← Chapters

လူငယ်အင်ပါယာ

Vol. 104 Ch. 1433

လူငယ်အင်ပါယာ

Vol. 104 Ch. 1433

ရွှေရောင်ဆေးလုံး၏ ပျက်စီးမှု လှိုင်းများသည် ဤနေရာတွင် ရှိနေဆဲသာ။ အရှင်စစ်မိုသည် အစောပိုင်းက ဖိသိပ်အားကြောင့် ဒဏ်ရာရထားခဲ့ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ ထိုအခိုက်တွင် သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်လျက် ရှိသည်။

သူသည် နောက်သို့ အရူးအမူး ဆုတ်နေ၏။ သေခြင်းတရားက သူ့ထံ လှိုက်တက်လာနေသည်။

မီးတောက်သန္ဓေပြောင်းသလင်းကျောက်၏ ပျက်စီးမှုက ခုနက နဂါးပျက်စီးခြင်းဆေးလုံးထက် များစွာ ပိုပြင်းထန်၏။ ၎င်းပျက်စီးမှုတွင် ကောင်းကင်ဘုံမီး ပါဝင်သည်။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ယင်းမီးသည် အဆများစွာ ဖိသိပ်ခံထားရသည်။ ၎င်းထံ၌ ပဥ္စမကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတစ်ယောက်ကို ခြိမ်းခြောက်နိုင်သည့် လုံလောက်သောစွမ်းအား ပါဝင်နေသည်။

ဒဏ်ရာရထား‌သော အရှင်စစ်မိုသည် နောက်ဆုတ်နေစဉ် ဝမ်လင်း၏ဟိန်းသံက ပဲ့တင်ထပ်လာပြီး ရုတ်တရက် သလင်းသည် စူးရှစွာလင်းလက်၏။ ထိုအလင်းသည် ဤဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်းသွား၏။

အရှင်စစ်မိုသည် နာကျင်စွာ အော်ဟစ်လိုက်ရကာ သူ၏ခန္ဓာကိုယ်မှာ စတင် လောင်ကျွမ်းလာ၏။ အပြာရင့်ရောင်မီးတောက်က သူ၏အဝတ်အစားများကို လောင်ကျွမ်းခြင်းမရှိ၊ သို့သော် သူ၏အသွေးအသားနှင့် မူလစိတ်ဝိညာဉ်တို့ကို လောင်ကျွမ်းပေသည်။

ဝမ်လင်း၏ တိုက်ရိုက်တိုက်ခိုက်မှုနှစ်ခုကို ခံစားလိုက်ရပြီးနောက် အရှင်စစ်မိုမှာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့လေပြီ။ သို့သော် သူက မသေသေးပေ။ သူ့အမြင်သည် ဝေဝါးကာ ကြောက်လန့်မှုနှင့်သာ ပြည့်နှက်၏။ သူ့စိတ်ထဲ၌ ရှိနေသော တစ်ခုတည်းသောအရာမှာ ထွက်ပြေးရန်၊ ထွက်ပြေးရန်၊ ထွက်ပြေးရန်သာ ဖြစ်သည်။

သို့ရာတွင် ထိုအတွေး သူ့စိတ်ထဲ ပေါ်လာစဉ်မှာပင် သွေးအလင်းသည် မီးတောက်အတွင်း၌ လင်းလက်၏။ လောကကို တုန်လှုပ်စေနိုင်သော ဓားချက်သည် သွေးအလင်းထံမှ ထိုးထွက်ကာ အရှင်စစ်မိုထံသို့ တိုးဝင်သည်။

ထိုဓားကား မြန်လွန်း၏။ မျက်စိဖြင့် မမြင်နိုင်သည့်ထိ မြန်လှသည်။ ၎င်းဓားသည် ချက်ခြင်းပင် အရှင်စစ်မိုနား ရောက်ရှိသွား၏။

ဒဏ်ရာအပြင်းအထန်ရထားသော အရှင်စစ်မိုသည် ထိုသွေးဓား သူ့ရင်ဘက်အတွင်းသို့ ထွင်းဖောက်ခြင်း ခံလိုက်ရပြီး သူသည် တစ်စက်လေးပင် မရှောင်လိုက်နိုင်ချေ။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာ၏။ သို့သော် သူသည် မသေသေးပေ။

