မျိုးဆက်တစ်ခု၏သခင်
Vol. 104 Ch. 1430
အရှင်စစ်မို၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ရုတ်တရက် ထရပ်သည်။ သူက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်လိုက်၏။ သူ၏အကြည့်က အရံအတားအားလုံးကို ထွင်းဖောက်သွားသည့်အလား။ သူ့အကြည့်သည် အကွာအဝေးတစ်ခုထံ ရောက်သွားကာ တောင်ထိပ်တစ်ခုပေါ်တွင် မားမားရပ်နေသော ဝမ်လင်းကို မြင်သည်။
“ငါ သူ့ရဲ့ လှည့်ဖျားတတ်တဲ့ ဉာဏ်ရည်ကို လျှော့တွက်ခဲ့မိတာပဲ။ ဒါပေမဲ့ အကြွင်းမဲ့စွမ်းအား ရှေ့မှာ ကျန်တာ ဘာမှ အသုံးမဝင်ဘူး…” အရှင်စစ်မိုသည် နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းလိုက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ချပ်ဝတ်နဂါးကလန်၏ အဆောက်အဦထဲတွင်မူ သားအဖနှစ်ယောက်သာ သုန်မှုန်စွာ ကျန်ခဲ့လေ၏။
“အဖေ…အဲ့ကျင့်ကြံသူရဲ့ ကျင့်ကြံမှုအဆင့်ဟာ မြင့်မားတယ်။ သူဟာ မရိုးရှင်းလှဘူး။ သူဟာ ဒီမှာ ပုန်းနေတာပဲ။ ငါတို့…” ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်က ခပ်တိုးတိုး ပြောလိုက်၏။
ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်က သုန်မှုန်စွာ ကြားဖြတ်ပြောလိုက်၏။ “တကယ်တော့ သူဟာ မရိုးရှင်းတဲ့သူပဲ။ ငါသာ မမှားရင် သူဟာ ပြန့်ကြဲမိုးကြိုးကလန်ကို အမြစ်ဖြုတ်ခဲ့ပြီး သူတို့ရဲ့ အကြီးအကဲခေါင်းဆောင်ကို သတ်ခဲ့တဲ့သူ ဖြစ်လိမ့်မယ်။ အဲ့ဒီနောက် သူဟာ အုပ်စိုးသူကောင်စီရဲ့ အမဲလိုက်ခံရပြီး ကျင့်ကြံသူတစ်သိန်းကိုလည်း ချိပ်ပိတ်ခဲ့သေးတယ်…”
ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်သည် ထိုစကားကို ကြားသည့်အခါ မင်သက်ကာ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။
“မဟုတ်ရင် အရှင်စစ်မိုလို တတိယအဆင့်ကျင့်ကြံသူတစ်ယောက်က ဒီနေရာကို ဘာကြောင့် ရောက်လာပါ့မလဲ။ သူ့ကျင့်ကြံမှုအဆင့်က အလွန်တရာအစွမ်းထက်တာကြောင့်သာ မဟုတ်ရင် အဖေက သူ့ကို ဘယ်လိုလုပ် ကူညီပေးနိုင်ပါ့မလဲ။ တကယ်တော့ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးခဲ့တဲ့သူဟာ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ မဟုတ်ရင် ငါတို့က ဘာကြောင့်များ အရှင်စစ်မိုကို ကူညီပေးရမှာတုန်း…”
ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်သည် အနည်းငယ် စဉ်းစားသည်။ ထို့နောက် သူက ခပ်တိုးတိုး ပြောလိုက်၏။ “အရှင်စစ်မိုသာ အောင်မြင်ခဲ့ရင် အဆင်ပြေတာပေါ့။ မဟုတ်ရင်တော့…”
