← Chapters

လောဘကြီး

Vol. 104 Ch. 1435

လောဘကြီး

Vol. 104 Ch. 1435

ပြိုလဲကုန်းမြေ၏ လူအများသည် လောဘကြီးကို ဆန်းကြယ်သောဇာစ်မြစ်ရှိသူဟု သိထားကြသည်။ မည်သူကမျှ သူ ဘယ်အချိန်က ဒီပြိုလဲကုန်းမြေတွင် ပေါ်လာခဲ့သည်ကို မသိကြပေ။ သူ၏ကျင့်ကြံမှုအဆင့်မှာ ပေါ်လာကာစတွင် သိပ်မထူးခြား၊ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၌သာ ရှိသည်။

သို့ပေမည့် သူက ထပ်ခါထပ်ခါ တုန်လှုပ်ဖွယ်ရာများကို ပြုလုပ်ခဲ့ပေသည်။ သူ ထုတ်ယူခဲ့သော ဆေးလုံးများ၊ရတနာများသည် ပြိုလဲကုန်းမြေတွင် လှိုင်းထန်စေသည်သာ။

လောဘကြီး၏ကျင့်ကြံမှုအဆင့်က မမြင့်မားလှသော်လည်း သူသည် အလွန်ပါးနပ်လှ၏။ သူ၏ ထူးဆန်းသောမန္တာန်များ၊ အစွမ်းထက်ရတနာများကိုပါသည် ထည့်ပေါင်းလိုက်ပါက သူသည် အမြဲတမ်း သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့ချေသည်။ သူ့ထက်အဆင့်မြင့်သော ကျင့်ကြံသူများသည် သူ့ကို ဖမ်းဆီးနိုင်ရန် ရှာဖို့ အတော်ခက်၏။

အထူးသဖြင့် သည်လူဟာ ထွက်ပြေးရာ၌ တော်လှသည်။ သူ့ထံတွင် သူ၏အမြန်နှုန်းကို အဆပေါင်း(၉၇)ဆ တိုးပွားစေသော မန္တာန်တစ်ခု ပိုင်ဆိုင်ထားသည်။ ထို့အတွက်ကြောင့် သာမန်ကျင့်ကြံသူများသည် သူ့ကို ဖမ်းနိုင်ဖို့မှာ မဖြစ်နိုင်ချေ။ လောဘကြီးသည် အလွန်လည်း သတိရှိသူ ဖြစ်သေး၏။ မကြာဆိုသလို သူသည် တွေဝေမနေဘဲ ထွက်ပြေးတတ်သည်။ ထို့အတွက်ကြောင့် သူသည် အန္တရာယ်ကို ရင်ဆိုင်ရခဲ၏။

အချိန်ကြာလာသည်နှင့်အမျှ အချို့အမည်မသိအကြောင်းရင်းများကြောင့် လောဘကြီး၏ကျင့်ကြံမှုက မှန်မှန်တိုးတက်လာခဲ့ကာ သူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ရောက်လာခဲ့သည်။ ထို့‌နောက် သူ၏မန္တာန်များသည် သာ၍ပင် ဆန်းပြားလာတော့သည်။

သူသည် တဖြည်းဖြည်း ကလန်များမှ အချို့အစွမ်းထက်ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားလာနိုင်သည်။ သူတို့သည် လောဘတတ်လာပြီး လောဘကြီးနောက် လိုက်တော့သည်။ လူအများက သည်တစ်ကြိမ်တွင် လောဘကြီးတစ်ယောက် သေပြီဟု တွေးထားခဲ့ကြသည်။ သို့သော် မထင်မှတ်စွာပင် လောဘကြီးသည် သူ အရင်က လုံးဝအသုံးမပြုခဲ့သော ရတနာများစွာကို ထုတ်သုံးခဲ့ချေသည်။

သူ့ရတနာတိုင်းက ကောင်းကင်တုန်လှုပ်ဖွယ်စွမ်းအား ပိုင်ဆိုင်ထားကြသည်။ သူ့နောက် လိုက်လံသော နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများပါ ဒဏ်ရာရကုန်ပြီး သူတို့ထဲမှ တစ်ချို့ဆို အသတ်ပါ ခံလိုက်ရသည်။