အရှင်စစ်မို၏ကိုယ်ပွားမှာ တကယ်တော့ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိ၏။ ထို့ကြောင့် သူ့ကို သတ်ဖို့ မလွယ်ပေ။ ဝမ်လင်းသည် ထိုအတွက် အပြည့်အဝ ကြိုပြင်ဆင်ထားခဲ့၏။ နဂါးပျက်စီးခြင်းဆေးလုံး၊ မီးတောက်သန္ဓေပြောင်းသလင်း၊ ဓားစွမ်းအင်သန်းလေးဆယ်၊ အခုလိုအရေးကြီး အခိုက်အတန့်၌ သူက သွေးဓားကိုပါ ထုတ်၍ တိုက်ခိုက်လိုက်သေး၏။ အချိန်တိုအတွင်း ဝမ်လင်းသည် သူ၏အသေတိုက်ကွက်များကို ထုတ်ဖော်လိုက်ခြင်းပင်။ သို့သော် အဆုံးသပ်၌ သူသည် အရှင်စစ်မိုကို မသတ်နိုင်သေးချေ။

သို့ပေမည့် အခုလောက်ထိ ဒဏ်ရာရအောင် အရှင်စစ်မိုကို လုပ်နိုင်ခြင်းဖြင့်ပင် ဝမ်လင်းသည် အတွင်းနှင့်အပြင်နယ်မြေတွင် ကျော်ကြားနိုင်စွမ်း ရှိပေပြီ။ တကယ်တော့ သူက အနှစ်သာရတစ်ခုကိုသာ ပြီးပြည့်စုံစေနိုင်ခြင်း ရှိသေး၏။ အကယ်၍ သူသာ သူ၏ ဒုတိယ၊တတိယ၊စတုတ္ထ၊ပဥ္စမအနှစ်သာရများကိုပါ ပြီးပြည့်စုံစေနိုင်ခဲ့ပါက ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးချပ်ကို မဖွင့်လှစ်နိုင်သေးလျှင်ပင် သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်တိုက်နိုင်လောက်မည်။

အရှင်စစ်မို မသေသေးသည်ကို တွေ့သည့်အခါ ဝမ်လင်း၏အမူအရာမှာ သုန်မှုန်သွား၏။ သူက သူ့ညာလက်ကို ကောင်းကကင်ထက်သို့ ညွှန်ကာ မန္တာန်တစ်ခုအသုံးပြု၍ လိုက်ရန် ပြင်၏။ သို့ရာတွင် ထိုစဉ္ လေဟာနယ်အတွင်းမှ အသံက ထွက်ပေါ်လာပြန်၏။

“ငါ့ပြိုလဲကုန်းမြေဟာ မင်း ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နိုင်တဲ့ နေရာများ ထင်နေလား…”

ထိုစကားများ ပဲ့တင်ထပ်လာရင်း အရှင်စစ်မိုက မိုးကုပ်စက်ဝန်းထံသို့ ထွက်ပြေးပြီး ဖြစ်ကာ သူသည် လှိုင်းဂယက်များထစေကာ ပျောက်ကွယ်သွားတော့မည် ဖြစ်၏။ ထိုအခိုက်တွင် ကောင်းကင်မှာ တွန့်ခေါက်ပုံပျက်လာပြီး မမြင်ရသောလေစီးကြောင်းတစ်ခုက ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေ၏။

အရှင်စစ်မို၏ပုံရိပ် ပျောက်ကွယ်ခါနီးတွင် ထိုဝဲကတော့အတွင်းမှ လက်ချောင်းတစ်ချောင်းသည် ထိုးထွက်လာကာ အရှင်စစ်မိုအပေါ်သို့ ကြမ်းတမ်းစွာ ဖိချလာ၏။

ထိုလက်ချောင်းသည် ကြီးမားလွန်းသည်။ ၎င်းသည် ကောင်းကင်ဘုံအလား။ လေစီးကြောင်းကနေ ဖြစ်ပေါ်သည့်အတွက် ၎င်းလက်ချောင်းမှာ ကြည်လင်ထွင်းဖောက်နေ၏။ သို့သော် ၎င်းလက်ချောင်းကို ကောင်းကင်နှင့် ခွဲခြားနိုင်သည်သာ။ ၎င်း၏အမြန်နှုန်းသည် နှိုင်းတုမရဘဲ ဝဲကတော့ထံမှ သက်ဆင်းလာချေ၏။