“ဖြစ်လာနိုင်ချေဆိုတာ လုံးဝ မရှိဘူး။ သူက မသေခဲ့ရင်တောင်မှ အပြင်းအထန် ဒဏ်ရာရသွားမှာပဲ။ သူဟာ ကုသဖို့အတွက် ထွက်ပြေးနိုင်အောင် ကြိုးစားရလိမ့်မယ်။ ငါတို့နဲ့ ရင်ဆိုင်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ သူဟာ ငါတို့ရှိ ပြန်လာပြီး ပြဿနာရှရင်တောင် သူ ဘယ်တော့မှ ထွက်သွားလို့ မရအောင် ငါ လုပ်လိုက်ရုံပေါ့…”
“မင်းရဲ့အဖေဟာ တကယ်တော့ ကိုးယောက်မြောက်ပြိုလဲအကြီးအကဲပဲ။ ပြိုလဲကောင်စီကို ကိုယ်စားပြုသူလည်း ဟုတ်တယ်။ သူ မလုပ်ဝံ့ပါဘူး…” ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်သည် ဂုဏ်ဝင့်ဟန်ပေါက်ကာ သူသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီး ထွက်သွားတော့သည်။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်စွာ ရှိနေ၏။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ သူ့လက်နှစ်ဖက်ကို လက်နောက်ပစ်ထားကာ သူ၏အဖြူရောင်ဝတ်ရုံသည် လေကြောင့် တဖျပ်ဖျပ် လွင့်နေ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သူသည် ကောင်းကင်ဘုံသားတစ်ယောက်အလား။
သူသည် နေရာတွင်ပင် ရပ်နေကာ လောကနှင့် ပေါင်းစပ်နေသည့်ပုံပင်။ သူသည်ပင် ကောင်းကင်၊ သူသည်ပင် မြေကြီးလား။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ကောင်လေးတစ်ယောက်သည် ကြီးပြင်းလာခဲ့ပြီး ခုဆို ကျင့်ကြံမှု၏အထွတ်အထိပ်တွင် ရပ်နေနိုင်ခဲ့လေပြီ။ သူသည် တတိယအဆင့်ကျင့်ကြံသူများကိုပါ စိန်ခေါ်ဝံ့သူ ဖြစ်လာခဲ့သည်။ သို့ပင်မည့်လည်း ထိုတတိယအဆင့်ကျင့်ကြံသူက သူ၏ကိုယ်ပွားဖြင့်သာ ရောက်လာပြီး ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်၌သာ ရှိ၏။ သို့သော်လည်း သည်လောက၌ အတွင်းနယ်မြေဖြစ်စေ၊အပြင်နယ်မြေဖြစ်စေ ဝမ်လင်းကလွဲ၍ မည်သူကမျှ အခုလိုမျိုး တတိယအဆင့်ကျင့်ကြံသူများကို စိန်ခေါ်ဝံ့ပါ့မည်နည်း။
ခုချိန်၌ ဝမ်လင်းထံ၌ မျိုးဆက်တစ်ဆက်၏ ဆရာသခင်တစ်ပါး၏ အော်ရာမျိုး ရှိနေသည်။ သူ၏ တည်ငြိမ်မှုအောက်တွင် ကောင်းကင်ဖိဆန်မည့်မုန်တိုင်းနှင့် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တို့ကို ကွယ်ဝှက်ထားသည်။
သူသည် ကောင်းကင်နှင့်မြေကြီးကိုပင် တိုက်ခိုက်ရဲ၏။ ကံကြမ္မာကိုပါ ဆန့်ကျင်ရဲ၏။ တာအိုကိုပါ တိုက်ခိုက်ဝံ့၏။
သူကား ဝမ်လင်းမည်၏။ ကောင်းကင်ဘုံတာအိုသည် သူ့ထံမှ လီမူဝမ်ကို လုယူသွားချင်ခဲ့သည်။ သို့သော် သူသည် ရှင်သန်ခွင့်ရရန် အရာအားလုံးကို စွန့်စားလုပ်ဆောင်ခဲ့သည်။ သူသည် အပူဇော်ခံမီးတောက်ကို သိပ်သည်းစေနိုင်ခဲ့သည်။ သို့သော် သူသည် ယင်းတို့ကို စွန့်ပယ်ခဲ့ကာ သူကိုယ်တိုင်၏ အနှစ်သာရငါးခုပေါ်တွင်သာ မှီခိုပြီး မဟာလေဟာနယ်ဂိတ်တံခါးချပ်ကို စွဲဆောင်မည့်သူပင်။ သူသည် မည်သူမျှ မလျှောက်လှမ်းလုနီးနီး ဖြစ်သော ရှေးဟောင်းလမ်းကြောင်းကို လှမ်းမည့်သူတည်း။