ကျန်သည့်နှစ်ယောက်မှာလည်း ဒဏ်ရာအပြင်းအထန်ရကာ ထွက်ပြေးခဲ့ရ၏။

ထိုကိစ္စက ပြိုလဲကုန်းမြေတွင် ဟိုးလေးတကြော် ဖြစ်ခဲ့သည်။ မယုံကြည်နိုင်ဖွယ်ပင်။ နိဗ္ဗာနသန့်စင်ခြင်းအဆင့်တစ်ယောက်က နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သုံးယောက်၏ နောက်ကလိုက်လံမှုအောက်တွင် မသေခဲ့သည့်အပြင် သူကပင် တပြန်ကြီး ထိုသုံးယောက်ထဲမှ တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။

လောဘကြီး၏အမည်မှာ ပြိုလဲကုန်းမြေအနှံ့ မုန်တိုင်းအလား ပျံ့နှံ့သွား၏။ သို့သော် အလားတူပင် သေဆုံးသွားခဲ့သော နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ၏ ကလန်ကမူ ဒေါသပုန်ထခဲ့၏။ ထိုကလန်က ပြိုလဲအကြီးအကဲတစ်ယောက်ကို မပိုင်ဆိုင်ထားသော်လည်း အလွန်အားကောင်းသည်သာ။ လောဘကြီးကို သတ်ရန် အမိန့်ပေးပြီးနောက် ထိုကလန်သည် ပထမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ခဲ့သည်။

ပထမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်သည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်တစ်ယောက်ကို သတ်ခြင်းသည် ကျားက ပုရွတ်ဆိတ်ကို သတ်မည့်အဖြစ်နှင့် တူနေ၏။ ထိုကိစ္စသည် အုတ်အော်သောင်းနင်းဖြစ်ကာ လူတိုင်းသည် လောဘကြီးတော့ အဆုံးသပ်ပြီဟု သေချာရုံ ရှိသေး နောက်ထပ် အံ့အားသင့်စရာ ထပ်ဖြစ်ပွားလာခဲ့သည်။

လောဘကြီးက ရတနာတစ်ခုကို ထုတ်ယူခဲ့၏။ နောက်ပိုင်းတွင် ထိုရတနာနှင့် ပတ်သတ်၍ ကောလဟာလမျိုးစုံ ထွက်ပေါ်ခဲ့၏။ အများစုမှာ ထိုရတနာမှာ ရုပ်တုအကျိုးအပဲ့တစ်ခုဟု ဆိုသည်။

ထိုရုပ်တု ပေါ်လာချိန်၌ ပြိုလဲကုန်းမြေတစ်ခုလုံး တုန်ဟည်းကာ တိမ်များသည် သည်ကြယ်နယ်မြေတွင် ပြည့်နှက်ကုန်၏။ ရှေးဟောင်းအချိန်များမှ အော်သံများလည်း ထွက်ပေါ်လာဟန် ထင်ခဲ့ရကာ ပထမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူသည် ယင်းရတနာကြောင့် ချက်ခြင်း အသတ်ခံခဲ့ရသည်။

ထိုဖျက်စီးအားက သည်ပြိုလဲကုန်းမြေရှိ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေခဲ့သည်ဟူ၏။ ထိုစွမ်းအားသည် တတိယကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပါ ဖျက်စီးပစ်ဖို့ လုံလောက်ခဲ့သည်။

စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူများသည် ဘေးကင်းအောင် အတော်လေး အားစိုက်ထုတ်ရပေမည်။

သို့ပေမည့် မည်သူကမျှ သည်လောဘကြီးထံတွင် ထိုရတနာအပြင် နောက်ထပ်ပိုအားကောင်းသော ရတနာများ ပိုင်ဆိုင်ထားသလားကိုမူ မသိနိုင်ကြပေ။ တကယ်တော့ ဒီလောဘကြီးသည် မတောမသပ်နိုင်သောရတနာများကို ပိုင်ဆိုင်နေသူ မဟုတ်လား။

