အသိဟောင်းကြီး
Vol. 104 Ch. 1434
“လူငယ်အင်ပါယာ…” ချပ်ဝတ်နဂါးခေါင်းဆောင်သည် ထိုစကားကို ကြားလိုက်ရသည့််အခါ သူ့ရင်ဘက်ကို တူဖြင့် ထုချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်နှာသည် ဖြူရောကာ ဝမ်လင်းကို ခါးသီးမှု၊တုန်လှုပ်မှုတို့အပြည့်ဖြင့် ကြည့်မိသည်။
သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ ချပ်ဝတ်နဂါးကလန်၏လူငယ်သခင်မှာလည်း ဖြူရောနေ၏။ သူ၏ စိတ်သည် တုန်ယင်ကာ မယုံကြည်နိုင်မှုကြောင့် မင်သက်နေသည်။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူ၏အမူအရာမှာ ပြောင်းလဲမသွားပေ။ သူ့အကြည့်က တမန်တော်ပေါ်သို့ ရောက်သွား၏။
“လူငယ်အင်ပါယာလား…”
တမန်တော်၏မျက်နှာထက်တွင် အပြုံးဆင်မြန်းထားဆဲပင်။ သူက ခပ်သွက်သွက် ပြောလိုက်၏။ “မဟာအင်ပါယာက ပြိုလဲကုန်းမြေရှိ ဒီအမိန့်ကို ချမှတ်လိုက်ခဲ့ပြီး ဖြစ်ပါတယ်။ သင်ဟာ အခု မဟာအင်ပါယာခန့်အပ်တဲ့ လူငယ်သခင် ဖြစ်လာပြီး ပြိုလဲအကြီးအကဲဆယ့်သုံးယောက်ရဲ့ အထက်မှာ ရှိပါတယ်…”
ဝမ်လင်း၏အမူအရာသည် ပုံမှန်သာ။ သူက စကားမဆိုပေ။
ထိုအခိုက်တွင် ချပ်ဝတ်နဂါးခေါင်းဆောင်သည် ဆေးလုံးကို ကိုင်ထားကာ ခါးသီးစွာ ကြည့်သည်။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက တမန်တော်ထံသို့ ပြောလိုက်၏။ “တမန်တော်…အရှင်…သင် ငါ့သားရဲ့အသက်ကို ချမ်းသာပေးနိုင်မလား…”
တမန်တော်၏မျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ်သွား၏။ သူ၏အမူအရာသည် တဖန်အေးစက်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါဟာ ဒီဆေးလုံးကို လာပေးပြီး မဟာအင်ပါယာရဲ့ သတင်းစကားကို ယူဆောင်လာဖို့သာ ဖြစ်တယ်။ တခြားလူတွေရဲ့ ကံကြမ္မာဟာ ငါနဲ့ ဘာမှ မဆိုင်ဘူး…”
ချပ်ဝတ်နဂါးခေါင်းဆောင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သွား၏။ သူက မင်သက်နေသော သူ့သားကို ကြည့်သည်။ သူက ဝမ်လင်းထံ တလေးတစားနှင့် ခါးသက်စွာ ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “လူငယ်…လူငယ်အင်ပါယာ…သင့်ကို စော်ကားမိတာ ငါ့အပြစ်ပါ။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ငါ့သားကို လွှတ်ပေးပါ။ အားလုံးကို ငါ တာဝန်ယူပါတယ်။ လူငယ်သခင်…သနားညှာတာမှုပေးပါ…”