ထိုလက်ချောင်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် အရှင်စစ်မိုသည် နာကျင်မျှော်လင့်ချက်မဲ့စွာ အော်ဟစ်မိ၏။ သူသည် မထွက်ပြေးနိုင်သလို၊ ရှောင်နိုင်စွမ်းပါ မဲ့၏။ တည်နေရာရွှေ့ပြောင်းခြင်းပါ သည်လက်ချောင်းတိုက်ခိုက်မှုကြောင့် ရပ်တန့်သွားရမည်ပင်။

ထိုလက်ချောင်းနီးကပ်လာချိန်တွင် အရှင်စစ်မိုသည် တုန်ယင်ကာ သွေးအန်လိုက်ရပြီး သူ၏အသွေးအသားများပေါ်တွင် အက်ကြောင်းများ ပေါ်လာ၏။ နောက်ဆုံးတွင် သူသည် မရေမတွက်နိုင်သော အပိုင်းပိုင်းအစစ ဖြစ်ကုန်ကာ သူ၏မူလစိတ်ဝိညာဉ်ပါ စုတ်ပြဲသွားရသည်။

လေပြင်းသည် တိုက်ခတ်ကာ သွေးနံ့များ ပျံ့နှံ့လေ၏။ အချိန်ကြာသည့်အထိ သွေးနံ့ စွဲထင်နေသည်။

လေဟာနယ်အတွင်းမှ အသံသည် ထပ်မံ မပေါ်ထွက်လာတော့ပေ။ ထိုလက်ချောင်းမှာလည်း ဝဲကတော့အတွင်းသို့ ပြန်ဝင်ရောက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

ဒီကျင့်ကြံခြင်းဂြိုဟ်မှာ လုံးဝငြိမ်သက်သွားသည်။ မီးစာကလေးကလန်မှ အဘိုးအိုသည် အရာအားလုံးကို မင်သက်ကြောင်ရီစွာ စိုက်ကြည့်နေဆဲပင်။ သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်၏။

ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်၏မျက်နှာမှာ အလွန်ရုပ်စိုးနေလေပြီ။ သူသည် ထိတ်လန့်ခြင်းကြီးစိုးနေ၏။ သူက ပူပန်စွာနောက်ဆုတ်ကာ သူ့အဖေဘေးနားသို့ အမြန်သွားရပ်သည်။

“အဖေ…ဆိုးကုန်ပြီ။ ဒီလူဟာ မဟာအင်ပါယာရဲ့ မျက်နှာသာပေးခံရတဲ့ပုံပဲ…။ငါတို့…”

သူ့အဖေ၊ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်သည်လည်း သုန်မှုန်နေ၏။ သူက သူ့စကား၏ စကားကို ကြားဖြတ်ကာ သုန်မှုန်စွာ ပြောလိုက်သည်။

“ကြောက်နေတော့ရော ဘာထူးမလဲ။ အရှင်စစ်မိုရဲ့ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကိုယ်ပွားကို အခုလောက် ဒဏ်ရာရစေနိုင်မှတော့ သူဟာ အလွန်သန်မာတယ်လို့ ဆိုလိုတယ်။ မင်းရဲ့အဖေဟာ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါဟာ ပြိုလဲကောင်စီရဲ့ အကြီးအကဲတစ်ယောက်ဖြစ်သလို မဟာအင်ပါယာအပေါ်မှာလည်း သစ္စာစောင့်သိတယ်။ သူက အပြင်လူသာသာပါပဲ။ သူကမဟာအင်ပါယာရဲ့ အသက်ရှုချိန်ငါးကြိမ်စွာ လိုအပ်ချက်ကိုလည်း မဖြည့်ဆည်းလိုက်နိုင်ဘူး။ ဒါ့ကြောင့်သူသာ ငါ့ကို စော်ကားရင် မဟာအင်ပါယာက သူ့ကို သတ်လိမ့်မယ်…”

“ဟက်…။ သူက ငါတို့ကို ဘာပြဿနာမှ မရှာရဲပါဘူး။ ငါသာ သူ့နေရာမှာဆို ဒဏ်ရာကုသဖို့အတွက် ချက်ခြင်း နေရာတစ်ခုခု သွားရှာမှာပဲ…”