ထိုရတနာသည် လူတိုင်းစိတ်ကူးနိုင်သည်ထက် ပိုနေ၏။ သို့ပေမည့် နိဗ္ဗာနဖြိုခွဲခြင်းနှင့် ကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများကို ချက်ခြင်း သတ်ပစ်နိုင်သော ရတနာတစ်ခု ရှိနိုင်ပါ၏လော။

ထိုတိုက်ပွဲပြီးသည့်နောက် လောဘကြီးသည် ကျော်ကြားလာခဲ့သည်။ ပြောကြသည်က မဟာအင်ပါယာကပင် စိတ်ဝင်စားခဲ့ပြီး လောဘကြီးကို လာရှာခဲ့သည်ဟူ၏။ လောဘကြီးသည် ထိုအခွင့်အရေးကို အသုံးချကာ ယင်းရတနာကို လက်လွှဲပေးခဲ့လေ၏။ မဟာအင်ပါယာကလည်း သူ့ကျင့်ကြံမှုအဆင့် တိုးတက်နိုင်ရန် ဆေးလုံးတစ်လုံး ပြန်ပေးအပ်ခဲ့သည်။

နှစ်အနည်းငယ်ကြာပြီးနောက် လောဘကြီးသည် လူတိုင်းရှေ့တွင် ပြန်ပေါ်လာခဲ့သည့်နောက် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်တွင် ရောက်နေခဲ့ချေပြီ။ သူပြန်ပေါ်လာမှုက စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည်။

လျှို့ဝှက်၍ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်သည် လောဘကြီး၏ ရတနာကို လိုချင်၍ သူ့အား လျှို့ဝှက်တိုက်ခိုက်ခဲ့သည်။ သို့သော် အဆုံးသပ်သာ ထိုသူသာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး အတင်းအကြပ် နောက်ဆုတ်ခဲ့ရသည်။ အဆုံးသပ်တွင် မည်သူကမျှ သူ့အား ဆန့်ကျင်မည့်အကြံ မပြုဝံ့ကြတော့ပေ။

လောဘကြီးသည် ရတနာများစွာ ပိုင်ဆိုင်သည်ဟူသော သတင်းစကားများသည် ပျံ့နှံ့ခဲ့လေသည်။

မန္တာန်များနှင့် ရတနာများအပြင် လောဘကြီးတွင် နောက်ထပ်အရည်အသွေးတစ်ခုလည်း ရှိသေး၏။ သူ ပေါ်လာတိုင်း ထိုနေရာတွင် ကောင်းကင်တုန်လှုပ်စေမည့် ရတနာတစ်ခု ရှိလာသည်။ စွန့်ပစ်ခံဂြိုဟ်တစ်ခု ဖြစ်နေလျှင်ပင် သူသည် ကောင်းကင်တုန်လှုပ်ဖွယ်ရတနာတစ်ခုကို ရှာနိုင်စွမ်း ရှိလေသည်။

ထိုအခြင်းအရာများကြောင့် လောဘကြီးသည် ရတနာမရှိသည့်နေရာသို့ မသွားဟူသော သတင်းစကား စတင်ပျံ့နှံ့ခဲ့ခြင်းသာ။

လောဘကြီး၏မန္တာန်များ၊ ရတနာများအပြင် သူ့ထံ၌ နောက်ထပ်တမူထူးတာ ရှိသေး၏။ တစ်စုံတစ်ယောက်သည် သူ့ပတ်လည်တွင် ထူးဆန်းသောတုန့်ပြန်မှုတစ်ခု လုပ်လိုက်တိုင်း ထိုလူသည် သူ၏လက်တုံ့ပြန်မှုကို လက်ခံရသွားနိုင်သည်။