သူသည် ခုနစ်သန်းလောကများရှိ လူများ ကောင်းကင်ဘုံနှင့် သူတို့၏အကျဉ်းထောင်ကနေ ချိုးဖျက်နိုင်ရန် ဦးဆောင်ခဲ့၏။ သူသည် သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်သော ပြန့်ကြဲမိုးကြိုးကလန်၏ခေါင်းဆောင်ကိုလည်း သတ်ဖြတ်ခဲ့ပြီးပင်။ သူသည် သူ့ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုပြီး ဒီပြင်ပနယ်မြေ(ဝါ) ရှေးဟောင်းကြယ်အဖွဲ့အစည်းကို ဖြတ်သန်းကာ လီချန်မေကို အိမ်အရောက် ပြန်ပို့ပေးခဲ့သည်။
သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းကို မတည်မငြိမ်၊ ဗရမ်းဗတာ ဖြစ်စေခဲ့သည့်အတွက်လည်း သည်နယ်မြေတစ်ခုလုံး၏ အမဲလိုက်ခြင်းကို ခံနေရသည်။
ထိုသူကား ဝမ်လင်းပင်။ သူသည် မသေမျိုးအဖြစ်၊တန်ခိုးရှင်အဖြစ်ကို ရှာဖွေရန် လောကအတွင်း ခြေဆန့် လျှောက်လှမ်းခဲ့သည် မဟုတ်၊ နောင်တမရဘဲ၊ ရှက်ရွှံ့မှုမခံစားရဘဲ သည်လောကတွင် မှန်မှန်ကန်ကန် နေထိုင်လို၍သာ လျှောက်လှမ်းနေခြင်းပင်။
ဓားစွမ်းအင်သည် လောကတွင် ပြည့်နှက်လာ၏။ ဓားစွမ်းအင်သန်းလေးဆယ်ပြည့်ရန် တစ်ခုသာ လိုချေသည်။ တိမ်ထုများ ပြန့်ကြဲသည်။
ဝမ်လင်းက သူ့ညာလက်ကို ညွှန်လိုက်သည့်အခါ ဓားစွမ်းအင်တန်းသန်းလေးဆယ်နီးပါးသည် စတင် စုဝေးလာသည်။ ယင်းတို့သည် ဝမ်လင်း၏ လက်ချောင်းထိပ်၌ ဝဲကတော့တစ်ခု ဖြစ်လာသည့်အလား။ ဓားစွမ်းအင်အားလုံးသည် လှုပ်ရှားသည်။
ချက်ခြင်းကပင် ဓားစွမ်းအင်တန်းသန်းလေးဆယ်နီးပါးသည် ပျောက်ကွယ်ကာ ဝမ်လင်း၏ညာလက်ချောင်းနှင့် ပေါင်းစပ်သွားသည်။ ထိုလက်ချောင်းထံ၌ ကောင်းကင်တစစီဖြစ်စေနိုင်သည့်အားတစ်ခု ပါဝင်သည်။ ယင်းလက်ချောင်းတစ်ချောင်းတွင် ဓားစွမ်းအင်တန်းသန်းလေးဆယ်၏ စွမ်းအား ပါဝင်လေ၏။
တုန်ဟည်းသံများ ကောင်းကင်ထက်တွင် မြည်ဟိန်းကာ အကွာအဝေးတစ်ခုတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့အတွင်း၌ အရှင်စစ်မို ရှိသည်။
“မင်းက ငါ အရှင်စစ်မိုကို စိန်ခေါ်ဝံ့တယ်လား။ သတ္တိသိပ်ပြောင်နေတယ်ပေါ့…” အရှင်စစ်မို၏အသံသည် ပဲ့တင်ထပ်လျက် သူသည် ဝဲကတော့အတွင်းကနေသည် ဝမ်လင်းထံသို့ တိုးဝင်လာလေသည်။
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်လျက်ပင်။ အရှင်စစ်မို ရောက်ရှိလာချိန်၌ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။