ဝမ်လင်းသည် လေထဲတွင် လွင့်မြောနေ၏။ သူသည် သက်ပြင်းရှည်ကြီး မှုတ်ထုတ်မိသည်။ သူနှင့်အရှင်စစ်မို၏ကိုယ်ပွားတို့ကြား တိုက်ပွဲမှာ တိုတောင်းလှသော်လည်း ဒေါသနှင့်ပြည့်နှက်ကာ သူလည်း ဒဏ်ရာရခဲ့ရ၏။ သူ့ကို ပို၍ သတိထားစေသည်ကတော့ မဟာအင်ပါယာ၏ ရည်ရွယ်ချက်ကိုပင်။

“အရှင်စစ်မိုဟာ ဒဏ်ရာအပြင်းအထန် ရထားပေမယ့်လည်း သူဟာ ကိုယ်ပွားကို လက်ချောင်းတစ်ချောင်းတည်းနဲ့ သတ်နိုင်မှတော့ ဒါက သူဟာ တာအိုပညာရှင်ရေထက် အများကြီး ပိုသန်မာတယ်လို့ ဆိုလိုတာပဲ။ သူက တာအိုသခင်အိပ်မက်ပြာကို ယှဉ်နိုင်လားတော့ ငါ မသိဘူး။ ဒါ့အပြင် သူဟာ ငါ့ကို ကူညီပေးခဲ့တာ သိသာတယ်…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အခု သူ ထွက်သွားသင့်ပေပြီ။ တကယ်တော့ သူလည်း ဒဏ်ရာရထားကာ ကုသရန်နေရာတစ်ခု ရှာဖို့လိုသည်။

သို့သော် ဝမ်လင်း၏အကြည့်က သည်ကျင့်ကြံခြင်းဂြိုဟ်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏မျက်လုံးသည် အေးစက်လာသည်။

“ပြိုလဲကောင်စီရဲ့ ကိုးယောက်မြောက်အကြီးအကဲ…။ သင်ဟာ အရှင်စစ်မိုကို ကူညီပေးခဲ့တယ်။ ဒါ့ကြောင့် ငါ့ရန်သူပဲ…” ဝမ်လင်းသည် တခြားသူများကို စော်ကားခဲ၏။ သို့သော် တစ်စုံတစ်ယောက်က သူ့အား ရန်လာစပါကလည်း သူသည် လွယ်လွယ်မလွှတ်ပေးတတ်ပေ။

သူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ ချပ်ဝတ်နဂါးကလန်ထံသို့ ဥက္ကာပျံတစ်စင်းအလား တိုးဝင်သွားလေ၏။

သူသည် မြန်လွန်းသဖြင့် မိုးကြိုးတုန်ဟည်းသံများကိုပါ ဖြစ်စေသည်။ စောင့်ကြည့်နေကြသော ကျင့်ကြံသူအားလုံး၏အမူအရာမှာ ပြောင်းလဲသွားကြ၏။ ဝမ်လင်းနှင့်အရှင်စစ်မို၏ တိုက်ပွဲကို စောင့်ကြည့်ပြီးသည့်နောက် မည်သူကမျှ သူ့ကို မတားဝံ့ကြတော့ချေ။

ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်မိကာ အလန့်တကား ဆိုသည်။ “အဖေ…သူ…သူ…”

ချပ်ဝတ်နဂါးခေါင်းဆောင်မှာလည်း သူ့နှလုံး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် တုန်လှုပ်မိသော်လည်း သူက ဝမ်လင်း ထိခိုက်ထားသည့် ဒဏ်ရာများကို တွေးမိကာ သူ၏အမူအရာမှာ ကြမ်းကြုတ်လာ၏။

“ချပ်ဝတ်နဂါးကလန်ရဲ့ ဒုတိယအဆင့်ကျင့်ကြံသူအားလုံး…ကလန်ကို ဝင်လာတဲ့ ဘယ်သူ့ကိုမဆို တားဆီးကြ…” ထိုခွန်အားပြည့်အသံသည် ပဲ့တင်ထပ်လာရင်း ဒုတိယအဆင့်ကျင့်ကြံသူဆယ်ယောက်ကျော်သည် ဝမ်လင်းကို ရပ်တန့်ရန် ပျံသန်းလာကြသည်။