သူ ထိုသို့ ပြောလိုက်ရင်း သူက ရုတ်တရက် ခေါင်းမော့ကာ သူ့သားထံ လက်ဆန့်တန်းလိုက်သည်။ လူငယ်သခင်သည် မင်သက်နေရာကနေ ချက်ခြင်း နာကျင်စွာ အော်ဟစ်လိုက်လေ၏။ သူ့အဖေက သူ့ခန္ဓာကိုယ်ကို ကိုင်ကာ မူလစွမ်းအင်များ သွတ်သွင်းလိုက်ခြင်းပင်။ သူ့သွေးများသည် သူ၏မူလစိတ်ဝိညာဉ်နှင့်အတူ ပျက်စီးသွားတော့၏။ သူ့ကျင့်ကြံမှုသည်လည်း အမှိုက်ဖြစ်သွားကာ သူသည် သေမျိုးတစ်ယောက်အဖြစ်သို့ ပြန်ရောက်ရှိသွားတော့သည်။
ချပ်ဝတ်နဂါးကလန်မှလူငယ်သခင်သည် ပြင်းထန်စွာနာကျင်ရသည်။ သူသည် သွေးအန်ကာ မျက်နှာသည် သေလောက်အောင် ဖြူရောသွားသည်။
ချပ်ဝတ်နဂါးခေါင်းဆောင်သည် ဒူးထောက်ချကာ ခါးသက်စွာ တောင်းပန်၏။ “အရှင်လူငယ်အင်ပါယာ။ ငါ့သားဟာ သူ့ရဲ့ကျင့်ကြံမှုကို ဆုံးရှုံးသွားပြီး ထပ်မကျင့်ကြံနိုင်တော့ပါဘူး။ သူဟာ လူငယ်အင်ပါယာအတွက် ချိန်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ လူငယ်အင်ပါယာ သူ့ကို အသက်ရှင်ခွင့်ပေးဖို့ ငါ တောင်းပန်ပါတယ်…”
ဝမ်လင်းသည် ခဏတာ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ချပ်ဝတ်နဂါးခေါင်းဆောင်၏မျက်နှာထက်တွင် ကျေးဇူးတင်ဟန် ဖြစ်ပေါ်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းကာ အသိစိတ်လွတ်နေသော သူ့သားအား ဘေးကင်းရန် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အသက်ဝဝရှုသွင်းကာ ထိုဆေးလုံးကို တွေဝေခြင်းမရှိ သောက်ချလိုက်သည်။
ထိုဆေးလုံးသည် သူ့ပါးစပ်အတွင်းသို့ အရည်ပျော်ကျကာ ချက်ခြင်းပင် အနက်ရောင်မီးအဖြစ် ပြောင်းကာ သူ၏ခန္ဓာကိုယ်တွင်းသို့ တရကြမ်း လှိုက်တက်သည်။ ထိုအနက်ရောင်မီးသည် နတ်ဆိုးဆန်သောခံစားမှုကို ပေး၍ သူ၏ခန္ဓာကိုယ်အား ရူးသွပ်ဖွယ် လောင်ကျွမ်းသည်။ ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ နီရဲလာပြီးနောက် အနက်ရောင်မီးများသည် သူ၏ဒွာရပေါက်များထံမှ ထွက်လာ၏။ သူက မီးနက်လုံးအဖြစ် ပြောင်းလဲသွားသည်။ ထိုမီး ပျောက်ကွယ်သွားသည့်အခါ ဘာတစ်ခုမှ မကျန်ခဲ့တော့ချေ။
“ဒါ…ဒါက ဘာမီးမျိုးလဲ…” ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားသည်။
ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးမှာ ငြိမ်သက်ကုန်၏။ လူအများသည် ထိုမြင်ကွင်းကို မြင်သည်။ သူတို့ တုန်လှုပ်ကုန်သည်။ ဤနေရာတွင် မဟာအင်ပါယာသည် နတ်ဘုရားတစ်ပါးအလား ဖြစ်ကာ မည်သူကမျှ သူ့အမိန့်ကို မဖိဆန်ဝံ့ကြချေ။
ချပ်ဝတ်နဂါးကလန်မှ လူများသည် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်ကာ သူတို့သည် ခေါင်းငုံ့လိုက်ကြ၏။