ထိုသို့ဖြစ်ရခြင်းမှာ သူ့ခန္ဓာကိုယ်မှ အနံ့ကြောင့်ပင်။

ထိုလောဘကြီးသည် မည်သည့်မန္တာန်ကို ကျင့်ကြံသည်မသိ။ သူ သွားသည့်နေရာတိုင်းတွင် နံဟောင်သောခပ်စူးစူးအနံ့တစ်ခုသည် အချိန်ကြာသည့်အထိ ကပ်ငြိနေတတ်သည်။

ထိုအခိုက်တွင် လောဘကြီး၏ဘေးပတ်လည်ရှိ ကျင့်ကြံသူဆယ်ယောက်မှာလည်း ထိုအနံ့ကို ရကြသည်သာ။ ယင်းအနံ့သည် မခံနိုင်လောက်အောင် နံ၏။ သို့ပေမည့် သူတို့သည် မည်သို့မျှ မနှစ်သက်သောအမူအရာကို မပြဝံ့ကြပေ။ လေးစားသမှုဖြင့်သာ ရှိနေကြသည်။

သူတို့သည် အလွန်မြန်ဆန်စွာ သွားနေကြသည်။ သိပ်မကြာခင်တွင် ကင်းမြှီးကောက်နက်ကလန်ရှိသော ဂြိုဟ်နေရာသို့ ရောက်လာကြ၏။ လောဘကြီးသည် အကွာအဝေးတစ်ခုရှိ ထိုဂြိုဟ်ကို စိုက်ကြည့်၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ရှိနေ၏။

အတိတ်တုန်းက သူသည် ပြင်ပနယ်မြေသို့ ရောက်လာရန် သေလုနီးပါးဖြစ်ခဲ့ကာ သူ့လက်ရှိခွန်အားအတွက် သူကိုယ်တိုင်အစွမ်းကုန်ဆောင်ခဲ့ရသည်။ အခုချိန်တွင် သူသည် အရင်ထက် အဆများစွာ သန်မာလာခဲ့ပြီ ဖြစ်သည်။ သူသည် ရတနာအသစ်များကိုပင် ပိုင်ဆိုင်လာခဲ့၏။

ထိုရတနာများကို ရရှိနိုင်ရန် သူက သူ့အသက်ကိုပါ ရင်းခဲ့ရပြီး ယင်းတို့သည် မနှိုင်းသာအောင်အစွမ်းထက်ကြသည်။ ယနေ့တွင် သူသည် အတိတ်တုန်းကကဲ့သို့ တူညီသောလူတစ်ယောက် မဟုတ်တော့ပေ။ သူသာ အတွင်းနယ်မြေသို့ ပြန်သွားခဲ့ပါက သူ့အဆင့်အတန်းမှာ အလွန်မြင့်မားမည် ဖြစ်၏။

သို့ရာတွင် သူသည် စိတ်မလှုပ်ရှားနိုင် ဖြစ်ရ၏။ အကြောင်းမှာ သူ့ခန္ဓာကိုယ်ပေါ်မှ အနံ့ဆိုးသည် သူ့စိတ်ထဲတွင် အရိပ်တစ်ခုလို ရှိနေခဲ့၏။ သူက ထိုအနံ့ကို ဆက်မရတော့ပေ။ သို့ပေမည့် သူက သူ့ဘေးပတ်လည်ရှိ လူများ၏အမူအရာကို တွေ့မြင်သည့်အခါ ထိုအဖြစ်က သူ့ကို ရူးသွပ်စေလုနီး ဖြစ်စေ၏။

သူက ထိုအနံ့ဆိုးကို ဖယ်ရှားရန် နည်းလမ်းမျိုးစုံ တွေးခဲ့၏။ သို့သော် ထိုအနံ့မှာ သူ့မူလစိတ်ဝိညာဉ်ထဲ၌ တည်ရှိနေသည်။ သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေခြင်းပင်။ သူ မည်သို့ပင်လုပ်လုပ် ထိုအနံ့ကို ဖယ်ရှားမပစ်နိုင် ဖြစ်ရသည်။