“တောင်ချေမွခြင်း…” ယင်းအခိုက်တွင် ပုံရိပ်ယောင်မီးတောင်များ ဝမ်လင်း ပတ်ပတ်လည်တွင် ပေါ်လာသည်။ ဝမ်လင်း၏ကျင့်ကြံမှုသည် အတိတ်တုန်းက ဒဏ်ရရထားချိန်ချင်းရွှေထက်ပင် သန်မာနေခဲ့ပြီ ဖြစ်သည်။
ပုံရိပ်ယောင်မီးတောင်များသည် တစ်တောင်ပြီးတစ်တောင် ပေါ်လာသည်။ တုန်ဟည်းသံများသည် ပြင်းထန်သောတုန်ခါလှိုင်းတစ်ခုကို ဖြစ်စေကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။
ဝမ်လင်းကို မီးတောင်များက ဝန်းရံထား၏။ သူ၏အမူအရာသည် တည်ငြိမ်လှသည်။ သို့သော် သူ့မျက်လုံးထဲတွင်မူ အားကောင်းသောသတ်ဖြတ်လိုစိတ် ပြည့်နှက်၏။
အရှင်စစ်မို၏အမူအရာသည် အလေးအနက် ဖြစ်လာသည်။ သူသည် အပူဇော်ခံမီးတောက် မပါဝင်ဘဲ လေဟာနယ်တံခါးချပ်ကို စွဲဆောင်နိုင်သော တစ်စုံတစ်ယောက်၏စွမ်းအားကို လျှော့မတွက်ဝံ့ပေ။ ထိုအခိုက်အတန့်၌ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းသည်။ သူ့ဘေးပတ်လည်ရှိ ဝဲကတော့သည် ပျံသန်းထွက်လာပြီး ဝမ်လင်းထံ တိုးဝင်လာသည်။
တစ်ချိန်တည်းမှာ ကောင်းကင်ထက်သို့ ညွှန်ထားသော ဝမ်လင်း၏ လက်ချောင်းမှာ ကြမ်းတမ်းစွာ ထိုးစိုက်ချလာသည်။
“တောင်။ ပထမကြိမ်ချေမွခြင်း…” ဝမ်လင်း၏အသံ ပဲ့တင်ထပ်သွားလာရင်း မီးတောင်များသည် စတင် တုန်ဟည်းလာ၏။ ယင်းမီးတောင်များထံမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ ကောင်းကင်ကို ဖုံးလွှမ်းလျက် ဝဲကတော့နှင့် ထိပ်တိုက်တွေ့သည်။
မိုးကြိုးတုန်ဟည်းသံများ ကောင်းကင်အနှံ့ပဲ့တင်ထပ်ကာ ပြင်းထန်သောတုန်ခါလှိုင်းကို ဖြစ်စေပြီး အဘက်ဘက်သို့ ပျံ့နှံ့သည်။ ကောင်းကင်သည် တုန်ခါကာ မြေပြင်သည် အက်ကွဲ၏။
ချက်ခြင်းပင် ထိုကျင့်ကြံခြင်းဂြိုဟ်သည် စတင်တုန်ယင်လာ၏။
“တောင်… ဒုတိယအကြိမ်၊ တတိယအကြိမ် ချေမွခြင်း…” မီးတောင်များသည် ပေါက်ကွဲကုန်၏။ အနီရောင်ချောရည်ပူများသည် အရှင်စစ်မို လှမ်းထွက်လာခဲ့သော ဝဲကတော့ထံသို့ တိုးတင်သွားသည်။
ထိုအခိုက်အတန့်တွင် တုန်ဟည်းသံများ ကျယ်လောင်စွာပဲ့တင်ထပ်လျက် လူတစ်ယောက်၏ နားစည်ကိုပါ အက်ကွဲသွားစေလောက်သည်။ သည်လောကတွင် ကောင်းကင်နှင့်မြေကြီးကြား ချိတ်ဆက်ထားသော အက်ကြောင်းတစ်ခု ပေါ်လာသည်။ ယင်းကောင်းကင်ထက်၌ လေဟာနယ်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ မြေပြင်ထက်တွင်လည်း ခပ်နက်နက်အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်သာ။
“တောင်…လေးကြိမ်မြောက်၊ ငါးကြိမ်မြောက် ချေမွခြင်း…” ဝမ်လင်း၏အသံ ပဲ့တင်ထပ်သည့်အခါ မီးတောင်များသည် တစ်ခုနှင့်တစ်ခု စတင်ထပ်ကာ နောက်ဆုံးတွင် ယင်းတို့သည် အစစ်အမှန်မီးတောင်တစ်ခုအလား ဖြစ်လာပြီးနောက် ၎င်း၏ဖျက်စီးပေါက်ကွဲမှုအားကို အစပြုလေ၏။
