်းဆေးလုံးလို့ ခေါ်တယ်။ သင်ဟာ ဒီဆေးလုံးတွေကို မသုံးစွဲနိုင်ဘူး။ အဲ့အစား သူတို့ကို ပေါက်ကွဲစေပြီး ရန်သူကို ဒဏ်ရာရစေနိုင်တယ်။ ဆေးလုံးတစ်လုံးတည်းဆို အစွမ်းသိပ်မထက်ဘူး။ ဒါပေမဲ့ ဆေးလုံးရာချီ၊ ထောင်ချီ၊ သောင်းချီဆိုရင် သူတို့ရဲ့စွမ်းအားဟာ အတိုင်းမသိအောင် ဖြစ်လိမ့်မယ်…”

“ငါ့ချပ်ဝတ်နဂါးကလန်ရဲ့ ရတနာသုံးခုမှာ နှစ်ခုဟာ မဟာအင်ပါယာ လက်ဆောင်ပေးထားခဲ့တာ။ ငါတို့ ချပ်ဝတ်နဂါးကလန်ကပဲ ဒီနှစ်ခုကို ပိုင်ဆိုင်ထားတယ်…”

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ “ငါ နဂါးကြေးခွံ ဒါမှမဟုတ် အဖြူရောင်အရိုးနဂါးကို မလိုချင်ဘူး။ ဒါပေမဲ့ နဂါးပျက်စီးခြင်းဆေးလုံးကိုတော့ စိတ်ဝင်စားတယ်။ ငါ့ကို ပြကြည့်ပါ…”

ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်သည် လေဟာနယ်အတွင်းသို့ လက်ဆန့်ထုတ်လိုက်ပြီး အမည်မသိနည်းလမ်းတစ်ခုကို အသုံးပြုလိုက်ရာ သူ့လက်ထဲတွင် အဖြူရောင်ဆေးလုံးတစ်လုံး ပေါ်လာသည်။ သူက ယင်းဆေးလုံးကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။

ဝမ်လင်းက ၎င်းဆေးလုံးကို ဖမ်းယူကာ အနီးကပ်သေချာ ကြည့်လိုက်သည်။

ထိုဆေးလုံးတွင် အော်ရာလေးခု ပါဝင်နေ၏။ ယင်းအော်ရာများသည် ဗရမ်းဗတာ ဖြစ်နေကြပြီး ထူးဆန်းစွာ မျှခြေဖြစ်ပေါ်နေသည်။ ထိုမျှခြေသာ ပျက်စီးသွားသည်နှင့် ရလဒ်မှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှသော ပေါက်ကွဲမှုကို ဖြစ်စေပေလိမ့်မည်။

“ဒီဆေးလုံးအလုံးတစ်ရာအတွက် စိတ်ဝိညာဉ်ဆေးလုံးတစ်လုံး…” ဝမ်လင်း၏စကားလုံးများသည် ခိုင်ကျဉ်ပေ၏။

ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်သည် အနည်းငယ် စဉ်းစားသည်။ ထို့နောက် သူက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ…။ စီနီယာက ဒီနဂါးပျက်စီးခြင်းဆေးလုံး ဘယ်လောက်များ လိုချင်လဲ ငါ သိချင်မိတယ်…”

“တစ်သောင်း…”

ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်၏ မျက်လုံးသူငယ်အိမ် ကြုံ့သွားပြီး သူက ခေါင်းညိတ်လိုက်သည်။ “နဂါးပျက်စီးခြင်းဆေးလုံးတစ်သောင်းဟာ ပထမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်…” သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အလင်းတစ်ခု လင်းလက်သွားသည်. နဂါးပျက်စီးခြင်းဆေးလုံးများသည် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကာ တောင်အငယ်စားအသွင် ဖြစ်ပေါ်သည်။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုဆေးလုံးတစ်သောင်းကို သိမ်းဆည်းပြီးသည့်နောက် သူသည် စိတ်ဝိညာဉ်ဆေးလုံးတစ်ရာ ချန်ထားခဲ့ပြီး ထွက်လာ၏။ သူ ထ၍ ထွက်သွားသည့်အခါ ကင်းမြှီးကောက်နက်ခေါင်းဆောင်မှာလည်း အလျင်အမြန် နောက်ကလိုက်လာ၏။