ထိုနာကျင်မှုက သူ့ကို ယနေ့ထိ နှိပ်စက်နေခဲ့၏။ ယင်းအဖြစ်က သူ၏ ရှေ့ဖြစ်ဟောသူ၊ ဝမ်လင်းနှင့် လမြွေနဂါးတို့အပေါ် အမုန်းတရားကို အထွတ်အထိပ်သို့ ရောက်စေသည်။

“ရှေ့ဖြစ်ဟောသူ…မင်းသာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ သွားဖို့ ငါ့ကို အတင်းအကြပ် ဖိအားမပေးခဲ့ရင် ငါဟာ ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့အခြေအနေ ဆိုက်ရောက်ရမှာ မဟုတ်ဘူး။ ဒါ့အပြင် ဟိုလမြွေနဂါးလည်း ရှိသေးတယ်။ ဒီအဘိုးအိုက မင်းကို အရည်ခွံခွာပစ်ချင်တယ်…”

“ပိုပြီးအရေးကြီးဆုံးကတော့ ဝမ်လင်းပဲ။ ဒီလူ…ဒီလူဟာ ငါ့အတွက် ပြေးမလွတ်နိုင်တဲ့အကုသိုလ်ပဲ။ သူဟာ ငါ့ရတနာတွေကို ဓားပြတိုက်ခဲ့တယ်။ ငါ့တည်နေရာရွှေ့ပြောင်းခြင်းမီးပြင်းဖို၊ ငါ့ ရှေးဟောင်းမိုးကြိုးနဂါး၊ ငါ့တောင်နဲ့မြစ်ပန်းချီကား၊ ငါ့တောင်စိတ်ဝိညာဉ်...ငါ နှစ်ပေါင်းထောင်သောင်းချီ စုဆောင်းခဲ့တဲ့ ရတနာအားလုံးဟာ သူ ယူဆောင်သွားတာ ခံလိုက်ရတယ်…”

လောဘကြီးသည် ထိုအကြောင်းကို တွေးမိတိုင်း သူ့စိတ်နှလုံးနာကျင်မှုကို ခံစားရသည်။ သူသည် ဝမ်လင်းကို မုန်းသည့်အပြင် သူ့စိတ်နှလုံးကိုပါ အရိပ်မိုးထားနေမိ၏။ ဝမ်လင်းနှင့် အကြိမ်အနည်းငယ် တွေ့ဆုံပြီးသည့်နောက် သူက ဝမ်လင်းကို အတော်လေးကိုမှ လန့်နေခဲ့ပေပြီ။

ထိုထိတ်လန့်မှုက အချိန်ကြာလာသည့်အခါ ကြောက်ရွှံ့မှု ဖြစ်လာခဲ့၏။ သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာသော်လည်း ထိုကြောက်ရွှံ့မှုက ပျောက်ကွယ်လွင့်ပါးမသွားခဲ့ပေ။ ပိုပိုဆိုးလာခဲ့၏။

သူက သူ့ကိုယ်သူပင် ဘာကြောင့် ခုလိုဖြစ်ရမှန်း မသိပေ။ သို့သော် သူ ဝမ်လင်းအကြောင်းတွေးမိတိုင်း သူ့စိတ်မှာ တုန်ယင်ရ၏။

“ငါ့တစ်ဘဝလုံးရဲ့ အကုသိုလ်ကောင်ပဲ။ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းကလည်း ငါ လိုချင်တဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို သူ ယူသွားခဲ့တယ်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာတုန်းကလည်း ငါ့ကျင့်ကြံမှုအဆင့်ဟာ သူ့ထက် မြင့်ခဲ့တာ ရှင်းနေတာပဲ။ ဒါပေမဲ့ အဆုံးသပ်မှာ သူဟာ ငါ့ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုခဲ့တယ်။ ငါ့မိုးကြိုးနဂါး။ ဒီနဂါးဟာ ငါနဲ့အတူ ကလေးဘဝတည်းက အတူတကွ ရှိခဲ့တာ။ အခုသာ ငါ့မှာ ဒီနဂါးရှိသေးခဲ့ရင် ငါဟာ ဒီနဂါးနဲ့ပေါင်းစပ်ပြီး မိုးကြိုးကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မှာ…”