“စတုတ္ထကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတစ်ယောက်ဟာ အတွင်းနယ်မြေမှာဆို အထွတ်အထိပ်ပဲ။ အပြင်နယ်မြေမှာတောင် မဟာကလန်တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီပြိုလဲကုန်းမြေမှာတော့ ဒီအဆင့်လူတစ်ယောက်ဟာ အဆိပ်ဆေးလုံးကို မြိုချပြီး တွေဝေခြင်းမရှိ သေဆုံးသွားရပြီ…။ ဒါဟာ မဟာအင်ပါယာရဲ့ ခွန်အားကို ပြသနေတာပဲ။ သူ ချပ်ဝတ်နဂါးခေါင်းဆောင်ဆီ ဒီဆေးလုံးကို ပေးအပ်ခဲ့တဲ့ အကြောင်းရင်းဟာ ငါ့ကို သူ့ခွန်အားကို ပြသတာ ဖြစ်သလို သွယ်ဝိုက်စွာနဲ့ သတိပေးတာလည်း ဟုတ်တယ်…”
ချပ်ဝတ်နဂါးကလန်၏ ခေါင်းဆောင် သေဆုံးသွားခြင်းက ဤကိစ္စကို အပြီးသပ်သွားပြီဟု ဆိုလို၏။ သက်လတ်ပိုင်းလူ၊တမန်တော်က ပြုံး၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ဆိုသည်။ “ချပ်ဝတ်နဂါးကလန်ဟာ ခေါင်းဆောင်တစ်ယောက် မရှိဘဲ ထားလို့ မရနိုင်ဘူးး။ လူငယ်အင်ပါယာက ခေါင်းဆောင်သစ်လုပ်ချင်လားလို့ ငါ မေးချင်မိပါတယ်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သို့သော် သူ၏အမူအရာသည် ပြောင်းလဲမသွားပေ။ သူက ညာလက်ကို ဒီအတိုင်း မြှောက်လိုက်ပြီး အကွာအဝေးတစ်ခုရှိ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် လူငယ်တစ်ယောက်ထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူ လုပ်လိမ့်မယ်…”
လူငယ်သည် ခေါင်းဆောင်၏သေဆုံးမှုကြောင့် တုန်လှုပ်မိနေဆဲပင်။ သူသည် ဝမ်လင်း သူ့ထံသို့ လက်ညွှန်လိုက်သည့်အခါ မင်သက်သွား၏။ သို့သော် သူ့အတွက် အခွင့်အရေးသည် ရောက်ရှိလာခဲ့ချေပြီ။ သူက ဒီချပ်ဝတ်နဂါးကလန်၌လည်း ကျင့်ကြံမှုအဆင့်အမြင့်မားဆုံး မဟုတ်ပေ။ သူ့ဘဝတွင် မတော်တဆတစ်ခုခုသာ မဖြစ်ခဲ့ပါက သူသည် ဘယ်တော့မှ ကလန်ခေါင်းဆောင် ဖြစ်လာနိုင်မည် မဟုတ်ပေ။ အများဆုံးမှ သူသည် အကြီးအကဲတစ်ယောက်သာ ဖြစ်လာနိုင်၏။
သို့ပေမည့် ခုချိန်၌ ဝမ်လင်းက သူ့ထံ လက်ညှိုးထိုးလိုက်သည့်နောက် သူ့စိတ်ထဲတွင် လှိုင်းထန်သွားခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်လျက် သူ့မျက်လုံးထဲတွင် ကျေနပ်ပျော်ရွှင်မှု ပြည့်နှက်လာ၏။ စိတ်လှုပ်ရှားစွာဖြင့် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်နှစ်ဖက်ကို တလေးတစား ဆုပ်ကိုင်၏။ “ကျေး…ကျေးဇူးတင်ပါတယ်….လူငယ်အင်ပါယာ…။ အခုကစပြီး ချပ်ဝတ်နဂါးကလန်ဟာ လူငယ်အင်ပါယာရဲ့အမိန့်အတိုင်း လိုက်နာပါ့မယ်။ သင်ဟာ ကလန်ကို ဖျက်စီးပါလို့ တောင်းဆိုရင်တောင်…ဂျူနီယာဟာ…”
ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းကာ သူ၏စကားများကို ကြားဖြတ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်းတို့ရဲ့ နဂါးပျက်စီးခြင်းဆေးလုံး၊ မီးတောက်သန္ဓေပြောင်းသလင်းကျောက်အားလုံး၊ ရုပ်သေးအားလုံးကို ယူလာခဲ့။ ငါ အားလုံး လိုချင်တယ်…”
ထိုလူငယ်သည် ခပ်မြန်မြန် ခေါင်းညိတ်သည်။ ထိုရတနာများမဆိုနှင့် ဝမ်လင်းသာ ချပ်ဝတ်နဂါးကလန်၏ မူလစိတ်ဝိညာည်ကိုပါ လိုချင်သည်ဆိုလျှင်ပင် သူသည် တွေဝေမနေဘဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်မည်သာ။ ချပ်ဝတ်နဂါးကလန်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာရခြင်းသည် ထိုလူငယ်အတွက် ကြီးမားသောကံကောင်းခြင်းတည်း။
ထိုအခိုက်တွင် သူသည် အရင်ခေါင်းဆောင်၏ သေဆုံးမှုကိုပါ မေ့သွားခဲ့လေပြီ။ သူသည် စိတ်လှုပ်ရှားမှုတွင် နစ်မြုပ်နေပြီး ဝမ်လင်းကို လှမ်း၍ မွှေးကြူချင်စိတ်ပါ ပေါက်နေသည်။
သက်လတ်ပိုင်းလူသည် ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြုံး၍ ပြောလိုက်သည်။ “လူငယ်အင်ပါယာ…။ ငါ ပြန်ပြီး မဟာအင်ပါယာရှိ တင်ပြလိုက်ပါအုံးမယ်…”
ထိုသို့ ပြောပြီးနောက် သူသည် သူ့လက်ကို ဝေ့ယမ်းလိုက်ကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဝမ်လင်းထံ တလေးတစား ကမ်းပေးလိုက်သည်။
“လူငယ်အင်ပါယာအရှင်…မဟာအင်ပါယာက ဒီကျောက်စိမ်းတုန်ကင်ပြားကို သင့်ထံ ပေးအပ်လိုက်ပါတယ်။ ဒါ သင့်ရဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်။ ဒါဟာ အင်ပါယာကိုယ်တိုင် ဆင်းသက်လာသလိုမျိုးပဲ။ ဒီပြိုလဲကုန်းမြေမှာ ဘယ်သူကမှ သင့်ကို စော်ကားဝံ့မှာ မဟုတ်တော့ဘူး…”
“မဟာအင်ပါယာက သင် လာမည့်သုံးလဆို ကျင်းပမယ့် ပြိုလဲအကြီးအကဲရွေးချယ်ပွဲကို လာဖို့ လိုတယ်လို့လည်း ပြောလိုက်ပါတယ်…” ထိုတုန်ကင်ကို ကမ်းလှမ်းပေးပြီးနောက် တမန်တော်သည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် ကျောက်စိမ်းတုန်ကင်ကို ကိုင်ကာ သေချာ ကြည့်လိုက်သည်။ ထိုတုန်ကင်သည် တွေ့နေမြင်နေကျ သတ္တုတစ်မျိုးနှင့် လုပ်ထားပြီး ယင်းပေါ်တွင် အင်ပါယာ ဟူသော စာသားတစ်ခုသာ ရှိသည်။ ထိုစကားလုံးသည် စုတ်ချက်တစ်ချက်တည်းဖြင့် ရေးဆွဲထားပြီး ရှေးကျသောအော်ရာကို ပေးစွမ်းလေ၏။ သို့သော် ယင်းစာလုံးထံမှ ထူးဆန်းသောအားတစ်ခု ထွက်ပေါ်နေသည်မှာ သိသာသည်။
ပြိုလဲကုန်းမြေ၏အပြင်ဘက်၊ ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အရှင်စစ်မို၏ ကိုယ်ပွား သေဆုံးသွားချိန်၌ အရှင်စစ်မိုရှိနေသော ဟင်းလင်းပြင်အက်ကြောင်းအတွင်းနက်ပိုင်း၌ သူ၏မူလခန္ဓာကိုယ်သည် မျက်လုံးဖွင့်လာသည်။