သို့ရာတွင် ထိုမီးတောင်မှာ အစစ်အမှန်မီးတောင်နှင့် တူသော်လည်း ၎င်းထံ၌ စိတ်ဝိညာဉ်မရှိ၊ ၎င်းမှာ မန္တာန်တစ်ခုကြောင့်သာ ဖြစ်ပေါ်လာခြင်းသာ မည်သည်။
ထိုအခိုက်တွင် ဝမ်လင်းသည် လေထဲသို့ ခုန်တက်ကာ သူ့ညာလက်ကို အောက်ဘက်သို့ ဆန့်ထုတ်၏။ သူက အော်ဟစ်လိုက်၏။ “ဒီမီးတောင်က စိတ်ဝိညာဉ် မရှိမှတော့ ငါ ၎င်းကို စိတ်ဝိညာဉ်တစ်ခု ငှားပေးလိုက်မယ်။ ဒီဂြိုဟ်ရဲ့ တောင်တွေအားလုံးရဲ့ စိတ်ဝိညာဉ်ကို ထုတ်နှုတ်တယ်…”
ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာသည့်အခါ ကျင့်ကြံခြင်းဂြိုဟ်သည် တုန်ယင်၏။ တောင်များထဲမှ တစ်တောင်သည် ကျောက်စကျောက်နပုံအဖြစ်သို့ ပျက်စီးပြိုလဲ၏။
ယင်းတောင်များ၏ စိတ်ဝိညာဉ်များသည် ဝမ်လင်း၏ ထုတ်နှုတ်ယူခြင်းကို ခံလိုက်ရခြင်းပင်။
တောင်များ တစ်တောင်ပြီးတစ်တောင် ပြိုလဲပျက်စီးနေကာ တောင်၏စိတ်ဝိညာဉ်များသည်လည်း ထုတ်နှုတ်ခြင်း ခံရသည်။ တောင်စိတ်ဝိညာဉ်များသည် ပျံသန်းထွက်လာပြီး ချက်ခြင်း ဝမ်လင်း၏လက်ထဲသို့ စုဝေးသည်။
သည်ဂြိုဟ်ပေါ်တွင် မည်သည့်တောင်မှ ဆက်မကျန်ရစ်တော့ပေ။ တစ်ခုတည်းသောကျန်ခဲ့သည်မှာ ကျောက်စကျောက်နပုံသာ ဖြစ်၏။
ဝမ်လင်းသည် ဤဂြိုဟ်ထံမှ တောင်များ၏စိတ်ဝိညာဉ်များကို ကိုင်ထားပြီး ၎င်းကို ပစ်လွှတ်လိုက်သည်။ တောင်စိတ်ဝိညာဉ်မျးသည် စောနက မီးတောင်နှင့် ပေါင်းစပ်ချိန်တွင် အရှင်စစ်မို၏ဝဲကတော့သည် ရောက်ရှိလာသည်။
ချက်ခြင်းပင် တောင်ချေမွခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်လာသော မီးတောင်မှာ စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်သွား၏။ ၎င်း၏စိတ်ဝိညာဉ်သည် အလွန်အမင်းအစွမ်းထက်သည်။ ခုချိန်တွင် နောက်ဆုံးတွင် သည်မီးတောင်မှာ အစစ်အမှန်မီးတောင်တစ်တောင် ဖြစ်လာတော့၏။ ဤအခိုက်၌ တောင်ချေမွခြင်းသည် ပြီးပြည့်စုံခြင်းသို့ ရောက်၏။
“တောင်…ကိုးခုမြောက်တောင်ချေမွခြင်း…” ဝမ်လင်းသည် နောက်ဆုံးချေမွခြင်းအဆင့်ထိ တိုက်ရိုက် ခုန်ကူးလိုက်၏။ ထိုမီးတောင်သည် တုန်ဟည်းကာ ပဲ့တင်ထပ်လျက် တစစီဖြစ်သွားပြီး ကျောက်တုံးကျောက်စ၊ ချောရည်ပူများ၊ အနက်ရောင်အခိုးငွေ့များ၊ တောင်စိတ်ဝိညာဉ်တို့နှင့်အတူ မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လေသည်။
ထိုမုန်တိုင်းကား အရှင်စစ်မို၏ဝဲကတော့နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ချေ၏။