အဆောက်အဦအတွင်းမှ ထွက်လာသည့်နောက် ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ သူက လှည့်၍ ကင်းမြှီးကောက်နက်ခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။ “ကင်းမြှီးကောက်နက်ကလန်ကို အရင်ဆုံး ပြန်ပါ။ ငါ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ ရှိသေးတယ်…”

ကင်းမြှီးကောက်နက်ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်၏။ သူသည် ဘာကြောင့်မှန်း မမေးဝံ့ဘဲ အလျင်အမြန် ထွက်သွားတော့၏။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေဆဲသာ။ သူသည် ချပ်ဝတ်နဂါးကလန်၏ မြို့တွင်းသို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူသည် တည်ကြက်တစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခု သူ့ပစ်မှတ်ကာ လာဟပ်မည်ကို စောင့်နေရုံသာ ရှိတော့၏။

“ငါဟာ ပြန့်ကြဲမိုးကြိုးကလန်ထဲကို အရင်တုန်းက တိုက်ရိုက်သွားခဲ့တယ်။ ဒါပေမဲ့ အခု မီးစာကလေးကလန်ကတော့ သူတို့ ငါ့ကို သူတို့ကလန်ရှိ ပို့ဆောင်ပေးလိမ့်မယ်…”

ဝမ်လင်းသည် ခဏတာ လမ်းလျှောက်ပြီးနောက် နောက်လှည့်ကြည့်လိုက်၏။

“မင်း ငါ့နောက်ကို တစ်လမ်းလုံး လိုက်လာနေတာ။ မင်း သေချင်နေတာလား…”

ဝမ်လင်း၏အသံသည် အေးစက်၏။ သူ့အသံ ထွက်ပေါ်လာသည့််အခါ သူ့နောက် ပေတစ်ရာအကွာတွင် လှိုင်းဂယက်များ ပေါ်လာ၏။ မီးစာကလေးကလန်မှ အဘိုးအိုသည် လှမ်းထွက်လာသည်။ သူက အလွန်လေးစားသည့်ဟန်ပန်ဖြင့် သူ့လက်နှစ်ကို ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာ…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဂျူနီယာဟာ စီနီယာ့နောက်ကို လိုက်လာတာ အရောင်းအဝယ်ပြုချင်လို့ပါ…”

ဝမ်လင်းသည် စကားမဆိုပေ။ သူသည် ထိုအဘိုးအိုကို အေးစက်စက်သာ ကြည့်နေ၏။

အဘိုးအို၏နှဖူးထက်မှ ချွေးများစီးကျလာ၏။ သူက ခပ်မြန်မြန် ပြောလိုက်သည်။ “ဂျူနီယာရှိမှာ မီးတောက်သန္ဓေပြောင်းသလင်းကျောက်တွေ အများကြီး ရှိပါတယ်။ စီနီယာသာ လိုချင်ရင် ဒါတွေအားလုံးကို ဝယ်ယူနိုင်တယ်။ ဂျူနီယာက ဟိုဆေးလုံးတွေကိုပဲ လိုချင်တာပါ…”

ဝမ်လင်းသည် မေးလိုက်၏။ “မင်းမှာ သလင်းကျောက်ဘယ်လောက်များများ ရှိလဲ…”

“စီနီယာ စောနက တွေ့ခဲ့တဲ့ အရွယ်အစားလောက် သလင်းကျောက်ပေါင်းတစ်ရာ ရှိပါတယ်…” ထိုအဘိုးအိုသည် ဝမ်လင်းနှင့် စကားပြောနေရသော်လည်း စိတ်ထဲတွင်မူ တုန်လှုပ်နေမိသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ယူလာခဲ့…”

အဘိုးအိုသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေး၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားကို ရိုက်လိုက်သည်။ ထို့နောက် အပြာရောင်မီးလုံးတစ်လုံးသည် ဝမ်လင်းထံသို့ ပျံသန်းလာသည်။

ဝမ်လင်းသည် ၎င်းကို ဖမ်းယူလိုက်ပြီးနောက် ချက်ခြင်းပင် ဤမီးတောက်ငယ်သည် သိုလှောင်အိတ်လိုအရာဖြစ်မှန်း သတိပြုမိ၏။ အတွင်း၌လည်း သလင်းကျောက်ပေါင်းတစ်ရာ ရှိနေသည်။ ယင်းတို့သည် အရွယ်အစားအမျိုးမျိုး ရှိသော်လည်း ပျမ်းမျှဆိုပါက သိပ်ကွာခြားလှသည် မဟုတ်ပေ။

ဝမ်လင်းက စိတ်ဝိညာဉ်ဆေးလုံးတစ်ရာကို ထုတ်ကာ ထိုအဘိုးအိုထံသို့ ပစ်ပေးလိုက်၏။ ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ မြို့ထဲကနေ ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသည့်အခါ၌ တောင်ထိပ်တစ်ခုပေါ်တွင် ရောက်နေ၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ နဂါးပျက်စီးခြင်းဆေးလုံးတစ်သောင်းသည် သည်ဧရိယာပတ်လည်တွင် ပေါ်လာသည်။

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။ သူက နှာခေါင်းရှုံ့ကာ ပြောသည်။ “ဒီစိတ်ဝိညာဉ်ဆေးလုံးတွေဟာ တန်ဖိုးရှိပေမယ့်လည်း ဆေးလုံးတစ်လုံးဟာ ဒီနဂါပျက်စီးခြင်းဆေးလုံးတစ်ရာနဲ့ တန်ဖိုးချင်း မညီမျှဘူး။ ဒီနဂါးပျက်စီးခြင်းဆေးလုံးတစ်လုံးချင်းစီက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ တူညီနေပြီ။ ချပ်ဝတ်နဂါးကလန်။ မင်းတို့က ပါဝင်ပတ်သတ်ချင်ရင်တော့ ငါ့ရက်စက်မှုအတွက် အပြစ်မတင်ကြနဲ့…”

သူသည် နှာခေါင်းရှုံ့ကာ လက်ဝေ့ယမ်းလိုက်၏။ ထို့နောက် သူ၏ကျင့်ကြံမှုအဆင့်ကို ဖြန့်ကျက်သည်။ သူ့ဘယ်မျက်လုံးအတွင်းမှ မီးအမှတ်အသားသည် ပျံသန်းထွက်လာပြီး မီးပင်လယ်တစ်ခု ချက်ခြင်း ဖြစ်ပေါ်ကာ သည်နဂါးပျက်စီးခြင်းဆေးလုံးတစ်သောင်းအား ဝန်းရံသည်။

“သန့်စင်လိုက်စမ်း..” ဝမ်လင်းသည် ထိုသို့ပြော၏။ မီးသည် အပြာရောင်သို့ ပြောင်းသည်။ ယင်းမီးက ဝေ့ခတ်သွားရင်း နဂါးပျက်စီးခြင်းဆေးလုံးများထံမှ တစီစီအသံများ ထွက်ပေါ်သည်။ ထိုဆေးလုံးများသည် ပြင်းထန်သောအပူချိန်အောက်တွင် စတင်အရည်ပျော်လာသည်။

“တာအိုမန္တာန်…ပေါင်းစပ်ခြင်း…။ ဒီလောကရဲ့ အရာအားလုံးဟာ မန္တာန်၊ ရတနာ၊စွမ်းအား၊ ဥပဒေသ ဖြစ်လာနိုင်ပြီး ငါ့အတွက် ပေါင်းစပ်လိုက်…” တာအိုသခင်အိပ်မက်ပြာ၏ တာအိုမန္တာန်သည် အလွန်အစွမ်းထက်ကာ ဝမ်လင်းကို အတော်လေး ကူညီမှု ပေးနိုင်သည်။