“အဲ့ဒီနောက် ရှေ့ဖြစ်ဟောသူဟာ ငါ့ကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံ အတင်းအကြပ်သွားစေခဲ့ပြီး ဝမ်လင်းကို ရှာခိုင်းခဲ့တယ်။ အဲ့ဒီ့နောက် ငါဟာ လမြွေနဂါးရဲ့လက်တံတွေကြောင့် အပြင်းအထန်ခံစားနေရတဲအချိန်မှာ ငါ ဝမ်လင်းနဲ့ တွေ့ခဲ့တယ်။ သူဟာ ငါ့မီးပြင်းဖိုကို ယူခဲ့တယ်။ ငါ့တောင်နဲ့မြစ်ပန်းချီကား၊ အရာအားလုံးကို ယူသွားခဲ့တယ်။

“အဲ့ဒီနောက် ငါဟာ လမြွေနဂါးလက်ကနေ လွတ်ခါနီး ဖြစ်တဲ့အချိန်မှာပဲ သူက ငါ့ကို တားခဲ့ပြီး ဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် သေလုနီးပါး ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ ကံကောင်းစွာနဲ့ ကောင်းကင်ဘုံဟာ မျက်စိကန်းမနေဘဲ ငါ့ကို ပစ်မထားတဲ့အတွက် နောက်ဆုံးမှာ ငါ လွတ်မြောက်လာနိုင်ခဲ့တယ်။ ငါဟာ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးပေါ် ပြုတ်ကျသွားခဲ့တယ်…” လောဘကြီးသည် အတိတ်ကို ပြန်စဉ်းစားနေရင်း ဝမ်လင်းနှင့် သူ တွေ့ကြုံခဲ့ရမှုများသည် သူ့အတွက် အထူးနာကျင်စရာများ ဖြစ်နေတော့၏။

သူသည် တစ်ဘဝလုံး ရတနာများနောက် လိုက်ခဲ့၏။ ဝမ်လင်းနှင့် ရင်ဆိုင်ခဲ့ရချိန်မှသာ သူ့ရတနာအားလုံးကို ဆုံးရှုံးခဲ့သည့်အပြင် သေလုနီးနီး ဖြစ်ခဲ့ရ၏။ ယင်းက သူမမေ့ဖျောက်ပစ်နိုင်သော အိပ်မက်ဆိုးတစ်ခုပင်။

“အခု ငါ့မှာ ရတနာတွေပို ရှိလာပြီး ငါ့ကျင့်ကြံမှုအဆင့်ဟာလည်း မြင့်မားနေခဲ့ပြီ။ ငါ့ရတနာတွေဟာလည်း အရင်ထက် အများကြီး သန်မာတယ်။ မင်း အတွင်းနယ်မြေကနေ ချိုးဖျက်လာနိုင်ပြီး ငါ့ရတနာတွေကို လုယူဖို့အတွက် ဒီပြိုလဲကုန်းမြေကို ရောက်နေလိမ့်မယ်ဆိုတာ ငါ မယုံဘူး။ တကယ်လို့ ဒီလိုသာဖြစ်လာခဲ့ရင်တော့ မင်း ဝမ်လင်းဟာ ငါ့အတွက် တကယ့်ကိုပဲ တစ်သက်လုံးပြေးမလွတ်တဲ့အကုသိုလ်ဝိပါတ် ဖြစ်နေမလား…”

လောဘကြီးသည် နှာခေါင်းရှုံ့လိုက်၏။ သူသည် ထိုအတွေးများသည် အမှန်တကယ် ဖြစ်လာမည်ဟု လုံးဝ မထင်ပေ။ သူ့အမြင်၌ ဤနေရာတွင် ဝမ်လင်းနှင့် တွေ့ကြုံရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