သူ မျက်လုံးဖွင့်လာသည်နှင့် တောက်ပသောအလင်းသည် လျှပ်စီးတန်းအလား လေဟာနယ်အတွင်းသို့ တလက်လက် ဖြစ်သွားသည်။ မိုးကြိုးတုန်ဟည်းသံများပါ ပဲ့တင်ထပ်သည်။
သူ့ထံမှ ပြင်းထန်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ ၎င်းသည် မုန်တိုင်းတစ်ခုအသွင်ဆောင်ကာ အလျင်အမြန် ပျံ့နှံ့သည်။
အရှင်စစ်မို၏ ဝတ်စုံမှာ လွင့်ဝဲနေလျက် သူ့ဆံပင်ရှည်များသည် ဝေ့ယမ်းနေသည်။ သူ၏မျက်လုံးတို့က သုန်မှုန်လျက်၊ သူ့မျက်လုံးထံမှ အလင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ကျန်ခဲ့သည်ကား အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်သာ။
သူ့ကိုယ်ပွားသေဆုံးမှုက သူ၏ကျင့်ကြံမှုအပေါ်သို့ များစွာ သက်ရောက်မှု မရှိပါ။ သူသည် သူ့ကျင့်ကြံခြင်းအဆင့် တစ်ဆို့နေချိန်တွင် ထိုကိုယ်ပွားက သူ့ကို ကူညီ၍ အဆင့်ချိုးဖျက်နိုင်ရန်အတွက်သာ ၎င်းကို သန့်စင်မွန်းမံခဲ့တာ ဖြစ်၏။ သို့ပေမည့် သူ ရှည်ကြာစွာ စီစဉ်ထားသော အစီအစဉ်တစ်ခုဖြစ်သော သူ၏ကိုယ်ပွားသည် အခု ဖျက်စီးခံလိုက်ရပေပြီ။
ထို့အတွက် သူနှစ်ပေါင်းများစွာ အားစိုက်ထုတ်မှုက အလကားဟသ ဖြစ်သွားချေသည်။
“ပြိုလဲကုန်းမြေရဲ့ မဟာအင်ပါယာ…” အရှင်စစ်မိုသည် အံတင်းတင်းကြိတ်၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်နေသည်။
“မိုးကြိုးကျင့်ကြံသူဂျူနီယာလည်း ရှိသေးတယ်။ မိုးကြိုးအနှစ်သာရအပြင် သူ့ရှိမှာ မီးအနှစ်သာရ အရိပ်အမြွက်လည်း ရှိနေတယ်။ ဒါ့အပြင် သူဟာ အတိတ်တုန်းက ငါ့ နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ။ သူဟာ အတွင်းနယ်မြေကလူ ဖြစ်နိုင်လား…”
အရှင်စစ်မို၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက သူ့ညာလက်ကို ဆန့်ထုတ်ကာ စုတ်ဖြဲလိုက်၏။ လေဟာနယ်သည် အပြင်းအထန် တုန်ယင်သွားပြီးနောက် အဟတစ်ခု ပွင့်ထွက်လာသည်။
အရှင်စစ်မိုသည် မတ်တပ်ထရပ်သည်။ သူက သူ့ညာလက်ကို အောက်သို့ ဖိနှိပ်လျက် ရှေ့သို့ လျှောက်သည်။ သူသည် မာန်သွင်းလိုက်၏။ ခု”နစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းတွေ…ပေါ်လာချေ…”
ထိုအဟအတွင်းမှ ခုနစ်ရောင်စုံအလင်းသည် ထွက်ပေါ်လာသည်။ ထိုအလင်းမှာ သိပ်သည်းသည်။ ၎င်းပေါ်လာသည်နှင့် သည်ဧရိယာတစ်ခုလုံး လင်းထင်းသွားသည်။