ထိုအခိုက်အတန့်တွင် မီးနှင့်တာအိုမန္တာန်တို့၏ အကူအညီကြောင့် နဂါးပျက်စီးခြင်းဆေးလုံးတစ်သောင်းသည် တဖြည်းဖြည်းချင်း ပိုကြုံ့လာ၏။ မီး၏အပူချိန်မှာလည်း ပိုပိုပြင်းလာသည်။

မီးပင်လယ်ထဲ၌ လက်သည်းခွံအရွယ် ရွှေရောင်ဆေးလုံးတစ်လုံး ပေါ်လာသည်။ အဆုံးသပ်၌ ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်သည်။ မီးအားလုံးသည် ဆေးလုံးအတွင်းသို့ ဝင်ရောက်၏။

ထိုဆေးလုံးငယ်တွင် ကောင်းကင်တုန်လှုပ်ဖွယ် အဖျက်အစီးအားတစ်ခု ပါဝင်၏။ ၎င်းဆေးလုံးထံ၌ အော်ရာလေးခုတည်း မဟုတ်တော့ ငါးခုထိ ဖြစ်လာခဲ့သည်။

ထပ်ပေါင်းအော်ရာမှာ မီး၏စွမ်းအားဖြစ်၏။ ထို့အတွက်ကြောင့် ယင်းဆေးလုံး၏စွမ်းအားသည် ကြီးစွာ တိုးမြင့်လာသည်။

“ဆေးလုံးတစ်သောင်းကို တစ်လုံးတည်းအဖြစ် ပေါင်းစပ်လိုက်တာဟာ ဘာစွမ်းအားမှ ဆုံးရှုံးမသွားဘူး။ ဒီဆေးလုံးဟာ ပထမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူရဲ့ ကိုယ့်ကိုယ်ကိုဖျက်စီးခြင်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ ပေါင်းစပ်ခြင်းတာအိုမန္တာန်နဲ့ဆိုရင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားပြီး ဒုတိယကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုဖျက်စီးခြင်းနဲ့ အလွန်နီးကပ်နေပြီ။ ဒါ့အပြင် ငါဟာ ငါးခုမြောက်အော်ရာကို ထပ်ပေါင်းထည့်လိုက်တော့ အခုဆို ဒီဆေးလုံးဟာ တတိယကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ ကိုယ့်ကိုယ်ကိုဖျက်စီးတဲ့ စွမ်းအားနဲ့ ညီမျှလာခဲ့ပြီ…”

ဝမ်လင်း၏ညာမျက်လုံးသည် လက်ခနဲ ဖြစ်ကာ မိုးကြိုးပေါ်လာ၏။ ၎င်းက မိုးကြိုးအမှတ်အသားအဖြစ် ပြောင်းကာ ယင်းရွှေရောင်ဆေးလုံးထံ ပျံသန်းသွားသည်။ ထိုရွှေရောင်ဆေးလုံးထံမှ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် ထပ်မံပေါင်းစပ်မှု စတင်သည်။

၎င်းသည် ပေါင်းစပ်နေရင်း လောကသည် အရောင်ပြောင်းလဲ၏။ မိုးကြိုးများစတင်စုစည်းကာ ယင်းဆေးလုံးအတွင်းသို့ ဝင်ရောက်သည်။

“အော်ရာခြောက်ခု။ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ မန္တာန်ကိုပါ ထပ်ပေါင်းလိုက်ရင် ဒီဆေးလုံးဟာ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတွေကိုပါ ထိခိုက်အောင် လုပ်နိုင်ပြီ…” ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်လာ၏။ သူသည် သူ့လျှာထိပ်ကို ကိုက်ကာ သွေးများကို ထွေးထုတ်သည်။ ယင်းသွေးတို့မှာ ရှေးဟောင်းနတ်ဘုရားသွေးပင်။ ၎င်းသည် သူ့မူလစိတ်ဝိညာဉ်၏ မူလစွမ်းအင်အဆီအနှစ်လည်း ပါဝင်သေးသည်။