အဖျက်အစီးအော်ရာတစ်ခု ပျံ့နှံ့လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည။ သူ၏ဝတ်ရုံမှာ တဖျပ်ဖျပ် ဖြစ်ကာ ဆံပင်များ ဖွာလန်ကြဲသည်။ သူ၏မျက်နှာမှာ ဖြူရော၏။ သို့သော် သူသည် နောက်မဆုတ်သည့်အပြင် အရှင်စစ်မိုထံ တိုးဝင်လာသည်။
အရှင်စစ်မို၏အမူအရာသည်လည်း ဖြူရောသွားသည်သာ။ ထိုတုန်ခါလှိုင်းက သူ့အား ထိမှန်သည့်အခါ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းပြီး သူ တိုးဝင်လာချေ၏။
“တောင်ချေမွခြင်းလား။ ဒါက ပေဖန်ရဲ့ မန္တာန်ပဲ…” အရှင်စစ်မိုသည် လျှပ်စီးအလား ရွှေ့လျားလာကာ တုန်ခါလှိုင်းထဲမှ ထိုးထွက်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဝေ့ယမ်းသည်။ သူက အေးစက်စက်အော်ဟစ်လိုက်၏။ “ပန်းချီကားအလား ကောင်းကင်ဘုံ…”
သူ ထိုသို့ အော်ဟစ်လိုက်သည့်နောက် ကောင်းကင်သည် အရောင်ပြောင်းလဲကာ လေထုထဲတွင် မရေမတွက်နိုင်သော လှိုင်းဂယက်များ ပေါ်လာ၏။ တွန့်ခေါက်မှုများ ဖြစ်ပေါ်၏။ အရောင်အားလုံး လွင့်ပျောက်ကာ စင်စစ်တွင် အဖြူရောင်တစ်ခုသာ ကျန်ခဲ့လေသည်။
ယင်းအဖြူရောင်မှာ ပန်းချီကားတစ်ချပ်အလား။ ၎င်းအပေါ်၌ မရေမတွက်နိုင်သော အရိပ်များသည် တောင်တန်းနှင့်မြစ်များ ဖြစ်ပေါ်ကြသည်။
“စာရေးမင်အလား မြေကမ္ဘာ…” အရှင်စစ်မိုသည် မာန်သွင်းလိုက်၏။ ထို့နောက် မြေပြင်ထုသည် တုန်ဟည်းကာ လုံးဝ နက်မှောင်သည်။ ထိုစဉ် မြေကြီးထုသည် မင် ဖြစ်လာ၏။
“ငါဟာ စုတ်တံတစ်ချောင်း ဖြစ်တယ်။ စုတ်တံတစ်ချောင်းဟာ ကောင်းကင်ဘုံကို ချိုးဖျက်နိုင်တယ်။ ငါ့ကောင်းကင်ဘုံချိုးဖျက်ခြင်းတာအိုကို ပြီးပြည်စုံစေနိုင်တယ်…”
အရှင်စစ်မိုသည် သူ၏ညာလက်ကို စုတ်တံတစ်ချောင်း ရေးခြစ်သည့်အလား ဝေ့ယမ်းသည်။ လောကသည် ပြောင်းလဲ၏။ သူက လက်ဝေ့ယမ်းလျက် သူ၏ကိုယ်ပိုင်လောကတစ်ခုကို ဖြစ်ပေါ်စေသည့်အလား။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။ သူသည် လီချန်မေနှင့်အတူ တာအိုအကြောင်း ဆွေးနွေးခဲ့စဉ်က သူတို့သည် မန္တာန်များအကြောင်း ပြောခဲ့ကြပြီး သူ့ထံ၌ အရှင်စစ်မာမို၏ ကျောက်စိမ်းပြားတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့၏။ ထိုအရာများက သူ့ကို ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကျော်ကြားလှသော မန္တာန်တစ်ခု၊ ကောင်းကင်ဘုံချိုးဖျက်ခြင်းတာအိုဟု ခေါ်တွင်သော မန္တာန်တစ်ခုကို သိရှိစေခဲ့၏။
ကလန်ခေါင်းဆောင်နှင့် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ အကြီးအကဲခေါင်းဆောင်တို့ကသာ ထိုမန္တာန်ကို သင်ယူနိုင်ကြသည်။ ယင်းမန္တာန်ကား အလွန်အစွမ်းထက်လှသည်။
“အရှင်စစ်မို…အရှင်စစ်မို…ဖြစ်နိုင်တာက သူဟာ…”
***