ထိုအဟကြားမှ ခုနစ်ရောင်စုံလက်သည်းများ ပျံသန်းထွက်လာပြီး အရှင်စစ်မိုပတ်လည်တွင် လွင့်မြောသည်။ ခဏအကြာတွင် စုစုပေါင်းခုနစ်ရောင်စုံလက်သည်း(၂၉)ခုသည် စက်ဝန်းတစ်ခုကဲ့သို့ သူ့ပတ်လည်တွင် လွင့်မြောလာသည်။ သည်အခိုက်တွင် ခုနစ်ရောင်စုံအလင်းသည် အလွန်သန်မာကာ သူ၏ပုံရိပ်ကို မြင်ရဖို့ မဖြစ်နိုင်တော့ပေ။ ခုနစ်ရောင်စုံအလင်းသာ ရှိလေတော့၏။
“အုပ်စိုးသူရဲ့ ဒီခုနစ်ရောင်စုံလက်သည်းဟာ တတိယအဆင့်ကျင့်ကြံသူတွေကို သတ်နိုင်ဖို့ ပြုလုပ်ထားတာ။ ငါဟာ မဟာအင်ပါယာရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမဲ့ အုပ်စိုးသူကောင်စီက တတိယအဆင့်ကျင့်ကြံသူအားလုံးကို စုစည်းခဲ့ရင်တော့ ငါတို့ဟာ ဒီလူ့ကို သတ်နိုင်စွမ်း ရှိပြီ။ အရာအားလုံးဟာ အုပ်စိုးသူကောင်စီရဲ့ ဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်တော့တယ်…” အရှင်စစ်မိုသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံလက်သည်းများသည် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။
ပြိုလဲကုန်းမြေတွင် ပျံသန်းနေသော ကျင့်ကြံသူအုပ်စုတစ်စု ရှိနေကြ၏။ ထိုအုပ်စုတွင် ကျင့်ကြံသူတစ်ထောင်လောက် ရှိကာ ကျင့်ကြံမှုအဆင့် အမျိုးမျိုး ရှိကြသည်။ အလယ်တွင်မူ လူတစ်ယောက်ကို ဝန်းရံထားသော ဒုတိယအဆင့်ကျင့်ကြံသူဆယ်ယောက်လောက် ရှိနေသည်။
ထိုလူသည် အလွန်လှပသောဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ပင်။ သူ၏ပုံပန်းသွင်ပြင်မှာ သာမန်ပင်။ သို့သော် သူ၏အမူအရာသည် အလွန်အမင်း သုန်မှုန်နေ၏။
“အရှင်လောဘကြီး…ကင်းမြှီးကောက်နက်ကလန်ရဲ့ ဂြိုဟ်ဟာ ရှေ့မှာ သိပ်မဝေးတော့ပါဘူး။ သင် ရှာဖွေနေတဲ့ နှစ်တစ်သောင်းကင်းမြှီးကောက်အလောင်းကို အဲ့မှာ ငါတို့ တွေ့ခဲ့ပါတယ်…”
ထိုအဘိုးအိုသည် မောက်မာဟန်ဖြင့် ခေါင်းညိတ်၏။ သူသည် ဝင့်ထည်စွာ ပြောလိုက်သည်။ “သိပ်ကောင်းတယ်။ ဒီလိုသာအမှန်ဖြစ်ခဲ့ရင် မင်း ဆုလဒ်ကြီးကြီး ရမယ်…”
သူ ထိုသို့ ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ပျှော်ရွှင်ဟန် ဖြစ်ကုန်၏။ အခြားတစ်စုံတစ်ယောက်သာ ထိုစကားများကို ပြောခဲ့ပါက သူတို့သည် သိပ်ပျော်လိမ့်မည် မဟုတ်ပေ။ သို့သော် အခု ပြောလိုက်သည့်သူမှာ လောဘကြီး ဖြစ်၏။
ဟိုးလွန်ခဲ့သောနှစ်များက လောဘကြီးဆိုသောလူကို မည်သူ သိပါသေးသနည်း။
လောဘကြီးသည် ရတနာကင်းမဲ့သည့်နေရာသို့ ဘယ်တော့မှ သွားမည့်သူ မဟုတ်။ ထိုစကားလုံးများကို အချိန်ကာလကနေ သက်သေပြခဲ့ပြီးပင်။ သူသည် လွဲမှားသောကတိများကိုလည်း ဘယ်တုန်းကမှ ပြုလုပ်ခဲ့ဖူးတာ မရှိပေ။
***