ထိုသွေးသည် ရွှေရောင်ဆေးလုံးပေါ်သို့ ကျရောက်၏။ ယင်းရွှေရောင်ဆေးလုံးသည် ချက်ခြင်း မှိန်သွားကာ သွေးရောင်တောက်ပမှုကို ပေးစွမ်းလေ၏။ ယင်းသွေးထံ၌ သတ်ဖြတ်လိုစိတ် အပြည့်ပါသည်။

“ငါ့ရှေးဟောင်းနတ်ဘုရားသွေးနဲ့ အဆီအနှစ်စွမ်းအင်ကိုပါ ထည့်ပေါင်းလိုက်ရင် ဒီဆေးလုံးဟာ ပဥ္စမကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတွေကိုပါ ခြိမ်းခြောက်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်တယ်…”

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မီးတောက်သန္ဓေပြောင်းသလင်းကျောက်များ ပျံသန်းထွက်လာပြန်၏။ ဝမ်လင်း၏ဘယ်မျက်လုံးမှ မီးသည် ယင်းသလင်းကျောက်များကို ဝန်းရံကာ ၎င်းတို့သည် စတင်ပေါင်းစပ်သည်။

“ဒီသလင်းကျောက်တွေဟာ ငါ့ဟင်္သာငှက်ကို စတုတ္ထကြိမ်မြောက် နိုးထအောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါ့မီးကို ထိန်းချုပ်နိုင်မှုနဲ့ဆိုရင် ငါဟာ ဒါတွေကို ရတနာလက်နက်တွေအဖြစ် ပြောင်းလဲနိုင်တယ်။ အဖျက်အစီးအားဟာ ငါ ခုလေးတင် သန့်စင်မွန်းမံလိုက်တဲ့ နဂါးပျက်စီးခြင်းဆေးလုံးထက် အားနည်းလိမ့်မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် ယင်းတို့ကို ပေါင်းစပ်နိုင်ရန် တာအိုမန္တာန်ကို ချက်ခြင်း အသုံးပြု၏။ ဟင်္သာငှက်အမှတ်အသားသည် သူ၏ဘယ်မျက်လုံးထဲ၌ ခပ်ရေးရေးပေါ်လာကာ မီးဓာတ်ကို ပိုအားကောင်းစေသည်။

“ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ဆိုတော့ရော ဘာဖြစ်သေးသလဲ။ သင်သာ သင့်ရဲ့ကိုယ်ပွားနဲ့ အမှန်တကယ် ရောက်လာခဲ့တာဆိုရင် ငါက သင့်ကို ဒီမှာတင် မျိုးဖြုတ်ပေးလိုက်မယ်။ သင့်ရဲ့ မူလခန္ဓာကိုယ်နဲ့ ရောက်လာခဲ့ပြီး သင့်ရဲ့ တတိယအဆင့်ကျင့်ကြံမှုကို အသုံးပြုလိမ့်မယ်လို့တော့ ငါ မယုံကြည်ဘူး။ တကယ်တော့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုတာ ဒီပြိုလဲကုန်းမြေတစ်ခုလုံးကို အလွယ်တကူ ဖျက်စီးပစ်နိုင်တယ်။ သင့်ကို ဘယ်သူမှ မတားဆီးခဲ့ရင်တောင် အများဆုံးမှ ငါ ဒီကနေ ထွက်ပြေးရုံပေါ့။ တည်ကြက်ကတော့ မီးစာကလေးကလန်မှာ ချခင်းထားခဲ့ပြီး ဖြစ်တယ်။ ဒါ့ကြောင့် သူတို့ရောက်လာပြီး ငါ့ကို လာရှာမှာ သဘာဝပဲ…”

ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူ့ရှေ့ရှိမီးသည် ကြုံ့လာသည်။ မီးတောက်သန္ဓေပြောင်းသလင်းကျောက်များသည်လည်း အပြာရင့်ရောင်သလင်းတစ်ခုအဖြစ်သို့ သန့်စင်ခြင်း ခံလိုက်ရပြီးပင်။ ၎င်းထံ၌ မီးအဆီအနှစ်သာမက ဟင်္သာငှက်၏အရိပ်အယောင်ပါ ပါဝင်နေချေသည်။