“ဒီတိမ်လွတ်မြောက်ခြင်းကလန်မှာ ငါ့ခန္ဓာကိုယ်ထဲက အနံ့ကို ထုတ်ပယ်နိုင်ဖို့ ရတနာတစ်ခု ရှိတယ်။ ဒါပေမဲ့ ငါက ဒါကို ယူမသွားနိုင်ဘူး။ ငါက ဒီကလန်မှာပဲ နေပြီး လုံလောက်တဲ့အထိ လေ့လာဖို့ပဲ ရှိတယ်။ အဲ့တာပြီးရင်တော့ ငါဟာ ငါ ဆန္ဒရှိတဲ့ နေရာတိုင်းကို သွားနိုင်ပြီ။ ဒီလောကဟာ အကျယ်ကြီးပဲ။ ဒါ့ကြောင့် ငါ သူနဲ့ ကျိန်းသေပေါက် ထပ်တွေ့ရမှာ မဟုတ်တော့ဘူး…”

“ခုချိန်မှာ ငါဟာ ဒီရတနာရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို နားလည်ခဲ့ပြီး ကင်းမြှီးကောက်နက်ကလန်ရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းကင်းမြှီးကောက်အလောင်းပဲ လိုတော့တယ်။ အဲ့တာသာ ရခဲ့ရင် ငါ့ရဲ့ အနံ့ဆိုးကို ဖယ်ရှားပစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိပြီ…” လောဘကြီးသည် သူ ရင်ဆိုက်ခဲ့ရသော အဖြစ်အပျက်ကို တွေးကာ အတိတ်ကို ပြန်လည်ခံစားမိနေပြီး အခုလာသည့်အကြောင်းကို စဉ်းစားသည်။

“အတိတ်တုန်းက ငါ့ရတနာတွေဟာ…သူဟာ ငါ့ရဲ့ တကယ့်ကို အကုသိုလ်ပဲ။ ကောင်းတာကတော့ ဒီအဘိုးအိုဟာ ဒီပြင်ပနယ်မြေမှာ ရှိနေတာပဲ။ အခု သူနဲ့ ထပ်တွေ့ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ မဟုတ်ရင် ငါဟာ ငါ့ရတနာတွေကို သူ ထပ်လုယူသွားမှာကို ကြောက်နေရလိမ့်မယ်…” လောဘကြီး၏ ဝမ်လင်းအပေါ် အကြောက်တရားသည် သူ ရင်ဆိုင်ခဲ့ရသော အိပ်မက်ဆိုးများကနေ မွေးဖွားလာခဲ့ခြင်းပင်။ သူ၏ကျင့်ကြံမှုအဆင့်သည် ခုချိန်တွင် မြင့်မားနေပြီ ဖြစ်သော်လည်း သူက ဝမ်လင်းအပေါ် ထိတ်လန့်ကြောက်ရွှံ့မှုကို မဖယ်ရှားပစ်နိုင်သေးပေ။

ယင်းက မြှားမှန်ဖူးကာ သေလုမြောပါး ဖြစ်ခဲ့ရသော ငှက်တစ်ကောင်၏အဖြစ်နှင့် ဆင်၏။ ထိုငှက်သည် ရှင်သန်ခဲ့ကာ ပိုသန်မလာခဲ့ပြီး ငှက်များကြား အုပ်ချုပ်သူ ဖြစ်လာခဲ့လျှင်ပင် အတိတ်မှ ဒဏ်ရာမှာ ၎င်း၏စိတ်ထဲ၌ အမြစ်တွယ်ခဲ့ပြီးပင်။ ၎င်းသည် လေးသံကြားတိုင်း တုန်ယင်ပေတော့မည်သာ။

ယင်းကြောက်လန့်မှုက သူ့တာအိုနှလုံးသားအပေါ်တွင် အက်ကြောင်းတစ်ခုကို ဖြစ်စေ၏။ လောဘကြီးသည် ထိုအိမ်မက်ဆိုးကို ဖျက်စီးနိုင်ရန် ဝမ်လင်းကို ကိုယ်တိုင်သတ်နိုင်ခြင်း မရှိခဲ့ပါက သူသည် ထိတ်လန့်နေရသောငှက်တစ်ကောင်သာ အမြဲဖြစ်နေပေလိမ့်မည်။

***

All Chapters