သို့ပေမည့် ထိုအခိုက်တွင် လောကသည် တုန်ယင်ကာ မိုးကြိုးနှင့်ပြုလုပ်ထားသော ဥက္ကာပျံသည် ရောက်ရှိလာပေပြီ။ ဝမ်လင်းသည် ချပ်ဝတ်နဂါးကလန်၏ရှေ့သို့ ရောက်လာချေပြီ။ ထိုကျင့်ကြံသူများ လေထဲသို့ ပျံတက်လာသည်နှင့် ဝမ်လင်းက ကြမ်းတမ်းစွာ ဖိချလိုက်၏။

“ထွက်သွားစမ်း…”

သူ့အသံသည် ကောင်းကင်လှုပ်ခါစေလောက်၏။ သူ့လက် ဖိချလာရင်း ဧရာမလက်ဝါးရာကြီးသည် ပေါ်လာသည်။ ၎င်းသည် ချပ်ဝတ်နဂါးကလန်ထံသို့ ဦးတည်ကာ ရိုက်ချလာသည်။

ချပ်ဝတ်နဂါးကလန်၏ ဒုတိယအဆင့်ကျင့်ကြံသူများသည် ထိုလက်ဝါးကြီးနှင့် ထိမိသည့်အခါ သူတို့အားလုံး သွေးအန်လိုက်ရ၏။ သူတို့သည် အဝေးသို့ လွင့်စင်ထွက်ကာ သူတို့ထဲမှ သုံးယောက်၏ခန္ဓာကိုယ်များသည် ချက်ခြင်း ပျက်စီးသွားသည်။

သူတို့သည် တစ်စက်လေးပင် ဟန့်တားနိုင်စွမ်း မရှိပေ။ လက်ဝါးရိုက်ချက်သည် မြေပြင်ထက်သို့ ကျရောက်သွားပြီး ချပ်ဝတ်နဂါးကလန်၏ ကုန်းမြေတစ်ခုလုံးကို ချက်ခြင်း ပျက်စီးသွားစေသည်။

“ကလန်ငယ်တစ်ခုကများ ငါ့ကို လှည့်ဖျားရဲတယ်။ မင်းတို့က သေချင်နေတာပဲ…” ဝမ်လင်းသည် ဆင်းသက်လာရင်း ရယ်မော၏။ သူ့အကြည့်သည် ချပ်ဝတ်နဂါးကလန်၏ သားအဖေနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

ချပ်ဝတ်နဂါးကလန်၏ ခေါင်းဆောင်မှာ ထိတ်လန့်နေ၏။ သူသည် ဝမ်လင်းက ဒဏ်ရာရထားပြီးနောက်တွင်ပင် အခုလောက်အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ခုချိန်တွင် သူသည် ထိုလက်ဝါးကို ခုခံနိုင်ရန် ယုံကြည်ချက် မရှိတော့ချေ။

ဝမ်လင်း၏အမူအရာသည် အေးစက်နေလျက်။ သူသည် ကောင်းကင်ထက်သို့ လက်ညွှန်သည်။ မိုးကြိုး စတင်စုဝေး၏။

ချပ်ဝတ်နဂါးကလန်၏ခေါင်းဆောင်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် သူ့သားကို ဖမ်းဆုပ်ကာ နောက်သို့ ဆုတ်ရင်း အလန့်တကြား အော်ပြောလိုက်၏။ “မင်း ငါ့ကို သတ်ရဲလား။ ငါဟာ ပြိုလဲကောင်စီရဲ့ကိုးယောက်မြောက်အကြီးအကဲပဲ။ ငါဟာ ငါ့ကိုယ်ငါကို မဟာအကြီးအကဲထံ အပ်နှံထားတာ။ မင်း ငါ့ရဲ့ ဆံပင်မွှေးတစ်ချောင်းကိုပဲ ထိကြည့်၊ မဟာအင်ပါယာက မင်းကို စုတ်ဖြဲပစ်လိမ့်မယ်…”

ထိုအခိုက်တွင် မိုးကုပ်စက်ဝန်းထံမှ ဓားစွမ်းအင်တန်းတစ်ခု နီးကပ်လာသည်။ ထိုဓားစွမ်းအင်သည် ကောင်းကင်ကို ဖြတ်သန်းလာကာ သည်နေရာအနား ရောက်လာ၏။

ချပ်ဝတ်နဂါးခေါင်းဆောင်က ထိုအလင်းတန်းကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပျောက်ကွယ်ကာ ဝမ်းမြောက်မှု အစားဝင်လာသည်။