ဝမ်လင်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍ပင် အားကောင်းလာ၏။ သူသည် သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်ရာ သမင်နှစ်ကောင် ပေါ်လာသည်။ ယင်းသမင်နှစ်ကောင် ပေါ်လာသည်နှင့် ဝမ်လင်းက အော်ပြောလိုက်၏။ “သမင်အလောင်းပေါ်မှာ ထိုးစိုက်နေတဲ့ ဒီဓားတိုတွေပေါ်မှာ ချပ်ပိတ်မှုတစ်ခု ကျန်နေသေးတယ်။ အခု ငါ့မိုးကြိုးအနှစ်သာရ ပြည်စုံသွားတဲ့အချိန်မှာ ငါ ဒီချိပ်ပိတ်မှုကို ဖွင့်လှစ်နိုင်မလား သိချင်မိတယ်…”

သူ ထိုသို့ ပြောနေရင်း သူ၏ခန္ဓာကိုယ်ထဲရှိ မိုးကြိုးသည် တုန်ဟည်းလာကာ သူ့လက်ညှိုးထံ၌ စုဝေးသည်။ မိုးကြိုးသည် ပိုက်ကွန်တစ်ခုသဖွယ် ဖြစ်ကာ သူ့လက်ချောင်းထံမှ တစီစီအသံများ ထွက်ပေါ်သည်။

ဓားအလင်းတန်းတစ်ခု။ နှစ်ခု၊ အခုတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သန်းထိ မိုးကြိုးပိုက်ကွန်ထံမှ ပေါက်ကွဲထွက်လာပြီး ဆက်လက်တိုးပွားသည်။ နောက်ဆုံးတွင် ဓားအလင်းတန်းပေါင်းဆယ်သန်းသည် မိုးကြိုးပိုက်ကွန်၏အကန့်အသတ်ထံမှ ချိုးဖျက်လာ၏။

ချက်ခြင်းပင် ကောင်းကင်တစ်ခုလုံးမှာ ဓားစွမ်းအင်နှင့် ပြည့်နှက်သွားပြီး အတိုင်းမသိသတ်ဖြတ်လိုစိတ်သည် ဆယ်သန်း၊သန်းနှစ်ဆယ်၊ နောက်ဆုံး(၃၉.၉)သန်းကျမှ ရပ်တန့်သွားသည်။

“ငါ ဒီချိပ်ပိတ်မှုကို အားလုံးတော့ မချိုးဖျက်နိုင်သေးဘူး။ ဒါပေမဲ့ ဒီချိပ်ပိတ်မှုရဲ့ တစိတ်ပိုင်းကို ချိုးဖျက်လိုက်တာဟာ ဓားစွမ်းအင်ရဲ့ စွမ်းအားကို များစွာ တိုးတက်လာစေတယ်။ အခု တိုက်ပွဲစဖို့ အချိန်ကျပြီ…” ဝမ်လင်းသည် မားမားရပ်ကာ ကျယ်လောင်စွာ ရယ်မောအော်ဟစ်လိုက်၏။

“ငါ သင့်ကို ဒီမှာ စောင့်နေတယ်။ သင် တိုက်ခိုက်ရဲလား…”

သူ၏ရယ်သံသည် ကောင်းကင်တုန်လှုပ်ဖွယ် စိန်ခေါ်မှုဆန္ဒ ပါဝင်၏။ ၎င်းသည် အဘက်ဘက်သို့ ပျံ့နှံ့သည်။ ထိုအခိုက်အတန့်တွင် သည်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ ဝမ်လင်း၏စိန်ခေါ်စကားသံကို ကြားလိုက်ရသည်။

သည်ဂြိုဟ်၏ အရှေ့ဘက်ခြမ်း တစ်နေရာတွင် မီးစာကလေးကလန်မှ အဘိုးအိုသည် ရပ်နေ၏။ သူ့ဘေးတွင် မီးစာကလေးကလန်မှ အခြားသောခုနစ်ယောက်လည်း ရပ်နေကြသည်။ သူတို့သည် သူတို့၏မျက်လုံးထဲရှိ တုန်လှုပ်မှုကို ဖုန်းကွယ်မထားကြပေ။

စိတ်ဝိညာဉ်ဆေးလုံးတစ်ရာသည် ထိုအဘိုးအို၏ရှေ့၌ မီးကြောင့် လောင်ကျွမ်းနေပြီး တဖြည်းဖြည်း အရည်ပျော်နေ၏။ စိတ်ဝိညာဉ်များသည်ပင် ပျောက်ကွယ်သည့်အထိ လောင်ကျွမ်းခံရကာ သွေးတစ်စက်သာ ကျန်ခဲ့ပြီး နတ်ဆိုးဆန်သောတောက်ပမှုကို ပေးစွမ်းလေသည်။

“ငါ မျှော်လင့်ထားသလိုပဲ ဒီဆေးလုံးတွေမှာ အနှစ်သာရ ပါဝင်နေတာ ဒီသွေးစက်ကြောင့်ပဲကို။ ဒါက ဘယ်လိုသွေးစက်မျိုးလဲ…” မီးစာကလေးကလန်မှ အဘိုးအိုသည် အသက်ဝဝရှုသွင်းလိုက်၏။ ထိုအခိုက်မှာပင် သူသည် စိန်ခေါ်မှု၊သတ်ဖြတ်လိုမှုတို့ ပြည့်နှက်နေသော ရယ်မောသံတစ်သံကို ကြားလိုက်ရသည်။

မီးစာကလေးကလန်မှ အဘိုးအိုသည် ရုတ်တရက် ခေါင်းမော့ကာ မော့ကြည့်သည်။

တစ်ချိန်တည်းမှာ ချပ်ဝတ်နဂါးကလန်၏ တော်ဝင်ကုန်းမြေထဲ၌ ကလန်ခေါင်းဆောင်နှင့် အရှင်စစ်မိုတို့သည် အဆောက်အဦတစ်ခုထဲတွင် ထိုင်နေကြသည်။ သူတို့ရှေ့တွင် လူတစ်ယောက် ရှိနေ၏။ ထိုသူမှာ ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်ပင်။

“အဖေ…သင် အမိန့်ပေးထားသလိုပဲ ငါ နဂါးပျက်စီးခြင်းဆေးလုံးတစ်သောင်းကို ဟိုလူ့ရှိ ပေးလိုက်ပြီ…”

ချပ်ဝတ်နဂါးခေါင်းဆောင်၏ အမူအရာသည် သုန်မှုန်နေ၏။ သူက အရှင်စစ်မိုကို ကြည့်ကာ ပြောလိုက်သည်။ “ဒီလူဟာ ငါ့ကလန်ကနေ နဂါးပျက်စီးခြင်းဆေးလုံးတစ်သောင်းကို လုယူသွားခဲ့တယ်။ အရှင်စစ်မိုက ငါ့ကို ကူညီပေးပြီး ဒီလူ့ကို ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်။ သူ့ကို ဖမ်းမိတာနဲ့ ငါ့အနေနဲ့ အရှင်စစ်မိုကို ဆုလဒ်ကြီးကြီး ပေးအပ်ပါ့မယ်…”

အရှင်စစ်မိုသည် ပြုံးလိုက်၏။ သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရယ်မောသံတစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သည်။

ထိုရယ်မောသံမှာ စိန်ခေါ်မှုဖြစ်၏။ အလားတူပင် ယင်းအသံထဲ၌ အေးစက်မှုနှင့် သတ်ဖြတ်လိုမှုလည်း အပြည့်ပါဝင်သည်။

“ငါ သင့်ကို ဒီမှာတင် စောင့်နေမယ်။ သင် တိုက်ခိုက်ရဲလား…”

***

All Chapters