“မဟာအင်ပါယာရဲ့ တမန်တော်။ ဟားဟား တမန်တော် ရောက်လာပြီ။ မင်းလို အပြင်လိုလူတစ်ယောက်က ငါ့ကို ပြိုလဲအကြီးအကဲတစ်ယောက်ကို စော်ကားဝံ့တယ်လား။ မင်း သေရတော့မယ်…” ချပ်ဝတ်နဂါးခေါင်းဆောင်သည် ပျော်ရွှင်သွားသလို သူ့သားမှာလည်း စိတ်သက်သာရာ ရသွား၏။

ဝမ်လင်းသည် ခေါင်းမော့လိုက်၏။ သူက အလျင်စလို မတိုက်ခိုက်ပေ။သို့သော် သူက အေးစက်စက် မော့ကြည့်သည်။

အနီရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူသည် ထိုဓားအလင်းတန်းထဲမှ လှမ်းထွက်လာ၏။ သူသည် ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို လုံးဝ မပေးစွမ်းပေ။ ဝမ်လင်းသည်ပင် ဘာတစ်ခုကိုမျှ မထောက်လှမ်းမိချေ။ ကြည့်ရသည်မှာ ထိုလူသည် သူ၏ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထားနိုင်သော အစွမ်းထက်မန္တာန်ကို ကျင့်ကြံတားတာ သိသာသည်။

“ပြိုလဲကောင်စီရဲ့ ကိုးယောက်မြောက်အကြီးအကဲက မဟာအင်ပါယာရဲ့ တမန်တော်ကို နှုတ်ဆက်ပါတယ်။ တမန်တော်အရှင် ရောက်လာမှတော့ ကျေးဇူးပြုပြီး ကူညီပေးပါ…”

ချပ်ဝတ်နဂါးခေါင်းဆောင်သည် လေးစားသည့်ဟန်ပန် ဖြစ်လာကာ သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်၏။ သူ့သားမှာလည်း လေးစားမှုကို ထင်းနေအောင် ပြသသည်။

သက်လတ်ပိုင်းလူ၏ အမူအရာမှာ အေးစက်နေကာ သူက လက်ဝေ့ယမ်းလိုက်၏။ အနီရောင်ကျောက်စိမ်းပြားတစ်ခု သူ့လက်ကြားထဲတွင် ပေါ်လာသည်။

“မဟာအင်ပါယာရဲ့အမိန့်တော်အရ…”

ချပ်ဝတ်နဂါးကလန်၏ ခေါင်းဆောင်မှာ တုန်ယင်သွားကာ သူ့ဦးခေါင်းကိုပါ ငုံ့၍ သာ၍လေးစားသမှုကို ပြသသည်။

“ချပ်ဝတ်နဂါးကလန်ရဲ့ ခေါင်းဆောင်ဟာ သူ့အဆင့်အတန်းကနေ ဖယ်ရှားပေးရမယ်။ ပြီးရင် ဒီဆေးလုံးကို ချက်ခြင်း သောက်ရမယ်…” ထိုသက်လတ်ပိုင်းလူ၏ စကားဆုံးသည့်နောက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အနက်ရောင်ဆေးလုံးတစ်လုံးသည် ချပ်ဝတ်နဂါးခေါင်းဆောင်ထံ ပျံသန်းသွားသည်။

ချပ်ဝတ်နဂါးခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွားသည်။ သူသည် သူ့ရှေ့ရှိ ဆေးလုံးကို ဝေဝါးစွာ စိုက်ကြည့်မိနေသည်။

“အဆိပ်…အသက်အဆိပ်ဆေးလုံး…ဒါ…ဒါက…”

သက်လတ်ပိုင်းလူ၏အမူအရာမှာ ပုံမှန်ပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း စော်ကားလို့မရတဲ့၊ လှည့်ဖျားလို့မရတဲ့ လူအချို့ ရှိတယ်။ ဒါ့ကြောင့် မင်းအနေနဲ့ တန်ဖိုး ပြန်ပေးဆပ်ရမယ်….” သူ့စကားဆုံးသည့်အခါ သူသည် ချက်ခြင်းပင် ဝမ်လင်းကို ကြည့်၏။ သူ၏အမူအရာသည် ဆက်လက်မအေးစက်တော့ပေ။ သူက ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ လေးစားစွာ ပြောလိုက်သည်။

“ဒီအစေခံက လူငယ်အင်ပါယာကို နှုတ်ဆက်ပါတယ်…”

***

All Chapters